ရှင်ငြိမ်း။ ။
၂၀၁၁ ခုနှစ်က တရုတ်နိုင်ငံမှာ ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ဦးဟာ iPhone နဲ့ iPad Tablet လိုချင်တာကြောင့် သူ့ရဲ့ကျောက်ကပ်တစ်ခြမ်းကို ရောင်းပြီး ဝယ်ယူခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ အဲ့ဒီလူငယ်လေးရဲ့ ဖြစ်ရပ်ဟာ လူအများကို ထိတ်လန့်စေခဲ့ရပါတယ်။
နောက်ထပ် ဆယ်နှစ်ခန့်အကြာမှာတော့ တရုတ်လူငယ်လေးလိုပဲ ကိုယ်လိုချင်တဲ့အရာအတွက် ကျောက်ကပ်အပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ လဲလှယ်ဖို့အတွက် မြန်မာနိုင်ငံကလူတချို့ စဉ်းစားလာတာတွေကို ဆိုရှယ်မီဒီယာပေါ်မှာ ခပ်စိတ်စိတ်မြင်တွေ့လာရပါတယ်။ မြန်မာနိုင်ငံက ကိုယ်တွင်းအင်္ဂါရောင်းဖို့ ကြိုးစားကြသူတွေကတော့ တရုတ်လူငယ်လေးလို iPhone / iPad တို့ဝယ်ဖို့ထက် နေ့စဉ်စားဝတ်နေရေး ပြေလည်စေဖို့အတွက် အဓိကစဉ်းစားလာကြတာကို တွေ့လာရပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံဟာ ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းမှုအကြား စီးပွားရေးပြိုလဲခဲ့တာကြောင့် သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ဆင်းရဲတွင်းထဲကို ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်လာတော့ ပြည်သူတွေဟာ စိုက်ပျိုးရေးလည်း မလုပ်နိုင်၊ သီးနှံတွေလည်း ရောင်းဝယ်ခြင်းမပြုနိုင် စတဲ့စီးပွားလုပ်ငန်းတွေ ရပ်ဆိုင်းသွားတဲ့အခါ စားဝတ်နေရေးတွေမှာ ခက်ခဲကျပ်တည်း သွားကြရတယ်။ စားဝတ်နေရေး ခက်ခဲလာတဲ့အခါ ကြံရာမရတဲ့အဆုံး ကိုယ်တွင်းအင်္ဂါတွေကို အခုလိုထုတ်ရောင်းပြီး ပိုက်ဆံရှာဖို့ စဉ်းစားလာကြတာတွေ ရှိလာပါတယ်။
RFA သတင်းဌာနရဲ့အဆိုအရ ငွေကြေးခက်ခဲလွန်းလို့ ကျောက်ကပ်ကို ရောင်းချင်ကြောင်း ၂၀၁၁ ဇူလိုင်လအတွင်းက ဖေ့စ်ဘွတ်လူမှု ကွန်ရက်ပေါ်ကြော်ငြာခဲ့သူ အနည်းဆုံး လူ ၂၀ ထက်မနည်းရှိခဲ့ပါတယ်လို့ ဆိုပါတယ်။
စားဝတ်နေရေးအတွက် ကိုယ်တွင်းအင်္ဂါရောင်းဖို့ ကြိုးစားကြသူတွေထဲမှာ အသက် ၃၀ အရွယ် မရွှေရီလည်းပါဝင်ပါတယ်။
“သတ်သေချင်လောက်အောင် ငွေကြေးကျပ်တည်းနေလို့ပါ။ ကျမရဲ့ကျောက်ကပ်ဖြစ်ဖြစ်၊ အသည်းဖြစ်ဖြစ်ရောင်းပါမယ်”လို့ ဆိုပါတယ်။
မရွှေရီဟာ ၃ နှစ်၊ ၆ နှစ်အရွယ်သားသမီးနှစ်ယောက်နဲ့ မကျန်းမာတဲ့ခင်ပွန်းသည်ကို အလုပ်မျိုးစုံလုပ်ရင်း တစ်ကိုယ်ထဲရုန်း ကန်နေရတဲ့အိမ်ထောင်ရှင်မတစ်ဦးဖြစ်ပါတယ်။ ယခင်က သူတို့မိသားစုလေးယောက်ဟာ စုဆောင်းမိလောက်အောင် ဝင်ငွေမရှိပေမယ့် အကြွေးကင်းကင်းနဲ့ ကိုယ်ပိုင်အိမ်လေးနဲ့နေနိုင်၊ စားနိုင်ခဲ့တယ်။ သူတို့ရဲ့ နေ့စဉ်စားစရိတ်တွေကိုတော့ ခင်ပွန်းသည်ရဲ့အဌားကားမောင်း လို့ရတဲ့ငွေထဲက အုံနာကြေးဖယ်ပြီး သုံးပါတယ်။
ကလေးတွေနဲ့ အိမ်ပြင်ထွက် အလုပ်မလုပ်နိုင်တဲ့ မရွှေရီက ညနေပိုင်းမှာ ကြာဇံကြော်နဲ့ ဒုတ်ထိုးရောင်းပြီး ဒီဝင်ငွေတွေနဲ့ သုံးစွဲနေထိုင်ကြတာပါ။
ကိုဗစ်ကာလမှာ အများနည်းတူ အခက်အခဲတွေရှိခဲ့ပေမယ့် ကူညီထောက်ပံ့မှုတွေကြောင့် အဆင်ပြေပြေ ရှိခဲ့ကြတယ်။ ဒါပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ မရွှေရီမျှော်လင့်မထားတဲ့ သောကမီးတွေဟာ တစ်ခုပြီးတစ်ခုရောက်လာခဲ့တယ်။
ပထမက မရွှေရီခင်ပွန်းသည်ရဲ့အဌားကားက ကားချင်းတိုက်မိပြီး နှစ်ဘက်လုံးကိုလျော်လိုက်ရတာကြောင့် ငွေကျပ် ၁၀ သိန်း အကြွေးတင်သွားပါတယ်။ ဒီငွေကျပ် ၁၀ သိန်းအတွက် တစ်လကိုအတိုးနှုန်းက ၃ သိန်းကျပ်ပေးရမှာပါ။
တစ်ချိန်ထဲမှာ မရွှေရီအနှစ်နှစ်၊အလလက အငတ်ခံစုထားတဲ့ ငွေနဲ့ ဝယ်ထားတဲ့သူတို့ရဲ့ ၁၀ ပေပတ်လည် ကျူးကျော် အိမ်လေးကလည်း အာဏာသိမ်းပြီးတဲ့နောက် ကျူးကျော်ရှင်းလင်းရေးစီမံကိန်းထဲ ပါသွားခဲ့ပါတယ်။ သူတို့ဟာ အိမ်ဌားနေဖို့ ငွေမရှိတာကြောင့် ဘုန်းကြီးကျောင်းတွေလိုက်ပြီး အကူအညီတောင်းပေမယ့် မရခဲ့ပါဘူး။
မတတ်သာတဲ့အဆုံးမှာတော့ မရွှေရီဟာ အကြွေး ၃ သိန်းထပ်ယူပြီး တလ ၃ သောင်းနဲ့ မိသားစုအဆောင်ဌားနေပြီး စက်ရုံတစ်ခုမှာ သန့်ရှင်းအလုပ်ကို တစ်လငွေကျပ် တစ်သိန်းခွဲနဲ့ ၃ လလောက်သာ ဝင်လုပ်နိုင်ခဲ့ပါတယ်။
အကြောင်းကတော့ ခင်ပွန်းသည်က စိတ်ဖိစီးမှုများပြီး လေဖြတ်သွားတော့ မရွှေရီဟာ လူမမယ်ကလေးတွေနဲ့ အပြင်ထွက် အလုပ်လုပ်ဖို့က မဖြစ်နိုင်သလို ငွေကျပ်တစ်သိန်းခွဲကလည်း အတိုးတစ်လစာတောင် မရတဲ့အတွက် အခုလိုအလုပ်ထွက် လိုက်တာပါ။
“ညတွေဆို ငါ့ကိုအတိုးလာတောင်းရင် ဘယ်လိုလုပ်မလဲပေါ့။ အဲ့ဒါနဲ့တင် အိပ်မပျော်ဘူး။ ဒီဒဏ်ကြီးလည်း မခံနိုင်တော့ဘူး။ ကိုယ်ရှာထားသမျှကလည်း သုံးတောင် မသုံးဘူး။ အတိုးပေးနေတာ” လို့ မရွှေရီက ငြီးတွားနေပါတယ်။
ဒီလိုအခြေအနေမှာ နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ အကြံပေးလာကြပေမယ့် လူမမယ်ကလေးတွေနဲ့ မကျန်းမာတဲ့ခင်ပွန်းသည်ကို ထားခဲ့ဖို့မဖြစ်နိုင်တဲ့အတွက် ကိုယ်တွင်းအင်္ဂါထုတ်ရောင်းဖို့အထိ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။
“အတိုးတွေကလည်းများလာ။ နေစရာလည်းမရှိနဲ့ စိတ်ညစ်နေတာ။ လိုင်းမှာအဲ့လိုတွေရောင်းလို့ရတာ တွေ့နေတော့ ကျမလည်း ရောင်းမယ်ဆိုပြီး တင်လိုက်တာ။ ဆက်သွယ်လာတာတော့ အများကြီး။ မြန်မြန်ဝယ်မယ့်သူကို မြန်မြန်ရောင်းမှာ”လို့ မရွှေရီက ပြောပါတယ်။
ယခင်က မြန်မာပြည်မှ ကျောက်ကပ်ဝေဒနာရှင်တွေဟာ အိန္ဒိယနိုင်ငံမှာ အစားထိုးခွဲစိပ်မှုတွေ သွားလုပ်ရလေ့ရှိပါတယ်။ အဲ့ဒီမှာ အစားထိုးခွဲစိပ်မှု သွားလုပ်ရင် ကျောက်ကပ်ဝယ်တဲ့ ငွေမပါဘဲ ခွဲစိပ်ကုသစရိတ်တင် အနည်းဆုံးမြန်မာငွေကျပ် သိန်း ၅၀၀ လောက်ကုန်တယ်လို့ ကျောက်ကပ်အစားထိုးဖို့ ကြိုးစားနေသူတချို့က ဆိုပါတယ်။
ကျောက်ကပ်ဝယ်ပြီး အစားထိုးရမယ်ဆိုရင်တော့ ပေးလှူသူရဲ့ နေထိုင်စရိတ်နဲ့ ကျန်းမာရေးစရိတ်တွေ ပေးရတဲ့အတွက် အနည်းဆုံးငွေကျပ် သိန်းတစ်ထောင်လောက် ကုန်ကျစရိတ်ရှိတယ်လို့ ကျောက်ကပ်အစားထိုးထားတာ ၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်ခင်သက်ထားက ပြောပါတယ်။
၂၀၀၇ ခုနှစ်၊ World Health Organization (WHO)ရဲ့အစီရင်ခံစာမှာဆိုရင်လည်း ဖိလစ်ပိုင်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်၊ တရုတ်၊ အီဂျစ်နဲ့ ကမ္ဘောဒီယားနိုင်ငံတွေဟာ ကိုယ်တွင်းအင်္ဂါသယ်ယူပို့ဆောင်နိုင်ငံတွေဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။
ဒါ့ကြောင့် မြန်မာပြည်က ကျောက်ကပ်ဝေဒနာရှင်တွေဟာ ပစ္စည်းကိရိယာစုံလင်တဲ့၊ ကျွမ်းကျင်ဆရာဝန်တွေရှိတဲ့၊ ကျောက်ကပ်အလွယ်တကူ ဝယ်လို့ရနေတဲ့ အိန္ဒိယနိုင်ငံမှာ အစားထိုးခွဲစိပ်မှုတွေ သွားလုပ်ကြတာဖြစ်တယ်။
မြန်မာပြည်မှာလည်း နေပြည်တော်ရှိ ကုတင် ၁၀၀၀၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းဆေးရုံနဲ့ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံဆေးရုံတွေမှာလည်း ကျွမ်းကျင်ဆရာဝန်တွေက ခွဲစိပ်အစားထိုးမှုပြုလုပ်ပေးနေတာတွေ ရှိတယ်လို့လည်း ကျောက်ကပ်ဝေဒနာရှင်တချို့က ဆိုပါတယ်။
ကျောက်ကပ်အတွက်ကတော့ ကျောက်ကပ်အသင်းမှာ သွားလှူလို့ရှိရင် လက်ခံမယ့်လူနာရှင်နဲ့ ချိတ်ပေးဆောင်ရွက်မှု တွေရှိတဲ့အတွက် လှူလိုသူတွေအနေနဲ့ အဆင်ပြေမှုရှိခဲ့ကြတယ်။ အခုနောက်ပိုင်းမှာ ဒီလိုအဖွဲ့အစည်းတွေလည်း ခေတ်ကာလအခြေအနေအရ ယခင်လိုအင်အားကောင်းကောင်းနဲ့ မလုပ်နိုင်ကြတော့ပါဘူး။
ကျောက်ကပ်တစ်လုံးရဲ့ လက်ရှိပေါက်ဈေးက မြန်မာကျပ်ငွေသိန်း ၇၀ လောက်ရှိတယ်လို့ ကျောက်ကပ်ဝေဒနာရှင်တချို့က ဆိုပါတယ်။
အသက် ၂၃ အရွယ်သာရှိသေးတဲ့ မပြည့်ပြည့်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်က အသည်းတခြမ်း ထုတ်ရောင်းထားတဲ့သူပါ။ ဒါကလည်း သူ့ကို ငယ်စဉ်ကတည်းက စောင့်ရှောက်လာတဲ့အစ်မဖြစ်သူက အစာအိမ်ကင်ဆာ နောက်ဆုံးအဆင့်ရောက်တဲ့ ဆေးကုသဖို့လိုအပ်တာကြောင့် ထုတ်ရောင်းခဲ့တာဖြစ်တယ်။
ငယ်စဉ်ကတည်းက မိဘနှစ်ပါးဆုံးပြီးနောက်ပိုင်း မပြည့်ပြည့်ကို အစ်မဖြစ်သူက သူနာမကျန်းမဖြစ်ခင်အထိ ကျောင်းထားပေး၊ ပြုစုစောင့်ရှောက်ပေးခဲ့တာပါ။ နာတာရှည်ရောဂါသည်အစ်မကို ခင်ပွန်းသည်က ကလေးနှစ်ယောက်နဲ့ စွန့်ပစ်ခဲ့တော့ မပြည့်ပြည့်က တလှည့်ပြန်လုပ်ကျွေးနေရတာ ဖြစ်တယ်။
အစပိုင်းမှာ သူငယ်ချင်းတွေက နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ခေါ်ပေမယ့် နေမကောင်းတဲ့အစ်မနဲ့ ကလေးနှစ်ယောက်ကို ထားခဲ့ဖို့ မဖြစ်နိုင်တာကြောင့် အခုလိုကိုယ်တွင်းအင်္ဂါရောင်းတဲ့ အလုပ်ကို ရွေးချယ်ခဲ့တာဖြစ်တယ်။
“ကျမအလုပ်လုပ်တာက စားဖို့နဲ့ အိမ်စရိတ်ပဲရတာ။ အမဆေးဖိုးမရဘူး။ အဲ့ဒါနဲ့ ကိုယ်တွင်းအင်္ဂါထုတ်ရောင်းလို့ရတာ သိတော့ ကျမလည်း ရောင်းချင်တယ်ဆိုပြီး တင်လိုက်တာ။ ချက်ခြင်းချိတ်မိသွားတယ်”လို့ သူက ပြောပြပါတယ်။
ဒါပေမဲ့ ကိုယ်တွင်းအင်္ဂါရောင်းဝယ်ဆိုတာဟာ လတ်တလော အခက်အခဲကို အမြန်ဆုံးဖြေရှင်းနိုင်တဲ့ နည်းဆိုပေမယ့် အန္တရာယ်လည်းများသလို ထင်သလောက် မလွယ်ကူခဲ့ဘူးဆိုတာကတော့ မပြည့်ပြည့်ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေက သက်သေပါပဲ။
“အသည်းတစ်ခြမ်းရောင်းလိုက်တာသာ အဖတ်တင်တယ်။ ရတဲ့သိန်း ၈၀ က အမဆေးဖိုး၊ ကိုယ့်ဆေးဖိုးနဲ့တင်ကုန်တာ။ ကိုယ် ရည်ရွယ်ထားတာ အဆင်မပြေခဲ့ဘူး” လို့ ပြောရင်း မပြည့်ပြည့်က သက်ပြင်းချနေပါတယ်။
မြန်မာပြည်မှာညှိထားတဲ့ဈေးက အသည်းတစ်ခြမ်းအတွက် သိန်းတစ်ရာပါ။ ညှိနှိုင်းမှုက ဆေးစစ်လို့အောင်တာနဲ့ ငွေသား တစ်ဝက်ပေးရပါမယ်။ အိန္ဒိယကိုရောက်လို့ ခွဲမယ့်နေ့မှာ ကျန်တဲ့ငွေသားအားလုံးကို ရှင်းပေးမှာဖြစ်တယ်။
ဒါတွေ လူနာရှင်နဲ့တွေ့ပေးတဲ့ အကျိုးတော်ဆောင်လို့ခေါ်တဲ့ ပွဲစားရှေ့မှာပဲ သဘောတူညီမှုနဲ့ လုပ်ကြရတယ်။ ဒီအတွက် ပွဲစားက နှစ်ဘက်စလုံးကို အကျိုးတော်ဆောင်ခယူပါတယ်။ တစ်ဘက်ကို ငွေကျပ် ၁၀ သိန်စီပေးရပါတယ်။
ပွဲစားက လေယာဉ်အသွားအပြန်လုပ်ပေးပြီး ဟိုဘက်နယ်ခံ မြန်မာတစ်ယောက်နဲ့ ချိတ်ပေးပါတယ်။ မပြည့်ပြည့်သွားတုန်းက သူ့အပါအဝင် မိန်းကလေး ၃ ယောက်နဲ့ ယောကျာ်းလေး ၇ ယောက်အတူ သွားရောင်းခဲ့တာဖြစ်တယ်။
ဒီထဲမှာမပြည့်ပြည့်နဲ့ ကောင်လေး ၃ ယောက်ကတော့ ငွေအပြည့်မရတဲ့အပြင် ဘာစောင့်ရှောက်မှုမှမရဘဲ ပြန်ခဲ့ရတဲ့သူ တွေဖြစ်တယ်။
“အိန္ဒိယမှာခွဲရမယ့်နေ့ ၅၀ ပေးရမှာကို ၃၀ ပဲပေးတယ်။ သူတို့ပြောတာက အသည်းကကောင်း၊ မကောင်း စောင့်ကြည့်ရအုန်းတဲ့။ မကောင်းရင် မပေးဘူးလို့ပြောတာ။ ဒီမှာက ပေးပြီးနေပြီဆိုတော့ ဘာမှပြန်ပြောလို့ မရတော့ဘူး”လို့ မပြည့်ပြည့်က ပြောပါတယ်။
ယောကျာ်းလေး ၃ ယောက်ကတော့ ကျောက်ကပ်တစ်ခြမ်းကို ငွေကျပ်သိန်း ၆၀ နဲ့ရောင်းတာကို ငွေကျပ်သိန်း ၄၀ တစ်ယောက်ရပြီး ကျန်တဲ့နှစ်ယောက်ကတော့ သိန်း ၅၀ စီပဲရကြတာပါ။ ညှိနှိုင်းထားတဲ့ ဈေးထက် လျော့ပေးလိုက်တာ ဖြစ်တယ်။
သူတို့သုံးဦးထဲမှ သိန်း ၅၀ ရခဲ့တဲ့ ကိုဖိုးဇော်ကတော့ “ကျနော်ထင်တာက ကျောက်ကပ်ရောင်းရင် ငွေရမယ်ပေါ့။ ဒီလိုတွေ ဖြစ်မယ်လို့ တွေးမထားမိဘူး။ ပေးပြီးမှ ဒီလောက်ပဲဆိုတော့ ပြန်တောင်းလို့လည်း မရဘူးလေ။ ပေးတဲ့အတိုင်း ယူရတော့တာ”လို့ ဆိုပါတယ်။
အိန္ဒိယဆေးရုံမှာ ၁၀ ရက်လောက်တက်ပြီးတာနဲ့ သူတို့ ၁၀ ယောက်လုံး လေယာဉ်နဲ့ ပြန်လာရပါတယ်။ ကျန်တဲ့သူတွေကတော့ လူနာရှင်ကောင်းတဲ့အတွက် ဆေးစစ်မှုကိုပုံမှန်ခံယူနိုင်ပေမယ့် မပြည့်ပြည့်ကတော့ ဆေးပဲပုံမှန်သောက်ပြီး ဆေးစစ် မှုတော့ ထပ်မလုပ်နိုင်ခဲ့ပါဘူး။
ကိုယ်တွင်းအင်္ဂါ ထုတ်လိုက်တဲ့သူတွေအတွက် လုံလောက်တဲ့ဆေးဝါးနဲ့ အနားယူတာတွေ လုပ်ရတယ်ဆိုပေမယ့် မပြည့်ပြည့်အတွက်ကတော့ နောက်ဆက်တွဲ အနားယူအားမွေးတာတွေ လုပ်ဖို့အခွင့်မသာခဲ့ဘူးလို့ ဆိုပါတယ်။မပြည့်ပြည့်ရဲ့လူနာရှင်ကတော့ ဆေးသောက်၊ ဆေးခန်းပြဖို့ မဆက်သွယ်တဲ့အပြင် ဖုန်းဆက်ရင်တောင် မကိုင်တော့ ဘူးလို့ သူက ဆိုပါတယ်။ အသည်းပေးထားတာ ၂ နှစ်ကျော်ရှိလာပေမယ့် လူကောင်းတစ်ယောက်လိုနေဖို့ အဆင်မပြေသေးဘဲ အပင်ပန်းမခံနိုင်တဲ့ မောပန်းခြင်းဝေဒနာကို အထူးခံစားနေရပါတယ်။
ကိုယ်တွင်းအင်္ဂါရောင်းဝယ်မှု အကျိုးတော်ဆောင်လုပ်လာတာ ၁၀ နှစ်ကျော်ပြီဖြစ်တဲ့ ဦးကျော်(အမည်လွှဲ)က ဒါတွေက ပွဲစားတွေက ပွဲခရဖို့တခုထဲ ကြည့်တာကြောင့် ဖြစ်တယ်။ နှစ်ဦးနှစ်ဘက်လိုတာကို ပြေလည်အောင် မဖြေရှင်းပေးတာကြောင့်လို့ ပြောပါ တယ်။
“တချို့က ကိုယ်တွင်းအင်္ဂါပေးဖို့ လာတာကို ဖုန်းတို့၊ အဝတ်အစားတို့ ဖိနပ်စတာတွေကအစ ဝယ်ခိုင်းတာလည်းရှိတယ်။ ပေးခါနီးမှ ကြောက်လို့မပေးတော့ဘူး။ ပြန်ချင်တယ်ဆိုတဲ့ လူတွေနဲ့တွေ့ဖူးတယ်”လို့ ဦးကျော်က ဆိုပါတယ်။
ဒါ့အပြင် သူ့ပွဲစားလုပ်လာတဲ့ ၁၀ နှစ်တာကာလထဲမှာ အာဏာသိမ်းပြီး ၆ လကျော်နောက်ပိုင်း အခုလိုကိုယ်တွင်းအင်္ဂါ ရောင်းသူတွေ နှစ်ဆပိုများလာတယ်လို့လည်း ထောက်ပြပါတယ်။
သူပွဲစားစလုပ်တဲ့ ၂၀၁၂ ခုနှစ်လောက်က တစ်ပတ်ကို လူ ၃ ဦးသာပို့ပေးရပါတယ်။ နာဂစ်ကာလနောက်ပိုင်းတွေမှာတောင် တစ်ပတ်ကို လူ ၇ ဦးအထိ အမြင့်ဆုံးပို့ပေးခဲ့ဖူးပြီး ကိုဗစ်ကာလမှာတောင် တစ်ပတ်ကို လူ ၅ ဦးအထိပိုပေးနိုင်ခဲ့တယ်။
အာဏာသိမ်းပြီး ၆ လအကြာမှာတော့ တစ်နေ့ကို အနည်းဆုံးလူ ၅ ဦးနဲ့ ၁၀ ဦးကြား နေ့စဉ်ပို့ဆောင်ပေးနေရပြီး ယခင်က ကျောက်ပန်းတောင်း၊ မကွေးတို့ဘက် လူတွေများပေမယ့် အာဏာသိမ်းပြီးနောက်မှာ ချင်းနဲ့ ကယားပြည်နယ်ဘက်က အများဆုံးဖြစ်တယ်လို့ ဦးကျော်က ရှင်းပြပါတယ်။
ကျောက်ကပ်အထူးကု ဆရာဝန်တစ်ဦးကတော့ “ဘယ်လိုပဲဖြစ်ဖြစ် လူခန္ဓာကိုယ်မှာရှိသင့်တဲ့အတိုင်း မရှိတော့ရင် လူကောင်းလို မဖြစ်တာတော့ ကျိန်းသေတယ်။ နောက်ကူးစက်ရောဂါလိုမျိုး ရောဂါဖြစ်လွယ်တယ်။ ဒါ့ကြောင့် ကိုယ်တွင်းအင်္ဂါရောင်းတာတွေဟာ မလုပ်သင့်ဘူး”လို့ သတိပေးစကားဆိုပါတယ်။
မရေရာမှုတွေ၊ ဥပဒေအရ တားမြစ်ထားတာတွေ၊ ကျန်းမာရေးသတိပေးမှုတွေ ရှိနေပေမယ့် ဝမ်းတစ်ထွာပြည့်ဖို့ ကျောက်ကပ်နဲ့ထမင်း လဲလှယ်ဖို့ ကြိုးစားနေသူတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။