Home ဆောင်းပါး ယွန်းလုပ်ငန်း ပျောက်ကွယ်တော့မှာလား

ယွန်းလုပ်ငန်း ပျောက်ကွယ်တော့မှာလား

ရှင်ငြိမ်း။ ။

“ ယွန်းလုပ်ငန်းက ကိုဗစ်ဖြစ်လို့ပါးသွားတာရယ်၊ စစ်ဖြစ်လို့ နိုင်ငံခြားသားမလာတော့တာရယ်ကြောင့် လုပ်ငန်းကလုံးဝရပ် နေတာ။ ရေရှည်လည်း ဒီပုံစံပဲဆိုရင် ယွန်းလုပ်ငန်းကတော့ပျောက်သွားတော့မှာပဲ” လို့ စိုးရိမ်တကြီးဆိုလာသူက မြင်းကပါ ရွာမှ ဒေါ်အေးသိမ့်ပါ။

အသက် ခုနစ်နှစ်အရွယ်ကတည်းက ယွန်းပညာတတ်မြောက်ခဲ့တဲ့ဒေါ်အေးသိမ့်ဟာ ၁၅ နှစ်အရွယ်မှာ မိသားစုယွန်း လုပ်ငန်းကို လက်ဆင့်ကမ်း ဦးစီးလုပ်ကိုင်လာခဲ့တာအသက် ၅၁ နှစ်အရွယ်ရောက်သည့်တိုင်အောင်ပါပဲ။

ဒေါ်အေးသိမ့်ဟာ ယွန်းလုပ်ငန်းထဲမှာ မွေးလာသူဖြစ်တဲ့အလျောက် ယွန်းထည်တစ်ခုကို အစမှအဆုံးတိုင် ကိုယ်တိုင်လုပ် ကိုင်နိုင်သူဖြစ်ပါတယ်။ ယွန်းပညာမှာ ခက်ခဲတဲ့ယွန်းဆင်တဲ့ဒီဇိုင်းကိုတောင် ကိုယ်တိုင်ရေးနိုင်သူဖြစ်ပါတယ်။

ယွန်းလုပ်ငန်းမှာအဓိကကျတဲ့ ယွန်းဆင်တဲ့ဒီဇိုင်းဆရာတွေဟာ ပုံဆွဲတတ်ရုံနဲ့ မရပါဘူး။ ရှေးခေတ်က ဝတ်စားဆင်ယဉ်နေ ထိုင်မှုအကြောင်းတွေလည်း သိဖို့လိုသလို ယခင်ကဒီလိုအလုပ်တွေကို အမျိုးသားတွေပဲ လုပ်ရမယ်ဆိုတဲ့အစွဲတွေကြောင့် အမျိုးသမီးဒီဇိုင်းရေးသူဆိုတာ မရှိသလောက်ရှားပါးခဲ့တာဖြစ်တယ်။ အဲ့ဒီထဲကမှ ဒေါ်အေးသိမ့်ဟာ တစ်ယောက်အပါအဝင် ပါ။

ပုဂံမင်းနေပြည်တော်ခေတ်က ရွာကြီး ၁၉ ရွာကို စုစည်းထူထောင်ထားတဲ့‘အနုရာဓ’လို့ ရှေးကခေါ်ဝေါ်ခဲ့တဲ့မြင်းကပါရွာဟာ ပုဂံမြို့ဟောင်း တောင်ဘက်မှာရှိပြီး ဒီရွာရဲ့လူဦးရေ ၉၀ ရာခိုင်နှုန်းလောက်က ယွန်းလုပ်ငန်းလုပ်ကိုင်ကြသူတွေပါ။

ယွန်းဆိုတာ ဇင်းမယ်ရှမ်းတွေခေါ်တဲ့နာမည်ဖြစ်ပြီး ၁၆ ရာစု၊ ဘုရင့်နောင်ခေတ်နှောင်းပိုင်းမှာ သထုံပြည်ကနေ ရောက် လာတယ်လို့ ပညာရှင်တွေကသုံးသပ်ပြောဆိုနေကြပေမယ့် ပုဂံဒေသခံတွေကတော့ ပုဂံခေတ်ကတည်းကရှိခဲ့တာလို့ ဆိုကြပါတယ်။

ပုဂံလို့ပြောလိုက်ရင် ရှေးဟောင်းစေတီပုထိုးတွေ၊ ဘုရားကျောင်းကန်တွေနဲ့အတူ ယှဉ်တွဲတွေ့ရမှာကတော့ ယွန်းလုပ်ငန်းပဲ ဖြစ်ပါတယ်။ ယွန်းထည်ဆိုတာ ဝါးနဲ့သစ်စေးကို အခြေခံထားပြီး အဆစ်ရှည်တင်းဝါးတစ်လုံးကို အစိတ်စိတ်ခွဲခြမ်းကာ နှီး ဖြစ်သွားတဲ့အထိ လက်နဲ့ပဲလုပ်ရပါတယ်။

ဝါးနှီးကို လိုရာပုံခွေပြီးတော့ သစ်စေးသုတ်ပြီး မြေတိုက်ထဲသွားပြီး မြေငွေ့ပေးအခြောက်ခံကာ မြေတိုက်က ထွက်လာတဲ့ ယွန်းထည်အကြမ်းကို အချောကိုင်၊ သစ်စေးထပ်သုတ်ရတယ်။ ပြီးမှအသုံးခံအောင် အဝတ်ကပ်၊ သရိုးချော(အမဲရိုးကို မီး ဖုတ်ပြာကာ ကျစ်လုပ်တယ်)၊ ထနောင်းကော်ထည့်၊ ကော်ပတ်ကိုင်ကာ သန့်စင်တဲ့သစ်စေးသုတ်တယ်။

အရောင်ခံ၊ သစ်စေးသုတ်ပြီးမှ အမျိုးသားက ဒီဇိုင်းဆင်ပြီး အမျိုးသမီးတွေက ကညှစ်နဲ့အရောင်ပေါ်အောင်ခြစ်ရတယ်။ ပြီးမှမြေငွေ့ကို အနည်းဆုံး သုံးလမှ တစ်နှစ်ကျော်အထိပေးရတယ်။ ယွန်းထည်တစ်ခုရဲ့အစကနေ အဆုံးအထိ အထပ် ၂၀ လုံးမှာ သစ်စေးကနေရာတိုင်းပါဝင်ပါတယ်။

အရည်အသွေးကောင်းတဲ့ယွန်းထည်တစ်ခုရဖို့ အနည်းဆုံး အချိန်ခြောက်လလောက်အချိန်ပေး အနုစိတ်လုပ်ရပြီး လုပ်ဆောင်မှု အဆင့်တိုင်းဟာ စက်နဲ့လုပ်တာတစ်ခုမှမပါဝင်တဲ့ လက်မှုပညာစစ်စစ်တစ်ခုပါ။ ဒါ့ကြောင့် မြန်မာ့ယွန်းဟာ ကမ္ဘာ့အလယ်မှာ လက်မှုပညာစစ်စစ်တစ်ခုအနေနဲ့ ထင်ရှားလှပါတယ်။

ယွန်းပစ္စည်းတွေဟာ အပူ၊ အအေး လိုရာထည့်သုံးနိုင်သလို တင့်တယ်လှပမှုအနေနဲ့ ဟိုတည်ဧည့်ခန်းတွေ၊ နိုင်ငံတော် အခမ်းအနားပွဲတွေမှာ တခမ်းတနားသုံးနိုင်သလို လက်ဆောင်အဖြစ်လည်း ပေးနိုင်တဲ့အတွက် နိုင်ငံခြားဈေးကွက်ဝင်လုပ် ငန်းတစ်ခုလည်းဖြစ်ခဲ့တယ်။

ယွန်းထည်တွေကို တစ်ရှုးပုံး၊ ရေနွေးခွက်စတဲ့အသေးသုံးကနေ စားပွဲ၊ ကုလားထိုင်၊ သေတ္တာအထိ ဆိုဒ်ကြီးတွေပါ ထုတ် လုပ်နိုင်တာကြောင့် ပြည်တွင်းခရီးသွားတွေသာမက ပြည်ပ၊ ကမ္ဘာလှည့်ခရီးသွားတွေပါ မျက်စေ့ကျတဲ့ပစ္စည်းဖြစ်တယ်။

ဒါပေမယ့် ခရီးသွားလုပ်ငန်းအပေါ်မှီခိုနေရတဲ့ပုဂံဒေသရဲ့ ရပ်တည်ရေးအခက်အခဲတွေကတော့ နှစ်နှစ်ကျော်လာတဲ့အထိ ကောင်းလာဖို့ လမ်းမမြင်သေးပါဘူး။ လက်ရှိပုဂံမှာ နိုင်ငံခြားသားဧည့်သည်မပြောနဲ့ ပြည်တွင်းဧည့်သည်တောင် မရှိ တစ်ရက်၊ ရှိတစ်ရက်ပါပဲ။

အခုလိုခရီးသွားဧည့်သည်တွေအပေါ်မှာ ရာနှုန်းပြည့်နီးပါး အမှီပြုနေရတဲ့ယွန်းလုပ်ငန်းဟာ ကိုဗစ်ကြောင့် ယိမ်းယိုင်လုနီးပါး ဖြစ်နေချိန်မှာ အာဏာသိမ်းမှုနဲ့ထပ်မံကြုံရတဲ့အတွက် ယွန်းလုပ်ငန်းဟာ ပျောက်ကွယ်နိုင်မယ့်အခြေအနေနဲ့တွေ့ကြုံနေရ တာဖြစ်တယ်။

ဒီယွန်းလုပ်ငန်းရပ်သွားမယ်ဆိုရင် ပထမဆုံးအနေနဲ့ကတော့ အမျိုးသားအမွေအနှစ်တစ်ခုပျောက်ဆုံးသွားမှာဖြစ်တယ်။

ယွန်းလုပ်ငန်းပညာရှင်တစ်ယောက်ကတော့ “ယွန်းထည်ဆိုတာ ရှေးခေတ်ကတည်းက ရှိခဲ့တဲ့လက်မှုပညာတစ်ခု။ ပန်းချီ တို့၊ ပန်းပုတို့လည်းအတူတူပါပဲ။ ဒါတွေပျောက်သွားရင် အမျိုးသားအမွေအနှစ်ဆုံးရှုံးရမယ်။ ရိုးရာပျောက်တော့ သမိုင်း ပျောက်တာပေါ့။ ဒါကြောင့်ယွန်းပျောက်သွားမှာ ကျနော်တို့လည်းကြောက်တယ်”လို့ ပြောပါတယ်။

ဒီယွန်းလုပ်ငန်းရပ်သွားမယ်ဆိုရင် ဒီအပေါ်မှာ မှီခိုစားသောက်နေရတဲ့မိသားစုတွေကတော့ ဒုက္ခရောက်မယ်။ ဘဝရပ်တည် ရေးအတွက် ကြုံရာကျပန်းလုပ်ရမယ်။ အဆိုးဆုံးကတော့ ယွန်းနဲ့ရပ်တည်နေတဲ့ပညာရှင်တွေ ပြည်ပကိုရောက်သွားတာပဲ လို့ ပြောရင်း သူက စိတ်မောသလို သက်ပြင်းချနေပါတယ်။

“ ကိုဗစ်ဖြစ်တုန်းက ယွန်းကနည်းနည်းကောင်းလာသေးတယ်။ အာဏာသိမ်းပြီးကတည်းက အရောင်းအဝယ်လုံးလုံး မကောင်းတော့တာ။ အရင်က ပစ္စည်းတစ်ခါပို့ရင် ဆိုင်တွေကို အခုတစ်ရာလောက်ပို့ရင် ၉၀ အတွက်ရှင်းပေးတယ်။ အခုက ၂၀ လောက်ပို့ရင် သုံးခုလောက်စာပဲရတော့ အဆင်မပြေဘူးပေါ့”လို့ ဒေါ်အေးသိမ့်က ပြောပါတယ်။

ဒါ့အပြင် ဘုရားတွေမှာရောင်းဈေး ၃,၀၀၀ ကျပ်ရှိတဲ့ ငါးလက်မအရွယ် လက်ဖက်အုပ်တစ်ခုရဲ့အရင်းဟာ ၁,၅၀၀ ကျပ်ရှိ ပေမယ့် အဝယ်မရှိတာကြောင့် အရှုံးခံရောင်းနေရလို့ လုပ်အားခတွေရှင်းမပေးနိုင်တဲ့အပြင် မိသားစုစားဝတ်နေရေးအတွက် ပါ အခက်အခဲဖြစ်လာပါတော့တယ်။

“ ရှုံးရှုံးမြတ်မြတ်၊ အလုပ်လေးရှိရင်ပြီးရောဆိုတဲ့သဘော လုပ်နေတာ။ ယွန်းကလွဲလို့ တခြားအလုပ်လည်း မလုပ်တတ်၊ သူ များတွေလို လယ်ယာလုပ်ဖို့ဆိုတာကလည်း ဒီအသက်အရွယ်နဲ့မရတော့ဘူးလေ။ အဲ့တော့နေ့စဉ်စားဖို့ဒုက္ခရောက်လာတာ ပေါ့” လို့ ဒေါ်အေးသိမ့်က ငြီးတွားနေပါတယ်။

မောင်နှမ ခြောက်ယောက်ထဲမှာ အကြီးဆုံးသမီးဖြစ်တဲ့ဒေါ်အေးသိမ့်ဟာ သူရဲ့မောင်နှမတွေက အိမ်ထောင်ပြုသွားပေမယ့် သူကတော့ အိမ်ထောင်မပြုဘဲ မိဘတွေနဲ့အတူ တပိုင်တနိုင်ယွန်းလုပ်ငန်းထူထောင်ကာ အသက်မွေးဝမ်းကျောင်းပြုနေသူ ပါ။

အလုပ်ကောင်းစဉ်ကတော့ မနက် ၇ နာရီလောက်ဆိုတာနဲ့ အလုပ်သမားအမျိုးသား၊ အမျိုးသမီး ၁၀ ယောက်လောက်နဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့တဲ့သူ့ရဲ့ယွန်းလုပ်ငန်းခွင်လေးဟာ လက်ရှိမှာလူသူကင်းမဲ့ကာ တိတ်ဆိတ်ခြောက်ကပ်နေပါတယ်။

ကိုဗစ်လှိုင်းအဆက်ဆက်နဲ့ အာဏာသိမ်းမှုကြောင့် ဧည့်မဝင်တော့တဲ့အတွက် ယွန်းဈေးကွက်ဟာ ရပ်တန့် လုနီးပါးဖြစ်သွားချိန်မှာ သူရဲ့ကိုယ်ပိုင်လုပ်ငန်းကို ရပ်နားလိုက်ရပြီး ယွန်းလုပ်ငန်းကြီးတစ်ခုမှာ နေ့စားဝင်လုပ်နေတာပါ။

“အိမ်မှာစားသောက်ဖို့မရှိတော့ သူများဆီမှာမျက်နှာငယ်နဲ့ အလုပ်တောင်းရတော့တာပေါ့။ အဲ့အလုပ်ကလည်း နေ့တိုင်း မရဘူး။ အလုပ်ရှိလည်း အရင်လို ၃,၀၀၀ မရတော့ဘူး ၁,၅၀၀ လောက်ပဲရတော့တယ်။ အော်ဒါနည်းလို့ လျော့ပေးတာ”လို့ ဒေါ်အေးသိမ့်က ရှင်းပြပါတယ်။

ယွန်းအလုပ်သမားတယောက်ဟာ နံနက် ၈ နာရီကနေ ညနေ ၅ နာရီထိ လုပ်ငန်းကျွမ်းကျင်မှုအပေါ် မူတည်ပြီး တနေ့ကို အနည်းဆုံး ငွေကျပ် ၃,၀၀၀ မှအများဆုံး ၈,၀၀၀ ကျပ်လောက်သာရကြသလို ယွန်းဆင်တဲ့ဒီဇိုင်းသမားတွေလည်း အလား တူ နေ့စားခသာ ရကြပါတယ်။

ဒီလိုဝင်ငွေနည်းတဲ့အတွက် ယွန်းဆင်သူအများစုဟာ ထိုင်းနိုင်ငံဘက်ထွက်ကာ အလုပ်သွားလုပ်ကြတဲ့အတွက် အတတ် ပညာရှင်ရှားပါးတဲ့ပြဿနာနဲ့လည်း ရင်ဆိုင်နေရပါတယ်။ အခုလိုအတတ်ပညာရှင် ရှားပါးတာဟာ ယွန်းလောကပျောက် သွားဖို့ ခြိမ်းခြောက်ခံနေရတဲ့အဓိကအကြောင်းအရင်းတစ်ခုလည်း ဖြစ်ပါတယ်။

တဖက်မှာလည်း ယွန်းထည်လုပ်တဲ့အခြေခံလူတန်းစားတွေဟာ ကုန်ကြမ်းကဈေးတက်ပြီး ကုန်ချောက ဈေးတက်မရတဲ့ ယွန်းထည်ကို လုပ်သာလုပ်နေရပေမယ့် ရလာတဲ့အကျိုးအမြတ်က နည်းလာလို့ အလုပ်ပြောင်းလုပ်ရသူတွေလည်း ရှိလာ ပါတယ်။

ဒီထဲမှာအရှေ့ဖွားစောရွာက ယွန်းအလုပ်သမား မလွင်မာလည်းပါဝင်ပါတယ်။ သူဟာ အာဏာသိမ်းပြီးနောက်မှာ ယွန်း လုပ်ငန်းမကောင်းတော့တာကြောင့် ဘုရားစောင်းတန်းမှာ လက်ပန်းချီရေးတဲ့လုပ်ငန်းကိုပြောင်းလုပ်ခဲ့ရတဲ့သူပါ။

မြင်းကပါရွာလိုပဲ ယွန်းထည်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုတဲ့ရွာတွေထဲမှာ အရှေ့ဖွားစောရွာ၊ အနောက်ဖွားစော ရွာတွေပါဝင်သလို ဒီရွာတွေဟာလည်း ပုဂံရွာကြီး ၁၉ ရွာထဲမှာ ရွာတစ်ခုအနေနဲ့ ပါဝင်ပါတယ်။

“အရင်ကယွန်းလုပ်ငန်းတစ်ခုထဲနဲ့ မိသားစုစားလို့လောက်တယ်။ မစုမိရင်တောင် အကြွေးကင်းကင်းနဲ့နေ၊ စားနိုင်တယ်။ အခုအလုပ်ကလုံးဝရပ်သွားတာတော့ အကြွေးလည်းတင်၊ စားဖို့ကလည်းခက်လာလို့ပြောင်းလုပ်ရတာပေါ့”လို့ မလွင်မာက ရှင်းပြပါတယ်။

ယခင်ယွန်းလုပ်စဉ်ကတော့ မလွင်မာဟာ လုပ်ငန်းကျွမ်းကျင်သူဖြစ်တဲ့အတွက် သူရဲ့တစ်နေ့လုပ်အားခဟာ ငွေကျပ် ၅,၀၀၀ နီးပါးရှိပါတယ်။ ကိုဗစ်ကာလမှာ အလုပ်တွေနားထားရတယ်ဆိုပေမယ့် အစိုးရထောက်ပံ့မှုရတာကြောင့် သူတို့စားဝတ်နေ ရေးဟာ အခုလောက်အခက်မတွေ့ခဲ့ပါဘူး။

အာဏာသိမ်းမှုကြောင့် နိုင်ငံရေးမတည်မငြိမ်ဖြစ်လာတဲ့အခါ နိုင်ငံခြားသားဝင်ရောက်မှုဟာ လုံးဝရပ်ဆိုင်းသွားတာနဲ့အတူ သူရဲ့ယွန်းလုပ်ငန်းပါ ပိတ်သိမ်းသွားတာကြောင့် မိသားစုစားဝတ်နေရေးအတွက် လက်ပန်းချီပြောင်းလုပ်ခဲ့တာဖြစ်တယ်။

လက်ပန်းချီရေးတဲ့သူအများစုဟာ ယွန်းလုပ်ကြတဲ့မြင်းကပါရွာနဲ့ ဖွားစောရွာကလူတွေအများဆုံးဖြစ်ပြီး သူတို့တွေဟာ ယွန်းအပြင် သဲပန်းချီရေးသူတွေဖြစ်တာကြောင့် လက်ပန်းချီရေးရာမှာ သေသပ်လှပပါတယ်။

လက်ပန်းချီဟာ ကိုဗစ်မတိုင်မီကတည်းက ပုဂံခရီးသွားဧည့်သည်တွေကြားမှာ ရေပန်းစားလာတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်။ အရင်းသိပ်မစိုက်ရဘဲ ငွေမြန်မြန်ပေါ်တဲ့လုပ်ငန်းဖြစ်လို့ ယွန်းသမားတွေအတွက် အသက်ရှုပေါက်တစ်ခုလို ဖြစ်ခဲ့ပါတယ်။

“ဒီလုပ်ငန်းရှိတော့ နည်းနည်းတော့အသက်ရှုရချောင်တာပေါ့။ပြည်တွင်းခရီးသွားတွေလည်း ခုရက်ပြန်ရှိလာတော့ ကျမတို့ အဆင်ပြေတယ်။ တခါတရံတနေ့လုံးနားမနေရဘူး။ တနေ့ကို အနည်းဆုံးနှစ်ယောက်လောက်တော့လာဆွဲတယ်”လို့ မလွင်မာက ဆိုပါတယ်။

လက်ပန်းချီတစ်ခုရေးမယ်ဆိုရင် ဆေးတစ်ရက်ခံက ငွေကျပ် ၂,၀၀၀ ပေးရပြီး သုံးရက်ခံဒန်းဆေးဆိုရင် ၃,၅၀၀ ကျပ်ပေးရ ကာ ၇ ရက်ခံဆေးဆိုရင် ၆,၀၀၀ ကျပ်အထိရှိပြီး ဒီထဲမှာအရောင်သွင်းရင် ဈေးပိုရပါတယ်။ ဒန်းဆေးတစ်ဗူးဟာ ငွေကျပ် ၁၀၀၀ သာရှိပြီး ရေးတဲ့ပုံအလိုက် တစ်ဗူးလူ ငါးယောက်လောက်အနည်းဆုံးဆွဲနိုင်ပါတယ်။

အခုလိုမိသားစုစားဝတ်နေရေးအတွက် အဆင်ပြေနိုင်မယ့် လုပ်ငန်းအသစ်တွေပြောင်းရွှေ့လုပ်ကိုင်ရင်း တပိုင်တနိုင်ယွန်း လုပ်ငန်းတွေဟာ တဖြည်းဖြည်းပျောက်ကွယ်သွားနိုင်တဲ့အနေအထားမျိုးဖြစ်နေတယ်လို့ မလွင်မာက သူ့အမြင်ကို ပြောပြ ပါတယ်။

ယွန်းလုပ်ငန်းရပ်သွားတဲ့အခါ ဒီအပေါ်မှာမှီခိုစားသောက်နေရတဲ့ဒေသခံရွာသားတချို့ဟာ မိသားစုစားဝတ်နေရေးအတွက် ဧရာဝတီမြစ်တစ်ဖက်ကမ်း သောင်ပေါ်မှာလယ်စိုက်ပြီး စားဝတ်နေရေးပြေလည်ဖို့ ရုန်းကန်နေသူတွေလည်း ရှိပါတယ်။

ပဲ၊ နှမ်း၊ ပြောင်း၊ နေကြာ၊ ခရမ်းချဉ်စတဲ့ဟင်းရွက်ဟင်းသီးတွေစိုက်ပြီး ပုဂံဈေး၊ ညောင်ဦးဈေးနဲ့ ဗျတ္တဈေးတွေမှာ သွား ရောင်းကြပါတယ်။ မိုးတွင်းသွားလာရေးခက်ခဲရင်တော့ ဧရာဝတီမြစ်ထဲငါးဖမ်းပြီးရောင်းကြပြန်ပါတယ်။

ဒီထဲမှာ အနောက်ဖွားစောရွာက မအင်ကြင်းလည်း ပါဝင်ပါတယ်။ တပိုင်တနိုင်ယွန်းလုပ်ငန်းထူထောင်ပြီးကာမှ အာဏာ သိမ်းမှုကြောင့် လုပ်ငန်းရပ်သွားရပြီး ညောင်ဦးဈေးမှာ ကုန်စိမ်းရောင်းနေရပါတယ်။

အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့မအင်ကြင်းဟာ တက္ကသိုလ်ကျောင်းတက်အလုပ်လုပ်ရင်းငွေစုရင်း အသက် ၂၀ လောက်မှာ တပိုင်တနိုင်ကိုယ်ပိုင်ယွန်းလုပ်ငန်းလေး ထူထောင်ထားနိုင်တဲ့သူပါ။

“အမေတို့လို နေ့စားလုပ်နေတာကိုကြည့်ပြီး ငါ့အလှည့်ကျကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်အောင် လုပ်မယ်လို့ စိတ်ကူးထား တာ။ ကျောင်းတက်ရင်း အလုပ်မျိုးစုံကိုမနားမနေလုပ်ပြီး ငွေစုခဲ့တယ်။ တုတ်တုတ်လည်းမောင်းဖူးတယ်။ စကားပြန်၊ လမ်း ပြလည်းလုပ်တယ်။ ကုန်လည်းထမ်းတယ် အစုံပေါ့”လို့ မအင်ကြင်းက ရယ်ရယ်မောမောပြောပြပါတယ်။

အစပိုင်းမှာ အလုပ်သမားမခေါ်ဘဲ သူတို့မိသားစု ခုနစ်ယောက်လုံးဝိုင်းလုပ်ဝိုင်းစားလုပ်လာပြီးမှ နောက်ပိုင်းမှာလုပ်ငန်း လိုအပ်ချက်အရ ဆွေမျိုးရင်းချာအလုပ်သမား သုံးယောက်ကိုခေါ်နိုင်တဲ့အထိ သူရဲ့ယွန်းလုပ်ငန်းကို တိုးချဲ့နိုင်ခဲ့တယ်။

ဒါ့အပြင် ယခင်က ကုန်ကြမ်းဈေးနဲ့ အလုပ်သမားခတွေ၊ မိသားစုစရိတ်တွေနုတ်အပြီး တစ်လအသားတင်အမြတ်ငွေဟာ ၁၀ သိန်းနီးပါးရခဲ့လို့ မိသားစုစားဝတ်နေရေးအတွက် မပူပန်ခဲ့ရပါဘူး။ တစ်ချိန်ထဲမှာပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်ဒေသ အဖြစ်သတ်မှတ်လိုက်တာကြောင့် လုပ်ငန်းတွေဒီထက်ကောင်းလာဖို့ ဒေသခံတွေအနေနဲ့ မျှော်လင့်ခဲ့ကြတယ်။

ဒီအချိန်မှာ မအင်ကြင်းတို့လည်း ဧည့်သည်ပိုမိုဝင်လာနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်နဲ့လုပ်ငန်းတိုးချဲ့ဖို့ အိမ်ရှိကားနဲ့လက် ဝတ်လက်စားတစ်ချို့ကို ရောင်းချကာ ယွန်းထည်ပစ္စည်းတွေအမြောက်အများတိုးမြှင့်လုပ်ထားခဲ့ကြတယ်။

ထိုအချိန်မှာ သူတို့တွေးထင်မထားတဲ့ကိုဗစ်ရောဂါဆိုးကြီးဝင်ရောက်လာတဲ့အခါ ခရီးသွားလုပ်ငန်းရပ်ဆိုင်းသွားပြီး လုပ် ထားတဲ့ပစ္စည်းတွေလည်း ရောင်းမထွက်တော့ဘဲ အလုပ်သမားခတွေရှင်းမပေးနိုင်တဲ့အထိ အခက်တွေ့သွားခဲ့ရတယ်။

သို့ပေမဲ့ အဆိုးထဲက အကောင်းလို့ဆိုရမလားဘဲ မြန်မာငွေကျပ် သိန်းနှစ်ရာကျော်ရှိတဲ့နိုင်ငံခြားအော်ဒါတစ်ခုရလိုက်တဲ့ အတွက် အလုပ်သမားခတွေရှင်းပေးနိုင်ပြီး အော်ဒါအသစ်ကိုမျှော်နေခဲ့ပါတယ်။ ဒီအချိန်မှာပဲ အာဏာသိမ်းမှုဖြစ်လာတဲ့ အတွက် သူရဲ့မျှော်လင့်ချက်အားလုံးဟာ ရေစုန်မြောသွားရပြီး သူ့ဘဝလည်း စောက်ထိုးမိုးမျှော်ဖြစ်သွားခဲ့ရပြန်ပါတယ်။

“နိုင်ငံရေးမတည်ငြိမ်တော့ ဘာလုပ်လုပ်အဆင်မပြေဘူး။ လက်ထဲကကျန်ငွေလေးကလည်း မိသားစုအရေးပေါ်အတွက် ထားထားရတယ်။ အခုတော့အလုပ်ရှင်ကနေ အလုပ်သမားပြန်ဖြစ်သွားပြီ”လို့ မအင်ကြင်းက ပြောပါတယ်။

လက်ရှိပုဂံဒေသမှာဆိုရင် ယွန်းထည်ရောင်းတဲ့ဆိုင်အတော်များများ ပိတ်သိမ်းသွားရသလို ယွန်းလုပ်တဲ့အမျိုးသမီးအလုပ် သမားအများစုဟာလည်း လက်ပန်းချီပြောင်းလုပ်နေကြတာဖြစ်တယ်။

အခုလိုသာ ဝမ်းရေးအတွက်တခြားလုပ်ငန်းတွေပြောင်းလုပ်ကြမယ်ဆိုရင် ယွန်းလက်မှုပညာ အမွေအနှစ် တိမ်ကော ပျောက်ကွယ်သွား မှာကို ဒေါ်အေးသိမ့်တစ်ယောက် စိုးရိမ်လို့နေပါတယ်။

ပုဂံဒေသမှာ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ယွန်းလုပ်ငန်းတစ်ခုထဲ ထိခိုက်ခံစားရတာမဟုတ်ဘဲ ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေရတဲ့ဘုရားသမိုင်းလိုက်လံရှင်းပြပေးနေတဲ့ကလေးတွေကအစ ဟိုတည်တွေ၊ စားသောက်ဆိုင်တွေအဆုံး လုပ်ငန်း အားလုံးအထိနာခဲ့ရတာပါ။

အာဏာသိမ်းစစ်တပ်က နိုင်ငံရေးတည်ငြိမ်မှုရှိကြောင်းပြသဖို့ ခရီးသွားလုပ်ငန်းတွေဖွင့်ပေးထားတယ်ဆိုပေမယ့် လမ်းမှာ စစ်ဆေးရေးဂိတ်တွေအမြောက်အများရှိနေတာ၊ ညမထွက်ရအမိန့်တွေက ခရီးသွားဝင်ရောက်မှုကို အဟန့်အတား ဖြစ်နေ ပါတယ်။

ဒီလိုနိုင်ငံရေးမတည်မငြိမ်ဖြစ်မှုကြောင့် ဆီဈေး၊ ကုန်ဈေးနှုန်းနဲ့အတူ ယွန်းကုန်ကြမ်းဈေးတွေပါ အဆမတန်မြင့်မားနေတာ ကလည်း ယွန်းလုပ်ငန်းရပ်သွားဖို့အကြောင်းများစွာထဲက တစ်ခုဖြစ်နေပါတယ်။

ပုဂံမှာရှိတဲ့ဘုရား၊ စေတီပုထိုးတွေက ဒြပ်ရှိယဉ်ကျေးမှုဖြစ်လို့ ထိန်းသိမ်းစောင့်ရှောက်ရင် ဘုရားနဲ့အတူယှဉ်တွဲရှိခဲ့တဲ့ ဒြပ်မဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ ယွန်းပညာကိုလည်း ထိန်းသိမ်းစောင့်ရှောက်သင့်ပြီး လူမျိုးက ယဉ်ကျေးမှုအမွေအနှစ်မရှိလေ ဒုက္ခရောက်လေပဲလို့ ယွန်းပညာရှင်က မှတ်ချက်ပြုပါတယ်။

ခရီးသွားလုပ်ငန်းအပေါ်မှီခိုနေရသူတဲ့ပုဂံသူ၊ ပုဂံသားတွေအနေနဲ့ ဘဝရပ်တည်ရေးအတွက် အလုပ်မျိုးစုံပြောင်းလုပ်လို့ရ သလို ယွန်းလုပ်ငန်းမပျောက်ပျက်အောင်လည်း ဝိုင်းဝန်းကူညီဖို့ ဒေါ်အေးသိမ့်က အခုလိုမေတ္တာရပ်ခံလိုက်ပါတယ်။

“ယွန်းက ၉၀ နောက်ပိုင်းကတည်းက ပြိုပျက်ဖို့တာစူနေတာ။ ရှမ်းယွန်းနဲ့ ကျောက်ကာယွန်းက ပျောက်သွားတာ ရာစုနှစ် နှစ်ခုစာရှိပြီ။ ပုံဂံယွန်းကနောက်ဆုံးခံတပ်ပဲ။ ဒါကြီးမပြိုမပျက်အောင် အသိပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ ငွေအား တောင့်တဲ့သူတွေက ဝိုင်းကူပေးကြပါဦး”

Author:

Related Articles