Home ဆောင်းပါး နေအိမ်ထဲက စစ်ဘေးဒုက္ခသည်တွေ

နေအိမ်ထဲက စစ်ဘေးဒုက္ခသည်တွေ

သျှန်ကီခမ်း။ ။

မြန်မာနိုင်ငံမှာ ၂၀၂၁ ၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေဟာ စစ်အာဏာရှင်ကို ပြန်လည် တွန်းလှန်တိုက်ခိုက် အမြစ်ဖြတ်ဖို့ တိုက်ပွဲတွေဖော်ဆောင်လာတာ တစ်နှစ်ကျော်လာပါပြီ။

မြန်မာနိုင်ငံအနှံ့မှာ စစ်ကောင်စီနဲ့တိုက်ပွဲမဖြစ်ပွားတဲ့ဒေသဟာ အနည်းငယ်ပဲကျန်ရှိပါတော့တယ်။ ကယားပြည်နယ်၊ ဒီမော့ ဆို မြို့တို့အပြင် ရှမ်းကယားနယ်စပ် မိုးဗြဲမြို့၊ ဖယ်ခုံမြို့တို့မှာလည်း စစ်ကောင်စီတပ်နဲ့ကရင်နီအမျိုးသားကာကွယ်ရေး တပ် တွေ တိုက်ပွဲတွေဖြစ်ပွားနေကြဆဲပါ။

တိုက်ပွဲတွေကြောင့် စစ်ရှောင်ရသူဦးရေဟာလည်း တစ်သိန်းခုနစ်သောင်းကျော်ထိရှိလာပါတယ်။ ကယားပြည်နယ်ရှိ ဒေသ ခံ ပြည်သူအများစုဟာ နီးစပ်ရာမြို့တွေဖြစ်တဲ့ ရှမ်းပြည်နယ် တောင်ကြီး၊ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း၊ ပင်းတယမြို့နယ်စတဲ့ နီးစပ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

တစ်ချို့ကတော့ စစ်ဘေးရှောင်စခန်းတွေဆီသွားရောက်ဖို့ အဆင်မပြေတဲ့အတွက် မိမိနေထိုင်ရာဒေသမှာပဲ စစ်ဘေးဒဏ် ကို ခံစားရင်း မိမိနေအိမ်မှာတွင် စစ်ရှောင်နေကြရသူတွေလည်းရှိနေပါတယ်။

ထိုသို့ မိမိနေအိမ်မှာပဲ ဗုံးခိုကျင်းတူးပြီး သေနတ်သံ၊ လက်နက်ကြီးအသံတွေကြားထဲ အရဲစွန့်ပြီး၊ ကြောက်ရွံစွာ နေထိုင်နေ တဲ့ သူတွေထဲ အသက် ၃၀ အရွယ် မမာမြားလည်း ပါဝင်ပါတယ်။

မမာမြားဟာ မြို့ပြတိုက်ပွဲမဖြစ်ခင်မှာ ခန္ဓာကိုယ်အောက်ပိုင်း လေဖြတ်ဝေဒနာခံစားနေရတဲ့မိခင်ကို နေ့စားလိုက်ပြီး ရှာဖွေ ကျွေးမွေးနေတာပါ။ မမာမြားဟာ လွိုင်ကော်မြို့အစွန်ဖက်မှာ အမေနဲ့နှစ်ယောက်တည်းနေထိုင်တာပါ။ ရပ်ကွက်မှာ အဝတ် လိုက်လျှော်ပေးလိုက်၊ မြက်နုတ်တဲ့ နေ့စားလုပ်လိုက်နဲ့ တစ်နေ့လုပ် တစ်နေ့စားနဲ့ဘဝကို ရုန်းကန်ရတာပါ။

ဒါပေမယ့် အာဏာသိမ်းပြီး မြို့ပြတိုက်ပွဲတွေဖြစ်လာတဲ့အချိန်မှာ မမာမြားတို့ သားအမိနှစ်ယောက် ဒုက္ခတွင်းထဲကို ကျ ရောက်လာခဲ့ရပါတယ်။ သေနတ်သံတွေ ၊ လက်နက်ကြီး အသံတွေကြားထဲမှာ လွိုင်ကော်မြို့ရှိ ဒေသခံအများစုဟာ အသက်ရှင်ဖို့ နေရာအသီးသီးကို ကား၊ ဆိုင်ကယ် စတာတွေနဲ့ ပြောင်းရွေ့ စစ်ရှောင်ကြပါတယ်။ မမာမြားတို့ သားအမိ မှာတော့ သွားဖို့လာဖို့ အဆင်မပြေခဲ့ဘူးလို့ဆိုပါတယ်။

“ဆိုင်ကယ်မပြောနဲ့ ၊ ဌားဖို့ပိုက်ဆံတောင်မရှိဘူး” လို့ မမာမြားက ဆိုတယ်။

ဒါကြောင့် စစ်ရှောင်ဖို့မစဉ်းစားတော့ဘဲ နေအိမ်မှာ ဗုံးခိုကျင်းလေးတူးပြီး နေထိုင်ကြတာပါ။ မမာမြားတို့ နေထိုင်တဲ့ ရပ်ကွက်မှာ မမာမြားတို့လို အကြောင်းအမျိုးမျိုးကြောင့် စစ်မရှောင်ဘဲ နေအိမ်မှာ ဗုံးခိုကျင်းတူးပြီး နေထိုင်ကြတဲ့ မိသားစု သုံးစုလောက်ရှိတယ်လို့ ဆိုပါတယ်။

မမာမြားတို့ နေအိမ်ဟာမြို့ရဲ့အစွန်မှာ ရှိနေတာကြောင့် လက်နက်ကြီးကျတာမျိုးတွေတော့ မကြုံဖူးသေးပေမယ့် နေတိုင်း လိုလိုတော့ အပြန်လှန် ပစ်ခတ်သံတွေကိုတော့ ကြားနေရပါတယ်။ လေယာဉ်တွေဝဲလာပြီဆိုရင် မိခင်ကိုချီပြီး ဗုံးခိုကျင်းထဲ သွားနေလိုက် အသံမကြားရတော့ရင် နေအိမ်မှာ ပြန်တက်နေလိုက်နဲ့ လုပ်နေရတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလောက်မှာ မမာမြားတို့ နေထိုင်ရာ ရပ်ကွက်ထဲကို ဘယ်ဘက်က စစ်သားမှန်း မသိပေမယ့် သေနတ်ကိုင်ပြီး လျှောက်သွားနေသူတွေကို တွေ့ရတယ်လို့ဆိုပါတယ်။ မမာမြားလည်း အသံကြားပြီး ပစ် သတ်မှာ၊ ရိုက်ခံရမှာမှာကို ကြောက်တာကြောင့် အိမ်တံခါး အကုန်လိုက်ပိတ်ပြီး ပုန်းအောင်းခဲ့ရပါတယ်။

တစ်ချို့ဆို “စစ်သားအင်္ကျီနဲ့မဟုတ်ဘူး။ သေနတ်ကိုင်ပြီး ရပ်ကွက်ထဲသွားတာတွေလည်းတွေ့ရတယ်” လို့ မမာမြားက ပြောပါတယ်။

အခုချိန်ထိတော့ လာရောက်ချိန်းခြောက်တာမျိုးတွေ မရှိသေးပေမယ့် ခြိမ်းခြောက်လာမှာလားဆိုတဲ့စိတ်နဲ့ သောကရောက် နေရပါတယ်။

လက်ရှိမှာ မမာမြားတို့ဟာ ယခင်လိုလွတ်လပ်စွာသွားလာနေထိုင်လို့ မရတော့သလို ဝမ်းစာအတွက် နေ့စားလိုက်လို့လည်း မရတော့တာကြောင့် ဝင်ငွေဆိုတာ မရှိတော့ပါဘူး။ ဒါ့အပြင်လည်း စားရေးသောက်ရေးမှာ လက်ရှိ ဆန်၊ ဆီ၊ ဆား ကုန်ရင် ထပ်ဝယ်ဖို့ ငွေကြေးမရှိတော့ပါဘူး။ ငွေရှိလို့ ဝယ်မယ်ဆိုရင်လည်း ဈေးဆိုင်တွေ၊ ကုန်စုံဆိုင်တွေ မရှိပါဘူး။

အကြောင်းကတော့ မြို့ပေါ်တိုက်ပွဲဖြစ်ကတည်းက လွိုင်ကော်မြို့ရှိ ဒေသခံများဟာ စီးပွားရေး၊ နေအိမ်၊ ဈေးဆိုင် စတာ တွေကို ပိတ်ထားပြီး စစ်ရှောင်ကြတာပါ။ ကုန်စုံဆိုင်တစ်ခုတစ်လေကတော့ စစ်မရှောင်ဘဲ တိတ်တခိုး ဖွင့်တဲ့သူလည်း ရှိ သလို ဖွင့်တဲ့ဆိုင်ဟာလည်း သွားလာရခက်ခဲမှုကြောင့် ဈေးနှုန်းဟာ ယခင်ကထက် သုံးဆလောက် တက်လာခဲ့တာပါ။ ဒါကြောင့်လည်း မမာမြားဟာ အသက်ရှင်ဖို့ ချွေတာစွာစားသောက်နေရတယ်လို့ ဆိုပါတယ်။

“ဆန်နှစ်ဗူးက သားမိနှစ်ယောက်တစ်နေကုန်စာပဲ” လို့ မမာမြားက ဆိုတယ်။

စားရေးသောက်ရေးမှာ ချွေတာစားသောက်လို့ရပေမယ့် မိခင်ကျန်းမာရေးအတွက် သောက်သုံးနေကျဆေးကိုတော့ ဆက် တိုက်ဖို့ အဆင်မပြေခဲ့တော့ပါဘူး။

မြို့ပေါ်တိုက်ပွဲမဖြစ်ခင်က နေမကောင်းတာ၊ ဖျားတာနာတာဖြစ်ရင် နေအိမ်ကနေ ဆိုင်ကယ်နဲ့ နာရီဝက်လောက် မောင်း ရတဲ့ လွိုင်ကော်ဆေးရုံကို အခမဲ့သွားရောက်ကုသမှု ခံယူလေ့ရှိပါတယ်။ ယခုအချိန်မှာတော့ လမ်းခရီးမှာ ဖမ်းခံရမှာ၊ လက် နက်ထိမှန်မှာကို စိုးရိမ်တာကြောင့် ဖျားတာ၊ နာတာ ဖြစ်ရင် ဆေးရုံကို မသွားတော့ဘဲ နေအိမ်မှာ အဆင်ပြေသလို သိဖူး ကြားဖူးတဲ့ တိုင်းရင်းဆေးနဲ့တွေနဲ့သာ ကုသနေရတယ်လို့ဆိုပါတယ်။

Photo: CJ

“ ဖျားရင် ကွမ်းရွက်ကိုခွက်ထဲထည့်၊ ရေနွေးလောင်းထည့် တစ်မိနစ်လောက်နှပ်ထား ပြီးရင်သောက်လိုက်ရင် သက်သာ တယ်” လို့ မမာမြားက ပြောပြပါတယ်။

မမာမြားတို့လို မိမိနေအိမ်ကနေမရွှေ့ဘဲ စစ်ရှောင်နေရသူတွေရှိနေသလို စစ်ရှောင်စခန်းရောက်ပြီးမှ နေအိမ်နဲ့ စီးပွားရေး၊ မွေးမြူရေးတွေကို စိတ်ပူတာတစ်ဖက် စစ်ရှောင်စခန်းမှာ ကျွေးမွေးစောင့်ရှောက်ထားတဲ့ ဘုန်းကြီးစတဲ့ အလှူရှင်တွေကို အားနာလာတာတစ်ဖက်ကြောင့် စစ်ရှောင်စခန်းမှာ လအနည်းငယ်သာနေထိုင်ကြပြီး နေရပ်မှာ မအေးချမ်းသေးပေမယ့် အရဲစွန့်ပြီး ပြန်လာနေထိုင်ကြတဲ့ စစ်ရှောင်တွေလည်း ရှိပါတယ်။

ထိုသူတွေထဲ ဒေါ်တင်တို့ မိသားစုငါးဦးလည်း အပါအဝင်ပါ။ ဒေါ်တင်ဟာ အသက် ၅၀ ကျော်ရှိပြီး အာဏာမသိမ်းခင်မှာ လွိုင်ကော်မြို့တစ်နေရာမှာနေထိုင်ပြီး ဟင်းသီးဟင်းရွက် ကုန်စိမ်းတွေကို ရပ်ကွက်ထဲမှာ လိုက်ရောင်းပြီး အသက်မွေး ဝမ်းကျောင်းပြုနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

ဒေါ်တင်တို့မိသားစုဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလလယ်လောက်မှာ စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ် ရေးတပ်တို့အကြား ပြင်းထန်စွာတိုက်ခိုက်နေကြတုန်းက ပင်းတယမြို့ဖက်ရှိ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်ခဲ့ကြတာပါ။

စစ်ရှောင်စခန်းမှာ နေထိုင်တာတစ်လအကြာမှာ စစ်ရှောင်လာတဲ့အထဲ ကိုဗစ်-၁၉ ကူးစက်ခံရမှုဖြစ်ခဲ့ပါတယ်။ ဒေါ်တင် လည်း ရောဂါကူးစက်ခံမှာစိုးရိမ်တာရယ် ၊ နေအိမ်ကို စိတ်မချဖြစ်နေတာကြောင့် မိသားစုလိုက် နေအိမ်ရှိရာ လွိုင်ကော်မြို့ ကို ပြန်လာခဲ့ကြပါတယ်။

နေရပ်ကို ပြန်လာတဲ့အချိန်မှာ ယခင်က စည်ကားနေတဲ့ လွိုင်ကော်မြို့ကြီးဟာ တိတ်ဆိတ်ငြိမ်သက်သွားပြီး မည်သူတစ်ဦး မျှ လမ်းပေါ်မရှိကြတော့ပါဘူး။ တစ်ချို့နေအိမ်လည်း လူမနေတော့သလို တစ်ချို့အိမ်ကတော့ လက်နက်ကြီးထိလို့ တစစီ ပျက်စီးသွားတာတွေကို တွေ့မြင်ခဲ့ရပါတယ်။

ဒီမြင်ကွင်းကို မြင်ရတဲ့ ‌ဒေါ်တင် အင်မတန် ဝမ်းနည်းသွားပြီး “ငိုမိသွားသေးတယ်” လို့ ဆိုပါတယ်။

အိမ်ပြန်လမ်းတစ်လျှောက်မှာလည်း ဗုံးများနင်းမိတော့မှာလား။ လက်နက်များထိမှန်တော့မှာလားဆိုပြီး စိုးရိမ်စိတ်၊ ကြောက်စိတ်တွေနဲ့ ပြန်လာခဲ့ရတာပါ။ နေအိမ်ကို ဘေးကင်းစွာ ပြန်ရောက်လာတယ်ဆိုပေမယ့် ဒေါ်တင်တို့ စိတ်အေး ချမ်းစွာ နေထိုင်ရတာတော့ မဟုတ်ပါဘူး။ စိတ်သောက၊ စိုးရိမ်စိတ်တွေနဲ့ ရှင်သန်နေထိုင်နေရတာပါ။

ဒေါ်တင်တို့နေအိမ်ကလည်း စစ်ကောင်စီထောက်ပို့တပ်နဲ့ကပ်ရပ်မှာရှိတာပါ။ အပြန်အလှန်ပစ်ခတ်လာရင် လက်နက်ကြီး တွေက အိမ်ကိုထိမှန်သွားမှာလားဆိုပြီး စိုးရိမ်နေရပါတယ်။

ဒါ့အပြင်လည်း နေအိမ်ကိုစရောက်တည်းက ယနေ့အချိန်ထိ နေ့တိုင်းလိုလို ညနေပိုင်း ၈ နာရီထိုးပြီဆို လွိုင်ကော်မြို့ တစ်မြို့လုံး လျှပ်စစ်မီးဖြတ်ပစ်ပါတယ်။ မီးဖြတ်ပြီး တစ်မြို့လုံးကို အမှောင်ချပစ်ပြီးမကြာဘူး ချက်ချင်း သေနတ်သံ၊ လက် နက်သံ တစ်ခုမဟုတ်တစ်ခု အမြဲကြားနေရတာပါ။

လေယာဉ်သံ၊ လက်နက်ကြီး အသံကြားတာနဲ့တင် ချက်ချင်းအိမ်အောက်မှာရှိတဲ့ ဗုံးခိုကျင်းထဲကို ပြေးလွှားသွားပုန်းလိုက် အသံမကြားရတော့ဘူးဆို ပြန်ထွက်လာလိုက်နဲ့ ပြုလုပ်နေရတာပါ။

“ နားအမြဲစွင့်ထားရတယ်။ မဟုတ်ရင်သေမှာ” လို့ ဒေါ်တင်က ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းလောက်မှာလည်း ဒေါ်တင်တို့နေအိမ်ရဲ့ မလှမ်းမကမ်းလောက် အရှေ့တည့်တည့်မှာ “ ဒုန်း”ဆိုတဲ့ အသံနဲ့ အတူ လက်နက်ကြီးကျလာပါ‌သေးတယ်။ လက်နက်ကြီးအစတွေဟာလည်း ဒေါ်တင်ရဲ့နေအိမ်ခေါင်မိုးပေါ်မှာ ‘ဝေါခနဲ’ မိုးရွာချသလို ကျလာခဲ့တာပါ။

ဒေါ်တင်သာမက သူ့ကလေးတွေပါ ကြောက်လန့်ပြီး ဗုံးခိုကျင်းထဲမှာ တစ်ညလုံးသွားထိုင်ခဲ့ရပါတယ်။ ငယ်ရွယ်တဲ့ ကလေး မပြောနဲ့ ၁၈ နှစ်ရှိနေတဲ့ သားတောင်ကြောက်လို့ တစ်ညလုံး ထိုင်ငိုနေခဲ့တာလို့ ဒေါ်တင်က ပြောပါတယ်။

မီးဖြတ်ပြီဆိုတာနဲ့ စကားခပ်ကျယ်ကျယ်မပြောရဲသလို ကျန်းမာရေးကိစ္စအတွက် အောက်ဆင်းချင်လည်း ဓာတ်မီးလည်း မထွန်းရဲခဲ့ပါဘူး။ စစ်ကောင်စီဖက်က မည်သူမည်ဝါမှန်းမသိ အလင်းမြင်ပြီး သေနတ်ရမ်းပစ်မှာ ကြောက်တာပါ။

“ မမြင်မကမ်းစမ်းသွားရတာပေါ့ ”လို့ ဒေါ်တင်ဆိုတယ်။

ဒါ့အပြင်လည်း ဒေါ်တင် စစ်ရှောင်ပြီး နေအိမ်ကို စရောက်တည်းက ယနေ့အချိန်ထိ ယခင်လို ရပ်ကွက်ထဲ ဈေးလိုက်ရောင်း စီးပွားရှာလို့ မရတော့ပါဘူး။ ဒေါ်တင်က ဈေးရောင်းမထွက်ရတာကြောင့် မိသားစု ငါးယောက်လုံး ဝင်ငွေမရှိပါဘူး။ ဒါကြောင့်လည်း စားဝတ်နေရေးအတွက် စစ်ရှောင်စခန်းမှာ နေထိုင်တုန်းက အလှူရှင်တွေ လာလှူထားတဲ့ ဆန်၊ ကုလားပဲ၊ ဆီ၊ ဆားတွေနဲ့ ချွေတာစွာ စားသောက်နေရတာပါ။

လက်ရှိအချိန်မှာ ချွေတာစွာစားသောက်လို့ရပေမယ့် ရှိနေတဲ့ဆန်တစ်အိမ်လေး ကုန်သွားလျှင် “ ဘယ်နားယူရမှန်းမသိဘူး လေ။ တစ်နေ့ကို နှစ်နပ်ပဲ စားနိုင်တယ်” လို့ ဒေါ်တင်က ပြောတယ်။

တစ်ချို့စစ်ရှောင်စခန်းတွေမှာလည်း နေရာအခက်အခဲ စားရေးသောက်ရေး အခက်ခဲရှိတာကြောင့် စစ်ရှောင်အသစ်တွေကို လက်မခံဘဲ ပြန်လွှတ်တာမျိုးတွေလည်း ရှိတာကြောင့် ဒေါ်တင်တို့ မိသားစု စစ်ထပ်‌ရှောင်ဖို့ အဆင်မပြေခဲ့ပါဘူး။

“ စစ်ထပ်ရှောင်ဖို့တော့မရှိတော့ဘူး။ အိမ်အောက်မှာ ဗုံးခိုကျင်းလေးကိုပဲအားကိုးပြီးနေရပေါ့”လို့ ဒေါ်တင်က ပြောပါတယ်။

ယခင်ကလက်နက်သံတွေကြားပြီဆို တုန်လှုပ်ပြီး စားမဝင်၊အိပ်မပျော်တာတွေ ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လက်နက် သံကြားလျှင် “ သေမှာတော့ကြောက်တာပေါ့။ အသံကြားတာလောက်နဲ့တော့ မကြောက်တော့ဘူး ရိုးနေပြီလေ” လို့‌ ဒေါ်တင်က ဆိုပါတယ်။

လက်ရှိမှာ လွိုင်ကော်မြို့မှာရှိတဲ့ ဈေးတွေ၊ ဆိုင်ခန်း၊ ကုန်စုံဆိုင်တွေလည်း တဖြည်းဖြည်း ပြန်ဖွင့်လာတာရှိသလို ဖျားတာ၊ နာတာတွေ ဖြစ်လျှင်လည်း ဆေးရုံမှာ ဆေးကုသမှုခံယူလို့ရလာပါတယ်။ ဒါပေမယ့် သေနတ်သံ၊ လက်နက်ကြီး အသံ တွေတော့ ညတိုင်းလိုလို ကြားနေဆဲပါပဲ။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့၊ ပင်လောင်းမြို့ ၊ တောင်ကြီးမြို့တွေမှာ ကယားပြည်နယ်မှ စစ်ရှောင်ပေါင်း လေး သောင်းကျော်အထိ ရှိလာခဲ့ပါတယ်။ အခြေအနေအမျိုးမျိုးကြောင့် နေရပ်ကိုပြန်သွားတဲ့သူလည်းရှိသလို နေအိမ်ပျက်စီး သွားပြီး ပြန်စရာအိမ်မရှိတာကြောင့် လက်ရှိအချိန်ထိ နေရပ်ကို မပြန်နိုင်သေးတဲ့ စစ်ရှောင်တွေလည်း ရှိနေဆဲပါ။

ဒီရက်ပိုင်းမှာလည်း ကယားပြည်နယ်ရှိ မိုးဗြဲ၊ ဒီးမော့ဆိုစတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသား ကာကွယ် ရေးတပ်တွေအကြား အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်နေပါတယ်။ ပြီးခဲ့တဲ့ ၂၉ ရက်နေ့မှာလည်း ဒီးမော့ဆို အနောက် ဖက်ခြမ်းရှိ နှစ်ခြင်းဘုရားကျောင်းတစ်ကျောင်းပေါ်ကို လက်နက်ကြီးကျတာကြောင့် ၁၇ နှစ် အရွယ်ကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်ဖြစ်တဲ့ဒေသတွေမှာ မနေထိုင်ကြဖို့ စစ်ရှောင်ဖို့ ကာကွယ်ရေးတပ်တွေက ဆိုထားကြပေမယ့် မမာမြားတို့ ဒေါ်တင်တို့လို စစ်မရှောင်နိုင်ကြသူတွေကတော့ အသက်အန္တရာယ်တွေကြားထဲမှာ အရဲစွန့်နေထိုင်နေကြဆဲပါပဲ။ သူတို့ကတော့ စစ်ကို အမြန်အေးငြိမ်းစေချင်ကြပြီး အရင်လို အေးအေးချမ်းချမ်းနေရမယ့်ဘဝကို မျှော်လင့်စောင့်စားနေကြပါတယ်။

မမာမြားကတော့ “လွတ်လပ်စွာသွားလာချင်ပြီ။ ငြိမ်းချမ်းချင်ပြီ။ မြန်မြန်ငြိမ်းချမ်းပါစေ” လို့ ဆုတောင်းနေမိတယ်လို့ ဆိုပါ တယ်။

Author:

Related Articles