ခင်ဘုန်းမို့။ ။
“ နှစ်လုံးထီဆို အသံပါမကြားချင်တော့ဘူး”လို့ မမိုး(အမည်လွှဲ)က ခပ်ညီးညီးပြောပါတယ်။
အသက်၃၃နှစ်အရွယ် မမိုးဟာ လောင်းကစားကြောင့် ဒုက္ခရောက်ခဲ့သူတစ်ဦးပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှုမရှိတဲ့အခြေအနေတွေကြောင့် လောင်းကစားလုပ်ငန်းတွေ အရင်ကထက် ပေါများလာတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ပြည်သူတွေနိုင်ငံရေးမှာ စိတ်ပါဝင်စားမှုနဲ့ ပါဝင်မှုလျော့နည်းစေဖို့အတွက် စစ်ကောင်စီက လောင်းကစားဝိုင်းတွေကို တရား ဝင် ခွင့်ပြုပေးနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ၂၀၂၁ ၊ မေ ၁၉ က ထုတ် ပြန်တဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
ဒါ့အပြင် အလုပ်အကိုင်ရှားပါးမှုနဲ့ စီးပွားရေးကျပ်တည်းမှုတွေကြောင့် ငွေအလွယ်ရတဲ့ လောင်းကစားလုပ်ငန်းတွေအပေါ် ပြည်သူတွေ လက်တည့်စမ်းလာကြပါတယ်။ ငွေအလွယ်ရတဲ့ လမ်းလိုက်ကာ အကြွေးတင်ပြီး ဒုက္ခရောက်ကြသူတွေလည်း မနည်းပါဘူး။ ဒီလိုဒုက္ခတွေ့သူတွေအထဲမှာ အမျိုးသမီးတွေလည်းပါဝင်ပါတယ်။
မမိုးဟာ မူလက သာမာန်ကုမ္မဏီဝန်ထမ်းအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူပါ။ မမိုးနဲ့နီးစပ်တဲ့ မိတ်ဆွေတစ်ဦးဟာ 2D လို့ ခေါ်တဲ့ နှစ်လုံးထီရောင်းတဲ့အလုပ်ကိုလုပ်ကိုင်ပါတယ်။
မမိုးရဲ့တခြားမိတ်ဆွေဖြစ်သူက ထီထိုးချင်တဲ့အတွက် မမိုးဟာကြားထဲကတစ်ဆင့်ထိုးပေးရင်း ထီတစ်ဆင့်ရောင်းတဲ့ အလုပ်ကို ယခု(၂၀၂၂) ၊ ဇန်နဝါရီက စတင်လုပ်ကိုင်မိပါတော့တယ်။
ကြားထဲက တစ်ဆင့်ရောင်းပေးရတာဖြစ်တဲ့အတွက် ဒိုင်ဆီက ကော်မရှင်ခရပါတယ်။ ကော်မရှင်ခအနေနဲ့ တစ်သိန်းဖိုး ထိုးသူရှိရင် မမိုးက တစ်သောင်းရပါတယ်။
အစပိုင်းမှာတော့ အရှုံးအမြတ်မှန်နေပေမယ့် နောက်ပိုင်းမှာအိတ်စိုက်ရတာတွေရှိလာပါတယ်။ တခါတလေ ရှိတဲ့ရွှေပေါင်ပြီး စိုက်ရတဲ့အခြေအနေတွေလည်းရှိပါတယ်။
“ သူတို့ကပေါက်မယ်ထင်လို့ လာထိုးပြီး မပေါက်တော့ပေးစရာမရှိတာ၊ တစ်ယောက်အတွက်မစိုက်ရရင် နောက်တစ် ယောက် အတွက်စိုက်နေရပြီ” လို့ မမိုးကဖွင့်ဟပါတယ်။
တစ်ပတ်ကို သိန်းတစ်ရာဖိုးလောက်ရောင်းရရင် ကိုယ်ကကော်မရှင် ၁၀သိန်းလောက်ရတဲ့ အပတ်တွေလည်းရှိတယ်လို့ မမိုးက ပြောပါတယ်။ ဒါပေမယ့် မပေးတဲ့သူတွေအတွက် စိုက်နေရတဲ့အတွက် ငွေကထင်သလောက်မကျန်ပါဘူး။
“ 2Dရောင်းတာ လက်ထဲပိုက်ဆံမြင်နေရတာတစ်ခုပဲ။ ပူလောင်တယ်။ ကိုယ်လုပ်အားခလောက်မမြဲဘူး” လို့မမိုးက ဖွင့်ဟပါတယ်။
တစ်နေ့မှာတော့ ချဲထီထိုးနေကြသူတစ်ဦးဆီက သိန်း ၁၀၀ဖိုးငွေကို ဒိုင်ကိုပေးရမှာဖြစ်ပေမယ့် ထိုးသူဆီကမရတဲ့အတွက် မမိုးတစ်ယောက်ခေါင်းမီးတောက်ခဲ့ရတယ်။
ထိုးသူကိုဖုန်းဆက်လည်းမရ၊ အိမ်လိုက်သွားတော့လည်းမရှိတဲ့အတွက် မမိုးတစ်ယောက် ခြံပေါင်ပြီးကြားထဲက စိုက်ပေး လိုက်ရ ပါတော့တယ်။
ခြံပေါင်လို့ရတဲ့ငွေနဲ့တစ်ဝတ်စိုက် ကျန်တာအတွက် ကော်မရှင်ခရတဲ့ငွေနဲ့ဆပ်မယ်ဆိုပြီး ဆက်လုပ်ပါသေးတယ်။
နောက်ပိုင်းမှာလည်း ဒီနည်းအတိုင်းသံသရာလည်ပြီး အကြွေးတွေတင်တာကြောင့် လုံးဝဆက်မလုပ်ဖို့ ဆုံးဖြတ်လိုက်ပါ တော့တယ်။
လက်ကျန်အကြွေးတွေကို ကုမ္မဏီဝန်ထမ်းအလုပ်ကရတဲ့ဝင်ငွေနဲ့ ဆပ်သွားဖို့စဉ်းစားထားပြီး လောင်းကစားကိုတော့ လုံးဝ မလုပ်ဖို့ မမိုးတစ်ယောက်ဆုံးဖြတ်ထားပါတယ်။
“ အခုက အလုပ်ကိုင်ရှား လုပ်စားရတာမလွယ်တော့ အလွယ်လမ်းလိုက်ပြီး လောင်းကစားလုပ်ကြတာ။ ကိုယ်တောင် ရိုးရိုးသားသား လုပ်စားနေရင်းပိုက်ဆံရလွယ်တော့လုပ်မိတာ။ ရှာထားသမျှကုန်တယ်” လို့ မမိုးကဖွင့်ဟပါတယ်။
မမိုးလိုပဲ လောင်းကစားကြောင့် ငွေကြေးအခက်တွေ့သူတစ်ဦးကတော့ ရှမ်းပြည်နယ်မှာနေထိုင်တဲ့ အသက် ၂၂ အရွယ် မနွေးနွေး(အမည်လွှဲ)ပါ။
မနွေးနွေးဟာ CDMကျောင်းသူတစ်ဦးဖြစ်ပြီး ဝင်ငွေလည်းမရှိတာကြောင့် ချဲထီလောင်းကစားလုပ်ငန်းတွေမှာ ပါဝင်မိပါ တော့တယ်။
“ ကိုဗစ် စစဖြစ်ကတည်းကထိုးဖြစ်တာ။ အဲ့တုန်းကဆံပင်ဖြောင့်ချင်လို့ ဖြောင့်ဖိုးရှာမယ်ဆိုပြီးထိုးဖြစ်သွားတာ၊ အိမ်မှာ လည်းထိုးသမားတစ်ယောက်ရှိတော့ ပေါင်းထိုးဖြစ်သွားတယ်”လို့မနွေးနွေးကပြောပါတယ်။
မနွေးနွေးဟာ ချဲထီစထိုးတုန်းက တစ်ပတ်ကို ငွေတစ်ထောင်ဖိုးသာထိုးဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ တစ်ပတ်ကို ငါးသိန်းလောက်အထိဖြစ်လာပါတယ်။ အခုနောက်ပိုင်းမှာတော့ တစ်ပတ်ကိုသိန်းလေးဆယ်အထိ ထိုးဖြစ်နေပါတယ်။
တစ်ရက်မှာတော့ သိန်း၂၀ကျော်ဖိုးရှုံးပြီး အကြွေးတင်ခဲ့ပါတယ်။ ပေးစရာလည်းမရှိတဲ့အတွက် နှစ်ပတ်လောက်အထိ စိတ် ဆင်းရဲခဲ့ရတယ်။
“ အကြွေးတင်တုန်းက အိမ်ကအဖွားဆို နေ့တိုင်းသွေးတိုးတယ်။ နေ့တိုင်းဆူတယ်။ သူ့ခမျာ ထမင်းတောင်မစားနိုင်ဘူး။ ကိုယ့်အတွက်တွေးပူပြီးတော့ အဲ့တုန်းကတော့ ရပ်ပစ်မယ်လို့စဉ်းစားခဲ့ဖူးတယ်”လို့မနွေးနွေးကဖွင့်ဟပါတယ်။
အဖွားဖြစ်သူက ရှိတဲ့ငွေထုတ်ပေးတဲ့အတွက် ဒိုင်ကို ရသလောက်အကြွေးဆပ်ခဲ့တယ်။ ကျန်တဲ့အကြွေးကိုတော့ နှစ်ပတ် လောက် ထိုးရင်းချေလိုက်နဲ့ ဆပ်လိုက်တာ ကျေသွားခဲ့ပါတယ်။
ဒီလိုအကြွေးတင်ပြီး အခက်အခဲတွေကြုံဖူးခဲ့ပေမယ့်လည်း လက်ရှိနိုင်ငံရေးနဲ့စီးပွားရေးအခြေအနေတွေကြောင့် ဒီချဲထီ အလုပ်ကိုပဲဆက်လက်လုပ်ကိုင်နေဦးမယ်လို့ မနွေးနွေးကဆိုပါတယ်။
“ အခုခေတ်ကာလမကောင်းတဲ့အချိန် အပြင်ထွက်ဖို့ရာလည်းအဆင်မပြေ။ ကိုယ့်မြို့မှာလုပ်ဖို့ရာလည်း အောက်ထစ်လစာ က ခုနှစ်သောင်းဆိုတော့ ငွေရနည်းတာလည်းပါမှာပေါ့။ အပြင်အလုပ်မလုပ်ပဲဒါပဲထိုးနေတော့တာ” လို့ မနွေးနွေးက ဆိုပါ တယ်။
မနွေးနွေးတစ်ယောက် ချဲထီထိုးရင်း အရင်းအနှီးတချို့ရအောင်ရှာပြီး ဆိုင်လေးဖွင့်ဖို့တော့စိတ်ကူးထားပါတယ်။
ချဲထီလောင်းကစားတွေကို အခြေအနေအရ ကိုယ်တိုင်ကလက်မလွှတ်နိုင်သေးပေမယ့် တခြားသူတွေကိုတော့ မလုပ်ဖို့ တားမြစ်ပါတယ်။
“ စီးပွားဖြစ်ဆို မလုပ်သင့်ပါဘူး။ ပျင်းနေလို့ဆိုရင်တောင်မှ မလုပ်သင့်တာပါ” လို့မနွေးနွေးကပြောပါတယ်။
မမိုးနဲ့မနွေးနွေးတို့နည်းတူ ချဲထီလောင်းကစားကြောင့် ဒုက္ခတွေ့သူကတော့ အသက်၂၇နှစ်အရွယ်မငြိမ်း(အမည်လွှဲ)ပါ။
မငြိမ်းဟာပြီးခဲ့တဲ့နှစ် မေလကစကာ ချဲထီကိုအပျင်းပြေထိုးကြည့်ရာကနေ အစပြုတာပါ။
အစပိုင်းမှာတော့ တစ်ပတ်ကိုနှစ်သောင်းအများဆုံးထိုးရာကနေ နောက်ပိုင်းမှာ သိန်း၈၀၊ ၉၀အထိထိုးဖြစ်ခဲ့ပါတယ်။ အဲ့ဒီ လိုနဲ့ပေါက်တဲ့အခါတွေလည်းရှိသလို အရင်းကျေလိုက်မကျေလိုက်ပါပဲ။
အဲ့ဒီနောက်ထိုးပြီး ၁၁ လလောက်အကြာမှာတော့ အကြွေးတင်ပါတော့တယ်။
“ အရမ်းဒုက္ခခံရပြီး လူနှိမ်တာခံရတယ်။ အခု တစ်လပေးနဲ့ဆပ်နေပါတယ်။ နောင်တလည်းရတယ်။ အခုမထိုးတော့ဘူး” လို့ မငြိမ်းကဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် ရှားပါးလာတာနဲ့အတူ အလွယ်တကူငွေရမယ်ထင်တဲ့ လောင်းကစား လုပ်ငန်းတွေဘက်ကို ပြည်သူတွေက ခြေဦးလှည့်လာကြတာပါ။ စစ်ကောင်စီကလည်း ပြည်သူ့တော်လှန်ရေးအင်အားစု တွေကို အစွမ်းကုန်ဖိနှိပ်နေပြီး ဒီလိုလောင်းကစားကိစ္စတွေကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်ခွင့်ပြုထားတာပါ။
အကျိုးဆက်အနေနဲ့ ပြည်သူတွေမှာ ဝင်ငွေရပေါက်တစ်ခုအဖြစ် လောင်းကစားလုပ်ငန်းတွေကို စမ်းသပ်ကြည့်ရာကနေ အကြွေးတင်တဲ့အထိဒုက္ခတွေ့ကြရတာပါ။
ကပ်ရောဂါနဲ့စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနှစ်ဆမြင့်တက်လာမယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှု စီမံ ကိန်း (UNDP) ကပြီးခဲ့တဲ့ ၂၀၂၁၊ ဒီဇင်ဘာ ၁ က ထုတ်ဖော်ပြောဆိုထားပါတယ်။
မြန်မာပြည်သူတွေရဲ့ ပြည်သူတစ်ဝက်ခန့်ဟာ တစ်ရက်တစ်ဒေါ်လာအောက်ဝင်ငွေနဲ့ ရပ်တည်ရလိမ့်လို့ဆိုပါတယ်။ ဆင်းရဲ မွဲတေမှု သတ်မှတ်ချက်မျဉ်းအောက်ကို ရောက်သွားနိုင်ခြေရှိတဲ့ လူဦးရေရာခိုင်နှုန်းဟာ ၂၄ ရာခိုင်နှုန်းကနေ ၄၆ ရာခိုင်နှုန်း အထိမြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။
မြို့ပြလူဦးရေအကြား ဆင်းရဲမွဲတေမှုကတော့ ၂၀၁၇ခုနှစ်မှာ ၁၁ ရာခိုင်နှုန်းကျော်ကနေ ၂၀၂၂ခုနှစ်မှာ ၃၇ ရာခိုင်နှုန်း ကျော်အထိ သုံးဆတိုးသွားနိုင်တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှစီမံကိန်း(UNDP) ကခန့်မှန်းထားပါတယ်။
လောင်းကစားကြောင့် ကိုယ်တိုင်ငွေကြေးအခက်အခဲကြုံဖူးသူ အမျိုးသမီးတွေကတော့ လောင်းကစားလုပ်ငန်းကို လုံး၀ မစမ်းသပ်ကြဖို့နဲ့ သတိပေးကြပါတယ်။
မနွေးနွေးက “ အကောင်းဆုံးကတော့ လောင်းကစားကို မလုပ်စေချင်ပါဘူး။ မြတ်တာလည်းရှိပေမယ့် ရေရှည်ကတော့ မကောင်းပါဘူး။” လို့ အကြံပြုပါတော့တယ်။