Home ဆောင်းပါး နားထောင်သင့်သော အမျိုးသားများအသံ

နားထောင်သင့်သော အမျိုးသားများအသံ

ဓါတ်ပုံ: ကောကော် (HI)    

ကောကော်။        ။

῝ကျွန်တော်တို့ မြန်မာပြည်မှာ လုံခြုံမှုဆိုတာ မရှိတော့ဘူး၊ အရင်တုန်းက အမျိုးသမီးတွေက အမျိုးသား တွေကို ရက်စက်သူကြီးတွေ၊ တိုက်ခိုက်သူကြီးတွေ၊ မုဒိမ်းကောင်ကြီးတွေအဖြစ် သတ်မှတ်ကြတယ်။ ဒါ ကြောင့် အမျိုးသားတွေအချင်းချင်း သူတို့ကြားမှာ ဘာတွေဖြစ်ခဲ့လဲ၊ ဒီအပေါ် ဘာတွေပြောဆိုနေကြလဲ ဆိုတာတွေကို ပြန်နားထောင်ပြီး ဒီနှစ်ခုပေါင်းဆုံမှသာလျှင် အားလုံးပါဝင်နိုင်တဲ့ လုံခြုံမှုဆိုတာ ဖြစ်လာမယ်῎

အမျိုးသမီးများနှင့် အမျိုးသားများအကြား စားဝတ်နေရေး၊ စီးပွားရေး၊ ဆက်ဆံရေးများကို အခြေခံပြီး အင် အားပြိုင်လေ့ရှိကာ များသောအားဖြင့် အမျိုးသမီးများက အမျိုးသားတွေအကြောင်းတွေကိုသာ ပြောလေ့ရှိ ကြသဖြင့် အမျိုးသားများသည် အကြမ်းဖက်တတ်သောပုဂ္ဂိုလ်များအဖြစ် ပုံဖော်ခံရသူများဖြစ်သွားကြသည် ဟု Gender and Development Institute ၏ မူဝါဒရေးရာအကြံပေး ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

“ကျားမတန်းတူမှုအကြောင်း”ပြောလာကြသည်မှာ အချိန်အားဖြင့် ဆယ်စုနှစ်တစုသို့ ရောက်ရှိလာခဲ့ပြီဖြစ် သော်လည်း ဖြစ်ပေါ်ခဲ့သော အခြေအနေများကို ပြန်လည်သုံးသပ်ရန် လိုအပ်ကာ အမျိုးသမီးပါဝင်မှုဟုဆိုရာ တွင်လည်း အမျိုးသားများကို ချန်လှပ်ထားလို့ မရသလို အမျိုးသားများမပါပဲ စုံညီပါဝင်မှုဆိုသည်မှာ မဖြစ် နိုင်ဟု သူကဆိုသည်။ ထို့အပြင် ခံရသောသူကိုသာ ဇောင်းပေးပြောဆိုခြင်းမဟုတ်ပဲ ပြုလုပ်သူများ၏ အခြေ အနေကိုလည်း သိရန်လိုအပ်သဖြင့် အမျိုးသားများ၏အသံကိုလည်း နားထောင်ပေးရမည်ဟု ဆလိုင်း အိုက် ဇက်ခင်က ပြောသည်။

မြန်မာနိုင်ငံတွင် လူအများက စိတ်ဖိစီးမှုများ အလွန်များပြားကာ စားဝတ်နေရေးအတွက် ပင်ပင်ပန်းပန်း ရုန်းကန်နေရသည့် အခြေအနေတွင်ရှိနေသဖြင့် စိတ်ထွက်ပေါက်အတွက် ရွေးချယ်စရာ အခွင့်အလမ်းများ နည်းပါးနေခြင်းသည် အကြမ်းဖက်မှုများဖြစ်လာစေသည်ဟု ရန်ကုန်ခေတ်သစ်မီဒီယာမှ အယ်ဒီတာဖြစ်သည့် သာလွန်ဇောင်းထက်ကလည်း ပြောသည်။

῝ကျွန်တော်တို့ဆီမှာ အဖက်ဖက်ကချို့တဲ့နေတော့ ပျော်ရွှင်မှုတွေက ပျောက်ဆုံးနေတယ်၊ ရွေးချယ်စရာ လည်း မရှိဘူး။ ဒါကြောင့် စိတ်ထွက်ပေါက်အဖြစ် အဆင်မပြေတာတွေကို ပြန်အရွဲ့တိုက်ကြတယ်῎

သို့သော် ငွေကြေးပြေလည်သူများကြားတွင်လည်း အကြမ်းဖက်မှုများ ရှိနေသလို  ငွေရှိသော်လည်း ပျော်ရွှင် အောင် နေထိုင်နိုင်သော အခြေအနေမရှိခြင်းမှာ နိုင်ငံတနိုင်ငံ၏စနစ်နှင့် သက်ဆိုင်နေပြီး လူတွေကို ပျော်ရွှင် အောင်ထားနိုင်ရန် အစိုးရ၏တာဝန်ဖြစ်ကြောင်း သူကဆိုသည်။

῝ကိုယ်ပိုင်ကားစီးနိုင်ပေမယ့် လမ်းပေါ်ရောက်တော့ ကားတွေပိတ်နေရင် ဒေါသထွက်လာပြီး အကြမ်းဖက်မှု တွေဖြစ်ကုန်တာပေါ့၊ နောက်တခုက ပညာရေးပေါ့၊ ငွေရှိပေမယ့် စဉ်းစားချင့်ချိန်နိုင်စွမ်းနဲ့ ဝေဖန်ပိုင်းခြားနိုင် တဲ့ အတွေးအခေါ်တွေ မရှိကြဘူး῎

လောကပါလတရားဖြင့်ကြည့်ရာတွင် အမျိုးသားနှင့် အမျိုးသမီးသည် အကုန်လုံးတန်းတူ မဖြစ်နိုင်ကြောင်း သာလွန်ဇောင်းထက်က သူ၏အမြင်ကို ယခုလိုပြောသည်။

῝အမျိုးသားက ခွန်အားသန်မာသလိုမျိုးပဲ အမျိုးသမီးက ကိုယ်ဝန်ဆောင်ရတယ်၊ လစဉ်ဓမ္မတာကိစ္စတွေရှိ တယ်။ ဒီလိုမျိုး အမျိုးသားတွေကိုလည်း ခံစားစေချင်တယ်ဆိုပြီး လုပ်လို့မရဘူး၊ တန်းတူညီမျှမှုမှာလည်း အပြန်အလှန် သဟဇာတဖြစ်ဖို့လိုတယ်῎

အိမ်ထောင်စုတခုကို တာဝန်ယူရခြင်းဆိုသည်မှာ အခြေအနေတခုအပေါ်မှာ မူတည်ပြီး ၎င်းမှာ တာဝန်များ ကို မျှမျှတတခွဲဝေပေးခြင်းဖြင့် ပံ့ပိုးသောပုံစံဖြစ်သဖြင့် ဝန်ထုတ်ဝန်ပိုးဖြစ်စေသောအရာမရှိနိုင်ကြောင်း ကုမ္ပဏီဝန်ထမ်းတဦးဖြစ်သူ ကိုဟေစိုးကလည်း သူ၏အိမ်ထောင်ရေးအခြေအနေနှင့်ယှဉ်ပြီး ပြောပြသည်။

လက်ရှိအချိန်ကာလသည် အမျိုးသားနှင့် အမျိုးသမီးကြားတွင် ဝင်ငွေရှာနိုင်သော အရည်အချင်းမှာ တန်းတူ ရှိနေသလို တချို့အမျိုးသမီးများသည်လည်း အမျိုးသားများထက်ပင် ပိုရှာဖွေနိုင်ကြသည်။ ပိုရှာနိုင်သူက လွှမ်းမိုးမှုပိုရှိသွားပြီး ဦးဆောင်သောအပိုင်းသို့ အလိုလိုရောက်သွားတတ်ကာ အားပြိုင်သော အနေအထား သို့ ရောက်ရှိလာသည်ဟု သူကဆိုသည်။

ဓါတ်ပုံ: ကောကော် (HI)

သူ့အိမ်ထောင်တွင် ဇနီးဖြစ်သူက လုပ်ငန်းတခုကို ချက်ချင်းအကောင်အထည်ဖော်ချင်သော်လည်း သူက အချိန်တခုကို စောင့်ခိုင်းစေချင်သည့်အခါတွင် ဇနီးသည်မှာ ထိုလုပ်ငန်းအတွက် သုံးစွဲရန်လိုအပ်သော ကိုယ်ပိုင်ငွေပမာဏရှိနေသဖြင့် တားလို့မရဘဲ ခွင့်ပြုလိုက်ရသည့်အတွက် စိတ်ထဲတွင် ကသိကအောင့်ဖြစ်ရ ကြောင်း ကိုဟေစိုးက သူ့ခံစားချက်ကို ပြောပြသည်။ ထို့အပြင် ပြဿနာဖြစ်နိုင်သည့်အခြေအနေတွင် မီး လောင်ရန် လောင်စာဆီကို မထည့်သင့်ကြောင်း သူက အကြံပေးသည်။

῝ပြဿနာဖြစ်ဖို့က အရမ်းနီးစပ်နေပြီ၊ အငြင်းပွားမှု၊ စကားများမှု၊ အကြမ်းဖက်မှုတွေ ဖြစ်လာဖို့က ရာခိုင်နှုန်း တော်တော်ကို များနေပြီ။ အဒီလိုအထွတ်အထိပ်ရောက်နိုင်ဖွယ်ရှိတဲ့ပြဿနာမျိုးမှာ ကိုယ်က မီးလောင်ဖို့ လောင်စာဆီ မထည့်တော့ဘူး၊ သည်းခံလိုက်တယ်῎

အမျိုးသမီးနှင့် အမျိုးသားအကြား ကာအိန္ဒြေထိပါးနှောက်ယှက်မှုဟုဆိုရာတွင် အမျိုးသမီးအချို့သည်လည်း အမျိုးသားများကို ထိပါးနှောက်ယှက်မှုများရှိနေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ ဦးနေ ဘုန်းလတ်က ပြောသည်။

ဥပဒေရေးဆွဲသည့်အခါတွင် ဘက်ပေါင်းစုံမှ ထိခိုက်နစ်နစ်သူတွေအတွက် ကြည့်ပေးရန်လိုပြီး ပုဒ်မ (၅၀၉) နှင့်ပါတ်သက်ပြီး ပြင်ဆင်သင့်သည်ကို ပြင်ဆင်ဖို့လိုအပ်ကာ လူ့အဖွဲ့အစည်းကိုလည်း ပညာပေးသင့်ကြောင်း သူက ပြောဆိုသည်။ အကြမ်းဖက်မှုဆိုရာတွင် များသောအားဖြင့် အင်အားကြီးသောသူက အင်အားနည်း သောသူကို အကြမ်းဖက်လေ့ရှိကာ အင်အားကြီးသည်ဟုဆိုရာတွင် အာဏာ၊ ငွေကြေး၊ အခြားလွှမ်းမိုးခံရမှု အမျိုးမျိုးရှိနိုင်ကြောင်း ဦးနေဘုန်းလတ်က သူ၏အမြင်ကို ပြောသည်။

သို့သော်လည်း အကြမ်းဖက်ခံရသောအမှုများကို ပြန်လည်စစ်ဆေးကြည့်လျှင် အကြမ်းဖက်ခံရသူများမှာ အမျိုးသမီးအများစုဖြစ်လေ့ရှိပြီး အမျိုးသားများမှာတော့ ရာခိုင်နှုန်းနည်းပါးသည်ဟု ရန်ကုန်မြို့နေ အမျိုး ကိုဟိန်းသူအောင်က ပြောသည်။

အကြမ်းဖက်မှုဖြစ်ပေါ်လာရသည့်အကြောင်းပြချက်များတွင် အမျိုးသားများအတွက် စိန်ခေါ်မှုဖြစ်စေသည့် အရာများကို နက်နက်နဲနဲသိချင်ပါသည်ဟု Gender and Development Institute ၏အမှုဆောင် ဒါရိုက် တာဖြစ်သူ ဒေါ်လဖိုင်ဂျာရာက ပြောသည်။

῝လူဆိုတာ မွေးလာကတည်းက အကြမ်းဖက်တတ်တာ မဟုတ်ဘူး၊ အမျိုးသားတွေကိုယ်တိုင်က သူတို့ရဲ့ လူမှုဘဝမှာ ကိုယ်ကိုယ်တိုင်လုပ်နေတဲ့ အကြမ်းဖက်မှုတွေဟာ ဘယ်လိုဖြစ်နေသလဲဆိုတာ သူတို့ကိုယ် တိုင် သူတို့ကိုယ်သူတို့ မြင်ပြီးတော့မှ တန်ပြန်လုပ်စေချင်တဲ့ဆန္ဒရှိတယ်῎

အမျိုးသားများပြောဆိုနေကြသော အကြောင်းပြချက်များတွင် နိုင်ငံရေးအရ အကြမ်းဖက်မှု၊ စီးပွားရေးအရ အကြမ်းဖက်မှု စသဖြင့် ရှိနေသောကြောင့် အမျိုးသားများ၏ စကားသံများကို ဦးစွာနားထောင်သင့်ကြောင်း သူမ၏အမြင်ကို ပြောဆိုသည်။

῝လေးလေးစားစားနဲ့ နားထောင်ပေးစေချင်တယ်၊ ပြီးမှ သူတို့ပြောလာတဲ့အပေါ်မှာ ဒီအဖြစ်တွေကို ပြန်လည် သုံးသပ်ပြီး အမှားအမှန်ကို အမျိုးသားတွေကိုယ်တိုင် ပြန်ပြီးစိစစ်စေချင်တယ်။ အမျိုးသားတွေကိုယ်တိုင် သူတို့အကြောင်းကို သူတို့ပြောပြီးတော့မှ ရှိနေတဲ့အကြောင်းပြချက်တွေအပေါ်မှာ ပြန်လည်သုံးသပ်နိုင်ရင် ဖြစ်ပါ်လာတဲ့ အခြေခံအရင်းအမြစ်ကို သေချာသိလာမှာပါ῎

ထို့အပြင် အမျိုးသားများကိုယ်တိုင် ပါဝင်လေ့လာဆန်းစစ်ထားသည့်အချက်အလက်များကို အခြေခံပြီး ထိုမှ တဆင့် တရားစီရင်ရေး၊ ဥပဒေပြုရေးတို့ကို ပိုမိုထောက်ပြအကောင်အထည်ဖော်လာနိုင်မည်ဖြစ်သလို မျှတ သော ပါဝင်မှုဖြစ်လာမည်ဟု ဒေါ်လဖိုင်ဂျာရာက သုံးသပ်သည်။

“ထွက်ပေါ်လာတဲ့ ဆန်းစစ်မှုများက မူဝါဒထဲကို အကျုံးဝင်သွားမှာဖြစ်တယ်၊ အကြမ်းဖက်မှုမှာ ပါဝင်တဲ့ အမျိုးသားနဲ့ အမျိုးသမီးများရဲ့အမြင်တွေကို ပေါ်လစီမူဝါဒရေးရာတွေမှာ အကြံပြုထားတဲ့အချက်များက အမျိုးသားများကိုယ်တိုင် သူတို့အသံနဲ့ ပြောထားတဲ့အချက်တွေဖြစ်တဲ့အတွက်  ညီမျှတဲ့ အကြောင်းပြချက်၊ စဉ်းစားချက်များဖြစ်လာနိုင်မယ်လို့ မျှော်လင့်မိတယ်”

Related Articles