ခင်ဘုန်းမို့။ ။
တိတ်ဆိတ်တဲ့အခန်းတစ်ခုထဲမှာ အမျိုးသမီးတစ်ဦးဟာ လက်ထဲကစာရွက်တွေကိုကြည့်ရင်း အသံခပ်တိုးတိုးနဲ့ ရေရွတ် နေပါတယ်။
စာရွက်မှာရေးထားတဲ့အကြောင်းအရာတွေကတော့ တစ်နေ့တာထူးခြားဖြစ်စဉ်သတင်းတွေကို စုစည်းရေးသားထားတာပါ။ အဲ့ဒီနောက် စာရွက်ထဲက အကြောင်းအရာတွေကို စတင်အသံသွင်းပါတော့တယ်။
“ မိဘပြည်သူများအားလုံး မင်္ဂလာပါရှင်။ Myanmar Police CDM Channel ရဲ့ ဒီကနေ့ညပိုင်း ၈နာရီ သတင်းများကို စုစည်းတင်ဆက်ပေးပါတော့မယ်။ သတင်းတင်ဆက်သူနွေဦးမို့မို့ပဲဖြစ်ပါတယ်”ဆိုတဲ့ ကြည်လင်ပြတ်သားတဲ့ အသံကိုကြား ရပါတယ်။
သူကတော့ CDM ရဲမေတစ်ဦးဖြစ်တဲ့မနွေဦးမို့မို့ပါ။ လက်ရှိမှာ Myanmar Police CDM Channel မှာသတင်းတင်ဆက်သူ အဖြစ်ဆောင်ရွက်နေပါတယ်။
စစ်အာဏာသိမ်းမှုတစ်နှစ်ကျော်လာသလို အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Moment) သက်တမ်းကလည်းတစ်နှစ်ကျော်လာခဲ့ပြီ။ ဒီတစ်နှစ်ကျော်ကာလအတွင်းမှာ CDMပြုလုပ်သူတွေဟာ အခက်အခဲတွေကြား နေသားကျစပြုလာခဲ့ကြပေမယ့် အလုံးစုံအဆင်ပြေနေတာတော့မဟုတ်ပါဘူး။
CDM ပြုလုပ်ထားသူတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပေမယ့်လည်း နောင်တမရှိတဲ့လမ်းကို ရွေးချယ်ထားတာကြောင့် လိပ်ပြာလုံလုံနဲ့အိပ်စက်နိုင်ကြပါတယ်။
စစ်အာဏာသိမ်းပြီးနောက် နယ်ပယ်ပေါင်းစုံက CDM ပြုလုပ်သူတွေအပြင် စစ်တပ်နဲ့ရဲအသိုင်းအဝိုင်းက CDM ပြုလုပ်သူ တွေလည်းရှိလာခဲ့ပါတယ်။ စစ်တပ်ကနေ CDM ပြုလုပ်သူအမျိုးသမီးအရေအတွက်ကတော့ ၁၀ ဂဏန်းနီးပါးသာရှိသေး တယ်လို့ ပြည်သူ့ရင်ခွင် အဖွဲ့က စာရင်းတွေမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာတပ်မတော်သားနဲ့ရဲတပ်ဖွဲ့မှ CDMပြုလုပ်သူ(တစ်သောင်း)နီးပါးရှိပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တစ်နှစ် ပြည့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအထဲမှာအမျိုးသမီးတချို့လည်းပါဝင်ပြီး သူတို့အနေနဲ့ တော်လှန်ရေးအတွက် ကျရာကပါဝင်ရင်း စစ်အာဏာရှင်ကိုတွန်းလှန်နေကြပါတယ်။
ဒီအထဲမှာ ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ပြီးခဲ့တဲ့၂၀၂၁ခုနှစ်မတ်လက CDMပြုလုပ်ခဲ့တဲ့ မနွေဦးမို့မို့လည်းပါဝင်ပါတယ်။ စစ်အာဏာသိမ်းမှုကိုစတင်တဲ့ ပထမဆုံးနေ့မှာ မနွေဦးမို့မို့တစ်ယောက် အလုပ်လုပ်ရာ မှာစိတ်မပါနိုင်ဘဲ ဖြေသိမ့်မရတဲ့ခံစားချက်သာကြီးစိုးနေခဲ့ပါတယ်။
“ အဲ့နေ့ကစပြီးခံစားရတာ ခံစားချက်ကမပျောက်သွားဘူး။ နေ့တိုင်းနေ့တိုင်းခံစားနေရတာ။ နောက်နေ့ရုံးတက်တော့လည်း အဲ့ခံစားချက်ပဲ” လို့ မနွေဦးမို့မို့က စစ်အာဏာသိမ်းတုန်းကခံစားရတဲ့ ခံစားချက်ကိုဖွင့်ဟပါတယ်။
စစ်ကောင်စီရဲ့အကြမ်းဖက်ပစ်ခတ်မှုတွေမရှိခင်အထိ ဆန္ဒပြပြည်သူတွေအတွက် လမ်းပိတ်တဲ့နေရာတွေ၊ လမ်းရှင်းလင်း ရေးတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာ ရုံးတက်ရတဲ့အခါ အရင်လိုယူနီဖောင်းကိုဂုဏ်ယူစွာ ဝတ်ပြီး မသွားရဲတော့ဘဲ အပြင်ဝတ်စုံဝတ်ကာ ကိုယ့်ရုံးကို ခိုးဝှက်သွားရတဲ့အခြေအနေကို မနွေဦးမို့မို့စိတ်ပျက်လာခဲ့တယ်။
“ရုံးတက်ရမှာရှက်ရွံ့တဲ့စိတ်ဖြစ်ခဲ့တယ်”လို့သူကဖွင့်ဟပါတယ်။
အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး စိတ်ထဲမကျေနပ်ခဲ့ပေမယ့် မကျေနပ်ကြောင်းကို လူမှုကွန်ရက်မှာ စာလေးတစ်ကြောင်း တောင် ဖွင့်ဟခွင့်မရှိတာ၊ တခြားသူတွေနည်းတူ လမ်းမပေါ်မှာ ဆန္ဒထွက်ပြချင်ပေမယ့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ဖြစ်တာ ကြောင့် ပြုလုပ်ခွင့်မရှိခဲ့ပါဘူး။
စီဒီအမ်လုပ်ဖို့ ကမ်ပိန်းတွေ ပေါ်လာတဲ့အခါမှာတော့ အားတက်မိပြီးစီဒီအမ်ပြုလုပ်ဖို့ဆုံးဖြတ်ခဲ့တယ်။
“ ဒီလိုငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒထုတ်ဖော်ခွင့်ရှိတယ်ဆိုတဲ့ အတွေးဝင်လာတဲ့အခါမှာအားတက်တယ်။ အဲ့ဒါကြောင့်စီဒီအမ် လုပ်ချင်လာတယ်။ ဒီတပ်ဖွဲ့ထဲမှာလည်းမနေချင်တော့ဘူး။ စစ်ကျွန်အောက်မှာလည်း သူတို့ခိုင်းတဲ့အလုပ်ကိုမလုပ်ချင် တော့ဘူး။” လို့မနွေဦးမို့မို့က ပြောပါတယ်။
စီဒီအမ်လုပ်ဖို့ဆုံးဖြတ်ပြီးတဲ့နောက်မှာ လိုင်းခန်းကထွက်ဖို့ပြင်ဆင်ပါတော့တယ်။ ထွက်မယ့်ညမှာလည်း သတင်းပေါက်သွား တာကြောင့် အထက်လူကြီးတွေကအဆောင်သော့သိမ်းတာ၊ စောင့်ကြည့်နေတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒီလို အခြေအနေတွေကြောင့် ပြင်ဆင်ထားတဲ့ အထုပ်အပိုးတွေအကုန်ထားကာ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ခိုးထွက်လာခဲ့ တယ်။
“ ယူနီဖောင်းကိုနောက်ဆုံးကြည့်တယ်။ ဘုရားရှိခိုးတယ်။ လမ်းခရီးအတွက်ဆုတောင်းတယ်။ ချစ်တဲ့မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊သူငယ်ချင်းတွေ၊မိသားစုတွေ ဘယ်အချိန်မှ ပြန်တွေ့ရမယ်ဆိုတာမသိတော့ဘူး။ အဲ့အတွက်ကြောင့် အရမ်းဝမ်းနည်းပြီးတော့အဲ့နေ့ကငိုခဲ့တယ်” လို့ မနွေဦးမို့မို့က CDM ပြုလုပ်တဲ့နေ့က အဖြစ်အပျက်ကိုပြန်ပြောပြပါတယ်။
ခရီးဝေးတစ်ယောက်ထဲမသွားဖူးတဲ့အတွက် ကြောက်စိတ်တွေနဲ့အားတင်းလာခဲ့ပေမယ့် မိန်းကလေးတစ်ယောက်ထဲ ဖြစ်တဲ့ အတွက် လမ်းမှာကားသမားတွေရဲ့ ရိသဲ့သဲ့လုပ်တာတွေလည်းခံခဲ့ရတယ်။ နားခိုတဲ့နေရာကိုရောက်တဲ့အခါမှာလည်း အန္တ ရာယ်ကို အမြဲနားစွင့်နေရပြီး စိုးရိမ်စိတ်တွေနဲ့နေခဲ့ရတယ်။ မနွေဦးမို့မို့အတွက် ယူကျုံးမရအဖြစ်ဆုံးအချိန်ကတော့ ကိုဗစ် တတိယလှိုင်းမှာ မိသားစုဝင်သုံးဦးဆုံးပါးသွားတာပါပဲ။
“ တစ်ယောက်ထဲနေရတဲ့အချိန် အဲ့သတင်းကိုကြားရတဲ့အချိန်မှာ တော်တော်လေးကို အကြီးအကျယ်ဝမ်းနည်းရတယ်။ အိမ်ပြန်လို့မရဘူး။ ကြည့်ခွင့်မရှိဘူး။ နောက်အိမ်ပြန်ရရင်လည်း ဘယ်သောအခါမှတွေ့ခွင့်မရတော့ဘူး” လို့သူက ဝမ်းနည်း စွာဆိုပါတယ်။
ဝါသနာနဲ့ အိပ်မက်ဖြစ်ခဲ့တဲ့အလုပ်ကိုစွန့်လွှတ်ရတာ မနွေဦးမို့မို့အတွက်မလွယ်ကူလှပါဘူး။ ဒီအလုပ်ရဖို့တခြားအလုပ်တွေ လို လွယ်လွယ်ကူကူလျှောက်ပြီးရခဲ့တာမဟုတ်ပါဘူး။ အခြေခံသင်တန်းတွေတက် ပင်ပင်ပန်းပန်းနဲ့ကြိုးစားပြီးမှ အခက်အခဲ တွေကြားကအလုပ်ရခဲ့တာပါ။
“ ဓာတ်ပုံတွေကြည့်မိတိုင်း ယူနီဖောင်းပုံ မြင်တိုင်းမျက်ရည်ကျရပါတယ်။ အလုပ်ကိုလွမ်းတဲ့အချိန်ရှိတယ်။ အမြဲအတွေးဝင် တာကတော့ အရင် အမေ(ဒေါ်အောင်ဆန်းစုကြည်) လမ်းကြောင်းတွေမှာ ယာဉ်လမ်းရှင်းခွင့်ရချင်သေးတယ်” လို့ မနွေဦး မို့မို့ကသူ့ဆန္ဒကိုပြောပါတယ်။
CDMလုပ်ရတဲ့အခါမှာ ရဲတပ်ဖွဲ့ဝင်ဖြစ်တဲ့အပြင် အမျိုးသမီးဖြစ်တာကြောင့် မနွေဦးမို့မို့အတွက်ပိုခက်ခဲခဲ့ပါတယ်။ စစ်ကောင် စီအန္တရာယ်အပြင် တခြားပတ်ဝန်းကျင် အန္တရာယ်ကိုပါဂရုပြုနေရတဲ့အနေအထားပါ။
“ မိန်းကလေးဖြစ်တဲ့အတွက် ကြုံသလိုနေလို့အဆင်မပြေပါဘူး။ နေစရာနေရာက လုံခြုံမှုရှိရမယ်။ CDMလုပ်တဲ့မိန်းကလေး တွေကလည်း ဒီအခက်အခဲကိုမမှုဘဲ အခက်အခဲတွေဖြတ်ကျော်နိုင်ကြပါတယ်”လို့ မနွေဦးမို့မို့ကမှတ်ချက်ပြုပါတယ်။
မနွေဦးမို့မို့နည်းတူ အခက်အခဲတွေကြားက CDMပြုလုပ်ခဲ့သူကတော့ မရည်မြတ်မွန်နိုင်ဖြစ်ပါတယ်။ မရည်မြတ်မွန်နိုင်ဟာ လက်ရှိမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်တစ်ခုမှာ တာဝန်ထမ်းဆောင်နေတာပါ။
စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ အများပြည်သူနည်းတူ ဆန္ဒထုတ်ဖော်ချင်ပေမယ့် ဝန်ထမ်းဖြစ်နေတဲ့အတွက် ဆန္ဒမပြည့် ဝခဲ့ပါဘူး။ ဒါကြောင့် ငယ်ဘဝအိပ်မက်ဖြစ်ခဲ့တဲ့ရဲမေအလုပ်ကို စစ်အာဏာသိမ်းမှုကြောင့်စွန့်လွှတ်ဖို့ဆုံးဖြတ်ရပါတော့ တယ်။
“ စစ်အာဏာရှင်ရဲ့ စနစ်ဆိုးလက်အောက်မှာ အလုပ်မလုပ်ချင်တာရယ်။ မတရားတဲ့အမိန့်တွေပေးတဲ့အောက်မှာ အမိန့် နာခံမှုမလုပ်နိုင်တဲ့အတွက် အာဏာရှင်စနစ်ဆိုးကိုဖြိုဖျက်ချင်တဲ့အတွက် လုပ်ခဲ့ရတာဖြစ်တယ်” လို့မရည်မြတ်မွန်နိုင်က ပြောပါတယ်။
စီဒီအမ်လှုပ်ရှားမှုတွေ စတင်ကတည်းက စီဒီအမ်လုပ်ချင်ခဲ့ပေမယ့် လိုင်းခန်းကထွက်ပြီး နေစရာရှာဖို့ရယ် မိဘရဲ့ကျန်းမာ ရေး အခြေအနေတွေကြောင့်ချက်ချင်းမလုပ်နိုင်ခဲ့ပါဘူး။ အဲ့ဒီနောက်လိုင်းခန်းကထွက်ကာ ဆွေမျိုးတွေအိမ်မှာလှည့်လည် နေထိုင်ခဲ့တယ်။
မိဘဆွေမျိုးတွေက စီဒီအမ်လုပ်တဲ့အပေါ် တိုင်းပြည်နဲ့လူမျိုးအတွက်စွန့်လွှတ်မှုတစ်ခုအဖြစ် ဂုဏ်ယူအားပေးခဲ့ပေမယ့် ကိုယ်တိုင်က အလုပ်လက်မဲ့နဲ့ နေထိုင်ရတာဖြစ်တဲ့အတွက် သိမ်ငယ်စိတ်တော့ဝင်မိတယ်လို့ မရည်မြတ်မွန်နိုင်က ဖွင့်ဟပါ တယ်။
ခက်ခဲနေတဲ့ဘဝတူစီဒီအမ်တွေအတွက်လည်း ထောက်ပံ့ပေးမယ့်သူတွေနဲ့ချိတ်ဆက်ပေးတာတွေဆောင်ရွက်ခဲ့တယ်။ အဲ့ဒီ နောက် စီဒီအမ်လုပ်တာနဲ့ မလုံလောက်ဘူးလို့ယူဆတဲ့အတွက် စစ်သင်တန်းတက်ဖို့ လွတ်မြောက်နယ်မြေကို ထွက်လာ ခဲ့တယ်။
လွတ်မြောက်နယ်မြေရောက်တဲ့အခါမှာလည်း ရဲတပ်ဖွဲ့ကထွက်လာတဲ့ စီဒီအမ်သမားဖြစ်တဲ့အတွက် မယုံကြည်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။
“ အီးအေအိုအသိုင်းအဝိုင်းက ကိုယ့်ကိုယုံကြည်ကြပေမယ့် အရပ်သားအနေနဲ့ကျတော့ အဲ့အချိန်မှာဒလန်လည်းပေါတဲ့ အတွက် ကိုယ့်ကိုသံသယဝင်ခံရတာတွေလည်းရှိတယ်။ တိုက်ခိုက်တာမျိုးတွေရှိတယ်။ ရဲစီဒီအမ်ကလည်း ကိုယ်တစ် ယောက်ထဲဖြစ်တဲ့အတွက် တော်တော်ကိုစိတ်ပင်ပန်းခဲ့တယ်။ ခက်ခဲခဲ့တယ်” လို့မရည်မွန်မြတ်နိုင်ကသူ့အခက်အခဲကို ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တစ်ခုမှာ စည်းကမ်းထိန်းသိမ်းရေးအပိုင်းကို တာဝန်ယူဆောင်ရွက်တာအပြင် မိန်းကလေး အဆောင်မှူးအဖြစ်လည်း တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။
လက်ရှိမှာတော့ ထောက်ပို့အဖြစ်လည်းဆောင်ရွက်နေပါတယ်။
မနွေဦးမို့မို့နဲ့ မရည်မြတ်မွန်နိုင်နည်းတူ စီဒီအမ်ခရီးကြမ်းကိုလျှောက်လှမ်းခဲ့သူကတော့ မယဉ်လဲ့လဲ့ထွန်းပါ။
ရန်ကုန်တိုင်းစစ်ဌာနချုပ်၊မှတ်တမ်းဌာနခွဲမှာ တပ်ကြပ်ကြီးရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ မယဉ်လဲ့လဲ့ထွန်းဟာ စစ်တပ် ကနေCDMပြုလုပ်သူတွေထဲမှာ ပထမဆုံးပြည်သူရှေ့ကို ထွက်ခဲ့တဲ့ အမျိုးသမီးဖြစ်တယ်။ စစ်တပ်က CDM ပြုလုပ်သူ တွေရှိပေမယ့် လုံခြုံရေးအခြေအနေနဲ့ အကြောင်းကြောင်းကြောင့် တိတ်တဆိတ်နေထိုင်ကြသူတွေလည်းရှိပါတယ်။
မယဉ်လဲ့လဲ့ထွန်းဟာ ဆန္ဒပြတဲ့ပြည်သူတွေကို ရက်ရက်စက်ရက်ပစ်သတ်နေတာတွေကို လက်မခံနိုင်တဲ့အတွက် CDM လုပ်ဖို့ဆုံးဖြတ်ခဲ့တယ်။ မယဉ်လဲ့လဲ့ထွန်းအတွက် တပ်မတော်မှာတာဝန်ထမ်းဆောင်ရတဲ့ အလုပ်ဟာဂုဏ်ယူခဲ့ရတဲ့ အလုပ် ဖြစ်ပေမယ့် အမှန်တရားနဲ့ယှဉ်လာတဲ့အခါမှာတော့ အမှန်တရားကိုသာမျက်နှာမူခဲ့ပါတယ်။
“ အလုပ်ရဖို့တဖက် အပြင်အဝေးသင်ကျောင်းတက်ဖို့ရက်နဲ့ ဒီတပ်ထဲဝင်ဖို့ဖြေရတဲ့စားမေးပွဲလူတွေ့ပေါ့နော်။ အဲ့ဒါနဲ့ တိုက်နေတယ်။ ရမရမသေချာပေမယ့် အပြင်ကျောင်းကိုမတက်ဘဲ တပ်ထဲဝင်ဖို့လူတွေပဲ ဖြေဖို့ရွေးခဲ့တယ်” လို့မယဉ် လဲ့လဲ့ထွန်းကဆိုပါတယ်။
စစ်အာဏာသိမ်းပြီးဖေဖော်ဝါရီလလောက်ကတည်းက CDMလှုပ်ရှားမှုမှာပါဝင်ခဲ့ချင်ပေမယ့် တပ်ထဲကချက်ချင်းထွက်ဖို့ အဆင်မပြေခဲ့ပါဘူး။ လိုအပ်တာတွေပြင်ဆင်ပြီးတဲ့အချိန် ဧပြီလလောက်မှCDMလုပ်နိုင်ခဲ့တယ်။
“ အဲ့နေ့က ကံကောင်းစွာနဲ့ သင်္ကြန်ယိမ်းတိုက်တာကို အကြောင်းပြပြီး ထွက်ခွင့်ရဖို့အခွင့်အရေးတစ်ခုနဲ့ ကြုံလို့ထွက်ခဲ့ရ တယ်” လို့ မယဉ်လဲ့လဲ့ထွန်းကပြောပါတယ်။
လွတ်မြောက်နယ်မြေရောက်တဲ့အချိန်မှာလည်း အခက်အခဲတွေက စောင့်ကြိုနေပါတယ်။
အစပိုင်းမှာနေစရာမရှိလို့ မိုးရေထဲတဲထိုးပြီးနေခဲ့ရတာ၊အိမ်သာမရှိတာ၊ စားစရာမရှိလို့ ငှက်ပျောအူ၊ ပဲတစ်ဘူးလောက်နဲ့ ရောပြီး စားခဲ့ရတာစတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရတယ်။
အဆိုးဆုံးကတော့ ကိုယ်တိုင်စစ်ပြေးဒုက္ခသည်ဘဝရောက်ခဲ့ရတာပါပဲ။
“ အမြောက်တွေထုလို့ပြေးရတာမျိုး ညဘက်ဆိုမအိပ်ရဲတာမျိုးတွေပေါ့။ အဲ့လိုမျိုးကြုံရမယ်လို့မတွေးဖူးဘူး ကံကောင်းခဲ့လို့ အခုထိအသက်ရှင်နေတာပါ”လို့မယဉ်လဲ့လဲ့ထွန်းကပြောပါတယ်။
လက်ရှိမှာတော့ စစ်တပ်ထဲက ကျန်ခဲ့တဲ့သူတွေကို ပြန်လည်စည်းရုံးတဲ့အပိုင်းတွေမှာပါဝင်ဆောင်ရွက်နေပါတယ်။
“ CDM သာမလုပ်ဖြစ်ခဲ့ရင် ကျွန်မCDM လုပ်ခဲ့လို့ သိလာရတဲ့အမှန်တရားတွေကို နားလည်လာမှာမဟုတ်ဘူး” လို့မယဉ်လဲ့ လဲ့ထွန်းကဖွင့်ဟပါတယ်။
ဒီလိုအခက်အခဲတွေရှိပေမယ့်လည်း ဝါသနာပါတဲ့အသက်မွေးလမ်းကြောင်းအလုပ်ကို စွန့်လွှတ်ထားတဲ့ အမျိုးသမီးတွေ ဟာ တော်လှန်ရေးမှာ အဆုံးထိပါဝင်ဖို့ဆုံးဖြတ်ထားကြပါတယ်။
မယဉ်လဲ့လဲ့ထွန်းက “ကျေနပ်မှုတော့ရှိပါတယ်။ အားတော့အားမရသေးပါဘူး။ အခုချိန်ထိကိုယ်နိုင်တဲ့နေရာကနေ ပါဝင်ခဲ့ သလို နောင်လဲပါဝင်နေဦးမှာပါ”လို့သူ့ဆန္ဒကိုပြောပါတယ်။
မနွေဦးမို့မို့ကလည်း “ ကိုယ့်ကိုကိုယ်အားရတယ်ကျေနပ်တယ်။ ဒီထက်မကလုပ်ချင်တာတွေရှိတယ်။ မလုပ်နိုင်တာတွေ ရှိတယ်။ ကိုယ့်ထက်လုပ်နိုင်တဲ့သူတွေကို မြင်ရင်အရမ်းအားရတယ်။ တော်လှန်ရေးမှာတော့ လုပ်နိုင်တဲ့နေရာကနေ ပါဝင် ဆောင်ရွက်သွားမှာပါ အဆုံးထိတိုက်သွားမှာပါ”လို့ ဆိုပါတော့တယ်။