လင်းဇေ။ ။
ကျနော်တို့မြို့မှာ ကလေးတစ်ယောက် ခါးထက်ခွင်ပြီး လမ်းတကာစုန်သွားနေတဲ့ အမျိုးသမီးတစ်ယောက်ကို ကျနော်က မပဒါလို့ နာမည်ပေးထားတယ်။ သူ့ကိုမြင်ရတိုင်း အပူသည်မျက်နှာနဲ့ ပူလောင်လွန်းလှလို့ ဒီနာမည်ကို ပေးထားတာပါ။
သူရဲ့ဒုက္ခအပူဟာ နိုင်ငံရေး၊ တော်လှန်ရေး၊ စီးပွားရေးတွေနဲ့ဘာမှမသက်ဆိုင်တဲ့ “လင့်” အရေးပါ။ သူ့ယောင်္ကျား နောက် မိန်းမခိုးပြေးသွားတဲ့နောက်ပိုင်းကစလို့ မပဒါဟာ လမ်းပေါ်ရောက်ခဲ့တာပါ။ လမ်းပေါ်ထွက် ဆန္ဒပြတာလည်း မဟုတ်ပါဘူး။ ယောင်္ကျားရှိတယ်လို့ဆိုတဲ့နေရာတွေကို လျှောက်သွားနေတာပါ။ တကယ်က သူ့ယောင်္ကျားဟာ မိန်းမခိုးပြေးသွား ကတည်းက မြို့မှာ မရှိတော့ပါဘူး။ ဒါပေမဲ့ မပဒါဟာ တစ်ရက်မှမပျက် ကလေးတစ်ဖက်နဲ့ လမ်းပေါ်ထွက်ပါတယ်။
မပဒါကို ကျနော်စတွေ့ခါစကဒီလိုပါ။ သူ့အသက်က ၄၀ ဝန်းကျင်ပါ။ မိန်းမလှတစ်ယောက်ပါ။ သူ့မှာ ရှစ်နှစ်အရွယ် သား တစ်ယောက်၊ သုံးနှစ်ကျော်အရွယ် သမီးတစ်ယောက်ရှိပါတယ်။ ကိုယ်ပိုင်အိမ်နဲ့ခြံနဲ့ နေနိုင်သူတစ်ယောက်ပါ။ သူဟာ ညနေဆိုရင် ကျနော်တို့နေတဲ့လမ်းထဲက သူ့ယောက္ခမအိမ်ကိုအလည်လာတတ်ပါတယ်။ တစ်ခါတလေ ထီးလေးဆောင်းပြီး လမ်းလျှောက်လာတတ်သလို သူ့သမီးငယ်လေးနဲ့ လာတတ်ပါတယ်။
သူ့ရဲ့ခန္ဓာကိုယ်ဟာ မပိန်မဝအလှအပပါ။ နယ်မြို့မှာရှိတဲ့အသက် ၄၀ အရွယ်အမျိုးသမီးတွေမှာ တွေ့ရခဲတဲ့ခန္ဓာကိုယ် အမျိုးအစားပါ။ အရပ်က မနိမ့်၊ မမြင့်။ စကားပြောရင် သိမ်သိမ်မွေ့မွေ့ အပြုံးနဲ့ပြောတတ်သူ။ ကျနော်ဟာ သူ့သမီးလေးကို နှုတ်ဆက်ရာက သူနဲ့မျက်နှာသိတွေဖြစ်ခဲ့တယ်။ ဒါကြောင့် သူတစ်ယောက်တည်းလမ်းလျှောက်လာရင်လည်း ပြုံးပြ နှုတ် ဆက် ဖြစ်တယ်။
ရှစ်နှစ်အရွယ် သူ့သားလေးကတော့ ယောက္ခမအိမ်မှာနေပါတယ်။ ခေါက်ရိုးကျိုးနေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းကြီးရဲ့ထုံးစံ အတိုင်း သူ့ယောက္ခမတွေဟာ သားယောင်္ကျားလေးကိုသာ အလိုရှိပြီး သမီးမိန်းကလေးကို လက်မခံချင်တဲ့သဘောရှိပါ တယ်။ ဒါကြောင့် သမီးလေးဟာ သူနဲ့အမြဲလိုလို တစ်ပူးတွဲတွဲ တွေ့ရပါတယ်။
သူ့ယောင်္ကျားဟာ အသားညိုတာမဟုတ်ဘဲ အမည်းဘက်ကို ပိုကဲပါတယ်။ တအားမည်းတာမျိုးမဟုတ်တာကြောင့် ယောင်္ကျားတစ်ယောက်အတွက် ကြည့်ကောင်းတဲ့အသားအရည်မျိုးပါ။ အရပ် မနိမ့်မမြင့်။ မပိန်မဝ ခန္ဓာကိုယ်ပြားပြားနဲ့။ သူ့ကိုကြည့်လိုက်ရင် အမြဲပြုံးနေတတ်တယ်။ သူ့မျက်ခွံတွေဟာ အိပ်ရေးမဝတဲ့လူတစ်ယောက်ရဲ့ မျက်ခွံလိုမှေးနေတယ်။ မျက်လုံးတစ်ဖက် မဆိုသလောက်စောင်းနေတာကလွဲလို့ ကြည့်ကောင်းတဲ့ အမျိုးသားတစ်ယောက်ပါ။
သူဟာ ဆိုင်ကယ်ကယ်ရီဆွဲတဲ့အလုပ် လုပ်တယ်။ သူ့ကို မပဒါရဲ့ယောင်္ကျားရယ်လို့ ကျနော်မသိခဲ့ပါဘူး။ သူတို့နှစ်ယောက် အတူတွဲလာတာမျိုးလည်း တစ်ခါမှမမြင်ဖူးပါဘူး။ အဲဒီလူ နောက်မိန်းမတစ်ယောက်ခိုးပြေးပြီး မပဒါ ကလေးနှစ်ယောက်နဲ့ ကျန်ခဲ့တယ်လို့ ရပ်ကွက်ထဲသတင်းပြန့်မှ သူတို့နှစ်ယောက်လင်မယားမှန်း ကျနော်သိလိုက်ရတာပါ။
ဒီကိစ္စတွေဖြစ်သွားတဲ့ကာလမှာ မပဒါကိုရော သူ့ယောင်္ကျားကိုပါ မတွေ့ရတော့ပါဘူး။ ဒါပေမဲ့ သတင်းတစ်ခုကြားတာက မပဒါရဲ့ယောက္ခမတွေဟာ သူအိမ်မှာမရှိတုန်း အိမ်ကိုရောင်းချဖို့ လုပ်ကြတယ်လို့ဆိုတယ်။ ဒါကြောင့် မပဒါရဲ့အမျိုးတွေက သူ့ကို ရွာကိုပြန်မလာဘဲ ကိုယ့်အိမ်မှာကိုယ်နေဖို့နဲ့ အိမ်ကိုရောင်းဖြစ်ပါက ရဲကိုအကြောင်းကြားပေးဖို့ ရပ်ကွက်မှာ မှာခဲ့ တယ်လို့ဆိုပါတယ်။
အဲဒါနဲ့ မပဒါဟာ ရပ်ကွက်ထဲ ပြန်ရောက်လာပါတယ်။ သူ့ကိုမတွေ့ရတဲ့ တစ်လကျော်အတွင်းမှာ သူဟာအများကြီး ပြောင်း လဲသွားတယ်။ စိုပြေနေတဲ့ သူ့ရဲ့အသားအရည်ဟာ မွဲခြောက်နေတယ်။ အပြုံးတွေရှိတတ်တဲ့ သူ့မျက်နှာမှာ သောကနဲ့ မျက်ရည်တွေ အစားထိုးနေတယ်။ အပြုံးနဲ့အေးချမ်းနေတဲ့ သူ့မျက်နှာဟာ အငိုနဲ့ပူလောင်သွားတယ်။
အရင်က လမ်းတွေ့ရင် ပြုံးပြတတ်ပေမယ့် အခုခါ သူ့အာရုံမှာ သောကတွေကလွဲရင် ဘာမှမမြင်တော့သလိုမျိုး ဘယ်သူ့ ကိုမှ နှုတ်မဆက်နိုင်တော့ဘဲ မျက်ရည်တွေနဲ့လမ်းလျှောက်နေတတ်တယ်။ ပထမတော့ သူ့သမီးကို ယောက္ခမအိမ်မှာ တွေ့ လိုက်ရပါသေးတယ်။ နောက်တော့ သမီးဟာ သူ့ရဲ့ကိုယ်ပေါ်ကိုရောက်လာတယ်။
ကလေးကို သူရဲ့ယာဘက်ခါးဆောင်းထက်မှာ ပွေ့ချီထားတယ်။ ဘယ်ဘက်လက်မှာ ပလတ်စတစ်အိတ်တစ်ခုကို ကိုင် တယ်။ တစ်ခါတလေ စလူခမောက်လေး ဆောင်းထားတတ်သလို တစ်ခါတလေ ခေါင်းပြောင်ပြောင်နဲ့ပါ။ သူယောင်္ကျား ရှိနိုင်တဲ့နေရာနဲ့သူ့အိမ်က မြို့ရဲ့တောင်နဲ့မြောက်ပါ။ အဲဒါကို နေ့တိုင်းခေါက်တုန့်ခေါက်ပြန်သွားတယ်။ တစ်ခါတလေ ယောက္ခမအိမ်ကိုလာတယ်။ ယောက္ခမတွေကလည်း သူလာပြီဆိုရင် ခြံတံခါးကိုပိတ်လိုက်ကြတယ်။ သူဟာ ခြံရှေ့မှာ ခဏ လောက်ရပ်ပြီးတာနဲ့ သမီးလေးချီပြီး ပြန်ထွက်သွားတတ်တယ်။
ငါးလ၊ ခြောက်လအတွင်းမှာ သူ့ရဲ့အခြေအနေဟာ သိသိသာသာပြောင်းလဲလာတယ်။ တစ်ခါတလေ ကားလမ်းမအလယ် က လမ်းလျှောက်တတ်တယ်။ ကားတွေ၊ ဆိုင်ကယ်တွေက သူ့ကိုရှောင်သွားရတယ်။ ခန္ဓာကိုယ်ဟာ ပိန်လှီလာတယ်။ မေးရိုးတွေ၊ ပါးရိုးတွေပေါ်လာတယ်။ လည်ပင်းအောက်နားက ညှပ်ရိုးတွေငေါ်ထွက်လာတယ်။ အရင်က သူနဲ့အတိအကျ ချုပ်ထားတဲ့ အင်္ကျီတွေဟာ ချောင်ကျလာတယ်။
သနားစရာအကောင်းဆုံးကတော့ သူ့သမီးလေးပါ။ နေပူပူ၊ မိုးရွာရွာ မအေခေါ်ရာနောက်ကို လိုက်ရတာပါ။ ကလေး လက်ထဲမှာ ကစားစရာ သို့မဟုတ် မုန့်တစ်ခုခု ကိုင်ထားတတ်တယ်။ အခုတော့ ကလေးဟာလည်း အသားအရည်တွေ မွဲခြောက်လာတယ်။ မျက်နှာတွေချောင်ကျသွားပြီး မျက်လုံးလေးပြူးလာတယ်။ သူတို့သားအမိကိုတွေ့ရင် ကလေးကို ကြည့်ပြီး စုတ်တသပ်သပ်နဲ့ဖြစ်ရတယ်။
မပဒါဟာ ကလေးတစ်ဖက်နဲ့ ဒီနေ့အထိ မြို့ပေါ်ကလမ်းမတွေမှာသွားနေတုန်းပါ။ ဒီလိုသာရှေ့ဆက်သွားရင် သူဟာ ဗုန်းဗုန်းကြီးလဲဖို့သာရှိပါတော့တယ်။ အမျိုးတွေက အခုလိုလျှောက်မသွားဖို့နဲ့ ကလေးကို ခေါ်ထားဖို့လုပ်ပေမယ့် မပဒါက လက်မခံဘူး။
သူ့ကိုကယ်တင်နိုင်တာဆိုလို့ သူ့ကိုယ်သူသာရှိပါတယ်။ ဗုဒ္ဓပြောတဲ့ မိမိကိုယ်ကိုယ်သာ ကိုးကွယ်ရာလို့ဆိုတဲ့အတိုင်း သူ့ ကိုယ်သူကယ်တင်မှသာ ရနိုင်တော့မှာပါ။
ကျနော်ဟာ သူတို့သားအမိနှစ်ယောက်ကို တွေ့တိုင်း ဂရုဏာစိတ်ဖြစ်မိတယ်။ ယောင်္ကျားတစ်ယောက်အတွက်နဲ့ ပျက်စီး ဆုံးရှုံးသွားရမယ့် မိန်းမတစ်ယောက်ရဲ့ဘဝကို တော်တော်သနားမိတယ်။ မပဒါဟာ သူ့ရုပ်သူ့ရည်နဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်၊ နောက်အိမ်ထောင်ပြုချင်ရင်ပြုပြီး ဘဝကြီးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားလို့ရပါလျက်နဲ့ ဒုက္ခတွေ ခံနေရတာကို မြင်ရတိုင်း ရင်နာမဆုံးဖြစ်ရပါတယ်။ နှမျောတသသဖြစ်ရတယ်။
တကယ်တော့ မပါဒ အခုလိုဖြစ်ရတာဟာ မပဒါအပြစ်တစ်ခုတည်းတော့ မဟုတ်ပါဘူး။ ရှေးထုံးအစဉ်အလာအစွဲကြီးလှတဲ့ မြန်မာ့လူ့အဖွဲ့အစည်းကြီးရဲ့ လောင်းရိပ်မိသွားတာကြောင့်လည်း ပါပါတယ်။
အိမ်ထောင်မှုဘုရားတည် ဆေးမင်ရေစုတ်ထိုးတဲ့။ အိမ်ထောင်ပြုတာနဲ့ပတ်သက်လို့ လူအများစုနှုတ်ကျိုးနေတဲ့စကား။ ဒီဆိုရိုးစကားကို နုလုံးသွင်းထားတဲ့ မပဒါအတွက်တော့ အမြဲတဲ့သဘော၊ ပျက်စီးတတ်တဲ့သဘော၊ လူသားတွေတစ်ဦးနဲ့ တစ်ဦးပေါင်းစည်းကြတဲ့အခါ မလွယ်ကူတတ်တဲ့သဘော၊ လူတွေရဲ့ဖောက်ပြန်တတ်တဲ့သဘောတွေကို လက်တွေ့ကျကျ ကြုံရတဲ့အခါ ဒုက္ခရောက်ရရှာတယ်။ အမှား၊ အမှန်ကို ဝေခွဲရခက်သွားတယ်။
မိန်းမဆိုတာ လင်ယောင်္ကျားကို လင်လို၊ ကျွန်လို၊ သားလို၊ မောင်နှမလိုချစ်ရမယ်၊ ယောင်္ကျားအိပ်ယာက မထခင် မိန်းမက စောစောထပြီး အိမ်ထောင်မှုကိစ္စတွေကို လုပ်တတ်ရမယ်၊ အိမ်ထောင်မှုကိစ္စကိုနိုင်နင်းရမယ်၊ ကိုယ့်ယောင်္ကျားရဲ့ မျက်နှာ အရိပ်အကဲကို ကြည့်ပြီး ပြောဆိုပေါင်းသင်းတတ်ရမယ်၊ ရလာတဲ့ပစ္စည်းဥစ္စာကို ထိန်းသိမ်းတတ်ရမယ်၊ တခြားသူနဲ့ မဖောက်ပြန်ရဘူးလို့ လင်မယားရယ်လို့ဖြစ်လာတဲ့ ဘဝခရီးအစမှာ ဘိသိတ်ဆရာတွေက မှာတတ်ကြတယ်။
တကယ်ဆို နှစ်ကိုယ်တူဘဝတစ်ခု ထူထောင်ကြတဲ့အခါ ယောင်္ကျားတွေကရော မိန်းမတွေအပေါ် အဲဒီအရည်အချင်းတွေနဲ့ မပြည့်စုံသင့်ပေဘူးလား။
ဒါပေမဲ့ လင်ယောင်္ကျားအတွက်တော့ ငွေရှာတတ်ရမယ်၊ ရလာသမျှပစ္စည်းဥစ္စာ မိန်းမအပ်ရမယ်၊ အရက်သေစာ မသောက်စားရဘူး၊ မိန်းမမရှုတ်ရဘူး၊ ကိုယ့်ရဲ့ မိန်းမကိုပဲ ရာသက်ပန်ချစ်ရမယ်ဆိုတာမျိုးတွေ မှာတတ်ကြတယ်။ အဲတော့ ယောင်္ကျားအပေါင်းတို့ အဲဒီလို တသွေမတိမ်းလိုက်နာကြလားလို့ မေးရင် ကိုယ်တွေတောင် မလွတ်ပါဘူး။
ဘိသိတ်ဆရာရဲ့စကားဟာ နားထောင်လို့ကောင်းပေမယ့် လက်တွေ့မကျဘူး။ ကျနော်တို့လမ်းထဲမှာ ယောင်္ကျားတွေ အရက်သောက်လွန်လို့ ဘာမှမလုပ်နိုင်တဲ့အတွက် မိသားစုတစ်စုလုံးကို ရှာကျွေးနေရတဲ့ မိန်းမတွေမှ ပေါလို့ပါ။
မိသားစုတစ်ခုမှာ မိန်းမက အလုံးစုံတာဝန်ကို ယူထားရပေမယ့် ယောင်္ကျားဖြစ်သူက အိမ်ဦးနတ်၊ အိမ်ထောင်ဦးစီးနေရာက တစ်ပြားမှ မလျော့ပါ။ ယောင်္ကျားတွေဟာ ဒီရာထူးကို ကျေကျေနပ်နပ်ကြီးခံယူပြီး ရှာဖွေကျွေးမွေးနေတဲ့ မိန်းမကို ရန်ရှာ ပါသေးတယ်။ သူတို့အဆိုအရတော့ မယားနဲ့နွားမသနားနဲ့၊ အရိုးခွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်မှာဆိုတဲ့ အလေ နတောစကားတွေကလည်း ရေသာခို၊ အကြမ်းဖက်လိုတဲ့ ယောင်္ကျားထုကြီးအတွက် ဘောင်ဝင်တန်းဝင်တဲ့ စကား ဖြစ်နေတုန်းပါပဲ။
မြန်မာ့လူ့အဖွဲ့အစည်းကြီးမှာ အမျိုးသားထုကြီး(ဘုန်းကြီးတွေ၊ယောင်္ကျားတွေ)နဲ့ ယှဉ်လိုက်ရင် မိန်းမတွေဟာ နိမ့်ကျတဲ့ လူတန်းစားလို့ အယူရှိနေတုန်းပါ။ အမျိုးသားထုကြီးက ဒါကိုဂုဏ်ယူဝင့်ကြွားစွာနဲ့ ခံယူထားတာ အဆန်းမဟုတ်ပေမယ့် အမျိုးသမီးအများစုက ဒီအပေါ်မှာ နေသားကျသလို နေနေကြတာကို အံ့သြလို့ မဆုံးနိုင်အောင်ပါပဲ။
လင်မယားစကားများလို့ ရပ်ထဲရွာထဲ လူကြီးသူမ၊ ဘုန်းကြီးတွေကြားဝင်ပြီဆိုရင် “ယောင်္ကျားက အိမ်ထောင်ဦးစီးပဲ၊ အိမ်ဦး နတ်ဆိုတဲ့အခါမှာ မယားလုပ်သူက သည်းခံရမှာပေါ့” ဆိုတဲ့စကားမျိုးကြားရလေ့ရှိတယ်။ “လုပ်ပလေ့စေ သမီးရေ၊ သူက ယောင်္ကျားလေး ဘာလုပ်လုပ်တင့်တယ်တယ်” ဆိုတာမျိုးက ပါသေးတယ်။
အပြောခံရတဲ့အမျိုးသမီးတွေ ဘယ်လိုခံစားရလဲတော့ မသိဘူး ၊ ကိုယ့်အတွက်တော့ မတရားမှုကြီးကို ဂုဏ်သရေရှိတယ် ဆိုတဲ့သူတွေ၊ ကြီးမြတ်ပါတယ်ဆိုတဲ့သူတွေကိုယ်တိုင်က ဗြောင်ကျကျကျူးလွန်နေကြတယ်လို့ ခံစားမိတယ်။ ကျနော်တို့ လူ့အဖွဲ့အစည်းကြီးရဲ့ တရားဝင်နေတဲ့ မတရားမှုတစ်ခုလို့ ဆိုရမယ်။
“မိန်းကလေးပဲ သေစာ၊ ရှင်စာတတ်ရင် တော်ပါပြီ” လို့ နှစ်သိမ့်ခံရပြီး ပညာမတတ်တဲ့ အမျိုးသမီးတွေ မြန်မာပြည်မှာ ဘယ်လောက်တောင်ရှိမလဲလို့ တွေးမိတယ်။ ချို့တဲ့တဲ့မိသားစုတွေမှာ ယောင်္ကျားလေးအများစုဟာ ပညာရေးကို ဆုံးခန်း တိုင်အောင်နေနိုင်တဲ့ အခွင့်အရေးရှိပြီး သမီးမိန်းကလေးတွေကတော့ “သေစာရှင်စာတတ်တော်ပေါ့” ဆိုတဲ့သဘောနဲ့ ပညာရေးကို နိဂုံးချုပ်ရတယ်။
ဒါပေမဲ့ အဲဒီလိုအနစ်နာခံရလို့ဆိုပြီး ဘယ်မိန်းကလေးမှ နစ်နာကြေး၊ ထောက်ပံ့ကြေးမရပါဘူး။ အဲဒီအစား “နင်တို့မိန်းမ တွေ ဘာမှကို နားမလည်ဘူး” ဆိုတဲ့ လူပါးဝတဲ့စကားနဲ့တောင် အစော်ကားခံရနိုင်ပါသေးတယ်။
တကယ်တော့ ချို့တဲ့တဲ့မိသားစုတစ်ခုမှာ မိန်းကလေးတွေလည်း ယောင်္ကျားလေးတွေနဲ့အတူ တန်းတူပညာသင်ခွင့်ရမယ် ဆိုရင်၊ အိမ်မှုကိစ္စတွေမှာ မိန်းကလေးချည်းသာမဟုတ်ဘဲ ယောင်္ကျားလေးတွေမှာလည်း တာဝန်ရှိတယ်ဆိုတဲ့ အသိ တရားကို ညီညီမျှမျှရခဲ့မယ်ဆိုရင်၊ မိန်းကလေးနဲ့ ယောင်္ကျားလေးကြားမှာ ဘုန်းနိမ့်တယ်၊ မြင့်တယ်ဆိုတာ မရှိဘူး အားလုံး တန်းတူပဲလို့ ငယ်ငယ်ကတည်းက သင်ကြားခဲ့ရမယ်ဆိုရင်၊ အိမ်ထောင်တစ်ခုမှာ ငွေရှာတာ၊ အိမ်မှုကိစ္စလုပ်တယ် ဆိုတာ ယောင်္ကျားမှာရော၊ မိန်းမမှာရော တာဝန်ရှိတယ်လို့ ဘိသိတ်ဆရာတွေက သင်ကြားပေးလိုက်မယ်ဆိုရင်၊ အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရေစုတ်ထိုးဆိုတဲ့ စကားပုံကိုသိထားကြသလိုမျိုး အိမ်ထောင်ရေးတစ်ခုဟာ မပြေလည်တဲ့အဆုံး အေးဆေးစွာလမ်းခွဲလို့ရတယ်ဆိုတဲ့အသိကို သိထားကြမယ်ဆိုရင် မပဒါဟာ အခုလိုမျိုးအဖြစ်မျိုးနဲ့ ကြုံချင်မှ ကြုံရမယ်။
မြန်မာ့လူ့အဖွဲ့အစည်းမှာ မျက်စိကြီး၊ နားကြီးတဲ့ပညာတတ်အမျိုးသမီးထုကြီး(ပညာတတ်အမျိုးသမီးထုကြီးမှာတောင် မိန်းမတွေဟာ ယောင်္ကျားတွေထက် ဘုန်းကံနိမ့်တယ်လို့ တွေးတဲ့သူတွေရှိပါသေးတယ်။)ကို မဆိုပေမယ့် မြန်မာအမျိုး သမီးအများစုဟာ ကိုယ့်ကိုယ်ကို ယောင်္ကျားတွေထက် ဘုန်းကံနိမ့်တယ်၊ ယောင်္ကျားတွေသာလျှင် မြင့်မြတ်တယ်၊ အိမ်မှု ကိစ္စ၊ သားသမီးစောင့်ရှောက်ရမယ့်ကိစ္စတွေဟာ မိန်းမတွေရဲ့တာဝန်လို့ မှတ်ယူထားကြတုန်းပဲ။
ဒီဟောင်းနွမ်းစုတ်ပြတ်ပြီး အသုံးမတည့်တဲ့ အတွေးအခေါ်ဟောင်းကြီးကို မြန်မာအမျိုးသမီးတွေ ရိုက်ချိုးစွန့်ပစ်သင့်နေပြီ။ အိမ်ဦးနတ်ကြီးလုပ်ချင်လှတဲ့ အမျိုးသားထုကြီးက ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။ ပြီးတော့ အမျိုးသမီးတွေဟာ အမျိုးသား တွေနဲ့တန်းတူရင်ဘောင်တန်းနိုင်ခြင်းဟာ တိုင်းပြည်ဖွံ့ဖြိုးရေးရှုထောင့်က ကြည့်ကြည့်၊ စီးပွားရေးကဏ္ဍဘက်ကပဲရှုရှု၊ လူမှု ရေးအမြင်ဘက်ကပဲ ထောက်ထောက် အပေါင်းလက္ခဏာဆောင်တဲ့အလားအလာ ကောင်းတွေချည်းပါပဲ။
ပြီးတော့ အမျိုးသမီးတွေအနေနဲ့က အလုပ်တစ်ခုဝင်လုပ်၊ အချိန်တန်လခထုတ်ပိုက်ဆံရတာထက် ပိုမိုနက်နဲအလုပ်တွေကို ကိုယ်လုပ်နေရတယ်ဆိုတာ မမေ့ထားသင့်ဘူး။ ဝင်ငွေရတဲ့အလုပ် မဟုတ်ဘူးဆိုသည့်တိုင် အလုပ်လုပ်နေရတဲ့ ယောင်္ကျား တွေထက် အိပ်ယာစောစောထ၊ မနက်စာအတွက် ပြင်ဆင်၊ ထမင်းချိုင့်ထည့်၊ ကျောင်းတက်အရွယ်ကလေးရှိရင် ကလေး အတွက်ပါ ပြင်ဆင်ပေးရသေးတယ်။
အားလုံးပြင်ဆင်ပြီးလို့ ဆွဲခြင်းကိုင်ပြီး ဈေးသွားရပြီဆိုရင် “ဘာတွေဝယ်ရမလဲ၊ ဘာတွေချက်မလဲ” လို့ တွေးရတာဟာ မလွယ်ကူမှန်း နေ့တိုင်းဈေးသွားရတဲ့အမျိုးသမီးတွေအသိဆုံးပါ။ ဒါက ဈေးဝယ်ဖို့ပိုက်ဆံရှိတဲ့ အမျိုးသမီး။ လက်ထဲ ပိုက်ဆံမရှိတဲ့ အမျိုးသမီးတွေဆိုရင်တော့ ဒီနေ့ထမင်း၊ ဟင်းချက်ဖို့ ဘယ်လိုလုပ်ရပါ့မလဲလို့ တွေးရတာဟာ ငရဲမီးကို ခေါင်းပေါ်တင်ထားရတာထက် ပိုပူလောင်ပါတယ်။
အချိန်တန် စားပွဲပေါ်က ထမင်းတွေ၊ ဟင်းတွေကို အဆင်သင့်လက်ဆေးစားတတ်တဲ့ ယောင်္ကျားတချို့ကတော့ ဒီအပူမီးကို ခံစားတတ်ချင်မှ ခံစားတတ်မယ်။
တစ်ရက်တစ်ရက် မီးဖိုချောင်ထဲမှာ ချက်ရတဲ့အလုပ်၊ လျော်ဖွတ်ရတဲ့အလုပ်၊ အိမ်သန့်ရှင်းရတဲ့အလုပ်၊ ကလေးတွေ ပြုစုစောင့်ရှောက်ရတဲ့အလုပ်တွေသာ လစာရမယ်ဆိုရင် အပြင်မှာအလုပ်ထွက်လုပ်တဲ့ ယောင်္ကျားတွေထက်တောင် ဝင်ငွေ ကောင်းလောက်ပါတယ်။
တစ်ခါတစ်လေ တွေးမိတာတစ်ခုက ယောင်္ကျားတွေကို ကိုးလကျော်လောက် ကိုယ်ဝန်ကြီးနဲ့နေခိုင်းရရင် ဘယ်လိုနေ မလဲလို့ တွေးမိတယ်။ ဗိုက်ထဲက ကလေးကျန်းကျန်းမာမာမွေးဖွားနိုင်ဖို့နဲ့ မွေးနိုင်ပါ့မလားဆိုတဲ့အပူ၊ မွေးခန်းထဲမှာ ရုန်းကန်ရတဲ့ဒုက္ခ၊ အမျိုးသားထုကြီးကို ဒီဒုက္ခတွေ ခံစားဖူးစေချင်တယ်။ “မင်းတို့ မိန်းမတွေ ဘာမှအသုံးမကျဘူး” လို့ ပြောတတ်တဲ့ ယောင်္ကျားတွေကို ကလေးအသက် နှစ်နှစ်အရွယ်ရောက်တဲ့အထိ နို့တိုက်ခိုင်းလို့ရရင် ကောင်းမှာပဲလို့လည်း တွေးကြည့် ဖူးတယ်။
ဒါကြောင့် မြန်မာအမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကို လေးလေးနက်နက်ပြန်တွေးသင့်တယ်။ ကိုယ်ဟာကြီးကျယ်တဲ့ တာဝန်တွေကိုထမ်းဆောင်နေရတယ်ဆိုတာ သိထားသင့်တယ်။
အဲဒီလိုမှမဟုတ်ဘဲ အစဉ်းအလာအစွဲအလမ်းဟောင်းကြီးတွေကို ဖတ်တွယ်ထားပြီး ဗိုင်းကောင်းကျောက်ဖိ ဘုန်းကံမရှိတဲ့ မိန်းမသားအဖြစ်သာဆက်ရှိနေမယ်ဆိုရင်တော့ အဲဒီလောက်သနားစရာကောင်းတဲ့မိန်းကလေးမျိုး လောကမှာမရှိတော့ ဘူးလို့သာ ဆိုရပါတော့မယ်။