ခင်ဘုန်းမို့။ ။
အသက်၂၆နှစ်အရွယ် တိုင်းရင်းသူအမျိုးသမီးတစ်ဦးဖြစ်တဲ့မူဟာ မြန်မာပြည်နဲ့ မိုင်ပေါင်းများစွာ ကွာဝေးတဲ့နိုင်ငံတစ်ခုရဲ့ မနက်ခင်းမှာ နိုးထရင်း သူ့ရဲ့တစ်နေ့တာကိုစတင်လိုက်တယ်။
သူ့ရဲ့မနက်ခင်းတွေဟာ ပေါ့ပေါ့ပါးပါးရှိမနေဘဲ ထိတ်လန့်နေခဲ့ရတာကြာပြီ။ မြန်မာပြည်မှာ စစ်အာဏာ သိမ်းပြီး နောက်ပိုင်းအခြေအနေတွေကြောင့်ပါ။ ဒီအခြေအနေတွေကြောင့် မိသားစုကိုစိတ်ပူရ မိတ်ဆွေတွေကိုစိုးရိမ်ရနဲ့ ပြည်ပမှာ ရောက်နေပေမယ့် သူ့စိတ်တွေမအေးချမ်းနိုင်ပါဘူး။
အရင်ကဆို မြန်မာပြည်က မိသားစုတွေနဲ့ ဖုန်းပြောချိန်တွေက ကြည်နူးစရာကောင်းခဲ့ပေမယ့် ၂၀၂၁၊ဖေဖော်ဝါရီလ နောက်ပိုင်းကစပြီး မိသားစုတွေဆက်လာမယ့် ဖုန်းသံတွေကို အထိတ်တလန့်နဲ့နားစွင့်နေခဲ့ရပြီ။
တစ်ရက်မှာတော့ သတင်းဆိုးတစ်ခုက မူ့ဆီကို လေလိူင်းထဲက တစ်ဆင့်ရောက်လာပါတော့တယ်။ ဒီသတင်းဆိုးကတော့ မူတို့အိမ်လေးစစ်ကောင်စီ ဖျက်စီးတဲ့အထဲ ပါသွားပြီဆိုတဲ့သတင်းပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တဲ့နေ့ကစပြီး ပြည်သူတွေရဲ့အခွင့်အရေးတွေ၊ စိတ်ကူးအိပ်မက်တွေ၊ ရည်ရွယ်ချက် တွေ ပျက်စီးခဲ့ရသလို မြန်မာပြည်သူတွေထဲက ပြည်သူတွေဖြစ်တဲ့ ပြည်ပမှာနေထိုင်ကြသူတွေရဲ့ အိပ်မက်တွေလည်း ပျက်စီးခဲ့ကြရပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁၊ဖေဖော်ဝါရီ၁ ကနေ ၂၀၂၂၊စက်တင်ဘာ၁၅အထိ လက်နက်ကိုင်ပဋိပက္ခတွေအကြား မီးရှို့ ဖျက်ဆီးခံရတာတွေ၊ လက်နက်ကျည်တွေထိမှန်ပြီး ပျက်စီးဆုံးရှုံးခဲ့ရတာတွေနဲ့ စစ်ကောင်စီတပ်ကတိုက်ပွဲမဖြစ်ဘဲ ဝင် ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဆုံးရှုံးခဲ့ရတဲ့ နေအိမ်၊အဆောက်အဦ သုံးသောင်းကျော် (၃၆,၂၀၉)လုံးထက် မနည်းရှိခဲ့ရတယ်လို့ မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျူ ISP-Myanmar ကဖော်ပြထားပါတယ်။
ဒီလိုနေအိမ်ဖျက်စီးခံရသူတွေထဲမှာ မူတို့မိသားစုရဲ့ နေအိမ်လည်းပါဝင်ပါတယ်။ မူဟာပြည်ပမှာ အလုပ်လုပ်ရင်း မိသားစုကို ထောက်ပံ့ပေးနေခဲ့တာပါ။ မိသားစုကို အိမ်လှလှလေးနဲ့ထားချင်တဲ့ရည်ရွယ်ချက်နဲ့ ပြည်ပမှာအလုပ်လုပ်ဖို့ ၂၀၁၄ခုနှစ်မှာ မြန်မာပြည်ကထွက်လာခဲ့တယ်။
အလုပ်တွေပင်ပင်ပန်းပန်းလုပ်ကိုင်ရင်း မိသားစုအတွက်ငွေတွေပို့ခဲ့ကာ အိမ်ဆောက်စေခဲ့တယ်။ ၂၀၁၆ခုနှစ်မှာတော့ မူရဲ့ အိပ်မက်ဖြစ်တဲ့ အိမ်လှလှလေးတစ်လုံးကိုစတင်ဆောက်နိုင်ခဲ့ပြီး ၂၀၂၀မှာတော့ မူတို့မိသားစုအတွက် အိမ်သစ်လေး တစ်လုံးရခဲ့တယ်။
“ အိမ်အသစ်ဆောက်ပြီးတဲ့နေ့က ငါပြည်ပကိုလာရကြိုးနပ်ပြီ။ မိဘအတွက်လုပ်ပေးနိုင်တာလေးလုပ်ရပြီဆိုပြီး ပျော်ရွှင်ပီတိ ဖြစ်ရတယ်” လို့ မူကသူ့ခံစားချက်ကို ဖွင့်ဟပါတယ်။
ဒီအိမ်လေးမှာ မူတို့မိဘနဲ့မောင်နှမတွေပျော်ရွှင်စွာနေထိုင်ရင်း မူတစ်ယောက်လည်း ပြည်ပမှာအလုပ်တွေကြိုးစားကာ ဘဝ တွေကို အေးအေးချမ်းချမ်းဖြတ်သန်းနေခဲ့တယ်။
၂၀၂၁ ၊ ဖေဖော်ဝါရီ နောက်ပိုင်းမှာတော့ ဆိုးဝါးလှတဲ့အဖြစ်အပျက်တွေက မူတို့မိသားစုအပေါ်လည်း ကျရောက်ဖို့ အကြောင်းဖန်လာခဲ့တယ်။
၂၀၂၁၊ ဒီဇင်ဘာလောက်ကစပြီး မူတို့မိသားစုနေထိုင်တဲ့ ဒီမော့ဆိုမြို့မှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ပြည်သူအများအပြား စစ်ဘေးရှောင်ခဲ့ရတယ်။
အဲ့ဒီနောက်စစ်ကောင်စီက ပြည်သူတွေရဲ့အိုးအိမ်တွေကို မီးရှို့ဖျက်စီးတာတွေပြုလုပ်တာကြောင့် မူတို့မိသားစုလည်း အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသလို မူရဲ့ချွေးနည်းစာနဲ့ တည်ဆောက်ထားတဲ့အိမ်လေးဟာလည်း မူတစ်ခါမှ မနေထိုင်ခဲ့ဖူးသေးဘဲ ပျက်စီး သွားခဲ့ရတယ်။ စစ်ကောင်စီဘက် လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ စတင်ပစ်ခတ်ချိန်ကတည်းက အိမ်တွေဆုံးရှုံးမယ် ဆိုတာ မူတို့မိသားစုရော မူကိုယ်တိုင်ရောတွက်ဆပြီးသားဖြစ်တယ်။
“ အိမ်ကလူတိုင်းအတွက် အရေးပါသလို ဒီအိမ်ကကျွန်မရဲ့ချွေးနည်းစာနဲ့ လုပ်ယူထားတာဆိုတော့ အရမ်းနှမြောမိတယ်” လို့ မူကဖွင့်ဟတယ်။
မူတို့မိသားစုတစ်စုလုံးလည်း စစ်ရှောင်ဘဝရောက်ခဲ့ရသလို မောင်တွေညီမတွေလည်း တော်လှန်ရေးခရီးလမ်းကို လျှောက် လှမ်းဖို့အကြောင်းဖန်လာတော့တယ်။ အစ်မဖြစ်သူတစ်ဦးကလည်း CDMကျောင်းဆရာမဖြစ်တာကြောင့် ရှောင်တိမ်း နေထိုင်ရကာ မောင်ဖြစ်သူတစ်ဦးလည်း စစ်ကောင်စီတပ်သားတွေရဲ့ရိုက်နှက်ဖမ်းဆီးခံရပြီး ထောင်ချခံထားရတယ်။ ကျန်တဲ့ မောင်လေးနှစ်ယောက်နဲ့ ညီမလေးနှစ်ယောက်လုံးကတော့ ပြည်သူ့ကာကွယ်ရေးတပ်ထဲဝင်သွားခဲ့တယ်။
နေအိမ်မီးရှို့ဖျက်စီးခံရတဲ့အပြင် မိဘတွေလုပ်ကိုင်တဲ့ တောင်ယာလုပ်ငန်းတွေကလည်း စစ်ကောင်စီတပ်သားတွေလာတဲ့ အချိန်ထွက်ပြေးရတော့ စိုက်ပျိုးထားတာတွေအကုန်ထားခဲ့ရတယ်။ မိသားစုရဲ့အခက်အခဲတွေကို ကိုယ်တိုင်လည်း ဘာမှ မလုပ်ပေးနိုင်တဲ့အတွက် ဝမ်းနည်းရတယ်။
ကိုယ်ရဲ့ချွေးနည်းစာနဲ့ရှာထားတဲ့ အိမ်ပျက်စီးသွားတဲ့အတွက် ဝမ်းနည်းပေမယ့် အသက်ပေးသွားတဲ့သူတွေထက်စာရင် ဘာမှမပြောပလောက်ဘူးဆိုတဲ့စိတ်နဲ့ အားတင်းခဲ့တယ်။ မိသားစုကိုယ်တိုင်ကလည်း ပစ္စည်းဥစ္စာဆိုတာပြန်ရှာလို့ရတဲ့ အတွက် စိတ်မပူဖို့ မူ့ကိုအားပေးတယ်။
လက်ရှိမှာတော့ ဖခင်နဲ့မိခင်ဖြစ်သူတို့ဟာ စစ်ရှောင်စခန်းမှာနေထိုင်ကြရပြီး မူကတော့မိသားစုအတွက်လိုအပ်တဲ့ ဆေးဝါးနဲ့ အစားအသောက်တွေပုံမှန်ပို့ပေးနေပါတယ်။ အရင်တုန်းက နိုင်ငံရေးကိုစိတ်မဝင်စားခဲ့တဲ့ မူတစ်ယောက် စစ်အာဏာ သိမ်းပြီး နောက်မှာတော့ တော်လှန်ရေးလုပ်ငန်းတွေကို တစ်ဖက်တစ်လမ်းကနေပါဝင်ဆောင်ရွက်နေတတ်ခဲ့ပြီ။
“ အာဏာသိမ်းပြီလို့ စသိတဲ့မနက်ကဆို ဘယ်လိုဖြစ်လဲမသိဘူး။ အလိုလိုနေရင်းမျက်ရည်တွေကျလာတာ။ အာဏသိမ်း တယ်ဆိုတာသူများပြောတဲ့ ပုံပြင်လိုသာကြားဖူးတာ ဒါပေမယ့် အခုတကယ်မြင်လာရတာ စိတ်ထဲလက်မခံနိုင်ဘူး။ အရမ်း ဝမ်းနည်းတယ်။အဲ့ကစပြီး နိုင်ငံရေးစတင်စိတ်ဝင်စားလာတာ” လို့ မူက ဖွင့်ဟတယ်။
ပြည်ပမှာရောက်နေတဲ့မူတစ်ယောက်လည်းအရင်ကထက် နှစ်ဆပိုကြိုးစားကာ အလုပ်လုပ်ကိုင်နေတယ်။
အရင်ကဆို ပိတ်ရက်တွေမှာ လည်ပတ်အနားယူခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပိတ်ရက်တွေမှာတောင် အနားမယူနိုင်ဘဲ အချိန်ပိုင်းအလုပ်လေးတွေလုပ်ကာ တော်လှန်ရေးအတွက်တတ်နိုင်သလောက်ကူညီထောက်ပံ့နေတယ်။
“ရဲဘော်တွေအတွက် ထောက်ပို့ပေးတယ်။ ကိုယ့်ကိုကိုယ်လည်း ထောက်ပို့တပ်သားလို့လက်ခံထားတယ်”လို့မူကဆိုတယ်။
စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြားနေထိုင်နေရတဲ့ ပြည်တွင်းမှာနေသူအချိူ့ဟာ မူတို့လိုပြည်ပမှာနေထိုင်သူတွေကို အဆင် ပြေတယ်လို့ တွေးလေ့ရှိကြတယ်လို့မူကဆိုပါတယ်။ ဒီအတွေးတွေဟာ အမှန်မဟုတ်ဘူးလို့ မူကငြင်းဆိုပါတယ်။
“ သူတို့လောက် သေနတ်သံဗုံးသံတွေ မကြားရပေမယ့် သူတို့ကိုလည်းအားနာသနားတာပေါ့နော်။ အဆင်ပြေနေတာတော့ မဟုတ်ပါဘူး။ သူတို့လောက်သောကမရောက်ရင်တောင် သူတို့ထက်မလျော့တဲ့သောကရှိပါတယ်။ ဘာဖြစ်လို့လဲဆို ကိုယ့် မိသားစုလည်း တခြားသူတွေလိုကြုံရတာပါ” လို့ မူက ဝန်ခံပါတယ်။
မြန်မာပြည်သတင်းတွေကြားရတိုင်း စိတ်မချမ်းမသာဖြစ်ရပြီး ရဲဘော်တွေကျတဲ့သတင်းကြားတိုင်းလည်း အသိမိတ်ဆွေထဲ ကမဖြစ်ပါစေနဲ့လို့ဆုတောင်းနေမိပါတယ်။ စစ်အာဏာသိမ်းမှုသာမဖြစ်ခဲ့ရင် ၂၀၂၂မှာ မြန်မာပြည်ကိုပြန်လာပြီး မိသားစုနဲ့ နေဖို့စီစဉ်ထားတာပါ။ အခုအခြေအနေတွေကြောင့် မူပြန်ဖို့လုံးဝအစီအစဉ်မရှိတော့ပါဘူး။
အာဏာသိမ်းပြီးနောက်မှာကြုံတွေ့ရတဲ့အခက်အခဲတွေ စိန်ခေါ်မှုတွေကို ကိုယ်တစ်ယောက်ထဲ ကြုံနေရတာမဟုတ်ဘူး တစ်နိုင်ငံလုံးကြုံတွေ့နေရတာတစ်နေ့တော့ အဆင်ပြေသွားမယ်ဆိုတဲ့စိတ်နဲ့ အားတင်းဖြတ်သန်းနေပါတယ်။ တစ်ခါတစ်ရံ လည်း စိတ်ဓာတ်ကျရတဲ့အချိန်တွေရှိတယ်လို့ မူကပြောပါတယ်။
“ တစ်ခါတစ်လေ ရဲဘော်တွေကျတာမြင်ရရင် မတိုက်စေချင်တော့ဘူး။ သူတို့ကိုပဲ ပေးအုပ်ချုပ်လိုက်ပါ အဲ့လိုတွေးမိတယ်။ ဒါပေမယ့်သူတို့အုပ်ချုပ်ရင် လူတွေကိုသတ်ချင်ရာသတ်နေမှာပဲ။ ရဲဘော်တွေအတွက် လိုအပ်တာလုပ်ပေးရမယ်ဆိုတဲ့ အတွေးတွေလည်း ပြန်ပေါ်လာတယ်” လို့ မူကဆိုတယ်။
ဝင်ငွေရဖို့အလုပ်နဲ့ တော်လှန်ရေးအတွက်လိုအပ်တဲ့နေရာတွေကို ထောက်ပံ့ဖို့အလုပ်ကြိုးစားရင်း မူတစ်ယောက် မိဘတွေ ရဲ့ အဝေးမှာဖြတ်သန်းနေပါတယ်။ ရာသီဥတုအေးချိန်ကတော့ အိမ်ကိုအလွမ်းဆုံးအချိန်တွေပါပဲ။
“ မိသားစု စုံစုံလင်လင်နဲ့မီးဖိုဘေးမှာဝိုင်းဖွဲ့စကားပြော ရန်ဖြစ်ပြန်ချစ်အချိန်တွေအလွမ်းဆုံး” လို့ မူကဆိုတယ်။
လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ မောင်လေးနဲ့ညီမလေးတွေကိုလည်း အသက်ရှင်ဖို့အမြဲဆုတောင်းနေပါတယ်။
မူနည်းတူ ကြုံတွေ့ခံစားခဲ့ရသူကတော့ အသက်၂၉နှစ်အရွယ် မမေမေလွင်ပါ။ မမေမေလွင်ဟာ ပြည်ပမှာအလုပ် လုပ် ကိုင်ပြီး မိသားစုအတွက် ရုန်းကန်နေတဲ့အမျိုးသမီးတစ်ဦးဖြစ်တယ်။ ၂၀၂၀ လောက်မှာ မြန်မာပြည်ပြန်ဖို့စီစဉ်ခဲ့ပေမယ့် ကိုဗစ်ရောဂါတွေကြောင့် ပြန်ဖို့အဆင်မပြေခဲ့ဘူး။ ဒီလိုနဲ့အလုပ်ဆက်လက်လုပ်ကိုင်နေရင်းနဲ့ ၂၀၂၁ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့မနက်မှာတော့ မမေမေလွင်တစ်ယောက်ထိတ်လန့်တုန်လှုပ်စရာ အဖြစ်အပျက်နဲ့ ရင်ဆိုင်ခဲ့ရတော့တယ်။
“ မနက်အစောကြီးလိုင်းထဖွင့်ပြီး သတင်းရှာဖတ်တော့ အာဏာသိမ်းတာတဲ့လန့်လည်းလန့်တယ်။ အလုပ်လုပ်ရတာလည်း စိတ်နဲ့လူနဲ့မကပ်ဘူး။” လို့ မမေမေလွင်က သူ့အတွေ့အကြုံကို ပြောတယ်။
မမေမေလွင်တစ်ယောက် မိသားစုကို ပြည့်ပြည့်စုံစုံထားချင်တဲ့ရည်ရွယ်ချက်နဲ့ ပြည်ပကိုထွက်လာခဲ့တာ ပြည်ပရောက်တော့ ကြိုးကြိုးစားစားနဲ့အလုပ်လုပ်ပြီး မိသားစုကိုတတ်နိုင်သလောက်ထောက်ပံ့ခဲ့တယ်။ အဲ့ဒီနောက် မမေမေလွင်ရှာလို့ရသမျှ ပိုက်ဆံတွေနဲ့အရင်က အိမ်အဟောင်းလေးကိုပြင်ဆောက်ဖို့စီစဉ်ခဲ့ကြတယ်။ အိမ်အသစ်လေးဆောက်လုပ်နေထိုင်ပြီး မကြာခင်မှာပဲ မိသားစုကလည်း စစ်ဘေးရှောင်ဘဝရောက်ခဲ့ရသလို ချွေးနည်းစာနဲ့ ဆောက်လုပ်ထားတဲ့အိမ်လေးကလည်း စစ်ကောင်စီရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရတယ်။
“ ရွာလုံးကျွတ်နီးပါး မီးထဲပါကုန်တာ ကိုယ့်လိုပဲအလားတူသူများနိုင်ငံမှာ ခက်ခက်ခဲခဲစုဆောင်းပြီးဆောက်ထားတဲ့ အိမ်တွေ လည်းအကုန်ပါကုန်တယ်” လို့ မမေမေလွင်က ပြောတယ်။
ဒီလိုမိသားစုလိုက်စစ်ရှောင်နေတုန်းမှာ အကိုဖြစ်သူဟာ ရွာကအိမ်ကိုပြန်ကြည့်ချိန်မှာ လမ်းမှာပျောက်ဆုံးသွားပါတော့ တယ်။ အကိုဖြစ်သူနဲ့ လုံးဝအဆက်အသွယ်မရတော့တာ ခုနှစ်လနီးပါးရှိပြီ။ အကိုဖြစ်သူဟာ နိုင်ငံရေးသမား၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်မဟုတ်ဘဲ သာမာန်စစ်ရှောင်ပြည်သူတစ်ဦးသာဖြစ်တယ်လို့ မမေမေလွင်က ပြောပါတယ်။
“ အကိုပျောက်နေတော့ ကျွန်မလည်းအရူးလိုပဲ ပြေးလို့တွင်းထဲပြုတ်ကျတာလား၊ ပုန်းနေလို့ပြန်ထွက်လာလို့ မရသေးတာ လား၊ သူများနှိပ်စက်ခံနေတာလား၊ သူနာကျင်နေမလား၊ဆာနေမလား၊ စကစသူ့ကို စစ်တပ်ထဲဆွဲခေါ်သွားလားဆိုပြီး အမျိုးမျိုးတွေးမိနေပြီး အိပ်မပျော်နိုင်ဘူး” လို့ မမေမေလွင်က ဖွင့်ဟပါတယ်။
မိဘဖြစ်သူတွေကလည်း အကိုပျောက်နေတဲ့အတွက်ပူဆွေးသောကရောက်ကာ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်လာ ပါတော့တယ်။မိဘတွေက အကိုဖြစ်သူကိုရှာဖို့ ရွာပြန်ချင်ပေမယ့် ရွာထဲမှာမိုင်းတွေရှိတဲ့အတွက် ရှာဖို့လည်းအဆင်မပြေနိုင် ခဲ့ဘူး။ တစ်နေ့မှာတော့ အကိုဖြစ်သူရဲ့ ဖုန်းကိုခေါ်ကြည့်ရာမှာ ဖုန်းဝင်ပြီး စစ်ကောင်စီတပ်သားတွေ ဖမ်းထားကြောင်း တွက်ဆမိခဲ့တယ်။
အကိုအတွက် ယူကြုံးမရဖြစ်ရသလို မိဘတွေအတွက်လည်းစိတ်ပူနေရတယ်။ ဒါ့အပြင်ကျောင်းတက်နေကြတဲ့ မောင်လေး ညီမလေးတွေအတွက်လည်း စိတ်မအေးနိုင်ပါဘူး။
“ အခုတလောစာသင်ကျောင်းကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ လှမ်းထုတယ်ဆိုတော့ ရင်တထိတ်ထိတ်နဲ့သူတို့ လုံခြုံ ပါစေလို့ပဲ ဆုတောင်းနေရတာ” လို့ မမေမေလွင်က ပြောတယ်။
စစ်ဘေးရှောင်နေရတဲ့မိသားစုအတွက် မမေမေလွင်တစ်ယောက် ကြိုးစားရှာဖွေကာထောက်ပံ့နေရပါတယ်။ သားပျောက် နေတဲ့သောကနဲ့ အိမ်အသစ်မီးထဲပါသွားတဲ့အဖြစ်ဆိုးတွေကြောင့် မိဘတွေရဲ့စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသွားမှာလည်း စိုးရိမ် နေမိပါတယ်။
သူတို့ကျန်းမာဖို့ဆုတောင်းပေးရုံကလွဲပြီး မိဘတွေကျန်းမာရင်ကိုယ့်အတွက် လာဘ်တစ်ပါးပဲလို့ ကိုယ့်ကိုကိုယ်နှစ်သိမ့်ရင်း အခက်အခဲတွေကိုကျော်ဖြတ်နေတယ်လို့ဆိုတယ်။ လက်ရှိမှာတော့ စစ်အာဏာသိမ်းမှုကြောင့် အိပ်မက်တွေလည်းပျက်စီး ကုန်သလို ပြန်စရာနေအိမ်လည်းမရှိတော့ပါဘူး။
“ မြန်မာပြည်ကသတင်းတွေ မိသားစုအဖြစ်တွေကြားပြီး မတ်တပ်မရပ်နိင်လောက်အောင် လူက ပျော့ခွေသွားတယ်လေ။ ဘာလို့လဲဆိုတော့ပုံပြင်ထဲကလို ဇာတ်လမ်းလေးလိုမဟုတ်ဘူး။ တကယ်လက်တွေ့ကြုံနေရလို့ ရင်နဲ့မဆန့်အောင်ပါပဲ”လို့ မမေမေလွင်ကဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ မိသားစုအတွက်စိတ်ပူရ ကိုယ်တိုင်လည်း မြန်မာပြည်တွင်းမှာ မရှိနိုင်တာကြောင့် စိတ်မ ကောင်းဖြစ်ရ အဖက်ဖက်ကအခက်အခဲတွေကြားမှာ ပြည်ပရောက်မြန်မာအမျိုးသမီးတွေဟာ တစ်ဖက်မှာလည်း စားဝတ် နေရေးအတွက်ကြိုးစားရုန်းကန်နေကြရင်း တစ်ဖက်ကလည်း တော်လှန်ရေးအတွက် တာဝန်ကျေနေကြပါတယ်။
မမေမေလွင်က ကိုယ်တိုင်လည်း တော်လှန်ရေးလုပ်ငန်းတွေမှာ တတ်နိုင်သလောက် ပါဝင်ကူညီရင်း တော်လှန်ရေး အောင်မယ့်နေ့ကိုမျှော်လင့်နေပါတော့တယ်။
“ နိုင်ငံရေးအမြန်ဆုံး ပြန်ကောင်းလာချင်နေပြီ။ အားလုံးလည်း တော်တော်ထိခိုက် ပင်ပန်းပူဆွေးသောကရောက်နေကြကုန် လို့လေ။ အားလုံးကိုလည်း ကိုယ်ချင်းစာပါတယ်။ နိုင်ငံရေးပြန်ကောင်းတဲ့တစ်နေ့ အောင်မြင်တဲ့တစ်နေ့ကျရင် အရင်လို အိမ်မျိုးပြန်မလုပ်ပေးနိုင်ရင်တောင်မှ မိုးလုံလေလုံပြီးမိဘနေလို့ရတဲ့ အိမ်ကိုပြန်ဆောက်ပေးချင်တယ်။ အန္တရာယ်ကင်းကင်း နဲ့ မိသားစုတွေပြန်ဆုံချင်တယ်”လို့ပြောပါတယ်။
မူကလည်း “ တော်လှန်ရေးအတွက် အုပ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ ပါဝင်နိုင်တဲ့နေရာကပါဝင်သွားမယ်။ ရဲဘော်တွေ စစ်ရှောင်ရတဲ့သူတွေရော အားတင်းပေးထားကြပါ။ နိုင်တော့မှာပါ အတတ်နိုင်ဆုံး အသက်ရှင်ပေးကြပါ”လို့ မေတ္တာရပ်ခံ ထားပါတယ်။