ရှင်ငြိမ်း။ ။
အာဏာသိမ်းစစ်တပ်ကလည်း သူတို့ကိုတော်လှန်နေတဲ့ပြည်သူတွေအပေါ်ကို အကြမ်းဖက်နည်းမျိုးစုံနဲ့ ပြင်းပြင်းထန်ထန် ကို တိုက်ခိုက်ချေမှုန်းနေသလို လုံခြုံရေးအကြောင်းပြပြီးတော့လည်း ဥပဒေမဲ့ဖမ်းဆီးတာတွေက နေရာဒေသအသီးသီးမှာ တစ်နေရာမဟုတ် တစ်နေရာမှာရှိနေတတ်ပါတယ်။
ဒါတွေကြောင့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၄ ရက်ထိဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူပေါင်း ၉,၉၀၉ ယောက်ရှိပြီး ဒီထဲမှာ ၈၇၁ ယောက်က ထောင်ဒဏ်ချမှတ်ခံထားရပါတယ်လို့ ဆိုထားပါတယ်။
ဒီလိုဖမ်းဆီးခံထားရသူတွေထဲကတချို့ကို အာဏာသိမ်းစစ်တပ်က အကြပ်ကိုင်ငွေကြေးတောင်းပြီး ပြန်လွှတ်ပေးတာတွေရှိ နေပါတယ်။ HI သတင်းဌာနကနေ လက်လှမ်းမီသမျှ ကောက်ယူထားတဲ့စာရင်းတွေနဲ့ လူမူကွန်ရက်စာမျက်နှာပေါ်မှာ တွေ့ရှိရတဲ့သတင်းတွေအရ ငွေကြေးနဲ့ရွေးထုတ်ခဲ့ရသူပေါင်းဟာ ၁၀ ယောက်ကျော်ရှိနေပါတယ်။
ဒီထဲမှာလှည်းကူးမြို့နယ်က အသက် ၂၀ ဝန်းကျင်သာရှိသေးတဲ့ မောင်ဝေယံအောင်နဲ့ မရတနာအောင်တို့ မောင်နှမ နှစ် ယောက်လည်းအပါအဝင်ဖြစ်တယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က သပိတ်မှာပါဝင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်။
ဖမ်းဆီးခံရပြီး ၁၀ ရက်အကြာမှာ မောင်ဝေယံအောင်ကို လွှတ်ပေးခဲ့ပြီး မရတနာအောင်ကိုတော့ ငွေကျပ်သိန်း ၅၀၀ ပေးမှ ပြန်လွှတ်ပေးမယ်လို့ ရဲနဲ့ စစ်တပ်က အမှာပါးလိုက်တာကြောင့် မိဘတွေမှာ စိုးရိမ်သောကမီးတွေတောက်လောင်ခဲ့ရတယ်။
သမီးဖြစ်သူအတွက် စိုးရိမ်ပူပန်ရသလို အာဏာသိမ်းစစ်တပ်က တောင်းတဲ့ငွေကြေးအတွက်ပါ ထပ်ဆင့်ပူပန်ကြရပြန်ပါ တယ်။
မိဘတွေဟာ လှည်းကူးဈေးထဲမှာ သာမာန်ဟင်းရွက်ဟင်းသီးရောင်းသူတွေဖြစ်ပြီး စုဆောင်းမိလောက် အောင်ငွေကြေး မရှိကြသလို ပိုင်ဆိုင်ဆိုတာကလည်း လက်ရှိနေတဲ့ အမွေဆိုင်အိမ်ကလွဲလို့ တခြားမရှိကြလို့ပါ။
“ သားသမီးတွေအဖမ်းခံရလို့ စိတ်ထောင်းကိုယ်ကျေဖြစ်နေရတဲ့အထဲ သမီးကိုသိန်း ၅၀၀နဲ့ လာထုတ်ခိုင်းတော့ ဘယ်မိဘ နေနိုင်မှာလဲ။ အမျိုးတွေဆီလှည့်ပြီး မျက်ရည်ခံထိုးအကူအညီတောင်းရတော့တာပေါ့။ ဒါမဲ့အားလုံးက ခက်ခဲတယ်။ သူတို့နဲ့ မပတ်သက်တဲ့ကိစ္စဖြစ်နေတော့ မကူညီကြဘူး”လို့ မိခင်ဖြစ်သူက သူရဲ့အခက်အခဲကို ပြောပြပါတယ်။
မောင်ဝေယံအောင်တို့မှာ မောင်နှမလေးယောက်ရှိတဲ့အထဲ သူတို့အမွှာမောင်နှမ နှစ်ယောက်ဟာ အငယ်ဆုံးတွေဖြစ်ကြပြီး အကြီးဆုံးအကိုနှစ်ယောက်က အိမ်ထောင်ကျကာ အလုပ်တွေနဲ့နယ်မှာနေထိုင်ကြတာဖြစ်ပါတယ်။
မိသားစုမှာ အငယ်ဆုံးတွေဖြစ်သလို မိဘတွေနဲ့အတူနေထိုင်တဲ့တက္ကသိုလ်ကျောင်းသားလေးဖြစ်ကြလို့ သူတို့မောင်နှမ နှစ်ယောက်ဟာ အိမ်ရဲ့ဆည်းလည်းလေးအဖြစ်နဲ့ မိဘအရိပ်အောက်မှာမပူမပင်နေခဲ့ကြရတဲ့သူတွေပါ။
ဒီလိုမိဘတွေအမြတ်တနိုးထားတဲ့သားသမီးတွေကို စစ်တပ်က အကြမ်းဖက်လက်ထိပ်ခတ်ဖမ်းဆီးခေါ်သွားတာကို မျက်မြင် တွေ့လိုက်ရတဲ့မိခင်ဖြစ်သူဟာ နေရာမှာပဲသတိလစ်မေ့မြောသွားတဲ့အထိ ရင်ကွဲမတတ်ခံစားခဲ့ရပါတယ်။
အခုလိုသားသမီးတွေအတွက် သောကရောက်နေချိန်မှာ သားဖြစ်သူလွတ်မြောက်လာလို့ ဝမ်းသာခဲ့ရပေမယ့် သမီးဖြစ်သူ သိန်း ၅၀၀ နဲ့ပြန်ထုတ်ယူရမယ့်အရေးက မိဘတွေအတွက် စိုးရိမ်မှုအပြင် ငွေကြေးအတွက်ပါသောကရောက်ရတာ ဖြစ် တယ်။
ဒီလိုအခြေအနေမှာ မိခင်ဖြစ်သူက သမီးဖြစ်သူကိုပြန်ထုတ်ဖို့အတွက် ပြည်သူကိုသတ်ဖြတ်နေတဲ့စစ်တပ်ကို ငွေကြေး ပေးတာမျိုးက မလုပ်သင့်ဘူးဆိုတဲ့ဆွေမျိုးတွေရဲ့ဝေဖန်ထောက်ပြမှုတွေနဲ့ပါ ရင်ဆိုင်နေရပြန်တယ်။
ကြံရာမရတဲ့အဆုံးမှာတော့ လက်ရှိနေတဲ့အိမ်ကို အမွေဆိုင်သူထံမှာပေါင်နှံပြီး ငွေကြေးချေးပေးလို့ ခံဝန်ထိုးကာ သမီးဖြစ် သူပြန်လည်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။
ပြန်လွှတ်တဲ့မရတနာအောင်က“အချုပ်မှာရက် ၂၀ နေခဲ့ရတယ်။ ရောက်ရောက်ချင်းဓါတ်ပုံပြပြီး ဒီမှာတွေ့လား။ သပိတ် မှာနင်ပါတယ်လို့ပြောပြီးဝန်ခံခိုင်းတယ်။ ငြင်းရင် ဝါယာကြိုးနဲ့ရိုက်တယ်။ တစ်ညလုံးအဲ့လိုလုပ်တာ”လို့ ပြန်ပြောပြပါတယ်။
နောက်ရက်တွေမှာ အချုပ်ထဲမှာနေရပြီး စစ်ဆေးမေးမြန်းတာတွေမရှိတော့ပေမယ့် ငွေပေးရင် ခံဝန်နဲ့ပြန်လွှတ်မယ်။ မပေး ရင်တော့ ထောင်ထဲဝင်ရမယ်ဆိုတဲ့စကားနဲ့လည်း ခြိမ်းခြောက်ခံရတယ်လို့ သူက ရှင်းပြပါတယ်။
မရတနာအောင်တို့မောင်နှမနှစ်ယောက်ဟာ အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းတွေမှာ ကိုယ့်ဆန္ဒနဲ့ကိုယ်ပါဝင်ခဲ့ လို့အခုလိုအဖမ်းခံရတာကို နောင်တမရပေမယ့် နွမ်းပါးတဲ့မိဘတွေရဲ့ငွေကြေးဆုံးရှုံးရတဲ့အပေါ်မှာတော့ စိတ်မကောင်းဖြစ် နေကြပုံရပါတယ်။
အဲ့လိုပဲ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁ ရက်(စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်တဲ့နေ့)ကလည်း အသံတိတ်သပိတ်လုပ်ဖို့ လူမူကွန်ရက် စာမျက်နှာပေါ်မှာဝေမျှပေးခဲ့တဲ့မသီသီထွန်းကို စစ်တပ်က အဲ့ဒီနေ့ည ၁၂ နာရီလောက်မှာလာရောက်ဖမ်းခေါ်သွားခဲ့တယ်။
“စစ်ဆေးတာ၊ ဘာညာတော့မရှိဘူး။ အချုပ်ထဲမှာ ဖမ်းခံထားရတဲ့မိန်းကလေးနှစ်ယောက်နဲ့အတူနေရတယ်။ မနက်ကျ အိမ်ကိုဖုန်းဆက်ပြီး ငွေသိန်း ၅၀ နဲ့လာခေါ်ဖို့ပြောခိုင်းတယ်။ ကျမတို့မှာအဲ့လောက်ငွေမရှိလို့ ပေးနိုင်မှာမဟုတ်ဘူးဆိုတော့ ဒါဆိုထောင်ကျခံလိုက်ပေါ့တဲ့”လို့ မသီသီထွန်းက ပြန်ပြောပြပါတယ်။
မန္တလေးဈေးချိုထဲက အထည်ဆိုင်တစ်ခုမှာ အရောင်းစာရေးဖြစ်တဲ့မသီသီထွန်းဟာ ဖခင်မရှိတဲ့အတွက် အမေအိုကြီးကို တစ်ယောက်ထဲပြုစုလုပ်ကိုင်ကျွေးမွေးနေသူဖြစ်လို့ အဲ့လောက်ငွေကြေးကို မပေးနိုင်ပါလို့ ငြင်းဆိုခဲ့တာဖြစ်တယ်။
မိခင်ဖြစ်သူကလည်း“သိန်း ၅၀ နဲ့လာထုတ်ဆိုတာကြားလိုက်ရတော့ ခေါင်းနပန်းကြီးသွားတယ်။ အခုချိန်သိန်း ၅၀ ဆိုတာ ဘယ်မှာသွားရှာမလဲ။ ခေတ်ပျက်ကြီးထဲဘယ်သူမှငွေမချေးပေးချင်ကြဘူး။ စဉ်းစားမရတဲ့အဆုံး ကျမဘယ်လောက်ထိ တွေးမိခဲ့လဲဆို ခန္ဓာကိုယ်ကိုလှီးဖြတ်ပြီးရောင်းလိုက်ချင်တာ”လို့ ဆိုပါတယ်။
သို့ပေမဲ့ မိခင်ဖြစ်သူက သမီးကိုမထိခိုက်စေလိုတဲ့ဆန္ဒကြောင့် အိုစာမင်းစာစုဆောင်းထားတဲ့လက်ဝတ်လက်စားတွေကို ရောင်းချပြီး အိမ်ဂရံပေါင်လို့ရတဲ့ငွေကျပ်သိန်း ၅၀ နဲ့ရွေးထုတ်ခဲ့ရတာပါ။
မသီသီထွန်းရဲ့မိခင်ဖြစ်သူက “ဒီအချိန်က ကျမတို့ကသူတို့လက်ခုပ်ထဲကရေဖြစ်နေတော့ တပ်ချင်တဲ့ပုဒ်မတပ်ပြီး ဖမ်းထား လိုက်လို့ရနေတာ။ သမီးလေးထောင်ထဲမှာတစ်ခုခုဖြစ်မှာစိုးတော့ မဖြစ်ဖြစ်အောင်ရွေးထုတ်ရတာပဲပေါ့။ သမီးလေးအနာ ဂတ် က ရှိသေးတယ်လေ”လို့ ဆိုပါတယ်။
မသီသီထွန်းတို့ မရတနာအောင်တို့အတွက် လတ်တလောရွေးထုတ်မယ့်အခက်အခဲကို ဖြေရှင်းလိုက်နိုင်လို့ တစ်ပူငြိမ်းသွား ပေမယ့် နောက်ဆက်တွဲဖြစ်တဲ့ချေးငွေကို ဘယ်လိုပြန်ဆပ်ကြမလဲဆိုတာကိုတော့ သက်ဆိုင်ရာမိဘတွေအနေနဲ့ စဉ်းစား ထားချက်မရှိသေးဘူးလို့ ဖွင့်ဟကြပါတယ်။
အလားတူပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က သိန်းတစ်ရာပေးပြီး ခံဝန်နဲ့လွတ်မြောက်လာရသူကတော့ အသက် ၂၃ နှစ်အရွယ် မဝါဝါနွယ်ပါ။ သူ့ကိုတော့ ဒေသကာကွယ်ရေးတပ်တွေကို ထောက်ပံ့ပေးနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖမ်းခံရတာ ဖြစ်တယ်။
မဝါဝါနွယ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းဇာတိဖြစ်ပြီး ရန်ကုန်မြို့က သွင်းကုန်ထုတ်ကုန်ကုမ္ပဏီတစ်ခုမှာ တရုတ်စကားပြန် အဖြစ်ဝင်ရောက်လုပ်ကိုင်နေတာ ခုနစ်နှစ်ကျော်ရှိပါပြီ။ ရန်ကုန်မြို့ရှိတိုက်ခန်းတစ်ခုမှာ အမျိုးသမီးသုံးယောက်စုပြီး ဌားရမ်း နေထိုင်နေတာဖြစ်တယ်။
သူ့ကုမ္ပဏီဟာ ကိုဗစ်ကာလမှာကတည်းက ရပ်နားသွားတာဖြစ်ပေမယ့် မဝါဝါနွယ်က နေရပ်ကိုမပြန်ဘဲ ရန်ကုန်မှာတရုတ် စာလိုက်သင်ပေးရင်း မိသားစုကိုထောက်ပံ့ပေးနေခဲ့တဲ့သူပါ။ စစ်အာဏာသိမ်းလိုက်တော့လည်း သူကစာသင်ရင်း တစ်ဖက် မှာ အာဏာရှင်ဆန့်ကျင်ရေးလုပ်ခဲ့တယ်။
သတင်းပေးတွေရဲ့ချောက်ချတာကြောင့် ဇန်နဝါရီလ ၂ ရက်နေ့၊ ည ၁၀ နာရီဝန်းကျင်မှာ ရဲနဲ့ စစ်သားတွေက သူနေထိုင်ရာ တိုက်ခန်းကို ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်။ အတူနေအခန်းဖော်နှစ်ယောက်က အာဏာသိမ်းလိုက်တဲ့နေ့ကတည်းက နေရပ်ပြန်သွားကြလို့ စစ်တပ်လာဖမ်းချိန်က တိုက်ခန်းမှာသူတစ်ယောက်ထဲရှိခဲ့တာပါ။
မဝါဝါနွယ်က“သူတို့က သိန်းတစ်ရာပေးရင်လွတ်ပေးမယ်လို့ပြောတယ်။ ကျမကလည်း မိသားစုအကြောင်းနဲ့ တိုက်ခန်းမှာ တစ်ယောက်ထဲနေတာမို့ လာထုတ်ပေးမယ့်သူမရှိဘူး။ ငွေလည်းမရှိဘူး။ အိမ်ကိုရတာနဲ့လွှဲတာလို့ရှင်းပြတယ်။ ဒါဆိုတရား ရုံးတက်ရမှာတဲ့”လို့ ပြောပါတယ်။
သူအချုပ်ထဲနေ၊ နေရတဲ့အချိန်မှာ တာဝန်ရှိရဲတစ်ယောက်က မကြာခဏအိမ်ကိုဖုန်းခေါ်ခိုင်းပြီး ညှိနှိုင်းမှုလုပ်ခိုင်းပါတယ်။
တစ်လကျော်လာတဲ့နောက်မှာတော့ ညှိနှိုင်းတာမဟုတ်ဘဲ မိသားစုဝင်တွေနဲ့ပါခြိမ်းခြောက်လာတာကြောင့် မဝါဝါနွယ် အနေနဲ့ ဆက်တင်းခံမနေတော့ဘဲ မိဘတွေထံဖုန်းဆက်ကာ အကျိုးအကြောင်းပြောပြလိုက်ရပါတော့တယ်။
မဝါဝါနွယ်ဟာ မောင်နှမလေးယောက်ရှိတဲ့အထဲမှာ အကြီးဆုံးသမီးဖြစ်ကာ အငယ်ဆုံးမောင်ငယ်နှစ်ယောက်က အလယ် တန်းကျောင်းသားတွေဖြစ်တယ်။ညီမဖြစ်သူက အိမ်ထောင်ကျသွားပြီး ဖခင်က အသဲကင်ဆာဖြစ်နေတာကြောင့် အိမ်ရဲ့ စားဝတ်နေရေးဟာ သူရဲ့ဝင်ငွေအပေါ်မှာသာ မှီခိုနေရတာပါ။
ဒီလိုအခြေအနေမှာ မဝါဝါနွယ်ရဲ့မိဘတွေအနေနဲ့ သမီးဖြစ်သူရွေးထုတ်ဖို့ဆိုတာ မလွယ်တဲ့အနေအထားဖြစ်ပါတယ်။
“ကျမအဖမ်းခံရတယ်ပြောတော့ မိဘတွေကအရမ်းစိတ်ပူသွားတယ်။ ငွေရရင်လွတ်ပေးမယ်ပြောတော့ အမေကစိတ်မပူနဲ့ ပြောတယ်။ အမေတို့ ၄ ရက်ကရောက်ပြီး ၅ ရက်မှာလာထုတ်တာ။ အမေဘယ်ကငွေရလဲဆိုတော့ ဘိန်းသယ်ပေးခဲ့တာ တဲ့”လို့ မဝါဝါနွယ်က ပြောပါတယ်။
ဒါတွေကို သူတို့တွေပဲ ခံစားနေရတာမဟုတ်ဘဲ ထောင်မကျဘဲနဲ့ ပြည်သူကို ရန်သူလိုသဘောထားတဲ့စစ်တပ်ရဲ့အမြင် မကြည်မှုကြောင့် ဖမ်းဆီးငွေညှစ်ခံရသူတွေလည်းရှိပါသေးတယ်။
သူတို့တွေကတော့ ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်မှာ ဆိုင်ကယ်စီးလာတဲ့အသက် ၂၂ အရွယ်အမျိုးသားနှစ်ယောက်ကို ရဲနဲ့ စစ်သားတွေက ရုတ်တရက်တားဆီးကာ ဖုန်းယူစစ်ရာမှ VPN တွေ့လို့ဆိုပြီး စခန်းကိုဖမ်းခေါ်သွားပါတယ်။
စခန်းရောက်တော့ တစ်ယောက်ကို ငွေနှစ်သိန်းပေးရမယ်။ မပေးနိုင်ရင် စစ်ထဲဝင်ရမယ်လို့ ဖိအားပေးပါတယ်။ အမျိုးသား နှစ်ယောက်ကတော့ မိဘတွေကအသက်ကြီးပြီမို့ မဝင်ပါရစေနဲ့လို့ငြင်းဆန်နေတဲ့အချိန်မှာ အိမ်ကလာထုတ်ပေးလို့ လွတ် လာခဲ့ရတာဖြစ်တယ်။
သူတို့နှစ်ယောက်ရဲ့ပြောပြချက်အရ သူတို့လိုလမ်းမှာအဖမ်းခံရသူ လေးယောက်ပါလာပြီးတချို့ကိုအိမ်ကရွေးထုတ်နိုင်လို့ လွတ်သွားရပေမယ့် ငွေကြေးမတတ်နိုင်သူတွေကထုတ်မပေးနိုင်တဲ့အတွက် တရားရုံးတက်၊ ထောင်ကျခံရုံအပြင် လွတ် လမ်းမရှိဘူးလို့ ဆိုပါတယ်။
ဖမ်းခံရသူတွေအရေးဆောင်ရွက်ပေးနေတဲ့တရားလွှတ်တော်ရှေ့နေတစ်ယောက်ကတော့ ဒါဟာလာဒ်ထိုးတာလည်းမဟုတ် ဘူး။ လက်နက်နဲ့အာဏာကိုသုံးပြီး ပြန်ပေးဆွဲတာသက်သက်ပဲလို့ ပြောပါတယ်။
အမှန်က အဖမ်းခံထားရသူတွေအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်ရင် ထောင်ထွက်လက်မှတ်နဲ့လွတ်ရသလို အမှု ရင်ဆိုင်နေသူတွေလည်း အမှုရုတ်သိမ်းပြီး တရားရုံးကလွှတ်ပေးရတာဖြစ်ပါတယ်။
ဒါတွေကိုဖောက်ဖျက်ပြီး အာဏာသိမ်းစစ်တပ်က သူ့သဘောဆန္ဒနဲ့သူ ဖမ်းဆီး၊ ပြီးရင်အဆမတန်ငွေကြေးတောင်းပြီး လွှတ်ပေးနေတာတွေက ပြည်သူတွေကိုဒုက္ခတွင်းထဲတွန်းပို့နေတာနဲ့အတူတူပဲလို့ သူက မှတ်ချက်ပြုပါတယ်။
နိုင်ငံရေးလေ့လာသူတစ်ယောက်ကတော့“နိုင်ငံအာဏာကိုယူထားရင် ပြည်သူကိုကာကွယ်ပေးရမှာ နိုင်ငံအုပ်ချုပ်သူတွေ ရဲ့တာဝန်ပဲ။ ပြည်သူကိုမကာကွယ်ဘဲ အခုလိုဒုက္ခရောက်အောင်အကြမ်းဖက်မယ်။ သူခိုးဓါးပြလိုလုပ်နေမယ်ဆိုရင် တော် လှန်ရေးကဆက်ရှိနေမှာပဲလေ”လို့ သုံးသပ်ပါတယ်။
မရတနာအောင်အနေနဲ့က ပြည်သူတွေအနေနဲ့ စိတ်ရော၊ ကိုယ်ပါလုံခြုံစိတ်ချစွာနေထိုင်ချင်ရင်တော့ အာဏာရှင်တော်လှန် ရေးအမြန်အောင်မှဖြစ်မယ်လို့ အခုလိုပြောလိုက်ပါတယ်။
“စစ်တပ်က ပြည်သူကိုရက်ရက်စက်စက်ဖမ်းဆီးသတ်ဖြတ်ရုံတင်အားမရလို့ ဓါးပြတိုက်တဲ့လူမိုက်ဂိုဏ်းကြီးဖြစ်နေပြီ။ ဒါကို မရရတဲ့နည်းနဲ့ အမြန်ဆုံးသုတ်သင်နှိမ်နင်းမှ ပြည်သူတွေရဲ့ဘဝတွေလုံခြုံမှာ”