ခင်ဘုန်းမို့။ ။
၂၀၂၁ ဖေဖော်ဝါရီ ၆ ရက်နေ့မနက်မှာ ပုံမှန်အလုပ်သွားနေကြအတိုင်း ထမင်းချိုင့်ထည့်ကာ မအေးတစ်ယောက် စိုးရိမ်စိတ်၊ နာကျည်းစိတ်တွေနဲ့အတူ အိမ်ကထွက်လာခဲ့တယ်။
အိမ်ကိုတော့အလုပ်သွားမယ်လို့ အသိပေးခဲ့ပေမယ့် မအေးခြေလှမ်းတွေက သူအလုပ်လုပ်နေကြ စက်ရုံကို မဟုတ်ခဲ့ပါဘူး။ မအေးတစ်ယောက်လှည်းတန်းကိုရောက်တော့ ဘဝတူ အလုပ်သမားထုကြီးကို တွေ့လိုက်ရ တော့ အတိုင်းမသိဝမ်းသာသွားခဲ့တယ်။ ကြွေးကြော်သံတွေကို သံပြိုင်အော်ရင်း ဆူးလေအထိ လမ်းလျှောက် ချီတက်ခဲ့ကြတယ်။
အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မအေးအတွက် ဆန္ဒပြပွဲတွေ၊ သပိတ်မှောက်တောင်းဆိုတာ တွေက အထူးအဆန်းမဟုတ်ပေမယ့် ဖေဖော်ဝါရီလ ၆ရက်နေ့က ကြုံတွေ့လိုက်ရတဲ့ လူထုဆန္ဒပြပွဲကြီးက တော့ ထူးခြားနေခဲ့တယ်။
စစ်တပ်ကအာဏာသိမ်းပြီးငါးရက်မြောက်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဖို့ လမ်းပေါ်ထွက်လာသူတွေထဲမှာ အလုပ်သမားထုအမျိုးသမီးတွေကရှေ့ဆုံးကပါဝင်ခဲ့ကြပါတယ်။ နွေဦးတော် လှန်ရေး စတင်ခဲ့ကတည်းက နေ့သပိတ်၊ ညသပိတ်၊ အထိုင်သပိတ်နဲ့ ပြောက်ကျားသပိတ်တွေအထိ မပျက် မကွက်ပါဝင်ခဲ့ကြတာပါ။
ဒီလိုသပိတ်တွေမှာပါဝင်တာကြောင့်လည်း စစ်ကောင်စီဟာ အလုပ်သမားတွေနဲ့ သမဂ္ဂခေါင်းဆောင်တွေ ၊ အလုပ်သမားအရေးလှုပ်ရှားသူတွေကို စက်ရုံထဲဝင်ဖမ်းတာ၊ ပုဒ်မ၅၀၅နဲ့ ဖမ်းဝရမ်းထုတ်တာတွေ ပြုလုပ်ခဲ့ကြ တယ်။
အဲ့ဒါကြောင့် အလုပ်သမားသမဂ္ဂခေါင်းဆောင်အမျိုးသမီးတွေဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကို ထွက်ပြေး တိမ်းရှောင်ရင်း အိမ်မပြန်နိုင်ဘဲ ယနေ့အချိန်ထိရှောင်တိမ်းနေရတုန်းပါ။ အဲ့ဒီအထဲ အလုပ်သမားသမဂ္ဂ ခေါင်း ဆောင်တစ်ယောက်ဖြစ်တဲ့ မအေးလည်း အပါအဝင်ပါ။
မအေးဟာ ဖေဖော်ဝါရီလကစပြီး ဆန္ဒပြပွဲတွေမှာတောက်လျှောက်ပါဝင်ခဲ့တယ်။ ဆန္ဒပြပွဲတွေမှာ ပါဝင်တာ ကြောင့် စက်ရုံကိုအလုပ်မဆင်းနိုင်ခဲ့ဘူး။ အလုပ်မဆင်းနိုင်တဲ့အတွက် ခွင့်တိုင်ခဲ့ပေမယ့် အလုပ်ရှင်က ခွင့်မပေးဘဲ အလုပ်ထုတ်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်စစ်ကောင်စီဘက်အလုပ်ကိုလာရှာတာ၊ နေအိမ်ကိုလာရှာ တာတွေကြောင့် အိမ်မှာနေရတာ မလုံခြုံတော့တာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။
“ ရှောင်ခဲ့တဲ့အချိန်အတောအတွင်းမှာလည်း စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့သပိတ်တိုင်းမှာ ပါဝင်ခဲ့တယ်” လို့ မအေးကပြောတယ်။
အဲ့ဒီနောက်ရန်ကုန်မှာ ရှောင်တိမ်းလို့ အဆင်မပြေတော့တဲ့အခြေအနေမှာတော့ လွတ်မြောက်နယ်မြေကို ထွက် လာခဲ့တယ်။ လွတ်မြောက်နယ်မြေကိုရောက်တဲ့အခါမှာလည်း စစ်ကောင်စီကထိုးစစ်ဆင်တာကြောင့် စစ်ဘေး ရှောင်ဘဝကို ရောက်ရှိခဲ့ရတယ်။ စစ်ဘေးရှောင်ဘဝနဲ့ပြေးလွှားရင်း အမိုးအကာမရှိ၊အစားအသောက်မရှိနဲ့ နေခဲ့ရတယ်။ စစ်ဘေးရှောင်ရင်း တစ်ခါမှာတော့ ချောင်းတစ်ခုကိုဖြတ်ကူးရာမှာ ရေနစ်ပြီး အသက်ဘေး အန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရသေးတယ်။
“ ကျွန်မဆိုရင်ရေနစ်သွားတယ်။ လုံးဝကိုမြုပ်သွားတယ်။ ဒါပေမယ့်အသက်အန္တရာယ်ကနေ လွတ်ခဲ့တယ်။ အရမ်းတော့ကြောက်ခဲ့တယ်”လို့ မအေးကဖွင့်ဟပါတယ်။
ဒုက္ခသည်စခန်းကိုရောက်တဲ့အခါမှာ လကြာရှည်စွာ မြေကြီးပေါ်မှာအိပ်ခဲ့ရတာကြောင့် အဆုတ်အအေးပတ်ပြီး ရင်ကြပ်ရောဂါခံစားခဲ့ရတယ်။ စိတ်ဓာတ်ကျချိန်မှာ အိမ်ပြန်ချင်စိတ်တွေဖြစ်ပေမယ့် ပြည်သူတွေအတွက် အသက်ပေးသွားတဲ့ သူရဲကောင်းတွေအကြောင်း တွေးရင်းအားတင်းဖြတ်သန်းနေတယ်လို့ မအေးကဖွင့်ဟ ပါတယ်။
မအေးနည်းတူ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တာကြောင့် ရှောင်တိမ်းနေရတဲ့အလုပ်သမားသမဂ္ဂခေါင်းဆောင် တစ်ဦးကတော့ မအိဖြစ်ပါတယ်။
မအိတစ်ယောက်လည်း ဖေဖော်ဝါရီ ၆ ကအလုပ်သမားထုနဲ့အတူ စစ်အာဏာရှင်ကိုဆန့်ကျင်ဖို့ လမ်းပေါ် ထွက်ခဲ့တယ်။ အဲ့ဒီနေ့ကသပိတ်မှာပါဝင်ပြီးတဲ့နောက်မှာ အိမ်ပြန်လို့မရတဲ့အခြေအနေနဲ့ကြုံတွေ့ခဲ့ရတယ်။
သပိတ်ထွက်တဲ့နေ့ကတည်းက စက်ရုံကိုစစ်ကောင်စီနဲ့ အုပ်ချုပ်ရေးမှူးတွေလာရောက်ပြီး အလုပ်သမားခေါင်း ဆောင်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို တောင်းယူသွားခဲ့တယ်။ အဲ့ဒီနောက်ရှောင်တိမ်းနေခဲ့ရပြီး စက်ရုံကလည်းခွင့်မပေးတာကြောင့် အလုပ်လက်မဲ့နဲ့ဆက်လက်ရှောင်တိမ်းနေခဲ့ရတယ်။
မအိဟာ ပုန်းရှောင်နေထိုင်တဲ့အိမ်ကနေ နောက်ဆုံးထွက်ခဲ့တဲ့နေ့မှာလည်း စစ်ကောင်စီလက်က လက်တစ် ကမ်းအလိုလွတ်မြောက်ခဲ့တာပါ။ မအိအိမ်ကထွက်ပြီးနောက်တစ်နာရီအကြာမှာ စစ်ကောင်စီတပ်သားတွေက အိမ်ကို လာရောက်ရှာဖွေတဲ့အကြောင်း ပြန်လည်ကြားသိခဲ့ရတယ်။
အလုပ်လက်မဲ့နဲ့ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် စီးပွားရေးအခက်အခဲ၊ စားဝတ်နေရေးအခက်အခဲတွေ အပြင် မလိုသူတွေကသတင်းပေးတိုင်ကြားခံရမယ့် အခြေအနေတွေကြောင့် နေ့စဉ်စိုးရိမ်မှုတွေနဲ့ဖြတ်သန်းခဲ့ရ ပါတယ်။
မအိဟာ သူနေထိုင်တဲ့ဇာတိရွာ၊ ရန်ကုန်မြို့အနှံရှောင်တိမ်းနေခဲ့ပေမယ့် နောက်ဆုံးအဆင်မပြေတဲ့အဆုံးမှာ လွတ်မြောက်နယ်မြေကိုအခြေချဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။
တော်လှန်ရေးလုပ်ငန်းတွေမှာပါဝင်ရင်း မအိတစ်ယောက်စိတ်ဓာတ်ကျခဲ့ရတဲ့အချိန်တွေလည်းရှိခဲ့ပါတယ်။
လှိုင်သာယာကို စစ်ကောင်စီဖြိုခွင်းတဲ့နေ့က သပိတ်စစ်ကြောင်းမှာပိတ်မိနေခဲ့သလို ကိုယ့်ရှေ့မှာပဲပြည်သူတွေ ရက်ရက်စက်စက် ဖြိုခွင်းခံရတာကိုတွေ့ရတဲ့အချိန်မှာ နာကျည်းစိတ်နဲ့ စိတ်ဓာတ်ကျစိတ်တွေ တပြိုင်တည်း ဖြစ်ခဲ့ရတယ်။
အဲ့ဒီနောက် ကြည်မြင်တိုင်သပိတ်ကို စစ်ကောင်စီက ကားနဲ့တိုက်ဖြိုခွင်းတုန်းကလည်း တော်လှန်ရေးကြီး အောင်ပါ့မလားဆိုတဲ့စိတ်နဲ့ စိတ်ဓာတ်တွေကျခဲ့သလို လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်အဖမ်းခံရစဉ် ကလည်း ညမအိပ်နိုင်၊ထမင်းမစားနိုင်တဲ့အထိ စိတ်ဓာတ်တွေကျခဲ့တယ်လို့ မအိကဖွင့်ဟပါတယ်။
ဒါပေမယ့် ခေါင်းဆောင်တွေအဖမ်းခံရလည်း တော်လှန်ရေးကို ဆက်ပြီးလုပ်မယ်၊ နောက်မျိုးဆက်တွေ စစ်ကျွန် ဘဝကလွတ်အောင်လုပ်မယ်ဆိုတဲ့အတွေးနဲ့ ပြန်အားတင်းခဲ့တယ်လို့ မအိကဆိုပါတယ်။
လက်ရှိမှာတော့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု ကမ်းပိန်တွေဆောင်ရွက်နေတဲ့ အဖွဲ့တွေမှာ ပါဝင်နေ သလို အလုပ်သမားတပ်ပေါင်းစုမှာပါဝင်ပြီး တော်လှန်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နေပါတယ်။
“ အလုပ်သမားတွေကဘက်ပေါင်းစုံကနေ အာဏာရှင်ကိုဆန့်ကျင်နေတယ်။ နွေဦးတော်လှန်ရေးမှာပါဝင် နေတယ်။ လက်ရှိကျွန်မတို့ကိုယ်တိုင်ပဲ”လို့မအိကပြောပါတယ်။
မအေးနဲ့ မအိတို့နည်းတူ ရှောင်တိမ်းနေထိုင်ရင်းအခက်အခဲတွေကို ရင်ဆိုင်နေသူကတော့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မတင်တင်ပါ။
မတင်တင်ဟာလည်း ဖေဖော်ဝါရီလကတည်းက စစ်အာဏာရှင်ကိုဆန့်ကျင်ကာ ပြောက်ကျားသပိတ်တွေ အထိ ပါဝင်ခဲ့သူဖြစ်တယ်။ အလုပ်လက်မဲ့ဖြစ်သွားခဲ့ပြီး စားဝတ်နေရေးလည်းခက်ခဲခဲ့တယ်။
မတင်တင်တစ်ယောက ်ရှောင်တိမ်းနေစဉ်မှာ ကိုယ်ဝန်ဆောင်နေစဉ်ဖြစ်တဲ့အတွက်ပိုပြီး ခက်ခဲခဲ့တယ်။
“ အခက်အခဲကတော့ အများကြီးကြုံတွေ့ရတယ်။ တဖြေးဖြေးနဲ့နေသားတော့ကျသွားတယ်” လို့ မတင်တင်က ဖွင့်ဟပါတယ်။
အထက်ပါအလုပ်သမား သမဂ္ဂခေါင်းဆောင်တွေနည်းတူ စစ်ကောင်စီကိုဆန့်ကျင်ရင်း ရှောင်တိမ်းနေထိုင်ရသူ ကတော့မချယ်ရီပါ။
မချယ်ရီဟာလည်း ဆန္ဒပြပွဲတွေမှာပါဝင်တာအပြင် အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦး ဖြစ်တာကြောင့် စစ်ကောင်စီရဲ့စောင့်ကြည့်ရှာဖွေချင်းခံရသလို ပုဒ်မ ၅၀၅နဲ့ဖမ်းဝရမ်းထုတ်ခံခဲ့ရတယ်။
“ တခါတလေကျရင်ညတောင်မအိပ်ရဘူး ချက်ချင်းရွေ့ရတာရှိတယ်။ တစ်နေရာမှာ တစ်ရက်နှစ်ရက်လောက် ပဲနေရတယ်။ နေရာပြောင်းရတယ်။ တခါတလေကျရင်မြို့ထဲမှာပဲ ကားတစ်စီးနဲ့ အထုပ်တစ်ထုပ်လောက်နဲ့ ပတ်ရှောင်ပြီးနေခဲ့ရတာရှိတယ်” လို့ မချယ်ရီကသူ့အတွေ့အကြုံကိုပြောပါတယ်။
ကိုယ်တိုင်လည်းအလုပ်လက်မဲ့ဖြစ်သွားခဲ့ပြီး ကျန်းမာရေးမကောင်းတဲ့မိဘတွေကို ဆေးရုံဆေးခန်းမပို့ပေးနိုင် တာ မပြုစုနိုင်တဲ့အခြေအနေတွေနဲ့ရင်ဆိုင်ခဲ့ရတယ်။
လွတ်မြောက်နယ်မြေရောက်တဲ့အခါမှာလည်း စစ်ဘေးရှောင်ဘဝနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ကြုံခဲ့ရတယ်။
စစ်ရှောင်စခန်းရောက်တဲ့အခါမှာလည်း ကိုဗစ်ရောဂါမကူးစက်အောင်နေထိုင်ရင်း အခက်အခဲတွေကိုကျော်ဖြစ်ခဲ့ ရတယ်။
“ သက်ကြီးရွယ်အိုတွေလည်းခက်ခဲနေတာ ကိုယ့်မျက်စိရှေ့မှာမြင်ရတော့ စိတ်ဓာတ်ကျတဲ့အထိကိုဖြစ်ခဲ့တယ်။ စိတ်ကျရောဂါမဖြစ်အောင်ထိန်းသိမ်းပြီးနေခဲ့ရတယ်”လို့ မချယ်ရီကဖွင့်ဟပါတယ်။
သမဂ္ဂခေါင်းဆောင်အမျိုးသမီးတွေဟာ လွတ်မြောက်နယ်မြေမှာ အခြေချနေရပေမယ့် အလုပ်သမားတွေ အရေး နဲ့ပတ်သက်ပြီး တက်တက်ကြွကြွဆောင်ရွက်ဖို့နဲ့ တော်လှန်ရေးအတွက် ကျရာနေရာကပါဝင်ဖို့ ဆန္ဒရှိနေကြ တုန်းပါပဲ။
အလုပ်သမားအဖွဲ့တွေအနေနဲ့ အလုပ်သမားအငြင်းပွားမှုပြဿနာတွေ၊ သတင်းအချက်အလက်တွေကို ကောက်ခံပြီး ဖြေရှင်းဆောင်ရွက်ပေးနေတာတွေ ပြုလုပ်ပေးနေပါတယ်။ အလုပ်သမားတွေတိုင်ကြားလာတာ တွေကို သမဂ္ဂခေါင်းဆောင် တွေအနေနဲ့ အွန်လိုင်းကနေအကြံပေးဆွေးနွေးတာတွေပြုလုပ်ပေးနေပါတယ်။
စက်ရုံအလုပ်ရုံတွေမှာကျန်ခဲ့တဲ့ အလုပ်သမားခေါင်းဆောင်တွေနဲ့ အလုပ်သမားတွေကို စိတ်ခွန်အားတွေပေး တာ၊ နည်းလမ်းတွေပြသတာ၊အလုပ်ရှင်နဲ့ဘယ်လိုပြေလည်အောင် ညှိနှိုင်းသင့်တယ်။ အလုပ်သမားတွေ အနေနဲ့ သွေးစည်းညီညွှတ်သင့်တယ်ဆိုတာတွေကို ဆွေးနွေးအကြံပေးတယ်လို့ အဆိုပါသမဂ္ဂခေါင်းဆောင် တွေကဆိုပါတယ်။
“ ပြည်တွင်းထဲပြန်ရောက်တယ်ဆိုရင်လည်း အလုပ်သမားအရေးနဲ့ပတ်သက်ရင်ဆက်ပြီးဆောင်ရွက်ဖို့ရှိတယ်။ အလုပ်သမားတွေနဲ့ပတ်သက်ရင် ကောင်းမွန်တဲ့အခွင့်အရေးတွေဖြစ်ပေါ်ရေးအတွက် လုပ်ဆောင်နိုင်တဲ့ လူတစ် ယောက်ဖြစ်အောင်တော့ ကြိုးစားနေတယ်။ ဒီကာလမှာမဖမ်းမိသရွေ့ အသက်မသေသရွေ့ကတော့ လုပ်သွားဖို့ ရှိတယ်” လို့ မချယ်ရီကဆိုပါတယ်။
မအိကလည်း အလုပ်သမားအရေးနဲ့တော်လှန်ရေးလုပ်ငန်းတွေကို အဆုံးအထိဆောင်ရွက်သွားဖို့ ဆုံးဖြတ်ထား ပါတယ်။
“ တော်လှန်ရေးအဆုံးသတ်ဖို့ တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ကိုပဲ စိတ်နှစ်ထားသလို ဘဝတွေလည်းနှစ် ထားတယ်။ ကျွန်မတို့လက်ရှိမှာ တိမ်းရှောင်နေပေမယ့် တော်လှန်ရေးထဲမှာ တစ်ခါမှမပါဝင်တော့ဘူးဆိုတဲ့ အတွေးမတွေးဘူး။ တော်လှန်ရေးအမြန်အောင်ဖို့ကို ဘက်ပေါင်းစုံကပါဝင်နေသလို နောက်လည်းပါဝင်မယ်။ ပြန်လည်ထူထောင်ရေးကာလ ရောက်တဲ့အထိ ဆက်သွားဖို့စိတ်ကူးထားပါတယ်” လို့ မအိကပြောပါတယ်။
မတင်တင်ကလည်း “အလုပ်သမားတွေကိုလည်း ဆက်ပြီးကူညီမယ်။ သပိတ်စပြီးတော့ ထွက်ခဲ့တဲ့အချိန် ကတည်းကအလုပ်သမားထုကြီးနဲ့ရှိခဲ့သလို အဆုံးထိလည်း အလုပ်သမားထုနဲ့ရှိမယ်။ အလုပ်သမားထုကြီးက လည်း တော်လှန်ရေးမှာ ကျရာနေရာကပါဝင်နေတယ်”လို့ဆိုပါတော့တယ်။