ရှင်ငြိမ်း။ ။
စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် လူငယ်တွေရဲ့ ပညာသင်ကြားနိုင်ခွင့်ဟာ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အထူးသဖြင့် စစ်ဘေးရှောင်နေရတဲ့ လူငယ်တွေဟာ ပညာရေးနဲ့ပိုပြီး အလှမ်းဝေးသွားခဲ့ရပါတယ်။ အခုလိုပညာသင်ဖို့ အခွင့်အလမ်းတွေ ဆုံးရှုံးသွားရပေမယ့် ဘဝကိုအရှုံးမပေးဘဲ ရတဲ့နည်းနဲ့ ပညာသင်ကြားနေတဲ့ သူတွေလည်း ရှိကြပါတယ်။
ဒီထဲမှာ ကရင်နီပြည်က မမူအယ်မလီလည်း ပါဝင်ပါတယ်။ မမူအယ်မလီဟာ ဆယ်တန်းတစ်ခါကျထားတာကို နောက်တစ်ခေါက် ပြန်ကြိုးစားဖို့ ပြင်ဆင်နေချိန်မှာ ကိုဗစ်နဲ့အာဏာသိမ်းမှုကြောင့် ကျောင်းခန်းထဲ ပြန်မဝင်နိုင်တာ လေးနှစ်လောက် ရှိပါပြီ။
“ဒီနှစ်ဆယ်တန်းစာမေးပွဲကို သေချာဖြေပြီးအောင်ရင် တိုးဂိုက်(Tour Guide)သင်တန်းတက်ဖို့ လုပ်ထားတာ။ ကိုဗစ်နဲ့ အာဏာသိမ်းမှုဖြစ်တော့ အတော်လေးကို စိတ်ဓါတ်ကျသွားတယ်။ နောက်စစ်ပြေးရတော့ လုံးဝမျှော်လင့်ချက်မဲ့သွားတယ်”လို့ အသက် ၁၈ နှစ်အရွယ်မမူအယ်မလီက ပြောပါတယ်။
မမူအယ်မလီနေတဲ့ ဖရူဆိုမြို့ဟာ အာဏာသိမ်းစစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်(PDF)တွေကြား တိုက်ပွဲအပြင်းအထန် ဖြစ်နေတဲ့မြို့နယ်တစ်ခုပါ။ ဒီတိုက်ပွဲတွေကြောင့် သူတို့တွေဟာ နေရပ်စွန့်ခွာပြီး စစ်ရှောင်စခန်းမှာခိုလှုံနေတာ ၁ နှစ်ကျော် ရှိပါပြီ။
ဒါ့အပြင် မူအယ်မလီဟာ သူတို့ရွာတွေကို စစ်ရေးအရအပြင်းအထန် ဖိနှိပ်ထားတဲ့ စစ်တပ်လက်အောက်မှာ ကျောင်းပြန်မတက်ဖို့နဲ့ စစ်ကောင်စီက ဦးစီးတဲ့ ဆယ်တန်းစာမေးပွဲ မဖြေဖို့ ဆုံးဖြတ်ထားသူပါ။
“သူတို့(စစ်တပ်)ကို အာဏာဖီဆန်တဲ့အနေနဲ့ စာမေးပွဲမဖြေမှ ဖြစ်မှာလေ။ အာဏာသိမ်းလိုက်လို့ ကျမတို့အတွက် ကောင်းကျိုးဖြစ်မလာတဲ့အပြင် အိမ်လည်းမီးရှို့ခံရတယ်။ စစ်ပြေးဘဝ ရောက်ရတယ်”လို့ သူက ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံအတွင်း မငြိမ်မသက်ဖြစ်နေချိန်မှာ ကျောင်းပြန်ဖွင့်နိုင်ရေးအတွက် နှစ်ကြိမ်တိုင်တိုင် ဖွင့်ခဲ့ပါတယ်။ ဒါပေမဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်း၊ ရခိုင်၊ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတို့မှ မြို့နယ် ၄၆ ခုရှိ ကျောင်းတွေကိုတော့ ကိုဗစ်အကြောင်းပြကာ ဆက်လက်ပိတ်ထားမယ်လို့ ကြေညာခဲ့တယ်။
ဒီအခြေအနေမှာ တချို့ကနိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ ပြင်ဆင်နေကြသလို တချို့လည်း ဝမ်းရေးအတွက် ပြည်ပထွက် အလုပ်သွားလုပ်ကြပေမယ့် မူအယ်မလီကတော့ စစ်ရှောင်နေရတဲ့ သက်ကြီးရွယ်အို မိဘနှစ်ပါးကိုငဲ့ကာ ထွက်မသွားခဲ့ ပါဘူး။
စစ်ရှောင်စခန်းထဲမှာ စာလေ့လာဖို့ကလည်း မီးမရှိတာ၊ အင်တာနက်ရဖို့ ခက်ခဲတာတွေကြောင့် ပညာရေးနဲ့ သူဝါသနာပါတဲ့စာပေ၊ ဗဟုသုတတွေ ရှာဖွေဖို့ များစွာအခက်အခဲ ရှိတယ်လို့ မူအယ်မလီက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကတော့ အာဏာဖီဆန်မှု(CDM)လုပ်ထားတဲ့ မြို့နယ်ပညာရေးဘုတ်အဖွဲ့တွေနဲ့ ပေါင်းပြီး ကြားကာလ ပညာရေးအစီအမံတွေကို လုပ်ဆောင်ခဲ့ပါတယ်။
ဒီအစီအမံမှာ ကျောင်းသားကျောင်းသူတွေအတွက် သင်ခန်းစာတွေ၊ ဟောပြောချက် ရုပ်သံဖိုင်တွေကို NUG ပညာရေး ဝန်ကြီးဌာနရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ တင်ပေးထားတာဖြစ်တယ်။ ကာလတို သင်တန်းတွေကိုလည်း အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ပေးလျှက်ရှိပါတယ်။
သို့ပေမဲ့ ဒီအစီအမံတွေဟာ အင်တာနက်၊ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားတဲ့ တိုင်းနဲ့ပြည်နယ်တချို့က ကျောင်းသားတွေ အတွက်တော့ လက်လှမ်းမမီနိုင်ပါဘူး။ အထူးသဖြင့် စစ်ရှောင်နေရတဲ့ မူအယ်မလီတို့အဖို့ အလှမ်းဝေးလွန်းလှပါတယ်။
ဒီစနစ်ဟာ ကွန်ပြူတာ၊ တက်ဘလက်နဲ့ စမတ်ဖုန်းတွေကို အသုံးပြုရတာဖြစ်ပြီး ဒီအတွက် လျှပ်စစ်မီးအပြင် အင်တာနက်အသုံးပြုစရိတ်လည်း လိုအပ်တာကြောင့် နွမ်းပါးတဲ့ မိသားစုတွေအတွက် အွန်လိုင်းပညာရေးစနစ်က လက်လှမ်းမမီနိုင်တာဖြစ်တယ်။
မူအယ်မလီတို့လို စစ်ရှောင်တွေဟာ ကျောင်းပညာရေးအပြင် ကြားကာလ ပညာရေးအစီအမံတွေနဲ့ပါ ဝေးကွာလွန်းနေတာ ဖြစ်တယ်။
ဒါပေမဲ့ သူတို့တွေဟာ ကျောင်းပညာရေး ဆက်လက်သင်ယူဖို့ အခွင့်အရေးမရှိပေမယ့် ကယန်းအရပ်ဖက် လူငယ်အဖွဲ့အစည်းကပေးတဲ့ လူငယ်စွမ်းရည်မြှင့် သင်တန်းမှာ တက်ရောက်ကာ သူ့စိတ်ဓါတ်ကို မြှင့်တင်ခဲ့ပါတယ်။
ကယန်းအရပ်ဖက် လူငယ်အဖွဲ့အစည်းတစ်ခုက ဒီသင်တန်းကို ၄ လသင်ကြားပေးမှာဖြစ်ပြီး သင်တန်းမှာ လူငယ်တွေရဲ့ ရပ်တန့်နေတဲ့ ပညာရေးရှေ့ဆက်သွားနိုင်ဖို့အတွက် ကျောင်းသင်ခန်းစာ လေ့လာခွင့်အပြင် နိုင်ငံရေး၊ လူ့အခွင့်အရေး၊ အင်္ဂလိပ်စာနဲ့ ကွန်ပြူတာလည်း သင်ကြားပေးပါတယ်။
မူအယ်မလီကတော့“ဒီကနေကျောင်းစာကို ဆက်လေ့လာနိုင်ဖို့လုပ်မယ်။ ကွန်ပြူတာလည်းသင်မယ်။ အင်္ဂလိပ်စာလည်း ပါတယ်ဆိုတော့ အဆင်ပြေတာပေါ့။ ဒီသင်တန်းက ကျမအတွက် အကျိုးထူးအများကြီးရတယ်”လို့ ဆိုပါတယ်။
ဒီလိုသင်တန်းကျောင်းတွေက လူငယ်တွေကို ခေါ်ယူလေ့ကျင့် သင်ကြားပေးနေတာဖြစ်လို့ ပညာဆက်လက်သင်ကြားဖို့ ရုန်းကန်နေရတဲ့ စစ်ရှောင်လူငယ်တွေအတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာပါတယ်။
လက်ရှိမှာ မူအယ်မလီဟာ သူရဲ့ကျောင်းစာကိုလေ့လာရင်း သူ့လိုပညာသင်ယူခွင့်မဆုံးရှုံးဖို့အတွက် စစ်ရှောင်စခန်းက ကလေးတွေကို စာသင်ပေးလျှက်ရှိတယ်။
မူအယ်မလီလိုပဲ ကရင်နီပြည်၊ ဒီမော့ဆိုမြို့နယ်မှ စစ်ရှောင်နေရတဲ့အသက် ၁၇ နှစ်အရွယ် မမူသဲဇာလည်း သူရည်မှန်းချက်ကို စွန့်လွှတ်ပြီး စစ်တပ်လက်အောက်ခံ ဆယ်တန်းစာမေးပွဲကို မဖြေဆိုခြင်းနဲ့ သပိတ်မှောက်ခဲ့တဲ့သူပါ။
မူသဲဇာဟာ ငယ်စဉ်ကတည်းက ဆရာဝန်ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စာတော်တဲ့ ကျောင်းသူတစ်ယောက် ဖြစ်တယ်။
“အာဏာသိမ်းလိုက်တော့ အိပ်မက်တွေ ရေစုန်မျောကုန်တယ်။ အဲ့ကတည်းက စစ်တပ်ကို တော်တော်လေးမုန်းတီး နာကျည်းခဲ့တာ။ အဲ့လိုတွေကြောင့် သူတို့ပညာရေးကို သပိတ်မှောက်တာ”လို့ မူသဲဇာက ဆိုပါတယ်။
ဒီနာကျည်းချက်နဲ့ အာဏာရှင်တော်လှန်ရေးတွေမှာ ပါဝင်ဆန္ဒပြခဲ့တဲ့မူသဲဇာဟာ သူရဲ့ပညာရေးသာမက နေအိမ်ကိုပါ စွန့် ပြီး စစ်ရှောင်နေရတာ ၁ နှစ်ကျော်ရှိပြီဖြစ်တယ်။
စစ်တပ်က သူတို့စစ်ရှောင်စခန်းကို မကြာခဏ လာရောက်တိုက်ခိုက်နေတဲ့အတွက် စစ်ရှောင်နေရတဲ့ ၁ နှစ်အတွင်းမှာ ၅ ကြိမ်ထက်မနည်း ရွှေ့ပြောင်းစစ်ရှောင်နေရလို့ ကျောင်းပညာရေးကို ခဏမေ့ထားခဲ့ရပါတယ်။
“ဘာမှလုပ်လို့ မရအောင် ရေ၊ မီး၊ ရိက္ခာ၊ အင်တာနက်ကအစ ဖြတ်ပစ်လိုက်တော့ ဘာသတင်းမှလည်းမသိရဘူး။ တော်လှန်ရေးအတွက်လည်း ဘာမှလုပ်မပေးနိုင်၊ စာဖတ်ချင်တာတောင် ဖတ်ခွင့်မရဘူး”လို့ ပြောနေတဲ့သူရဲ့မျက်နှာဟာ ဝမ်းနည်းနာကျည်းမှုကြောင့် နီမြန်းလို့နေပါတယ်။
သူဟာ စစ်တပ်ရဲ့ပညာရေးကို သပိတ်မှောက်ထားပေမယ့် သူ့ရည်မှန်းချက်ကိုတော့ လုံးလုံးလက်လျော့ခဲ့သူ မဟုတ်ပါဘူး။ ရေမရှိ၊ မီးမရှိ၊ အင်တာနက်မရတဲ့ စစ်ရှောင်စခန်းမှာ ရတဲ့အချိန်လေးထဲ ကျောင်းစာလေ့လာနိုင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။
ဒါပေမဲ့ စစ်တပ်က ကရင်နီပြည်ဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် မူသဲဇာအနေနဲ့ ကျောင်းစာလေ့လာဖို့ အခွင့်အရေးမရခဲ့ပါဘူး။
“စိတ်ဓါတ်ကျတာပေါ့။ စစ်ပဲပြေးနေရတော့လေ။ လက်နက်ပဲကိုင်ရတော့မလို၊ နိုင်ငံခြားပဲထွက်ရတော့မလိုနဲ့ ဘာလုပ်ရ မှန်းမသိတော့ပါဘူး”လို့ မူသဲဇာက ငြီးတွားနေပါတယ်။
မူသဲဇာဟာ ကျောင်းပညာရေးသင်ယူနိုင်ခွင့် ဆုံးရှုံးရလို့ စိတ်ဓါတ်ကျနေပေမယ့် သူ့ဘဝကို မြှင့်တင်ဖို့၊ စာလေ့လာဖို့ အမြဲတွေးတော ကြံဆနေသူဖြစ်တယ်။
ဒီအခြေအနေမှာ သူတို့ရဲ့စစ်ရှောင်စခန်းကို Women For Women Foundation (WWF)မှလာပေးတဲ့ဆယ်ကျော်သက် စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းကို တက်ရောက်ခဲ့ပါတယ်။
စက်တင်ဘာလောက်မှာ စတင်ခဲ့တဲ့ဒီဖောင်ဒေးရှင်းရဲ့ ဆယ်ကျော်သက်စွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ်မှာ ဆယ်ကျော်သက်ခေါင်းဆောင်မှု၊ ကျန်းမာရေး၊ လိင်ပိုင်းဆိုင်ရာ နဲ့ ကျား၊မ တန်းတူရေး၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ အကြောင်းအရာတွေကို ပို့ချပေးနေတာဖြစ်တယ်။
WWFဒါရိုက်တာ ရိုစီကျော်ကတော့ လက်ရှိနိုင်ငံရေး အခြေအနေအရ ကျောင်းမတက်လိုက်ရတာတွေ၊ စိတ်ပိုင်းဆိုင်ရာ မွန်းကြပ်တာတွေ၊ အိုးအိမ်စွန့်ခွာရတာတွေကြောင့် အခုလိုစိတ်ဓါတ်မြင့်တင်ပေးတာတွေ လုပ်ဆောင်ရခြင်းဖြစ်တယ်လို့ သင်တန်းလုပ်ရတဲ့ရည်ရွယ်ချက်ကို ပြောပြပါတယ်။
သင်တန်းကို ကျောင်းသင်ခန်းစာသင်သလို အတန်းတစ်တန်းချင်းစီကို သင်ကြားပေးနေတာဖြစ်ပြီး ခေါင်းစဉ်တစ်ခုကို တစ်ရက်အချိန်ယူ ပို့ချပေးနေတာဖြစ်တယ်။ အတန်းတစ်ခုကို အနည်းဆုံး ၄ရက်လောက် အချိန်ယူပြီးသင်ပေးနေတာပါ။
Women For Women Foundation မှာတက်နေတဲ့ မူသဲဇာကတော့“အဆက်ပြတ်နေတဲ့ကျောင်းစာလည်း ဆက်လေ့လာဖို့ အခွင့်အလမ်းရတယ်။ နောက်ဒီသင်တန်းတက်တော့ ခေါင်းဆောင်မှုမှာ အမျိုးသမီးနဲ့ အမျိုးသားတန်းတူ ဘယ်လိုမျိုး ခေါင်းဆောင်နိုင်တဲ့အခွင့်လမ်းတွေရှိတယ်ဆိုတာသိရတော့ စိတ်အားတက်တာပေါ့”လို့ ရှင်းပြပါတယ်။
Women For Women Foundationအနေနဲ့ စိတ်ပိုင်းဆိုင်ရာအားပေးမှုတွေမှာလည်း ဆယ်ကျော်သက်တွေအပြင် စစ်ရှောင်စခန်းအမျိုးသမီးတွေကို သွားရောက်ပို့ချပေးနေတာဖြစ်တယ်။
လက်ရှိမှာ မူသဲဇာဟာ သူလိုပညာသင်နိုင်ခွင့်မဆုံးရှုံးဖို့အတွက် စစ်ရှောင်စခန်းက မူလတန်းကလေးငယ်တွေကို စာသင် ပေးပြီး ကျန်းမာရေးဆေးပေးခန်းတွေမှာလည်း လုပ်အားပေးအနေနဲ့ ဝင်ရောက်လုပ်ကိုင်ရင်း လေ့လာသင်ယူနေပါတယ်။
ဒေသတွင်းတိုက်ပွဲတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် လူငယ်တွေဟာ စစ်ရှောင်ရင်းနဲ့ သူ့ဘဝတွေ၊ အချိန်တွေကုန် သွားခဲ့ရတာ အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ယနေ့အထိဆိုရင် ၂ နှစ်နီးပါးရှိပြီဖြစ်တယ်။
မူသဲဇာတို့လို အင်ဂျင်နီယာဖြစ်ဖို့ရည်မှန်းချက်ရှိပြီးမှ အာဏာသိမ်းမှုကြောင့် အနာဂတ်ပျောက်ခဲ့ရတဲ့သူနောက်တစ်ဦးက တော့ ဖရူဆိုမြို့နယ်တောင်ဘက်ရှိ စစ်ရှောင်စခန်းတစ်ခုမှာခိုလှုံနေတဲ့မစိုးမြှာဖြစ်တယ်။
“အင်ဂျင်နီယာဖြစ်ချင်လွန်းလို့ ပုံဆွဲလေ့ကျင့်တယ်။ ကျောင်းစာကျက်တယ်။ ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့ပြင်ပဗဟု သုတတွေဖတ်ရင်း ပျော်နေခဲ့တာပေါ့။ အာဏာသိမ်းမှုဖြစ်တော့ အဲ့ဒါတွေအကုန်ပျောက်ကုန်တယ်”လို့ အသက် ၁၇ နှစ် အရွယ် မစိုးမြှာက ပြောပါတယ်။
မစိုးမြှာဟာ မောင်နှမ ၃ ယောက်ရှိတဲ့အနက် အကြီးဆုံးသမီးဖြစ်ပြီး နှစ်စဉ်ပညာထူးချွန်ဆုရတဲ့ကျောင်းသူတစ်ယောက်ပါ။
ဒါပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ သူနေထိုင်တဲ့ဖရူဆိုမြို့လေးမှာ စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေ စဖြစ်လာတဲ့အခါ သူတို့ရွာသားတွေအားလုံးစစ်ပြေးဘဝရောက်ခဲ့ရပါတယ်။
နောက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က ကရင်နီပြည်နယ်ကို အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက် မစိုးမြှာတို့ ဒေသခံတွေဟာ တစ်နေရာပြီး တစ်နေရာပြောင်းကာ စစ်ရှောင်ခဲ့ရပါတယ်။
“တောတောင်တွေထဲမှာ ဖြစ်သလို ပုန်းခိုနေရတော့ ကျောင်းစာနဲ့ဝေးသွားတယ်။ စိတ်ဓါတ်တွေကျလာပြီးတော့ ကိုယ့်ကို ကိုယ်အသုံးမကျတဲ့လူလိုခံစားရလာတယ်”လို့ မစိုးမြှာက ရင်ဖွင့်ပါတယ်။
သူရဲ့သူငယ်ချင်းအများစုကတော့ နိုင်ငံခြားထွက်ကျောင်းတက်တာ၊ အလုပ်လုပ်ကြပေမယ့် မစိုးမြှာကတော့ ဆယ်တန်း မအောင်သေးဘဲ နိုင်ငံခြားထွက်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ချက်ချထားခဲ့တယ်။
“ဘာလို့လဲဆို ဆယ်တန်းမအောင်သေးဘဲ နိုင်ငံခြားသွားအလုပ်လုပ်ရင် အိမ်ဖော်အလုပ်လောက်ပဲရမှာ။နောက်ငွေနဲ့ အချိန် လည်း အများကြီးကုန်တယ်။ မိဘတွေကလည်းမတတ်နိုင်တော့ မသွားတော့ဘူး”လို့ မစိုးမြှာက သူ့သဘောထားကို ပြောပါ တယ်။
သူ့အနေနဲ့ မြန်မာပြည်မှာပဲ မိသားစုနဲ့အတူနေရင်း ကျောင်းစာကိုလေ့လာဖို့ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့ စစ်ရှောင်နေရတဲ့ အနေအထားမှာ ကျောင်းပညာရေးလေ့လာဖို့က အခက်အခဲများစွာရှိနေပါသေးတယ်။
“ကိုယ်လေ့လာချင်တာ၊ လုပ်ချင်တာလုပ်မရတော့ စိတ်ပျက်မိတာပေါ့။ ဒါပေမဲ့ကိုယ့်ရည်မှန်းချက်ကိုတော့ လုံးဝကြီးစွန့် လွှတ်လိုက်မယ်ဆိုတဲ့စိတ်တော့ မဖြစ်မိဘူး”လို့ မစိုးမြှာက ဆိုပါတယ်။
မစိုးမြှာကလည်း သူတိုပစစ်ရှောင်စခန်းကို Women For Women Foundationမှ လာပေးတဲ့သင်တန်းကို တက်ရောက် နေတာသူဖြစ်တယ်။
“ဘာမှမလုပ်ဘဲနေရင် ဘာမှဖြစ်မှာမဟုတ်ဘူး။ အဲ့ဒါကြောင့်သင်တန်းတက်လိုက်တာ။ အခုဆိုစိတ်ဓါတ်လည်း အရင်လို ကျမနေတော့ဘူး။ ကိုယ်ဒီစခန်းမှာဘာလုပ်နိုင်တယ်ဆိုတာမျိုးလေးတွေ တွေးပြီးလုပ်ပေးဖြစ်တယ်”လို့ မစိုးမြှာက ပြောပါ တယ်။
တစ်ဖက်မှာလည်း သင်တန်းတက်ရင်း အားတဲ့အချိန်တွေမှာ မစိုးမြှာဟာ သူသင်ယူမှတ်သားမိသလောက်အနေအထားနဲ့ စစ်ရှောင်ကလေးငယ်တွေကို ပုံဆွဲသင်ပေးနေတာဖြစ်တယ်။
အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် ကျောင်းသားလူငယ်တွေဟာ ကျောင်းစာသင်ယူနိုင်ခွင့်တွေဆုံးရှုံး သွားရလို့ စိတ်ဓါတ်ကျပေမယ့် သူတို့ရဲ့ရည်မှန်းချက်၊ အိပ်မက်တွေကိုတော့ မစွန့်လွှတ်ခဲ့ကြပါဘူး။
ဒါ့ကြောင့် မူအယ်မလီက စိတ်ဓါတ်ကျတယ်ဆိုတိုင်း ကိုယ်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရေစုန်မျောပစ်လိုက်တာမျိုးတော့ မလုပ်စေချင်ဘူး။ ရတဲ့အချိန်လေးမှာ ကျောင်းစာမဟုတ်ရင်တောင် ပြင်ပဗဟုသုတတွေရှာလို့ရတယ်လို့ ဘဝတူစစ်ရှောင် တွေကို အကြံပေးစကားဆိုပါတယ်။
မူအယ်မလီလည်း တိုက်ပွဲတွေနဲ့ စစ်ပြေးနေရတဲ့အခြေအနေမှာ သူ့စိတ်ဓါတ်ကိုမြှင့်တင်ရင်း ရတဲ့အချိန်လေးမှာ ကျောင်းစာကို ကိုယ်တိုင်လေ့လာသင်ယူနေတာဖြစ်တယ်။