ရှင်ငြိမ်း။ ။
မြူခိုးတွေဝေနေတဲ့ နွေနံနက်ခင်းတစ်ခုမှာ အသက် ၆၀ ကျော် အမယ်အိုတစ်ယောက်ဟာ ပိသာချိန် ၁၀ နီးပါးလေးတဲ့ ပလိုင်းကြီးကို လွယ်ကာ ရန်ကုန်မြို့၊ ထောက်ကြန့်ဈေးဘက်ကို ဦးတည်လျှောက်လှမ်းသွားပါတယ်။
အမယ်ကြီးလို့ အများကချစ်စနိုးနဲ့ခေါ်တဲ့ ဒေါ်ကြင်ဟာ တစ်ပတ်ကို နှစ်ကြိမ်ခန့် မင်္ဂလာဒုံရှိကနေ ထောက်ကြန့်ဈေးကို လမ်းလျှောက်ပြီး အစားအသောက်တွေ သွားရောက်ရောင်းချတာပါ။
သူဈေးရောင်းတာဟာ စားဝတ်နေရေးတစ်ခုတည်းအတွက်မဟုတ်ပါဘူး။ တိုင်းပြည်ကို အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ တစ်ဖက်တစ်လမ်းကနေ ကူညီနေခြင်းလည်းဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ပြည်သူ့ကာကွယ်တပ် (PDF)ထဲဝင်သွားတဲ့ သားနဲ့သမီးအတွက် လက်နက်ဖိုး ထောက်ပံ့ပေးနေတဲ့ တော်လှန်ရေးမိခင်တစ်ယောက်ဖြစ်နေလို့ပါပဲ။
ဒေါ်ကြင်ဟာ ငွေကြေးမပြည့်စုံသူမဟုတ်တာတောင် သူ့တစ်သက်လုံးပင်ပင်ပန်းပန်းရှာဖွေဝယ်ယူထားတဲ့အင်းစိန်က တိုက် ခန်းချိတ်ပိတ်ခံရချိန်မှာ မျက်နှာတစ်ချက်မပျက်ဘဲ မိတ်ဆွေတစ်ယောက်ဆီမှာ ခြံစောင့်လုပ်ရင်း ဘဝကို ရပ်တည်ခဲ့တယ်။
အသက် ၆၀ ကျော်အရွယ်နဲ့ ဘဝကိုတစ်ယောက်ထဲရုန်းကန်နေတဲ့ဒေါ်ကြင်ဟာ အာဏာသိမ်းစစ်တပ်ရဲ့လက်ချက်နဲ့ ကိုယ်ပိုင် ပစ္စည်းဥစ္စာတွေကို စွန့်လွှတ်လိုက်ရရုံသာမက ဖခင်မဲ့သားမို့အလိုလိုက်အချစ်ပိုခဲ့ရတဲ့သူရဲ့သားငယ်လေးကိုပါ ဆုံးရှုံးထားရ ပြီးပါပြီ။
“ဝ”လူမျိုးဖြစ်တဲ့ဒေါ်ကြင်ရဲ့စစ်အာဏာရှင်ကို တော်လှန်လိုတဲ့စိတ်ဓါတ်ဟာ ဘယ်လောက်ပြင်းပြနေလဲဆိုတာ သူရဲ့စွန့် လွှတ်စွန့်စားနိုင်မှုက သက်သေခံလျှက်ရှိပါတယ်။
“ ဒီစစ်ကြောင့်ပဲ အမယ်ဘဝတစ်ခုလုံးပျက်ခဲ့ရတယ်။ မိဘရော ယောကျာၤးပါစစ်ကြောင့်ဆုံးတယ်။ အခုသားငယ်လေးပါ ထပ်ဆုံးရှုံးရတယ်။ ဒါကြောင့်စစ်ပွဲတွေကို မုန်းနေပြီ။ ဘယ်လိုနည်းလမ်းနဲ့ဖြစ်ဖြစ် စစ်မရှိအောင်အမယ်ကြိုးစားမယ်။ စစ် တပ်ကိုလည်း အမယ်ရတဲ့နည်းနဲ့တွန်းလှန်နေမှာပဲ”လို့ ဒေါ်ကြင်က အံကိုကြိတ်မာန်ကိုတင်းပြီး ပြောပါတယ်။
ဒေါ်ကြင်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်ဇာတိဖြစ်လို့ မွေးဖွားတဲ့အချိန်ကစပြီး စစ်ဒဏ်ကို ခံစားခဲ့ရတဲ့သူဖြစ် ပြီး တိုက်ပွဲတွေကြောင့် မကြာခဏစစ်ဘေးရှောင်ခဲ့ရသူလည်းဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အများဆုံးရှိတဲ့ရှမ်းပြည်နယ်မှာ စစ်တပ်နဲ့ဖြစ်စေ၊ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြား မှာဖြစ်စေ မကြာခဏဆိုသလိုတိုက်ပွဲတွေရှိနေခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းကတော့ တိုက်ပွဲဖြစ်ပွားမှုအဆိုးဆုံးဒေသဖြစ်ပါ တယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ စစ်အာဏာမသိမ်းမီကတည်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် စစ်ရှောင်တစ်သောင်းကျော်ရှိရာ ကနေ စစ်အာဏာသိမ်းလိုက်တာကြောင့် တိုက်ပွဲရှောင်သူနဲ့ နေရပ်စွန့်ခွာရသူတွေ ယခင်ထက်ပိုမိုများပြားလာပါတယ်။
ဒေါ်ကြင်ဆိုရင် ခင်ပွန်းသည်၊ သားတစ်ယောက်၊ သမီးတစ်ယောက်ရှိတဲ့မိသားစုထဲမှာ ခင်ပွန်းသည်ဟာ သားငယ်လေး သုံးနှစ်အရွယ်လောက်မှာ ဘိန်းသွားခြစ်ရင်း စစ်တပ်ရဲ့ပစ်ခတ်သတ်ဖြတ်တာကို ခံလိုက်ရသူဖြစ်ပါတယ်။
ခင်ပွန်းသည်ဆုံးပါးသွားတော့ ဒေါ်ကြင်ဟာ တစ်ကိုယ်တော်မိခင်ဘဝနဲ့ သားသမီးတွေကို မျက်နှာမငယ်စေဖို့ ကျပန်း အလုပ်တွေဖြစ်တဲ့လဖက်ခူး၊ ပြောင်းချိုး၊ လယ်လုပ်နဲ့ ပန်းရံစတာတွေလုပ်ပြီး ကလေးတွေကို ကျွေးမွေးစောင့်ရှောက်ခဲ့ ပါတယ်။
“ အမယ်မှာ မောင်နှမများတော့ လေးတန်းအထိတက်ပြီး ကျောင်းထွက်အလုပ်လုပ်ရတယ်။ ကိုယ့်သားသမီးတွေကျတော့ အဲ့လိုမဖြစ်စေချင်လို့ စစ်ကြောင့်မသေစေချင်လို့ ပညာတတ်လူကောင်းတွေဖြစ်အောင် ရန်ကုန်ပြောင်းလာခဲ့တယ်”လို့ ဒေါ်ကြင်က ဆိုပါတယ်။
ရှမ်းပြည်မြောက်ပိုင်းဟာ လက်နက်ကိုင်တိုင်းရင်းသားတွေများပြားတဲ့အပြင် မူးယစ်ဆေးဝါးလည်း အင်မတန်ပေါများလွန်း တဲ့အတွက် ဒေါ်ကြင်ဟာ သားငယ် ၁၀ နှစ်အရွယ်ရောက်တော့ စုဆောင်းထားတဲ့လက်ဝတ်ရတနာတွေကို ထုခွဲရောင်းချ ကာ ရန်ကုန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။
ပြောင်းရွှေ့လာစဉ်က သမီးကြီးက ၁၅ နှစ်၊ သားငယ် ၁၀ နှစ်သာရှိသေးတာမို့ သူ့ညီမဖြစ်သူကို စောင့်ရှောက်ပေးဖို့ ခေါ်ထားပြီး သူကတော့ ရွာမှာရှိတဲ့ကျပန်းအလုပ်တွေလုပ်ရင်း သားနဲ့သမီးကို ကျွေးမွေးစောင့်ရှောက်ခဲ့လို့ သမီးဖြစ်သူ မမှုံမှုံက မိခင်ဆိုတာ သူတို့အတွက်တော့ မပြိုမလဲတဲ့မဟာတံတိုင်းကြီးပါပဲလို့ မှတ်ချက်ပြုပါတယ်။
ဒီလိုနဲ့ ကိုဗစ်ကပ်ရောဂါဝင်လာတဲ့အချိန်မှာ သမီးကြီးက ဆေးကျောင်းနောက်ဆုံးနှစ်ဖြစ်ပြီး သားငယ်ကတော့ ပထမနှစ် သင်္ချာတက်နေတဲ့ကျောင်းသားတစ်ယောက်ပါ။ အဲဒီကိုဗစ်ကာလမတိုင်မီ တစ်လလောက်အလိုကတည်းက ဒေါ်ကြင်ဟာ ကျန်းမာရေးမကောင်းတာကြောင့် နမ္မတူကနေ ရန်ကုန်ကိုအပြီးပြောင်းနေခဲ့တာဖြစ်တယ်။
“အမယ်က လေးဘက်နာဖြစ်ချင်နေတာ။ နောက်နှလုံးလည်း နဲနဲကြီးနေလို့ ရန်ကုန်မှာပဲနေခိုင်းလိုက်တော့တယ်။ အဒေါ်က လည်း ကိုဗစ်မှာရွာပြန်သွားတော့ အမယ်လည်း ဒီမှာပဲနေဖြစ်သွားတာပေါ့”လို့ သမီးဖြစ်သူ မမှုံမှုံက ပြောပါတယ်။
ဒါပေမဲ့ သူတို့သားအမိသုံးယောက်ဟာ ကိုဗစ်ကပ်ရောဂါကြီးကို တစ်နှစ်နီးပါးကြာအောင် တောင့်ခံထားပြီးတဲ့နောက်မှာ တော့ ဘယ်သူမှထင်မှတ်မထားတဲ့အာဏာသိမ်းမှုကြီးဖြစ်လာတဲ့အတွက် ဒေါ်ကြင်ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေတဲ့ တော်လှန်ရေးသွေးတွေဟာ ဆူပွက်လာပါတယ်။
အာဏာသိမ်းမှုဖြစ်ပြီး ခြောက်ရက်အကြာမှာ စစ်အာဏာရှင်တော်လှန်ရေးသပိတ်တွေစထွက်တော့ ဒေါ်ကြင်တို့သားအမိ သုံး ယောက်လုံး တက်တက်ကြွကြွနဲ့ မိုးလင်းမိုးချုပ်ဆန္ဒပြတဲ့အထဲပါဝင်ခဲ့ကြတယ်။
အဲ့လိုနဲ့ မတ်လအကုန်လောက်ရောက်တော့ သမီးဖြစ်သူဆရာဝန်ကို ရဲတချို့နဲ့ ရပ်ကွက်လူကြီးတွေက ရုံးလာခဲ့ဖို့ ခေါ်တဲ့ အတွက် သူတို့သားအမိတစ်တွေဟာ လုံခြုံတဲ့နေရာတစ်ခုမှာ တိမ်းရှောင်ရင်း ဆန္ဒပြပွဲတွေမှာ ပါဝင်နေခဲ့ပါတယ်။
ဧပြီလရောက်တော့ အဖမ်းအဆီးတွေကြမ်းလာတဲ့အတွက် သားနဲ့သမီးကို လက်နက်ကိုင်တော်လှန်ရေးထဲဝင်ဖို့ ဒေါ်ကြင် က အကြံပြုလာတဲ့အခါမှာ နဂိုကတည်းက ဆုံးဖြတ်ပြီးသားဖြစ်ပေမယ့် အမေကိုစိတ်ပူလို့ထွက်မသွားနိုင်တဲ့သားနဲ့သမီးဟာ မိခင်ရဲ့ပြတ်သားတဲ့စကားတွေကြောင့် ထွက်သွားဖို့ဆုံးဖြတ်လိုက်ရပါတော့တယ်။
“အမယ်အတွက်မပူနဲ့။ အမယ်က စစ်ထဲမွေးလာတာတော့ သားသမီးတွေရှိနေသေးသရွေ့မသေဘူး။ အမယ်က ကိုယ် တိုင် တောင်တိုက်ချင်သေးတာ။ ဒါမဲ့ကလေးတွေကို ထောက်ပံ့ပေးဖို့အမယ်ရှာရဦးမယ်။ ကလေးတွေက ကိုယ့်လုံခြုံရေး သေချာ ဂရုစိုက်။ အမယ်ဆုတောင်းပေးမယ်”လို့ ဆိုကာ ဒေါ်ကြင်က သားနဲ့သမီးကို နားချခဲ့တာဖြစ်တယ်။
မြန်မာပြည်မှာတော့ မိဘနဲ့အတူနေထိုင်တဲ့သားသမီးတွေကို ချစ်မဝသေးတဲ့အရွယ်လို့သဘောထားကာ ကလေးလို ပြုမူ ဆက်ဆံတဲ့အတွက် ဒီလိုအသက်ရင်းရတဲ့တော်လှန်ရေးမှာ ပါဝင်ခွင့်ပြုဖို့ဆိုတာ တော်ရုံသတ္တိလောက်နဲ့တော့ မရနိုင်ပါဘူး။
ဒါကြောင့် ဒေါ်ကြင်က သူ့သားနဲ့သမီးကို အသက်အန္တရာယ်ကြီးလှတဲ့လက်နက်ကိုင်တော်လှန်ရေးထဲဝင်ဖို့ပြောရတာ ကိုယ့် အသားကိုယ် ဓါးနဲ့လှီးလိုက်သလို တဆစ်ဆစ်နာကျင်တဲ့အထိခံစားရတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အကြမ်းမဖက်ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို ကျည်ဆံအစစ်တွေသုံးကာ တိုက်ခိုက်ဖြိုခွင်းတဲ့ အတွက် ပြည်သူတွေဟာ ဒါတွေခုခံဖို့ကြိုးစားရင်း လက်နက်ကိုင်ကာ စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့ ကြိုးစားလာခဲ့ကြ တာဖြစ်ပါတယ်။
ကိုယ့်ဒေသလုံခြုံရေးအတွက် မြန်မာပြည်အနှံက ပြည်သူတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေရှိတဲ့ကချင်၊ ကရင်၊ ချင်းနဲ့ ကယားစတဲ့နေရာတွေမှာ စစ်သင်တန်းတွေသွားတက်ပြီး ကိုယ့်နေရာမှာစစ်တပ်ကို ပုံစံမျိုးစုံနဲ့တိုက်ခိုက်ဖြိုခွင်းနေကြ တာပါ။
ဒီလိုလုပ်နိုင်ဖို့အတွက် ဒေါ်ကြင်က သူ့သားသမီးတွေကို တောထဲမှာစစ်သင်တန်းတက်ခိုင်းပြီး လိုအပ်တဲ့ငွေကြေး၊ သေနတ် ကအစ ပူပန်မှုမရှိအောင် သူတို့မင်္ဂလာဦးပစ္စည်းလေးဖြစ်တဲ့ငါးကျပ်သား ရွှေလက်ကောက်ကို ရောင်းကာထောက်ပံ့ပေးခဲ့ပါ တယ်။
သူ့မှာ စုဆောင်းထားတဲ့ရွှေငွေတွေအပြင် တိုက်ခန်းကို ချိတ်ပိတ်ခံလိုက်ရတာတောင် ဇွဲမလျော့ဘဲ မိတ်ဆွေတစ်ယောက်ရဲ့ ခြံကိုစောင့်ရင်း သီးနှံစိုက်ပျိုးကာ သူလုပ်တတ်တဲ့ရှမ်းအစားအစာတွေလုပ်ပြီး မင်္ဂလာဒုံကနေ ထောက်ကြန့်ဈေးကို လမ်း လျှောက်ဈေးရောင်းပြီး ဝင်ငွေရှာပါတယ်။
ဒေါ်ကြင်ဟာ ရန်ကုန်မှာ လိုင်းကားမစီးတတ်သလို ဆိုင်ကယ်လည်းမစီးရဲတာကြောင့် လမ်းလျှောက်ကာ ဈေးရောင်း သွား လေ့ရှိပါတယ်။ သူ့ခြံကနေ ထောက်ကြန့်ဈေးအထိ သာမာန်လူတစ်ယောက်လမ်းလျှောက်ရင် ၄၅ မိနစ်ကြာပြီး သူကတော့ တစ်နာရီခွဲကြာအောင် လမ်းလျှောက်သွားရပါတယ်။
“ အမယ်အခုလို ရွှေတွေရောင်း၊ သားသမီးတွေကို တောထဲပို့လုပ်တော့ မိတ်ဆွေတွေ၊ အမျိုးတွေက အပြစ်တင်တယ်။ တချို့ဆို မခေါ်မပြောတာတောင်ရှိတယ်။ အမယ်စိတ်မဆိုးပါဘူး။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပေါ့”လို့ ဒေါ်ကြင်က ပြောပါ တယ်။
ဒါ့အပြင် သားနဲ့သမီးကို အခုလိုအန္တရာယ်များလှတဲ့တောထဲမှာ စစ်သင်တန်းတက်ဖို့ ဘာကြောင့်ပို့ရတာလဲလို့လည်း ဘုရား ကျောင်းသွားတိုင်း အမေးခံရတိုင်းမှာ“စစ်တပ်ကို မရှိစေချင်တာ”လို့ ဒေါ်ကြင်က ရိုးရိုးလေးပြန်ဖြေလေ့ရှိပါတယ်။
ဒီနောက်မှာတော့ သူ့သားနဲ့သမီး စစ်သင်တန်းဆင်းပြီး ကရင်ပြည်နယ်ထဲမှာ သွားရောက်တာဝန်ထမ်းဆောင်ရပါတယ်။
မမှုံမှုံကတော့ တပ်တွင်းဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်နေရပြီး သားငယ်(ကိုစိုင်း)ကတော့ တိုက်ခိုက်ရေးတွေမှာ လိုက် ပါတာဝန်ထမ်းနေတဲ့အခါမှာ ဒါကိုတွေကြားသိရပြီး ဒေါ်ကြင်ဟာ သားနဲ့သမီးအတွက် ဂုဏ်ယူနေခဲ့ပါတယ်။
ဘုရားကျောင်းသွားတိုင်းလည်း ရင်းနှီးတဲ့မိတ်ဆွေအပေါင်းအသင်းတွေကို သူ့သားနဲ့ သမီးအကြောင်းတွေ လုပ်နိုင်စွမ်းတွေ၊ သတ္တိရှိပုံတွေကို ပြန်ပြောပြရင်း ပျော်တပြုံးပြုံးနဲ့ ရှိနေခဲ့တာပါ။
မကြာပါဘူး။ သားဖြစ်သူဟာ တိုက်ပွဲတစ်ခုမှာ တာဝန်ထမ်းရင်း ကျဆုံးသွားတယ်ဆိုတဲ့သတင်းစကားဟာ သူ့ဆီကိုရောက် လာတဲ့အခါမှာတော့ ဒေါ်ကြင်ဟာ ပြာယာခတ်မသွားဘဲ တည်တည်ငြိမ်ငြိမ်နဲ့ရင်ဆိုင်နိုင်ခဲ့ပါတယ်။ သားသမီးတစ်ဦး သေဆုံးတာဟာ မိဘတစ်ယောက်အတွက် ဖော်မပြနိုင်အောင် ဆုံးရူံးမူကြီးတစ်ခုဖြစ်ပေမယ့် တော်လှန်ရေးအတွက် အသက်ပေးခဲ့တဲ့ သားဖြစ်သူအတွက် ဂုဏ်ယူနေခဲ့တယ်လို့ ဒေါ်ကြင်က ဆိုတယ်။
အဖမဲ့သားမို့ အလိုလိုက်အချစ်ပိုခဲ့ရတဲ့သူ့သားလေးဟာ သူ့အင်မတန်မုန်းတီးတဲ့အာဏာသိမ်းစစ်တပ်ရဲ့လက်ချက်နဲ့ ကျဆုံး သွားရတဲ့အပေါ် မိခင်တစ်ယောက်ရဲ့ရင်ထဲမှာ ဘယ်လောက်တောင်ပူဆွေးသောကရောက်နေမလဲဆိုတာ ဒေါ်ကြင်ထုတ် မပြောပေမယ့် ဒါကိုမိဘတိုင်း ခံစားနိုင်ကြပါတယ်။
ဘယ်လောက်သားသမီးတွေကို စွန့်နိုင်တယ်ပြောပြော ဘယ်မိဘမဆို ကိုယ့်သားသမီးတွေကို တော်လှန်ရေးမှာ ဘေးမသီ ရန်မခဖို့ ပြန်လာနိုင်ဖို့ကိုပဲ မျှော်လင့်စောင့်စားခဲ့ကြတာပါ။
“ကိုယ်သားဆိုတော့ နှမြောတာပေါ့။ ရင်ထဲမှာလည်းနာတယ်။ ဘာပဲဖြစ်ဖြစ် ဂုဏ်ယူပါတယ်။ အမယ်ဘဝတခုလုံးကို ဒီက လေးတွေအတွက် မြုပ်နှံထားတာ။ ဒါမဲ့အမယ်ရည်ရွယ်ချက်မပျက်ပါဘူး။ သမီးကြီးရှိသေးတယ်”လို့ ပြောနေတဲ့ ဒေါ်ကြင်ရဲ့ မျက်ဝန်းမှာ မျက်ရည်စလေးတွေနဲ့ပါ။
လက်ရှိမှာ ဒေါ်ကြင်ဟာ သားငယ်ဆုံးပါးသွားပြီးနောက်မှာတော့ တောထဲက စစ်ရှောင်စခန်းမှာတာဝန်ထမ်းနေ တဲ့သမီးကြီး နဲ့အတူ နေထိုင်ရင်း စစ်အာဏာရှင်ကို ဆက်လက်တော်လှန်လျှက်ရှိပါတယ်။
ဒေါ်ကြင်ဟာ စစ်အာဏာရှင်တော်လှန်ရေးကိုတော့ သူသေတဲ့အထိဆက်လုပ်သွားမှာဖြစ်သလို တော်လှန်ရေးတပ်သား တွေအနေနဲ့လည်း ကိုယ့်လုံခြုံရေးကို ဂရုစိုက်ကြဖို့ သူကမှာကြားရင်း နွေဦးတော်လှန်ရေးကြီး အမြန်အောင်မြင်သွားဖို့ကို ဆုတောင်းနေတယ်လို့ ဆိုပါတော့တယ်။