Home ဆောင်းပါး အမျိုးသမီးတွေအတွက် ရန်မကုန်တဲ့ ရန်ကုန်

အမျိုးသမီးတွေအတွက် ရန်မကုန်တဲ့ ရန်ကုန်

httpblogiveteach-blogspot-com201503womens-day-special-best-personal-safety-html

နန်းခမ်း။        ။

“ အိမ်အစောကြီး ပြန်ရမယ်။မိုးချုပ်ရင်တက္ကစီသမားကိုလည်း ကြောက်ရတယ်။ လိုင်းကားစီးရင်လည်း မှတ်တိုင်ကနေ အိမ်ပြန်လမ်းလည်း ကြောက်ရတယ်” လို့ မကလျာကတယောက်တည်းစိတ်ပျက်လက်ပျက်နဲ့ ရုံးဆင်းချိန်မှာပြောဆိုနေပါတယ်။

မကလျာဟာ တောင်ဒဂုံကနေ မြို့ထဲပန်းဆိုးတန်းအထိ အလုပ်လာလုပ်ရတဲ့သူတဦးဖြစ်ပါတယ်။

ရန်ကုန်မြို့ဟာ တခြားမြို့တွေထက် အခုနှစ်မှာ မှုခင်းတွေပိုများလာပြီး၊ အိမ်တွင်းအနုကြမ်းစီးမှုတွေ၊ ဓားပြတိုက် မှုတွေ၊ လုယက်မှုတွေလည်း အရမ်းပိုများလာပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ၂၀၁၆ ခုနှစ်၊ သြဂုတ်လအထိ အမှုကြီးပေါင်း(၃၄၅)မှု ဖြစ်ပွားခဲ့ပြီး ဧရာဝတီတိုင်းက တော့ (၂၉၆)မှုဖြင့်ဒုတိယနှင့် စစ်ကိုင်းတိုင်းကတော့ တတိယအများဆုံး ဖြစ်ပွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးဗိုလ်ချုပ်အောင်စိုးက  ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ယခုနောက်ပိုင်းမှာ အင်တာနက်ပေါ်မှ အိမ်အတွင်းအကြမ်းဖက်ဝင်စီးပြီး လုယက်တာတွေ၊ လူသတ်သတင်း တွေ နေ့စဉ်ကြားမြင်နေရတဲ့အတွက် စိုးရိမ်စရာတွေနဲ့ နေထိုင်နေရပါတယ်ဟုလည်း မကလျာကပြောပြပါတယ်။

“ဟိုတလောက ကျမတို့သင်္ဃန်းကျွန်းမှာ တိုက်ခန်းတခန်းကို နေ့ခင်းချိန်တက်ပြီး လုယက်တာဖြစ်ခဲ့တယ်။ ကျမတို့ညီအစ်မငှားထားတဲ့တိုက်ခန်းနဲ့ဆို ဟိုဘက်လမ်း ဒီဘက်လမ်းပဲ။ တိုက်ခန်းတွေက လုံခြုံမှု မရှိဘူး။ ညီ အစ်မ၂ယောက်တည်းနေတော့ ညဆိုရင်လည်းညမို့လို့၊ နေ့ဆိုရင်လည်းနေ့မို့လို့၊ လုံလုံခြုံခြုံကိုယ်အခန်းထဲမှာ ကိုယ်မနေရဲတော့တဲ့ဘဝ”ဟု ဧရာဝတီတိုင်းမှ ရန်ကုန်လာပြီး အလုပ်လုပ်နေသည့်ဥမ္မာစိုးက ပြောသည်။

ရန်ကုန်မှာနေထိုင်အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေအတွက်ကတော့ လိုင်းကားစီးရင်လည်း ခါးပိုက်နှိုက်ခံရမှာ ကြောက်ကြပြီး၊ လမ်းလျှောက်ရင်လည်း စိတ်လွှတ်ကိုယ်လွှတ်မလျှောက်ရတဲ့ဘဝသို့ ရောက်နေကြောင်း ရန်ကုန်နေ အမျိုးသမီးတွေက ပြောပါတယ်။

“အိမ်ထဲမှာနေရင်လည်းကြောက်တယ်။ အိမ်ထဲဝင်လာပြီး ကိုယ့်ကိုယ်လာသတ်မှာကြောက်တယ်။ တက္ကစီစီးရင် လည်းကြောက်တယ်။ တက္ကစီးသမားတွေ လုယက်တာတွေ ကိုယ်မသိတဲ့နေရာကိုခေါ်သွားတာတွေ ကြားရတော့ မစီးရဲဘူး။ ကြောက်စရာတော်တော်ကောင်းလာတယ်”ဟု ကြည်မြင်တိုင်တွင် နေထိုင်သည့် နန်းစံ ဟွမ်ကပြောပါတယ်။

ဆက်လက်ပြီးနန်းစံဟွမ်က “ ရန်ကုန်စရောက်တုန်းက မကြောက်ဘူး။ အဲ့တုန်းက အဲဒီလိုမရှိဘူး။ မကြားဖူးဘူး။ တက္ကစီလည်းစီးတယ်။ ဒီအစိုးရလက်ထက်မှာ ပိုပြီးကြောက်လာတယ်။ မင်္ဂလာဒုံတို့၊ လှိုင်သာယာတို့ဖက်ကို စာသွားသင်ရင်ပိုဆိုးတယ်”ဟု သူမကပြောပြပါတယ်။ ။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုံနယ်မြေအတွင်းမှလုယက်မှု လူသတ်မှုတွေ၊ လူဆိုးတွေ ပေါများတဲ့ နေရာတခုဖြစ်ပြီး ထိုနေရာသည် အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေက အများဆုံးရှိနေတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။

လှိုင်သာယာစက်မှုဇုံမှာ အလုပ်လာလုပ်တဲ့ ဧရာဝတီတိုင်းက မစုနွေးက “ လှိုင်သာယာဟာ လူဆိုးတွေပေါတဲ့ နေရာပေါ့။ ကျမတို့အတွက်ကတော့သွားသတိ၊ လာသတိပါ။ အလုပ်ဆင်းချိန်အိမ်ပြန်ချိန်ဆိုရင်လည်း  တယောက်တည်းမပြန်ရဲဘူး။ လူစုပြီး ပြန်ရတယ်။ ကျမတို့နေတဲ့အဆောင်နဲ့ စက်ရုံနဲ့က (၁၅)မိနစ်လောက် တော့ လျှောက်ရတယ်။ လူပြတ်တဲ့နေရာဆိုရင် အားလုံးကတော့ကြောက်စိတ်နဲ့ပေါ့။ လမ်းမီးကလည်း မရှိတော့ ပိုဆိုးတယ်” ဟုဆိုပါတယ်။

လှိုင်သာယာစက်မှုဇုံနယ်မြေမှာကတော့ နေ့စဉ် လုယက်မှုတွေ ဓားပြတိုက်မှုတွေကတော့ ကြားကြောင်း၊ စက်ရုံအလုပ်သမများအတွက် လုံခြုံမှု မရှိတဲ့နယ်မြေတခုဖြစ်ပြီး၊ သက်ဆိုင်ရာ အာဏာပိုင်များကလည်း လုံခြုံ ရေး အပြည့်အဝမယူထားကြောင်း မစုနွေးက ပြောပြပါတယ်။

တိုင်းဒေသကြီးတွေမှာရာဇဝတ်မှုတွေ ဖြစ်ပွားနေရတာက လူဦးရေသိပ်သည်းမှုများပြားပြီး ရဲတပ်ဖွဲ့ဝင်အင်အား မလုံလောက်တာကြောင့် မှုခင်းပိုမို ဖြစ်ပွားနေရကြောင်း၊ မြန်မာနိုင်ငံတဝှမ်းမှာ ၂၀၁၆ ခုနှစ်၊ သြဂုတ်လအထိ အမှုပေါင်း (၅)သောင်းကျော် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်းလည်း ဗိုလ်ချုပ်အောင်စိုးကဆိုပါတယ်။

ရဲအင်အားသုံးစွဲမှုက နိုင်ငံတကာစံနှှုန်းအရဆိုရင် ပြည်သူ(၄၀၀)ဆိုရင် ရဲတဦးဖြစ်ပြီး၊ မြန်မာနိုင်ငံမှာတော့ ပြည် သူ (၁၂၀၀)မှရဲတဦးဖြစ်နေကြောင်း၊ မှုခင်းတွေကျဆင်းဖို့နဲ့ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်နိုင်မှုရှိခြင်း မရှိခြင်းက ရဲတပ်ဖွဲ့ဝင်အရေအတွက်နဲ့ တိုက်ရိုက်ဆက်စပ်နေကြောင်း ဗိုလ်ချုပ်အောင်စိုးကပြောခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသ ဇန်နဝါရီမှ စက်တင်ဘာလအတွင်း အမှုကြီး ၃၂၉၊ တခြားအမှုပေါင်း ၁၀၈၂၆ မှု ဖြစ်ပွားခဲ့ပြီး ကြိုတင်ကာကွယ်မှု(ဖမ်းဆီးရမိမှု)၃သောင်းကျော်ရှိကြောင်းလည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှ သိရပါတယ်။

“ အမှုကြီးဆိုတာကတော့ လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ဓားပြမှု၊ပြန်ပေးမှု၊ ဖောက်ထွင်းမှု” ဟုရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှ ဒုတိယပြောခွင့်ရသူနှင့် ပြန်ကြားရေးတာဝန်ခံ ရဲမှူးလှဝေက ပြောပါတယ်။

ဆက်လက်ပြီး ရဲမှူးလှဝေက “အမှုကြီးတွေထဲမှာ အများဆုံးကတော့ သက်ငယ်မုဒိမ်းမှုပဲ” ဟုဆိုသည်။

အမျိုးသမီးတွေအတွက် ကြိုတင်ကာကွယ်စောင့်ရှောက်ဖို့  ဆောင်ရွက်ချက်တွေကို အစိုးရကနေ လုပ်ဆောင် နေခြင်းများသည် ရာနှုန်းပြည့်အောင်မြင်ခြင်း မရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးတင်အောင်ထွန်းက နိုဝင်ဘာ၂၂ရက်နေ့ လွှတ်တော်တွင် ဝန်ခံပြောဆိုခဲ့ပါတယ်။

“ပညာပေးဟောပြောတာလည်းရှိတယ်၊ လက်ကမ်းစာစောင်တွေ ပေးတာလည်း ရှိပါတယ်။ ရာနှုန်းပြည့်ထိ ရောက်ပြီလား ဆိုတော့ မထိရောက်ပါဘူး။ ဒီထက်ထိရောက်မှုရှိအောင် သက်ဆိုင်ရာဌာနများနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်နေပါတယ်”ဟု ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောဆိုခဲ့သည်။

ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံတဝှမ်းမှုခင်းတွေကျဆင်းဖို့ဆောင်ရွက်ရာမှာ ရဲတပ်ဖွဲ့ဝင်အင်အား နည်းပါး နေတဲ့အတွက် အပြည့်အဝမဆောင်ရွက်နိုင်သေးကြောင်း၊ ရဲတပ်ဖွဲ့များ တိုးမြှင့်နိုင်ရန်၊ နိုင်ငံတော်က စီမံကိန်း တွေ ရေးဆွဲဆောင်ရွက်နေကြောင်း သိရပါတယ်။

ရာဇဝတ်မှုများ ပိုမိုများပြားလာမှုက အမျိုးသမီးများ၏နေ့စဉ်လူနေမှုဘဝကိုလည်း ခြိမ်းခြောက်ခံနေရပြီး ကိုယ့် နေအိမ်၌ နေရသည်ကိုပင် လုံခြုံမှုမရှိသကဲ့သို့ ခံစားနေရသည့်အခြေအနေ ဖြစ်နေပါတယ်လို့ အမျိုးသမီးထု တွေက ပြောပါတယ်။

မှုခင်းကျဆင်းရေးအတွက် ဥပဒေတွေ ပြဌာန်းနိုင်ရေး၊  တရားဥပဒေစိုးမိုးရေး၊ အမျိုးသမီးဘဝလုံခြုံဖို့အတွက် အမျိုးသမီးတွေက သက်ဆိုင်ရာအာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။

တောင်ဒဂုံက မကလျာကတော့  “နေ့ခင်းကြောင်တောင် အိမ်ထဲဝင်လုယက်မှုတွေရှိတော့ နေရတာကျောချမ်း တယ်။ ရန်ကုန်ကနေလို့ မကောင်းတဲ့နေရာ၊ မလုံခြုံတော့တဲ့နေရာ ဖြစ်နေပြီ”လို့ပြောပါတယ်။

Related Articles