သျှန်ကီခမ်း။ ။
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ထဲမှာ နေထိုင်တဲ့ ပအိုဝ်းမိဘနှစ်ယောက်ဟာ ရန်ကုန်မြို့ကို ရောက်နေတဲ့ သူတို့ရဲ့သားကို သတိတရရှိနေပါတယ်။
သူတို့ရဲ့သားငယ်ကို လူမမယ်အရွယ် အသက် ၆ နှစ်လောက်ကတည်းက ပညာသင်ဖို့အတွက် ရွာကနေ မိုင်၄၀၀ ကျော်လောက်ဝေးတဲ့ ရန်ကုန် ကမာရွတ်ဘက်က ပရဟိတကျောင်းတစ်ခုဆီ လွှတ်လိုက်ရတာလို့ ဆိုပါတယ်။
အဝေးတစ်နေရာကို ရောက်နေတဲ့ သားဖြစ်သူအကြောင်းပြောတိုင်း “သတိရ၊ အရမ်းလွမ်းပြီး ငိုမိမှာစိုးတယ်” လို့ ပအိုဝ်းအမျိုးသမီးကြီး ဒေါ်မြတ်က ဆိုပါတယ်။
အရာရာမှာ ဖွံဖြိုးမှုနောက်ကျနေတဲ့ ပအိုဝ်းတိုင်းရင်းသားဒေသက မိဘတချို့ဟာ သူတို့သားသမီးတွေကို ကျောင်းပညာရေးပြီးဆုံးတိုင် တက်စေချင်တာကြောင့် မြို့ကြီးပြကြီးတွေဆီက ပရဟိတကျောင်းတွေဆီ ပို့ကြပါတယ်။ ပညာလည်းတတ်၊ အမြင်လည်းကျယ်အောင်လို့ ရည်မှန်းပြီး ရန်ကုန်၊မန္တလေးမြို့ စတဲ့မြို့ကြီးတွေမှာရှိတဲ့ ပရဟိတကျောင်းတွေဆီ သွားခဲ့ကြရတဲ့ ပအိုဝ်းလူငယ်တွေဟာ နေရာသစ်မှာ အသားကျဖို့ ရုန်းကန်ကြရပါတယ်။
ဘာသာစကား၊ အစားအသောက်၊ ရာသီဥတုနဲ့ ယဉ်ကျေးမှုတွေ မတူညီတဲ့ မြေပြန့်မှာ ပညာလာသင်ကြတဲ့ ပအိုဝ်းတွေဟာ အိမ်လွမ်းစိတ်အပါအဝင် အခက်အခဲအတားအဆီးတွေ အများအပြားရင်ဆိုင်ကြရပါတယ်။
မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်တောင်ဘက်ပိုင်းက ပအိုဝ်းဒေသတွေမှာ စားဝတ်နေရေး အဆင်မပြေတာကြောင့် သားသမီးပညာရေးအတွက် အတော်လေး ကြိုးစားရုန်းကန် နေကြရတဲ့ ပအိုဝ်းတွေ အများအပြားရှိကြပါတယ်။
ဒါ့အပြင်လည်း အစိုးရရဲ့ အခြေခံပညာရေးကို သင်ယူရဖို့ လက်လှမ်းမမှီကြတဲ့ သူတွေလည်း ရှိကြပါတယ်။ စာသင်ကျောင်းမရှိတဲ့ ပအိုဝ်းကျေးရွာတွေလည်း ရှိကြသလို စာသင်ကျောင်းရှိပြီး ဆရာ မရှိတဲ့ရွာတွေလည်း ရှိကြပါတယ်။ တချို့ဆိုလည်း စာသင်ကျောင်းရော ဆရာရောရှိပေမယ့် မူလတန်းအထိပဲ သင်ကြားနိုင်တာတွေလည်း ရှိကြပါတယ်။
ဒါ့ကြောင့် ကျောင်းသားအချို့ဟာ လေးတန်းအောင်တယ်ဆိုတာနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ပြီး ခြံအလုပ်လုပ် နေကြရတာလည်း များစွာတွေ့နေရပါတယ်။ အကယ်၍ ကျောင်းပညာရေးကို ပြီးဆုံးအောင် သင်ချင်ရင်တော့ အလယ်တန်းနဲ့ အထက်တန်းတွေ သင်ကြားနိုင်တဲ့ တခြားကျေးရွာတွေကို သွားရောက် ကျောင်းပြောင်းပြီး သင်ယူကြပါတယ်။
ပညာသင်ကြားခွင့် လက်လှမ်းမမှီတဲ့ အခြေအနေတွေကြောင့် မိဘတချို့ဟာ သူတို့သားသမီးတွေကို မြို့ကြီးတွေဆီမှာ ပညာသင်ကြားနိုင်ဖို့ စီစဉ်ပါတော့တယ်။ ယောင်္ကျားလေးဆို ပရဟိတ ဘုန်းကြီးကျောင်းတွေကို ပို့ကြပြီး မိန်းခလေးတွေဆိုရင်တော့ ပရဟိတ သီလရှင်ကျောင်းတွေကို ပို့ကြတာပါ။
ပရဟိကျောင်းမှာ နေထိုင်တဲ့ ကလေးတွေဟာ ကျောင်းဖွင့် ကာလတွေမှာ ကျောင်းတက်ကြပြီး နွေရာသီကျောင်းပိတ်ရက်မှာတော့ ကိုရင်၊သီလရှင်ဝတ်ကြပြီး ဘုရားစာကို သင်ယူလေ့လာကြရပါတယ်။ ကိုရင်တွေကတော့ မနက်ပိုင်းအစောမှာ ဆွမ်းခံကြွရပြီး သီလရှင် ဆရာလေးတွေတော့ တစ်ပတ်ကိုနှစ်ရက် ဆွမ်းဆန်စိမ်း အလှူခံထွက်ကြပြီး ဒီလိုပုံစံမျိုးနဲ့ ဖြတ်သန်းကြပါတယ်။
အချို့ကလေးတွေဆို ပညာသင်ရဖို့ ရန်ကုန်မြို့မှာရှိတဲ့ သူဌေးတွေအိမ်မှာ အိမ်အလုပ် လုပ်ကူပြီး အိမ်ပိုင်ရှင် သူဌေးတွေက ကျောင်းပြန်ထားပေးတဲ့ ပုံစံမျိုးလည်း ရှိကြပါတယ်။ ကလေးက ကိုယ့်ကျောင်းစရိတ်ကို ကိုယ့်ဘာသာကိုယ်ရှာပြီး ကျောင်းနေရတယ်လို့ ဆိုရမှာပါ။
ပရဟိတကျောင်းတက်နေတဲ့ ကလေးတွေဟာ ပထမဆုံးစစရောက်တဲ့နှစ်ကနေ သုံးနှစ်ဆက်တိုက်နေပြီးမှ မိဘတွေဆီကို တစ်ကြိမ်သာ အလည်ပြန်လာပိုင်ခွင့်ရှိပါတယ်လို့ ဆိုကြပါတယ်။ ငွေရေးကြေးရေး အဆင်ပြေတဲ့ မိဘဆို ကိုယ့်သားသမီးရှိရာ ပရဟိတကျောင်းတွေကို ကိုယ်တိုင်လာလည်တာမျိုးတွေ ရှိကြပေမယ့် ငွေကြေးချို့တဲ့ မိသားစုတွေကတော့ ဆုံစည်းခွင့်ရဖို့အရေး မလွယ်ကူလှပါဘူး။
ငယ်ငယ်ရွယ်ရွယ်နဲ့ မြေပြန့်ရောက်လာကြတဲ့ ပအိုဝ်းကျောင်းသားလေးတွေဟာ ဗမာစကားကို ကောင်းကောင်းမွန်မွန် ပြောတတ်ကြပေမယ့် မိခင်ဘာသာစကားနဲ့ ဝေးကွာသွားတာကြောင့် ပအိုဝ်းစကားကို ပြန်မပြောတတ်၊ နားမလည်တော့တဲ့ ကလေးတွေလည်း ရှိလာပါတယ်။
အခက်အခဲတွေကြားမှာ ကလေးတွေဟာ ပျော်သည်ဖြစ်စေ၊မပျော်သည်ဖြစ်စေ မိဘနဲ့ဝေးရာမှာ မနေချင်ပေမယ့် ပညာတတ်ကြီးဖြစ်ဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းကြရပါတယ်။ အဆိုပါဓလေ့ဟာ ဆယ်စုနှစ်နဲ့ချီ ကြာမြင့်နေပြီဖြစ်ပြီး ကိုဗစ်မဖြစ်ခင်အထိ ပအိုဝ်းကလေးတွေဟာ ပညာသင်ကြားဖို့ ဇာတိမြေကနေ ထွက်ခွာနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် ကလေးတွေဟာ မိဘအိမ်ကိုအလည်ပြန်လို့ မရကြတော့သလို မိဘဖက်ကလည်း သားသမီးရှိရာ မြို့ကြီးတွေဆီကို သွားလည်ဖို့ အဆင်မပြေတာကြောင့် အဝေးရောက် ပအိုဝ်းကျောင်းသားတွေနဲ့ ၎င်းတို့ရဲ့မိဘတွေကို ပိုမိုဝေးကွာသွားစေခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မှာလည်း နိုင်ငံရေး အရှုပ်အထွေးတွေ၊ အသွားအလာ ကန့်သတ်မှုတွေနဲ့ မလွတ်လပ်တာကြောင့် တစ်ပူပေါ်နှစ်ပူဆင့်ခဲ့ရပြန်ပါတယ်။
သားသမီးတွေကိုလွမ်းပြီး ငိုကြတဲ့သူတွေရှိသလို ကိုယ့်သားသမီး ကိုဗစ်ကူးစက်ခံနေရပြီးလား၊ နိုင်ငံရေးအရှုပ်အထွေးတွေကြား ကောင်းကောင်းအိပ်ရပါ့မှာလားစတဲ့ စိုးရိမ်ပူပင်သောက ရောက်နေကြတဲ့ မိဘတွေလည်း ရှိပါတယ်။
အဝေးရောက်သားကို လွမ်းနေတဲ့ ပအိုဝ်းမိဘတွေထဲမှာ ဒေါ်မြတ်လည်း ပါတယ်။ နေ့စားအလုပ်နဲ့ အသက်မွေးနေပြီး နိစ္စဓူဝ ဖြတ်သန်းနေကြတဲ့ ဒေါ်မြတ်တို့မိသားစုဟာ သူတို့ရဲ့သားကို လွန်ခဲ့တဲ့ငါးနှစ် ၂၀၁၇ တုန်းက ရန်ကုန်ကိုပို့ပြီး ပညာသင်စေခဲ့ပါတယ်။ သားဖြစ်သူဟာ ရန်ကုန်ကိုသွားစဉ်တုန်းက ခြောက်နှစ်အရွယ်သာသာ သာရှိပါသေးတယ်။
ရန်ကုန် ပရဟိတကျောင်းတွေမှာ ကလေးတွေကို သွားပို့ပေးနေတဲ့ အသိတစ်ယောက်ကို ခရီးကုန်ကျစရိတ် တစ်သိန်းပေးပြီး သားလေးကို စိတ်ချ ယုံကြည်စွာနဲ့ ထည့်ပေးလိုက်တာလို့ သူကဆိုပါတယ်။ ဒေါ်မြတ်လည်း လူကိုယ်တိုင် မသွားရောက် နိုင်တာကြောင့် သားလေး နေထိုင်ရာ ပတ်ဝန်းကျင်မှာ ဘယ်လိုပုံစံမျိုး ရှိတယ်ဆိုတာကို အသေချာ မသိခဲ့ပါဘူး။
ဒေါ်မြတ်လည်း သူ့သားနဲ့ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်ကို သွားပို့ပေးတဲ့ သူဆီကနေယူပြီး ဖုန်းလေးနဲ့သာ စကားပြော အဆက်သွယ် ပြုလုပ်ရပါတယ်။ သားလေးနဲ့ စကားပြောချင်ရင် ဦးဇင်းကနေ တစ်ဆင့် သားလေးနဲ့ တစ်လကို သုံးခါလောက်တော့ ဖုန်းဆက်ပြော ဖြစ်တယ်လို့ ဆိုပါတယ်။
“သတိရလည်း ဖုန်းလေးနဲ့ပဲ အလွမ်းဖြေရတယ်” ဆိုပြီး ပြီးခဲ့တဲ့နှစ်တွေတုန်းက ဖြတ်သန်းလာခဲ့ရတဲ့ အကြောင်းကို ဒေါ်မြတ်ကပြောပါတယ်။
သုံးနှစ်ပြည့်ရင် သားနဲ့ပြန်တွေ့ရတော့မယ်၊သားမျက်နှာကို မြင်ရတော့မယ်ဆိုတဲ့စိတ်နဲ့အားခဲပြီ သူ့ဘဝကို ဖြတ်သန်းနေထိုင်ခဲ့ပါတယ်။
“ ငါ့သား ပညာသင်နေတာ ပျော်ရွင်နေတယ် သားနဲ့ တွေ့ရမယ့် ရက်ကို ရေတွက်နေမိတယ်” လို့ ဒေါ်မြတ်က သူ့ခံစားချက်ကို ဆိုပါတယ်။
၂၀၂၀ နွေရာသီကျောင်းပိတ်ရက်ရောက်ရင် ဒေါ်မြတ်ဟာသူ့သားကို ရွာဆီ အလည်ပြန်တစ်ခေါက် ပြန်ခေါ်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်မြတ် အားတင်းအားခဲပြီး သားနဲ့တွေ့ရမယ့်ရက်ကို ရေတွက်နေရင်း ကိုဗစ်ကပ်ဆိုးက ဒေါ်မြတ်ကို ဝမ်းနည်းမျက်ရည်ကျစေခဲ့ပါတယ်။ ထိုနှစ်မှာပဲ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု စတင် မြင့်တက်လာခဲ့တာကြောင့် အသွားအလာ ကန့်သတ်ထားတာကြောင့် အလည်ပြန်ခွင့် မရခဲ့ပါဘူး။
သားနဲ့ ဖုန်းထဲမှာ စကားပြော၊ ဓာတ်ပုံတွေ မြင်ရပေမယ့် အလည်ပြန်လာခွင့်ရတဲ့ အချိန်ကြရင် “သားကို တင်းတင်းကျပ်ကျပ် ဖက်ထားမှာ” လို့ ဒေါ်မြတ်က သားအပေါ်မှာထားတဲ့ အချစ်ကို ပြောပြပါတယ်။ဒါပေမယ့် ကိုဗစ်-၁၉ ရောဂါကြောင့် ဒေါ်မြတ် သားမျက်နှာကို အပြင်မှာ မမြင်ရသည်မှာ ယနေ့ အချိန်ထိပဲ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါ သားအပေါ် ကူးစက်ခံနေရပြီလား၊ ကျန်းမာရေးကောင်းရဲ့လားဆိုပြီး ညညအိပ်မပျော်ခဲ့တဲ့ ဒေါ်မြတ်အတွက် ၂၀၂၁ ဖေဖော်ဝါရီရောက်တော့ နောက်ထပ်စိတ်ပူစရာ တစ်ခုထပ်တိုးလာပြန်ပါတယ်။
ရောဂါကူးစက်မှု တွေကြားထဲက စစ်အာဏာသိမ်းလိုက်တာကြောင့် ပြည်သူလူထုတွေလည်း စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ လမ်းပေါ်ကို ထွက်လာကြပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြပြီး နောက်ပိုင်းမှာ မြို့ပြတိုက်ပွဲတွေ၊ လိုက်လံဖမ်းစီးတဲ့သတင်းတွေ ကြားချိန်မှာ တစ်ပူပေါ် နောက်တစ်ပူ ထပ်ဆင့်ခဲ့တယ် လို့ဆိုရမှာပါ။
ကိုဗစ်-၁၉ ရောဂါကြား၊ နိုင်ငံရေးအရှုပ်ထွေးကြောင့် သားကိုစိတ်ပူ၊ သောကရောက်ပြီး ရွာကိုခေါ်ပြန်ချင်ပေမယ့် ဘုန်းကြီးကအရမ်းစိတ်မပူဖို့၊ အကုန်လည်းအဆင်ပြေကြောင်း တစ်ခုခုနဲ့ ကြုံလာပြီဆိုရင် မိဘတွေထံ ကိုယ်တိုင်ပြန်ပို့ပေးမယ်ဖြစ်ကြောင်း စိတ်ချပေးဖို့ ပြောထားသောကြောင့် ဒေါ်မြတ် စိတ်ပူတာတွေ လျော့နည်းလာတယ်လို့ ဆိုပါတယ်။
“ရောဂါ(က)လည်း သူ့အိမ်သူ မပြန်သေးဘူးလားမသိဘူး။ မြန်မြန်ပျောက်စေချင်ပြီ။ နိုင်ငံရေးလည်း ကောင်းစေချင်တယ်” လို့ ဆိုပါတယ်။
မြို့ပြကြီးတွေဆီ ပညာသင်ဖို့ ပို့ထားတဲ့ကလေးတွေ ပျောက်ဆုံးသွားတာကြောင့် ပူဆွေးသောကရောက်ကြရတဲ့ မိခင်တွေလည်း ရှိကြပါတယ်။
တောင်ကြီးမြို့၊ ထီရီးကျေးရွာမှာ နေထိုင်တဲ့ သားနှစ်ယောက်မိခင် နန်းအွန်ဟာ သူ့အမျိုးသားနဲ့အတူ တောင်ယာလုပ်ရင်း အသက်မွေးဝမ်းကျောင်း ပြုကြပါတယ်။
၂၀၁၃ ခုနှစ်၊ မေလလောက်မှာ အသက် (၁၀) နှစ်အရွယ်ရှိတဲ့ သားခွန်အောင်ကီးကို ရန်ကုန်တိုင်း၊ သုဝဏ္ဏရပ်ကွက်ရှိ သူဌေးနေအိမ် တစ်အိမ်မှာ အိမ်အလုပ် ကူရင်းနဲ့ ကျောင်းတက်ဖို့ ကျေးရွာရှိ ဦးဇင်းတစ်ပါးကို လူကြုံထည့် ပေးလိုက်ပါတယ်လို့ သူကဆိုပါတယ်။
အသက် (၁၀) နှစ် အရွယ်ရှိပြီး အတန်းအားဖြင့် ငါးတန်းတက်ပဲ ရှိသေးသည့် ခွန်အောက်ကီးလည်း ကျောင်းတက်ရင်း အိမ်အလုပ်ကူရင်းနဲ့ တစ်နှစ်လောက် ဖြတ်သန်းလာခဲ့ပါတယ်။
နွေရာသီ ကျောင်းပိတ်ရက်ဖြစ်တဲ့ ၂၀၁၄ ခုနှစ်၊ မတ်လ၊ ၅ ရက်နေ့ နံနက်ပိုင်းမှာတော့ ခွန်အောင်ကီး နေအိမ်မှထွက်သွားပြီးတဲ့နောက် ပျောက်ဆုံးသွားပြီး ယနေ့အချိန်ထိ ပြန်မတွေ့တော့ချေ။
“ဘယ်လိုရှာရှာ မတွေ့တော့ဘူး။ သေသလား ရှင်သလားလဲ မသိဘူး” လို့ ခွန်အောင်ကီး မိခင်ဖြစ်တဲ့ နန်းအွန်က ဝမ်းနည်းစွာနဲ့ ဆိုပါတယ်။
ရန်ကုန်ကအိမ်က ခွန်အောင်ကီး ပျောက်သွားကြောင်း ဖုန်းဆက်လာတဲ့ အချိန်မှာ နန်းအွန် ကြားကြားချင်းမှာပဲ ယူကြုံမရ “အရမ်းငိုတော့ ရင်ဘတ်တောင်အောင့်တယ်” လို့ နန်းအွန်က ဆိုပါတယ်။ ထိုအချိန်တွေမှာ အိပ်မရ၊ စားမရ၊ စိတ်နဲ့လူနဲ့ မကပ်တော့သည်မှာ လချီခဲ့တယ်လို့ နန်းအွန်က ပြန်လည် ပြောပြပါတယ်။
“ စားလည်းမဝင်။ အိပ်လည်းမရ။ သေပဲသေသွားပြီလား။ သူများရောင်းစားသွားပြီလား” စတဲ့မေးခွန်းတွေကြား သောကအရမ်းရောက်ရတယ်လို့ နန်းအွန်က သူခံစားကို ပြောပါတယ်။
ထိုနှစ်ထဲမှာပဲ နန်းအွန်တို့ လင်မယားနှစ်ယောက် သားကိုရှာဖို့ ရန်ကုန်ကို မလည်မဝယ် ယောင်လည်လည်ဖြင့် ဆင်းလာပြီး လာရှာခဲ့သလို သတင်းစာမျက်နှာမှာလည်း ကြော်ငြာတွေ ထည့်ထားပေမယ့်လည်း ဘယ်လိုရှာရှာ ပြန်မတွေ့ခဲ့ပါဘူး။
၁၁နှစ်သားအရွယ်ကတည်းက ပျောက်ဆုံးသွားတဲ့ သားခွန်အောင်ကီးကို ကိုးနှစ်ကြာ လိုက်ရှာနေခဲ့တဲ့ နန်းအွန်ဟာ ဗေဒင်တွေ၊ယတြာတွေကို အားကိုးခဲ့ပေမယ့်လည်း အခုထိ အလုပ်မဖြစ်သေးပါဘူး။ အခုဆိုသူ့သားဟာ အသက် ၁၉၊၂၀ နှစ်အရွယ်ရောက်နေပြီ ဖြစ်ပါတယ်။
ပညာတတ်ကြီး ဖြစ်စေချင်လို့ မြို့မှာသွားထားပေမယ့် သားလေးတစ်ယောက်လုံး ဆုံးရှုံးသွားရတဲ့ နန်းအွန် အတွက်တော့ မြို့ကြီးပြကြီးတွေကို မုန်းနေမိပါတယ်။
“ကျမ သားအငယ်ကိုတော့ သူ့အစ်ကိုလို အဖြစ်မခံနိုင်ဘူး။ မြို့မှာလည်းမထားဘူး။ မထားချင်တော့ဘူး။ ပညာရရ မရရ စိတ်နာတယ်” လို့ နန်းအွန်က ဆိုပါတယ်။
“အသက်ရှင်နေသေးရင် အမေဆီကို ပြန်လာခဲ့ပေးပါ။ နေ့တိုင်း သတိရတယ်။ နေ့တိုင်း သားကို လွမ်းတယ်နေတယ်။ ဒီစာကို တွေ့မယ်ဆိုရင် အမေ့ဆီကို ပြန်လာခဲ့ပေးပါနော်”လို့ နန်းအွန် အသံ တုန်ရီရီဖင့် ပြောပါတယ်။
“သားဒီစာကို တွေ့ရင် အမေ့ဖုန်း ၀၉၆၈၅၉၁၁၆၀၁ ကိုဆက်လာပေးပါနော်”လို့ နန်းအွန်က ဆိုပါတယ်။