ရှင်ငြိမ်း။ ။
နိုင်ငံရေးမတည်ငြိမ်မှုကိုအကာအကွယ်ယူပြီး လုပ်ငန်းရှင်တွေဟာ အလုပ်သမားတွေရဲ့ ဥပဒေပါအခွင့်အရေးတွေနဲ့ လုပ် ငန်းခွင်ဆိုင်ရာအခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လာပါတယ်။
အလုပ်သမားတွေကို အချိန်ပိုတွေဆင်းခိုင်း၊ အပ်ထည်တွေတိုးတောင်းပြီး လုပ်ခလစာလျော့ပေးတာ၊ အချိန်ပိုကြေးမပေး တာ၊ သတ်မှတ်အလုပ်ချိန်ထက်ပိုလုပ်ခိုင်းတာ၊ လုပ်သက်ရင့်အလုပ်သမားတွေကို ထုတ်ပယ်ပြီး နေ့စားအလုပ်သမားတွေနဲ့ အစားထိုးခိုင်းစေတာ၊ နစ်နာကြေးမပေးဘဲ အကြောင်းမဲ့အလုပ်ထုတ်တာ၊ ဘယ်အလုပ်သမားသမဂ္ဂအဖွဲ့ကိုမှ မထားရှိတာ၊ ညဆိုင်းသမားတွေအတွက် ဖယ်ရီမပေးတာ၊ အစိုးရရုံးပိတ်ရက်တွေမှာ အလုပ်ခေါ်ခိုင်းတာ၊ လူမူဖူလုံရေးဆေးခွင့်ကို သုံး ရက်ထက်ပိုမပေးတာ၊ ခွင့်မပေးတာ၊ လစာကို အချိန်မှန်မပေးတာတွေအပြင် အလုပ်သမားတွေကို မကြားဝံ့မနာသာ စကားလုံးတွေနဲ့ ဆဲဆိုခိုင်းစေပြီး အမျိုးသမီးအလုပ်သမားတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တာတွေစတဲ့အခွင့် အရေးတွေကို ချိုးဖောက်လာတာဖြစ်တယ်။
ဒါတွေကို အလုပ်သမားတွေဘက်က မကျေနပ်လို့ဖြစ်ဖြစ် တစ်စုံတစ်ရာအခွင့်အရေးချိုးဖောက်ခံရလို့ဖြစ်ဖြစ် သက်ဆိုင်ရာ ကို တိုင်တန်းမယ်ဆိုရင် အလုပ်ရှင်တွေဘက်က “မကျေနပ်ရင်ထွက်”၊ “ကြိုက်တဲ့နေရာတိုင်၊ ငါတို့က နင်တို့ကိုနိုင်ငံရေးမှာ ပါတယ်ဆိုပြီး စစ်တပ်ခေါ်ဖမ်းခိုင်းလိုက်လို့ရတယ်”ဆိုတဲ့စကားတွေနဲ့ ခြိမ်းခြောက် နူတ်ပိတ်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ သူတို့ကိုဆန့်ကျင်ရာမှာပါဝင်တဲ့အလုပ်သမားတွေကို အညှိုးထားပြီးအလုပ်သမားသမဂ္ဂတွေကို ဖျက်ပစ်တာ၊ အလုပ်သမားအရေးဆောင်ရွက်ပေးသူတွေကို ဝရမ်းတွေထုတ်ဖမ်းဆီးထောင်ချပြီး အလုပ်သမားအဖွဲ့အစည်း မတရားအသင်းအဖွဲ့အဖြစ်ကြေညာထားလိုက်တာတွေကလည်း အလုပ်သမားတွေကို ကူကယ်ရာမဲ့ ဖြစ်စေခဲ့ပါတယ်။
ဒီလိုအခြေအနေကြားထဲမှာ အလုပ်သမားအများစုနေထိုင်တဲ့ ကျူးကျော်နေရာတွေကို စစ်တပ်က အင်အားသုံးဖျက်စီးပြီး စက်မှုဇုံရှိတဲ့မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာလိုက်တဲ့အခါမှာ အလုပ်သမားတွေဟာ ဖိနှိပ်ခံရဖို့ ဖြစ်လာ ခဲ့တယ်။
စက်ရုံတွေကလည်း အခုလို ဥပဒေကင်းမဲ့နေတာကို အခွင့်ကောင်းယူပြီး အလုပ်သမားတွေရဲ့အခွင့်အရေးတွေကို အခုလို ပေါ်ပေါ်တင်တင်ချိုးဖောက်ရဲလာတာဖြစ်ပါတယ်။
“ အာဏာသိမ်းလိုက်တဲ့နေ့ကစလို့ပေါ့။ အလုပ်သမားတွေရဲ့ဥပဒေပါအခွင့်အရေးတွေချိုးဖောက်ခံရတဲ့အပြင် ဥပဒေမှာမပါ တဲ့မိန်းကလေးတွေကို ကိုယ်ထိလက်ရောက်စော်ကားတာ၊ မကြားဝံ့မနာသာဆဲဆိုတာတွေကို ပြောင်ကျကျလုပ်လာတယ် ” လို့ ဖွင့်ပာလာသူက အသက် ၂၄ အရွယ်မရီရီစိုး(အမည်လွှဲ)ပါ။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ဇာတိဖြစ်တဲ့ မရီရီစိုးဟာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ထဲက တရုတ်လူမျိုးပိုင်၊ အလုပ် သမား ၄၀၀ ကျော်နဲ့လည်ပတ်နေတဲ့ Myanmar Tencent Fashion Garment အထည်ချုပ်စက်ရုံမှာ လုပ်သက် သုံးနှစ်ရှိပြီ ဖြစ်တဲ့အထည်ချုပ်အလုပ်သမားတစ်ယောက်ဖြစ်ပါတယ်။
“ ကျမတို့မတိုင်ရဲဘူးဆိုပြီး သူတို့(အုပ်ချုပ်သူ)က တင်ပါးလာလာရိုက်တယ်။ လှည့်ကြည့်လိုက်ရင် သူတို့မဟုတ်သလိုအချိုး နဲ့။ နောက်သလိုလိုနဲ့ပခုံးဖက်တာ၊ တခါတရံနမ်းသွားတယ်။ ဒါကျမတစ်ယောက်ထဲခံရတာမဟုတ်ဘူး။ စက်ရုံထဲက မိန်းက လေးအများစုခံနေရတာ”လို့ မရီရီစိုးက ဆိုပါတယ်။
ဒါ့အပြင် အလုပ်သမားတွေဟာ လုပ်ပေးနိုင်တဲ့ ပမာဏထက်ကျော်လွန်ပြီး လုပ်ပေးနေပေမယ့် အကြောင်းမဲ့ညစ်ညမ်းစွာ ဆဲဆိုခိုင်းစေတတ်တဲ့ အောစူပါတွေ(ကြီးကြပ်ရေးမှူး)၊ လိုင်းခေါင်းဆောင်တွေ(ချုပ်လုပ်တဲ့လိုင်းတွေရဲ့ခေါင်းဆောင်) တွေ ကြောင့် အမျိုးသမီးအလုပ်သမားတွေမှာ အလုပ်အပြင် စိတ်ပင်ပန်းမှုပါခံစားနေကြရပါတယ်။
“ ကိုယ့်ကိုမှီခိုနေတဲ့မိသားစုကြောင့်သာ ကြိတ်မှိတ်လုပ်နေရတာ။ ကိုယ့်သဘောနဲ့ကိုယ်ဆိုထွက်လိုက်ပြီ။ အတော်လေးပိုး စိုးပက်စက်နိုင်တယ် ဆဲတာက။ တခါတလေသတ်သေချင်လောက်အောင်ကို စိတ်ညစ်ရတာ”လို့ မရီရီစိုးက ရှင်းပြပါတယ်။
ဒါတွေကို တိုင်မယ်ဆိုရင်လည်း အလုပ်ပြုတ်မှာ၊ အလုပ်ထဲမှာ အညိုးထားခံရမှာစိုးတာနဲ့ ရုံးပြင်ကန္တွားသွားဖို့ ကြောက်တာ တွေကြောင့် ဘယ်အလုပ်သမားမှ သူတို့နစ်နာမှုတွေကို မပြောဝံ့ကြဘူးလို့ သူက ဆိုပါတယ်။
မရီရီစိုးဆိုရင် တစ်နေ့ကို အလုပ်ချိန် ၁၀ နာရီလုပ်ပေးရပြီး အချိန်ပိုကြေးမရတဲ့အပြင် လစာပါလျော့ပေးခံခဲ့ရပါတယ်။
“ တစ်နေ့အလုပ်ချိန်က ၈ နာရီကို အချိန်ပို နှစ်နာရီဆင်းပေးရတယ်။ ညအချိန်မတော် အလကားလုပ်ပေးရတာ။ ဖယ်ရီ မပေးဘူး။ အချိန်ပိုကြေးလည်းမရဘူး။ လစာလည်း အော်ဒါနည်းလို့ဆိုပြီး လျော့ပစ်တယ်” လို့ သူကပြောပါတယ်။
အော်ဒါနည်းပေမယ့် အလုပ်ချိန်ကျတော့ အချိန်ပိုဆင်းပေးနေရတယ်လို့ ပြောရင်လည်း“ပေးတာအေးဆေးမယူဘူး။ စကား လာများနေတယ်။ မလုပ်ချင်ရင်ထွက်တဲ့” ဆိုတဲ့စကားတွေနဲ့ အလုပ်သမားတွေကို ခြိမ်းခြောက်ပါတယ်။
အလုပ်အကိုင်တွေက ရှားပါးနေတာကြောင့် အလုပ်သမားတွေအနေနဲ့ အလုပ်အကိုင်တွေဆုံးရှုံးသွားမှာကိုစိုးရိမ်တဲ့အတွက် ဖိနှိပ်လာသမျှ အခွင့်အရေးချိုးဖောက်မှုတွေကို ခေါင်းငုံ့ခံအလုပ်လုပ်ကြရတယ်။
လက်ရှိကာလမှာ အလုပ်သမားတွေ အလုပ်ဆင်းရတာဟာ စက်ရုံတစ်ခုနဲ့ တစ်ခုမတူညီကြပါဘူး။ တစ်ချို့က တစ်ပတ်မှာ သုံးရက်ဆင်းရသလို တစ်ပတ်နှစ်ရက်သာ ဆင်းရသူတွေလည်းရှိပါတယ်။ မရီရီစိုးကတော့ တစ်ပတ်မှာ ငါးရက်ဆင်းရတဲ့ အလုပ်သမားတစ်ယောက်ပါ။
ငါးရက်အလုပ်ဆင်းရတဲ့အလုပ်သမားတစ်ယောက်အနေနဲ့ တစ်နေ့ ၁၀ နာရီနဲ့ ၂၁ ရက်အလုပ်ဆင်းထားရင် တစ်လကို ၁၂၆,၀၀၀ ကျပ်ရမှာကို ၇၅,၆၀၀ ကျပ်သာရှင်းပေးပြီး လူမှုဖူလုံကြေး ၂,၈၈၀ နဲ့ သာရေးနာရေးအတွက် ၅၀၀ ကျပ်ပါဖြတ်ခံ လိုက်ရတော့ မရီရီစိုးအနေနဲ့ အဆောင်ခပေးဖို့ ခက်ခဲသွားရပါတယ်။
မရီရီစိုးလို တစ်ပတ် ငါးရက်ဆင်းရတဲ့အလုပ်သမားတစ်ယောက်တောင် ဒီလိုခက်ခဲသွားရရင် တစ်ပတ်မှာ သုံးရက်ဆင်းရတဲ့ အလုပ်သမားတစ်ယောက်ဟာ သူ့ကိုမှီခိုနေတဲ့မိသားစုဝင်တွေအနေနဲ့ တစ်နေ့ ထမင်းနှစ်နပ်စားရဖို့က အလုပ်ချိန် ၈ နာရီ က ဘယ်လိုမှ မလောက်ငနိုင်တော့ပါဘူး။
ယခင်ကတည်းက အလုပ်သမားတွေဟာ သူတို့နစ်နာမှုတွေအတွက် အစိုးရက တရားဝင်ဖွင့်လှစ်ထားတဲ့ရုံးတွေကို သွားဖ့ို ကြောက်ကြလို့ အလုပ်သမားအခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့တွေ၊ အလုပ်သမားသမဂ္ဂတွေနဲ့ ချိတ်ဆက်ပြီးမှာ သွားလာရဲကြ တဲ့သူတွေဖြစ်ပါတယ်။
သို့ပေမဲ့ ဒီကာလမှာ အလုပ်သမားအရေးကူညီပေးသူတွေကို နိုင်ငံရေးအကြောင်းပြဖမ်းဆီးတာတွေ၊ အဖွဲ့အစည်းတွေကို မတရားအသင်းအဖြစ်ကြေညာထားသလို စစ်တပ်လက်အောက်ခံအလုပ်သမားဝန်ကြီးဌာနကလည်း ဗုံးခွဲမှာ၊ လူစိမ်းဝင်မှာ စိုးတာတွေကြောင့် အမြဲလိုလိုတံခါးပိတ်ထားတဲ့အတွက် အလုပ်သမားတွေဟာ တိုင်တန်းဖို့နေရာမရှိသလောက်ဖြစ်သွားရ တယ်။
ဒါတွေကို အကာအကွယ်ယူပြီး လက်ရှိစီမံခန့်ခွဲသူ(မန်နေဂျာ)တွေ၊ အောစူပါတွေ၊ လိုင်းခေါင်းဆောင်တွေက အမျိုးသမီး အလုပ်သမားတွေအပေါ်မှာ မတရားခိုင်းမှုတွေနဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ကျူးလွန်လာတာဖြစ်တယ်။
ဒါကြောင့် Solidarity of Trade Unions Myanmar ရဲ့ ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးက“အလုပ်သမားတွေက ဒီကာလမှာ အခွင့်အရေးချိုးဖောက်ခံရတာအများဆုံးကာလဖြစ်တယ်။ ကုစားမှုမရရှိဆုံးကာလဖြစ်တယ်”လို့ မှတ်ချက်ပြုပါတယ်။
လှိုင်သာယာ စက်မှုဇုံထဲက တရုတ်နိုင်ငံသားပိုင်၊ လုပ်သား ၈၀၀ နဲ့လည်ပတ်နေတဲ့ Glory Fashion အထည်ချုပ်စက်ရုံ မှာလည်းအထည် စံချိန်တွေမတရားတိုးတောင်းပြီး မပြည့်ရင်အလုပ်ထုတ်တဲ့အထိအခွင့်အရေးချိုးဖောက်မှုတွေနဲ့ တွေ့ကြုံ နေရပါတယ်။
အလုပ်ထုတ်ခံခဲ့ရတဲ့အလုပ်သမား မအိတာက“အာဝါတီ(သတ်မှတ်အထည်စံချိန်)မပြည့်လို့ လက်မှတ်ထိုးရတာ သုံးကြိမ်ရှိ ပြီဆိုပြီး အလုပ်ထုတ်လိုက်တာ။ သူတို့ကနေ့တိုင်းတိုးတောင်းနေတာ။ ကျမတို့ကလူတွေလေ စက်ရုပ်မှမဟုတ်တာ။ နား ချိန်၊ အပေါ့အပါးသွားချိန်လိုချင်တာပေါ့။ လူအများကြီးထုတ်ခံလိုက်ရတယ်”လို့ ပြောပြပါတယ်။
ပုံမှန်ဆိုရင် တစ်နာရီကို အထည် ၈၀ နဲ့ ၉၀ ကြားချုပ်ပေးရပေမယ့် လက်ရှိမှာတစ်နာရီကို ၁၅၀ နဲ့ ၁၈၀ ကြားအထိ ချုပ် လုပ်ခိုင်းနေလို့ အလုပ်သမားတွေမှာ သီးသန့်ထမင်းစားချိန်တောင်မရဘဲ အလုပ်လုပ်ကြရပါတယ်။
အလုပ်သမားအများစုကတော့ သူတို့တောင်းသလောက်အထည်မပေးနိုင်ကြလို့ လက်မှတ်ထိုးရပါတယ်။ သုံးကြိမ် လက်မှတ်ထိုးရရင်တော့ အလုပ်ကနေ လျော်ကြေးမပေးဘဲအလုပ်ထုတ်သလို အချိန်ပိုဆင်းရလို့ ခွင့်ယူရင်လည်း ခွင့်မပေး ဘူးလို့ မအိတာက ရှင်းပြပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စက်ရုံတွေက အလုပ်သမားတွေရသင့်တဲ့ အနည်းဆုံးတစ်ရက်လုပ်ခ ၄,၈၀၀ ကျပ်ကို အပြည့်အဝရှင်းမပေးတဲ့အပြင် ခွင့်မပေးလို့ပျက်ကွက်ရင်လည်း တစ်ရက်ပျက်ရင် တစ်သောင်းဖြတ်ပြီး သုံးခါပျက်ရင်တော့ အလုပ်ထုတ်ခံရမှာဖြစ်ပါတယ်။
အခုလိုအချိန်ပိုတွေဆင်းခိုင်းပြီး အလုပ်သမားတွေရသင့်တဲ့အခွင့်အရေးကိုတော့ တစ်ခုတစ်လေတောင်မပေးဘဲ အလုပ်ပြီး ဖို့ကိုပဲ အတင်းအကျပ်စေခိုင်းနေလို့ အလုပ်သမားတွေရဲ့အခွင့်အရေးတွေဆုံးရှုံးရတာလို့ မအိတာက ဝေဖန်နေပါတယ်။
မအိတာအနေနဲ့ လက်ရှိမှာတော့ အလုပ်အတူထွက်ထားတဲ့သူငယ်ချင်း ငါးယောက်စုကာ တစ်ပိုင်တစ်နိုင်အိမ်တွင်းအထည် ချုပ်လုပ်ငန်းလေးတစ်ခုထူထောင်ကာ စားဝတ်နေရေးကို ဖြေရှင်းနေတာဖြစ်တယ်။
လက်ရှိကာလမှာ လုပ်ငန်းရှားပါးပြီး အလုပ်သမားပေါများတဲ့အခွင့်အရေးကိုအသုံးချကာ အလုပ်သမားတွေ သူ့တို့ဆန္ဒနဲ့ သူတို့အလုပ်ထွက်သွားလိုတဲ့ရည်ရွယ်ချက်နဲ့ အခုလိုခေါင်းဖြတ်နေတာလို့ အလုပ်သမားတွေက သုံးသပ်နေကြပါတယ်။
စက်ရုံတွေက လုပ်သက်ရှိအလုပ်သမားတွေကို မခံနိုင်အောင်ဖိနှိပ်ထားပြီး သူတို့တွေအလုပ်ထွက်သွားပါက နေ့စားအလုပ် သမားတွေခေါ်ကာ သုံးလမပြည့်မီမှာ အကြောင်းမဲ့အလုပ်ထုတ်ပစ်တတ်တယ်လို့ မအိတာက ရှင်းပြပါတယ်။
အလုပ်ရှင်အများစုဟာ လက်ရှိအလုပ်သမားခေါ်ယူရာမှာ လခစားအနေနဲ့မဟုတ်ဘဲ အစမ်းခန့်သုံးလခေါ်ယူပြီး သုံးလပြည့် ခါနီးမှ အကြောင်းအမျိုးမျိုးပြကာ အလုပ်ရပ်ဆိုင်းပြီး တစ်ပတ်လောက်ကြာမှ နေ့စားအဖြစ်ပြန်လည်ခေါ်ယူတဲ့ပုံစံတွေလုပ် လာပါတယ်။
ဒါ့အပြင် အစမ်းခန့်တွေအနေနဲ့ လုပ်သက်ရလာရင် ဥပဒေအရ လခစားဝန်ထမ်းအဖြစ် တောင်းဆိုခွင့်ရှိသလို လခစားဖြစ် သွားရင်လည်း ဥပဒေအရ ရသင့်တဲ့အလုပ်သမားအခွင့်အရေးတွေကို ပေးရမှာစိုးတာကြောင့် အခုလိုလုပ်လာတာလို့တော့ အလုပ်သမားတွေ သုံးသပ်နေကြပါတယ်။
အခုလိုအလုပ်ဖြုတ်ခံနေရတာဟာ နေ့စားအလုပ်သမားတွေသာမက လုပ်သက်ရင့်အလုပ်သမားတွေပါ အကြောင်းမဲ့ အလုပ်ဖြုတ်ခံနေရဖြစ်ပြီး တခြားစက်ရုံတွေမှာ နေ့စားအနေနဲ့ ပြန်လည်ဝင်ရောက်လုပ်ကိုင်နေရတဲ့အတွက် အလုပ်သမား တွေမှာ လုပ်သက်တွေဆုံးရှုံးနစ်နာသွားရပါတယ်။
လွန်ခဲ့တဲ့တစ်လလောက်က လှိုင်သာယာစက်မှုဇုံထဲက အိန္ဒိယနိုင်ငံသားပိုင်၊ လုပ်သား ၇၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ SIOEN Myanmar Garment မှာ အလုပ်လုပ်နေတာ သုံးနှစ်ရှိပြီဖြစ်တဲ့မသဇင်(အမည်လွှဲ)ကို အုပ်ချုပ်သူမန်နေဂျာက ဝန်ထမ်းလျော့တယ်ဆိုပြီး အကြောင်းမဲ့အလုပ်ထုတ်ခံခဲ့ရတာပါ။
အလုပ်ရှင်က အလုပ်သမားတစ်ယောက်ကို ဥပဒေအရ အလုပ်ထုတ်မယ်ဆိုရင် တစ်လကြိုအကြောင်းကြားရပြီး နစ်နာ ကြေးပေးရမှာဖြစ်ပါတယ်။ အလုပ်သမားဝန်ကြီးဌာနက ပြဌာန်းထားတဲ့နစ်နာကြေးက လုပ်သက်သုံးနှစ်ရှိသူကို နစ်နာကြေး အဖြစ်လစာ သုံးလစာပေးရမှာဖြစ်ပါတယ်။
“ ကျမတို့အလုပ်ဝင်တုန်းက ဥပဒေအတိုင်းဆိုပြီးစာချုပ်ချုပ်ရတယ်။ အလုပ်ထုတ်တော့ ဥပဒေအတိုင်းမဟုတ်တော့ဘူး။ ကျမတို့လျော်ကြေးမရဘဲ လူ ၅၀ လောက်အထုတ်ခံခဲ့ရတာ။ ဥပဒေအတိုင်းမဟုတ်တော့ ကျမတို့အများကြီးနစ်နာတာပေါ့။ ဒီကာလမှာ ဥပဒေဆိုတာကလည်း သူတို့ပါးစပ်ထဲမှာပဲရှိတယ်”လို့ မသဇင်က ပြောပါတယ်။
ဒါ့အပြင် အာဏာသိမ်းပြီးနောက် လုပ်ငန်းရှင်တွေက ယခင်က အလုပ်သမားတွေနဲ့ချုပ်ဆိုထားတဲ့စာချုပ်ကို ဖျက်သိမ်းပြီး သူတို့လူယုံ အလုပ်သမားတွေနဲ့ ဖွဲ့ထားတဲ့အလုပ်သမားကော်မတီနဲ့ ပူးပေါင်းကာ အလုပ်သမားတွေကိုဖိနှိပ်ထားတဲ့စာချုပ် အသစ်ထပ်မံချုပ်ဆိုခိုင်းလာပါတယ်။
စာချုပ်မှာ စက်ရုံက လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်ဘာမှမပေးတော့တဲ့အပြင် အလုပ်သမားတွေ တစ်ရက်ပျက်ကွက်ရင် တစ်ရက်လုပ်ခ ၄,၈၀၀ အပါအဝင်၊ ရက်မှန်ကြေး၊ အိုတီကြေး အပါအဝင်တစ်ရက်စာကို ၂၀,၀၀၀ ကျပ်ဝန်းကျင်ဖြတ် တောက်မယ်ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။
ဒါ့အပြင် ပုံမှန်ပေးသွင်းရတဲ့ လူမူဖူလုံကြေးအပြင် အလုပ်သမားတစ်ယောက်ကို တစ်လလျှင် ပရဟိတကြေး(သာရေး၊နာ ရေး) ၅၀၀ ကျပ်ပေးဆောင်ရမှာဖြစ်ပါတယ်။
အလုပ်သမားတွေရဲ့နစ်နာမှုတွေကို ဖြေရှင်းပေးရဖို့ တာဝန်ရှိတဲ့အလုပ်သမားကော်မတီဝင်တွေက ဒီလိုကိစ္စတွေကို နုတ် ဆိတ်နေဖို့ တစ်လကိုငွေကျပ်တစ်သိန်း အလုပ်ရှင်တွေကပေးရတယ်လို့ မစန်းစန်းအောင်က ဆိုပါတယ်။
မစန်းစန်းအောင်ဟာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်စက်မှုဇုန်မှာ မြန်မာနိုင်ငံသားပိုင် လုပ်သား တစ်ထောင်ကျော်နဲ့ လည်ပတ်နေတဲ့ Lucky Fortune Co.Ltd အထည်ချုပ်စက်ရုံမှာ လုပ်သက် ငါးနှစ်ရှိတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်တယ်။
“ဒီစာချုပ်အသစ်ကို ကျမတို့လည်းမချုပ်ချင်ပါဘူး။ ဒါပေမဲ့အလုပ်ရှင်ဘက်က မလုပ်နိုင်ရင်ထွက်ဆိုတဲ့စကားကရှိနေတော့ ထိုးကြရတယ်။ မထိုးရင် ငတ်ရုံရှိတော့ ဘယ်လိုပဲခေါင်းပုံဖြတ်ဖြတ်ကျမတို့ကလုပ်ရတော့မှာပဲ။ ကျမတို့ကိုမှီခိုနေတဲ့ မိသားစုအတွက်ပေါ့”လို့ သူက ရှင်းပြပါတယ်။
အလုပ်သမားတွေအနေနဲ့ လစဉ်လူမှုဖူလုံရေးကြေးပေးသွင်းနေရပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူမှုဖူလုံရေး အကျိုးခံစားခွင့်ဘာမှမရတဲ့အပြင် လူမှုဖူလုံရေးဆေးခွင့်ကို သုံးရက်ထက်ကျော်လွန်ပြီး ခွင့်ယူရင် ရုံးပေါ်ခေါ်ဆဲဆိုခြိမ်း ခြောက်ခံနေကြရပါတယ်။
ဒါ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးလုပ်သားတွေကိုလည်း တချို့စက်ရုံတွေက လုပ်အားလျော့လာမှာစိုးတာနဲ့ မီးဖွားခွင့် ပေးရမှာစိုးတာတွေကြောင့် ကိုယ်ဝန်ရှိတာနဲ့ အလုပ်ကနေရပ်နားခိုင်းတာတွေလည်းရှိနေပါတယ်။
“ ဒီအချိန်မှာ စစ်တပ်က သူတို့ဘုရင်ပဲလေ။ ကျမတို့ကိုလည်းစစ်တပ်နဲ့ပဲခြိမ်းခြောက်ထားတာလေ။ တခါတလေသူတို့ ဆဲဆိုတာမခံနိုင်လို့ ပြန်ပြောမိရင် စစ်တပ်ခေါ်ပြီးဆွဲထုတ်လိုက်ရမလားတဲ့”လို့ မစန်းစန်းအောင်က ပြန်ပြောပြပါတယ်။
အစိုးရရုံးပိတ်ရက်တွေကျတော့ တရားဝင်ပိတ်မပေးဘဲ နေ့ဝက်အလုပ်ဆင်းခိုင်းပြီးတော့ လူမူဖူလုံရေးကြေးကျတော့ လစဉ် ဖြတ်တယ်။ ခံစားခွင့်တော့အပြည့်မရတာ ဘာသဘောလဲလို့လည်း သူက မေးခွန်းပြန်ထုတ်နေပါတယ်။
ဒီအဖြစ်အပျက်တွေဟာ လက်ရှိအာဏာသိမ်းစစ်တပ်လက်ထက်မှာ အလုပ်သမားအခွင့်အရေးတွေ ဘယ်လောက်အထိ ချိုးဖောက်ခံနေရသလဲဆိုတာ မီးမောင်းထိုးပြနေတာပဲဖြစ်တယ်။
လုပ်ငန်းရှင်တွေကတော့ စက်ရုံလည်ပတ်နိုင်ဖို့ အာဏာသိမ်းစစ်တပ်ကို ဆပ်ကြေးလိုလစဉ်ထောက်ပံ့ငွေပေးနေရတာဟာ စက်ရုံတစ်ခုကိုငွေကျပ်သိန်း ၁၀၀ လောက်ပေးနေရတယ်လို့ အမည်မဖော်လိုတဲ့အထည်ချုပ်လုပ်ငန်းရှင်က ပြောပါတယ်။
စစ်အာဏာသိမ်းလိုက်တဲ့ဖေဖော်ဝါရီ ၁ ရက်ကစပြီး အလုပ်သမားအခွင့်အရေးတွေဟာ ချိုးဖောက်ခံလာရတာ အထည်ချုပ် စက်ရုံတွေပဲမဟုတ်ပါဘူး။ တခြားစားသောက်ကုန်လုပ်ငန်း၊ အချိုရည်၊ ရေသန့်စတဲ့လုပ်ငန်းတွေမှာလည်း အလားတူ အခွင့်အရေးတွေ ချိုးဖောက်ခံနေရပါတယ်။
လက်ရှိမှာလည်း အလုပ်သမားတွေဘက်ကနေ ရပ်တည်ဖြေရှင်းပေးနေတဲ့အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေက လည်း လုံခြုံရေးအခြေအနေကြောင့် ရှောင်တိမ်းနေရတဲ့အနေအထားမှာ ကူကယ်ရာမဲ့ဖြစ်နေတဲ့အလုပ်သမားတွေရဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ မတွေးတတ်အောင်ဖြစ်နေကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခ)နိုင်ဝဏ္ဏက အလုပ် သမားအခွင့်အရေးချိုးဖောက်သူတွေ၊ စေခိုင်းတဲ့သူနဲ့ ပါဝင်ပတ်သက်သူတွေကို ပြင်းပြင်းထန်ထန်အရေးယူမှာဖြစ်တယ်လို့ ဧပြီလ ၁၇ (နှစ်ဆန်းတစ်ရက်)နေ့ ပြည်သူသို့အစီရင်ခံခြင်းအစီအစဉ်မှာ ပြောကြားထားပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံကအလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ နိုင်ငံတကာသဘောတူညီ ချက်ပါအချက်တွေကိုလိုက်နာဖို့ပျက်ကွက်နေတဲ့ အပေါ်မှာ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းဆောင်ရွက်မယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)ရဲ့အုပ်ချုပ်ရေးအဖွဲ့က မတ် ၂၅ ရက်မှာဆုံးဖြတ်လိုက်ကြောင်း BBCရဲ့ သတင်းမှာ ဖော်ပြထားတာလည်း ရှိပါတယ်။
အလုပ်သမား မရီရီစိုးကတော့ အလုပ်သမားတွေအတွက် အဓိကစိန်ခေါ်ချက်ဖြစ်တဲ့အလုပ်သမားတွေဘက်ကနေ ရပ် တည်ပေးမယ့်အဖွဲ့အစည်းတွေမရှိရင်တောင် စစ်တပ်လက်အောက်က အလုပ်သမားဝန်ကြီးဌာနကို တိုင်ကြားလို့လွယ်ကူ အောင် လုပ်ဆောင်ပေးသင့်တယ်လို့ အကြုံပြုပါတယ်။
ဒါ့အပြင် အလုပ်သမားတွေနဲ့ပတ်သက်လို့ကတော့ “အရင်လိုအလုပ်သမားဥပဒေပါ အခွင့်အရေးတွေအတိုင်း အပြည့်အဝ ပြန်ရချင်တယ်”လို့ ဆိုပါတော့တယ်။