ခိုင်ရီ။ ။
“ငါ့မှာ နေစရာအိမ် မရှိတော့ဘူး၊ ငါတော့ ဘဝပျက်ပါပြီ”
ဓနိမိုး၊ ထရံကာ၊ သစ်သားခြေတံရှည်အိမ်ကလေးကို အကြွေးနဲ့သိမ်းခံလိုက်ရပြီးတဲ့နောက်မှာ ဆောက်တည်ရာမဲ့နေတဲ့ အသက် ၄၀ကျော်အရွယ် မခင်ပုံ့က ရက်ဆက်ဆိုသလို ငိုကြွေးထားလို့ မို့အစ်နေတဲ့မျက်လုံးတွေကို လက်ဖမိုးနဲ့ ခပ်ကြမ်း ကြမ်းပွတ်ရင်း ဆိုတယ်။
ငွေပိုငွေလျှံမရှိတဲ့ အခြေခံလူတန်းစားဖြစ်ပေမယ့် ကိုဗစ်ကပ်ဘေး မတိုင်ခင်အထိ မခင်ပုံ့တို့မိသားစု စားဝတ်နေရေးဟာ အဆင်ပြေနေခဲ့ပါသေးတယ်။
ဒီကာလတိုအတွင်း အိမ်အသိမ်းခံရလောက်အောင် အကြွေးတွေဘယ်လိုတင်ခဲ့သလဲလို့ အစကောက်ရမယ်ဆိုရင် တရားခံ က ဆင်ကြီးတစ်ကောင်လို့ ပြောရမှာပါ။
စွယ်စုံဆင်ကြီးတစ်ကောင်ဟာ ခြေဦးတည့်ရာ လျှောက်သွားရင်း တွေ့သမျှ သီးနှံစိုက်ခင်းတွေထဲ ဝင်လိုက်တယ်။ ပြီးတော့ သူ့ခြေထောက်နဲ့နင်းတယ်၊ နှာမောင်းနဲ့လိမ်ပြီး အပင်တွေကို ချိုးဖဲ့ စားသောက်လိုက်တယ်။
သူ့ရဲ့အရှင်သခင်ဖြစ်တဲ့ ဆင်ဦးစီးရောက်လာချိန်မှာတော့ ဆင်ကြီးကြောင့် ပျက်စီးဆုံးရှုံးနေတဲ့ ကိုင်းခင်းကို သာ တွေ့ရ ပါတော့တယ်။ အဲဒီ ပျက်စီးဆုံးရှုံးတာတွေအတွက် ကိုင်းခင်းပိုင်ရှင်ကို အလျှော်ပေးဖို့တာဝန်က ဆင်ဦးစီးရဲ့တာဝန် ဖြစ်လာ ခဲ့တယ်။
ဒီတာဝန်ကို ဖြေရှင်းဖို့အတွက် လခစား ဆင်ဦးစီးတစ်ယောက်ရဲ့ မိန်းမဖြစ်သူ မခင်ပုံ့၊ ငွေပိုငွေလျှံမရှိတဲ့ မခင်ပုံ့ဟာ လိုအပ်တဲ့ငွေကို ချေးငှားရတယ်။ ဆင်ကြီးဖျက်ဆီးလိုက်လို့ ပျက်စီးသွားတဲ့ စိုက်ခင်းရဲ့တန်ဖိုးကို ပေးလျော်လိုက်ရတယ်။ ဒါက တစ်နေ့မှာ အိမ်ကိုအကြွေးနဲ့ သိမ်းခံရမယ့် ဇာတ်လမ်းအစပါပဲ။
ကိုဗစ်ကပ်ရောဂါပိုး ကူးစက်ပျံ့နှံ့ခဲ့တဲ့နောက်ပိုင်း ကမ္ဘာအနှံ့မှာ စီးပွားရေးကြပ်တည်းမှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီး၊ ဖွံ့ဖြိုး တိုးတက် ပြီး နိုင်ငံကြီးတွေအတွက် ဆင်ပိန်ရင် ကျွဲလောက်ကျန်ပေမယ့် မြန်မာပြည်လို ဖွံ့ဖြိုးမှုအောက်နိမ့်ကျတဲ့ နိုင်ငံအတွက်က တော့ ပိန်စရာအသားမကျန်၊ ကံဆိုးမှုလှိုင်းတွေ စထန်ခဲ့တဲ့ ကာလတွေလို့ပြောရမှာပါ။
အဲဒီနောက်ပိုင်း အလုပ်လက်မဲ့ဦးရေတွေ များပြားလာခဲ့ပြီး “ရှေ့ဆက် ဘာလုပ်စားရပါ့မလဲ” ၊ “စားဝတ်နေရေးအတွက် ဘယ်လိုရှေ့ဆက်ရမလဲ” ဆိုတဲ့ ငြီးတွားသံတွေ ညံလာခဲ့တယ်။
ကပ်ရောဂါဘေးကြောင့် အစစအရာရာ အကျပ်အတည်းပေါင်းများစွာနဲ့ ရင်ဆိုင်နေကြရတဲ့ မြန်မာပြည်သူအများစုအတွက် ဘူးလေးရာ၊ ဖရုံဆင့် ဆိုတဲ့ စကားပုံလိုပဲ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ထပ်ပြီး ရင်ဆိုင်လိုက်ရ ပြန်တယ်။
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်နက်မဲ့ပြည်သူတွေဟာ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်မှုပေါင်း ထောင်သောင်း မက ဖြစ်ပွားခဲ့တယ်။ ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ဖြိုခွဲမှုတွေ၊ ဖမ်းဆီးထောင်ချမှု၊ အရက်စက်ဆုံးနည်းလမ်းတွေနဲ့ သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်လာပြီးတဲ့နောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေး စာမျက်နှာအဖြစ် ပြောင်းလဲသွားခဲ့ ပါတယ်။
မြန်မာပြည်အနှံ့အပြားက တိုင်းရင်းသားဒေသတွေရော၊ တောင်တန်းရော၊ ပြည်မရော၊ အညာဒေသပါမကျန် အာဏာ ရှင်စစ်မီး တောက်လောင်နေတာ နှစ်ချီလာခဲ့ပါပြီ။ စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ပြည်သူတွေ၊ တောင်ထဲမှာ အစားဆင်းရဲ အနေဆင်းရဲပြီး ရင်နာ ဖွယ်အဖြစ်ဆိုးတွေနဲ့ အသက်ဆုံးရှုံးနေရတဲ့ ပြည်သူ့ဘဝတွေဟာ နိုင်ငံ အနှံ့အပြားမှာ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေပါတယ်။
အာဏာရှင်စနစ်ကို အလိုမရှိတဲ့ ပြည်သူတိုင်းကို ရန်သူလိုသဘောထားသတ်ဖြတ်တာ၊ ရွာလုံးကျွတ် မီးလောင်တိုက်သွင်း ပစ်တာ၊ ကလေးငယ်၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူစတဲ့ အားအနည်းဆုံး လူသားတွေအပေါ်မှာတောင်မှ လူမဆန်စွာ ပြုမူတဲ့ စစ်ဘီလူးတွေရဲ့ ဘေးရန်ကို အချိန်နဲ့အမျှ ခံစားနေကြရတယ်။
အခြေခံလူတန်းစားများပြားတဲ့ မြန်မာပြည်သူတွေရဲ့ အခြေအနေဟာ “ရှေ့ဆက်ဘာတွေလုပ်ကိုင် စားသောက်ရမလဲ” ဆိုတဲ့ အနေအထားကနေ “မနက်ဖြန် ဘယ်လိုထမင်းစားရမလဲ” ဆိုတဲ့ အနေအထားထိ ရင်ဆိုင်လာရတယ်။
မြန်မာနိုင်ငံအနှံ့မှာ စစ်ဘေးဒုက္ခမီးတွေ တောက်လောင်နေပေမယ့် မခင်ပုံ့တို့မိသားစုနေထိုင်တဲ့ ပြည်နယ်၊ မြို့နယ် ကတော့ အသွားအလာမပျက်၊ မင်္ဂလာဆောင်၊ ရှင်ပြု စတာတွေ၊ သဲပုံစေတီပွဲ၊ ဇာတ်ပွဲစတာမျိုးတွေ လုပ်နိုင်တဲ့ အနေ အထားဖြစ်ပါတယ်။
အဲဒီလို အိမ်ထောင်စုတွေထဲမှာ မခင်ပုံ့တို့မိသားစုလည်း အပါအဝင်ဖြစ်ပါတယ်။ မခင်ပုံ့ရဲ့အမျိုးသားဟာ အိမ်ရဲ့ စားဝတ် နေရေးအတွက် အဓိကဝင်ငွေရှာနေတဲ့ ဆင်ဦးစီးတယောက်ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းတွေ ပုံမှန်လည်ပတ်နေစဉ် ကာလမှာ အလုပ်ဖြစ်နေတဲ့ ဆင်စခန်းတစ်ခုရဲ့ ဆင်ဦးစီးတစ်ယောက်ပါ။
ဒါပေမယ့် ကိုဗစ်ကာလမှာ ခရီးသွားလုပ်ငန်းတွေ ရပ်တန့်လိုက်ရပြီး ဆင်စခန်းကလည်း ပိတ်လိုက်ရတယ်။ မခင်ပုံ့ရဲ့ အမျိုးသားဟာ ပုံမှန်ဝင်ငွေတွေ လျှော့ပါးသွားပြီး မူလရရှိနေတဲ့လစာကို နောက်ကျမှရတာ စတဲ့အခက်အခဲတွေကို ရင်ဆိုင် ခဲ့ရတယ်။
လတ်တလောရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ငွေတိုးချေးလိုက်တဲ့ မခင်ပုံ့ဟာ ကိုဗစ်ကာလ တစ်လျှောက်လုံးချေးငွေကို ပြန်ဆပ်ဖို့အတွက် တခြားက အသစ်ချေးပြီး ဆပ်ရတဲ့နည်းကလွဲရင် တခြားမရှိခဲ့ဘူး။ အကြွေးရှင်တွေ အသစ်ပြောင်းသွားတယ်၊ အကြွေးနွံနဲ့ အတိုးနွံက နစ်သထက်နစ်လာခဲ့တယ်။
ဒီကြားထဲ စစ်တပ်အာဏာသိမ်းမှုနောက်ဆက်တွဲဖြစ်တဲ့ အခြေခံစားသုံးကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတာတွေ ကြောင့် စားဝတ်နေရေးက တနေ့တခြား ပိုခက်ခဲ ကျပ်တည်းလာကြတယ်။
မခင်ပုံ့လို အိမ်ရှင်မတွေအတွက် ရပ်ကွက်ထဲက အိမ်ရှင်မတွေကို ဝိုင်းကြီးချုပ်စနစ်နဲ့ ငွေချေးပေးပြီး အပတ်စဉ်ခွဲဆပ်ရတဲ့ အသေးစားငွေချေးလုပ်ငန်းတွေက အားကိုးရာဖြစ်လာတယ်။
အသေးစားချေးငွေလုပ်ငန်းဆိုတာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းမဟုတ်ဘဲ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာအကူအညီ စတဲ့ ဘတ်ဂျက်တွေနဲ့ လည်ပတ်တဲ့ ကုမ္ပဏီလုပ်ငန်းမျိူးဖြစ်တော့ အတိုးသက်သာတယ်၊ ပြန်ဆပ်ရတာကလည်း အလီလီ ခွဲဆပ်လို့ရတဲ့ စနစ်ဖြစ်တယ်။ အရပ်ထဲမှာ ချေးနေရတဲ့ ငွေတိုးက ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း အထိ ပေးနေ ရတဲ့အတွက် အဲဒါတွေနဲ့ ယှဉ်ရင် အများကြီး ဝန်ပေါ့တယ်။
ဒါပေမယ့် ပြန်ဆပ်ရမယ့် ရက်မှာ မဖြစ်မနေပြန်ဆပ်ရမယ့် တင်းကျပ်တဲ့ စည်းကမ်းတွေရှိတဲ့အခါ ဆပ်ဖို့ အခက်အခဲရှိတဲ့ အိမ်ရှင်မတွေအတွက်တော့ အပြင်အရပ်အတိုးနဲ့ ချေးပြီး ဆပ်ကြရတယ်။ ဒါနဲ့ပဲ ချေးငွေနွံထဲမှာ နစ်ပြီးရင်းနစ်နေကြတယ်။
ဒီဘက်ကချေးငွေကြေဖို့အတွက် တခြားတဖက်က အတိုးကြီးကြီးနဲ့ ချေးပြီး ပြန်ဆပ်ရတဲ့အခါ စားဝတ်နေရေး အဆင်ပြေ ရေးဆိုတာ လိုက်လေဝေးလေ ဖြစ်လာကြတယ်။ ကိုဗစ်မတိုင်ခင်ကာလက ဝင်ငွေနဲ့ထွက်ငွေ စည်းချက်မှန်မှန်နဲ့ အဆင် ပြေနေတဲ့ဘဝတွေဟာ တဖြည်းဖြည်းနဲ့ ပိုကျပ်တည်းလာကြတယ်။
ကျမနေထိုင်ရာ လမ်းထဲမှာ အများစုက လက်လုပ်လက်စားတွေပါ။ ယောကျာ်းသားတွေက ဆိုင်ကယ်ကယ်ရီဆွဲသူ၊ ကုန်ကားမောင်းသူ၊ ပန်းရံလုပ်သူ စသဖြင့်လုပ်ကြပြီး အမျိုးသမီးတွေကတော့ အဝတ်လျှော်၊ ဈေးရောင်း စတာတွေကို လုပ်ကိုင်ကြတယ်။ အုတ်ဖုတ်လုပ်ငန်းတွေမှာ အလုပ်ကြမ်းသမားတွေအဖြစ် လုပ်ကိုင်ကြတယ်။ အများစုက အခြေခံ လူတန်းစားတွေ များတယ်။
ကိုဗစ်ကပ်ရောဂါဘေး ကျရောက်တဲ့အခါ အမျိုးသားတွေလုပ်ကိုင်နေတဲ့ အလုပ်တွေက ရပ်ဆိုင်းသွားကြပြီး အိမ်ရှင်မ တွေရဲ့ဝင်ငွေနဲ့ ဆက်လက်ရပ်တည်လာကြရတယ်။ စီးပွားရေးအကျပ်အတည်းကြားမှာ ဝင်ငွေရရှိရေး၊ အိမ်မှုကိစ္စ၊ ကလေး တွေကို ထိန်းကျောင်းဖို့ စတဲ့ ဝန်ထုတ်ဝန်ပိုးအားလုံးဟာ အိမ်ရှင်မတွေရဲ့ ပခုံးပေါ်ကို ရောက်လာတယ်။
အခက်အခဲဆုံးအချိန်တွေမှာ အမျိုးသမီးဆိုတာ အိမ်မှုကိစ္စနိုင်နင်းရမယ်၊ ဘာတာဝန်၊ ညာတာဝန် စတဲ့အယူအဆ၊ အဆို အမိန့်တွေက ဝင်ငွေရှာဖွေနေရတဲ့ အမျိုးသမီးတွေအတွက်တော့ တကယ့်အလေးဆုံးသော ဝန်ထုတ်ဝန်ပိုးတွေ ဖြစ်နေ တာကို မြင်နေရတယ်။
အလုပ်အကိုင်မယ်မယ်ရရမရှိတဲ့ ယောက်ျားတွေက အရက်လေးတမြမြနဲ့ ကလေးတွေအပေါ်မှာ၊ မိန်းမတွေ အပေါ်မှာ အိမ်တွင်းအကြမ်းဖက်မှုတွေလုပ်တာမျိုးတွေလည်း ရှိတယ်။ ဒါတွေကတော့ ကိုဗစ်နဲ့ စစ်ကြောင့် စီးပွားရေး ကျပ်တည်းမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေထဲက အချို့သော အစိတ်အပိုင်းတွေဖြစ်ပါတယ်။
“ မိန်းမတွေကို ငွေချေးတော့ ချေးငွေတွေယူကြတယ်၊ မိသားစုအတူ စားသောက်ကြတယ်၊ ပြန်ဆပ်ဖို့ အချိန်ကျတော့ တချို့ယောက်ျားတွေက နင်တို့ဟာတွေက ရှုပ်ရှုပ်ယှက်ယှက်လို့ ပြောတယ်လေ၊ သူတို့စိတ်မဝင်စားကြဘူး” လို့ ချေးငွေနဲ့ မကင်းတဲ့ ဒေါ်စိန်သောင်းက သူ့ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ အခြေအနေကို ပြောပြတယ်။
အဲလိုချေးငွေတွေကိုယူပြီး အပတ်စဉ်ပြန်ဆပ်နိုင်ဖို့ ရုန်းကန်နေရတဲ့ အိမ်ရှင်မတွေထဲမှာ အသက် ၂၅ နှစ်အရွယ် မသက် သက်လည်း ပါဝင်ပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းအများစုနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ ရပ်နားလိုက်ကြတဲ့အခါ ပန်းရံ လုပ်နေတဲ့ ယောက်ျားဖြစ်သူက အလုပ်လက်မဲ့ဖြစ်သွားတယ်။ ဒါကြောင့် အိမ်ရဲ့ နေ့စဉ်စားသောက်နေထိုင်ရေးကို မသက်သက်က ဦးဆောင်လာရတယ်။
အစောပိုင်းမှာ ဈေးတောင်းခေါင်းရွက်ပြီး ငါးရောင်းပေမယ့် အကြွေးကျတာ၊ ရောင်းမကောင်းတာကြောင့် ရပ်လိုက်ရတယ်။ အနီးဝန်းကျင်က အလုပ်ပေါ်ရာမှာ ကြုံရာကျပန်းလိုက်လုပ်တယ်။ သူအလုပ်လုပ်နေသမျှဟာ စားဖို့နဲ့ အကြွေးဆပ်ဖို့ပါပဲ။
တစ်ရက်က အိမ်မှာ အသုံးစရိတ်လိုတာနဲ့ ကျောလယ်လောက်ရှိတဲ့ သူ့ဆံပင်ကို ဖြတ်ရောင်းလိုက်တယ်။ ဆံပင်ဖြတ် ထားမှန်း မသိသာအောင် ထိပ်တည့်တည့်က ဆံပင်ကို ဝိုက်ညှပ်ပြီး ဖြတ်ရောင်းလိုက်တာပါ။
“ အရင်တုန်းကတော့ ဆံပင်ဖြတ်ရောင်းတယ်ဆိုတာ ဘုရားကို လှူဖို့အတွက်ပါ၊ နောက်ပိုင်းကျတော့ ထက်ဝက်ကို လှူ တယ်၊ ထက်ဝက်ကို စားတယ်၊ အခုကတော့ စားစရိတ်အတွက်ပဲ ဖြစ်သွားပြီ” လို့ မသက်သက်က ရယ်ကျဲကျဲနဲ့ ဆိုတယ်။
သူပြောတဲ့ အရင်ဆိုတာ ကိုဗစ်ကပ်ရောဂါဘေးကျရောက်ပြီး နောက်ပိုင်းနဲ့ စစ်တပ်အာဏာမသိမ်းခင်ကာလကို ရည်ရွယ် တာဖြစ်ပါတယ်။
သူ့မှာ မွေးရာပါ ခြေထောက်မသန်မြန်တဲ့ လေးနှစ်အရွယ်သမီးလေးတစ်ယောက်ရှိပြီး သူတို့မိသားစုလေးက အိမ်ငှားနေရ တယ်။ ၁၅ပေပတ်လည်လောက်ရှိတဲ့ အိမ်ကလေးတလုံးမှာ ငှားနေပြီး ကိုဗစ်ကာလ ကျပ်တည်းမှုတွေကို ကျော်ဖြတ်ခဲ့ တယ်။ နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ပိုမိုကြပ်တည်းလာတဲ့အခါ အိမ်ငှားခ ပိုသက်သာတဲ့ ၁၀ ပေပတ် လည် ဆိုင်ခန်းလေးတခုမှာ သူတို့မိသားစုပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်။
အဲဒီဆိုင်ခန်းလေးဟာ ကိုဗစ်အစောပိုင်းမှာ အသေးစားချေးငွေလုပ်ငန်းတွေရဲ့ အကူအညီနဲ့ဖွင့်ခဲ့တဲ့ ကုန်စုံဆိုင်လေး တစ်ခုပါ။ နောက်ပိုင်းမှာ အရင်းအနှီးပြုတ်လို့ ဆိုင်လေးကို ပိတ်ထားလိုက်ရပါတယ်။ အဲဒီပိတ်လိုက်ရတဲ့ ဈေးဆိုင်လေးကို အိမ်ပိုင်ရှင်က နေစရာအခက်အခဲ ဖြစ်နေတဲ့ မသက်သက်တို့မိသားစုကို ငှားလိုက်တာ ဖြစ်ပါတယ်။
အဲဒီဆိုင်ခန်းကျဉ်းလေးမှာနေပြီး ကြုံရာကျပန်းအလုပ်မှန်သမျှ မရှောင်ဘဲ ကြိုးစားတဲ့သူတို့ လင်မယားဟာ ရတဲ့ငွေလေး စုဆောင်းထားတာရယ်၊ ဟန်းဆက်လေးရောင်းထားတဲ့ငွေရယ်ကို ပေါင်းပြီး ဆိုင်ကယ်အဟောင်းလေး တစ်စီးဝယ်လိုက် တယ်။ ယောက်ျားဖြစ်သူက ဆိုင်ကယ်ကယ်ရီလိုက်ဖို့အတွက်ပါ။
ဆိုင်ကယ်လေးကို ပြင်စရာရှိတာပြင်၊ ဖုန်သုတ်ပြီး တသသလုပ်နေတဲ့ မသက်သက်တို့ လင်မယားဟာ ရက်ပိုင်းအတွင်းမှာပဲ သမီးငယ် အဆုတ်ရောင်ရောဂါဖြစ်လို့ ဆေးရုံတင်ဖို့အတွက် ဆိုင်ကယ်ကို အပေါင်ဆိုင်ပို့လိုက်ပါရတယ်။
ရက်ပိုင်းအတွင်းမှာ ယောကျာ်းဖြစ်သူ အလုပ်လက်မဲ့တဖန် ဖြစ်သွားပြန်တော့ သူတို့မိသားစုလေးရဲ့ စားဝတ်နေရေး၊ ချေးငွေမှန်မှန် ဆပ်နိုင်ရေးအတွက် မသက်သက်က အဓိက တာဝန်ယူထားပါတယ်။ ဆံပင်ရှည်လာရင် ဖြတ်ရောင်းပြီး မီးဖိုချောင်စရိတ်လုပ်တယ်။ ချေးငွေဆပ်တယ်။ ဆံပင်က အမြဲလိုလို ရှည်လာတဲ့အရာဖြစ်လို့ ဒါကလည်း သူ့အတွက် တစ်နှစ်တစ်ကြိမ်လောက် ရတတ်တဲ့ ဆုကြေးလို့ပြောရမလိုပါပဲ။
စားဖို့နဲ့ ချေးငွေဆပ်ဖို့အတွက် ရုန်းကန်နေရတဲ့ မသက်သက်ရဲ့ အိပ်မက်တစ်ခုကတော့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အလုပ် သွားလုပ်ဖို့ပါပဲ။ သူ့အတွက် ဝင်ငွေစို့စို့ပို့ပို့ရပြီး စုနိုင်ဆောင်းနိုင်တဲ့ အခြေအနေတရပ်ကို ပြန်ရနိုင်ဖို့ဆိုတာ ဒီနည်းကလွဲရင် တခြားမရှိဘူးလို့ သူက ယုံကြည်နေပါတယ်။
ကလေးကို ဘယ်လိုလုပ်မလဲလို့ ကျမ မေးမိတယ်။
“သူ့အဖေနဲ့ ထားခဲ့ရမှာပေါ့” လို့ ဖြေလိုက်တဲ့ သူ့မျက်လုံးနဲ့ မျက်နှာအမူအယာဟာ ချက်ချင်း ညိုးဖျော့သွားတယ်။
မသက်သက်လိုအရွယ်ကောင်းမဟုတ်တော့တဲ့ မခင်ပုံ့ကတော့ သူ့မှာ ထွေထွေထူးထူးပြောင်းလဲဖို့ မျှော်လင့်ချက်လည်း ရှိမနေဘူး။
ယောက်ျားဖြစ်သူ ဆင်ဦးစီးရဲ့ လစာလေးနဲ့ ဝယ်ထားတဲ့အိမ်ကို အကြွေးရှင်လက်ကိုထိုးအပ်ပြီး၊ အိမ်တန်ဖိုးအလိုက် အပို ရလာတဲ့ငွေတွေကို ကျန်တဲ့အကြွေးရှင်တွေကို ဆပ်လိုက်တဲ့ မခင်ပုံ့ဟာ အခုတော့ ဓနိမိုး၊ ဝါးထရံကာ ၁၅ပေပတ်လည် အိမ်လေးတလုံးကို ငှားပြီး နေထိုင်တယ်။
အသက် ၇ နှစ်အရွယ်ကလေးတယောက်မိခင် မခင်ပုံ့ဟာ ရပ်ကွက်ထဲမှာ အဝတ်လျှော်တာ၊ မီးပူတိုက်တာစတဲ့ အလုပ်ပေါ် ရင် ပေါ်သလို ကြုံသလိုလုပ်ကိုင်နေတယ်။
သူတို့မှာ ကလေးတွေ ကိုယ်စီရှိကြပေမယ့် အဲဒီကလေးတွေအတွက် အာဟာရပြည့်ဝရေး၊ ပညာရေး၊ ဉာဏ်ရည်ပြည့်မီ ရေးဆိုတဲ့ အရာတွေထက် နေ့စဉ်ထမင်းနပ်မှန်အောင်စားရရေးကသာ အရေးအကြီးဆုံး တိုက်ပွဲ ဖြစ်နေပါတယ်။
ဒီတိုက်ပွဲ ဘယ်လောက်ကြာဦးမယ်ဆိုတာ မခင်ပုံ့ရော၊ မသက်သက်ရော မသိကြပါဘူး။
စစ်အာဏာရှင်လက်အောက်ရောက်သွားတဲ့ မြန်မာပြည်မှာ ဒီမိုကရေစီရရှိရေးနဲ့ အာဏာရှင်စနစ်လက်အောက်ကနေ တိုင်းပြည်လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေး စစ်သားပေါင်းများစွာ ပေါ်ထွက် လာတယ်။ ဒီလိုပဲ တစ်ထွာသောဝမ်းရေးအတွက် နေ့စဉ်အပြင်းအထန် တိုက်ပွဲဝင်နေကြရတဲ့ မခင်ပုံ့နဲ့ မသက်သက်လို အိမ်ထောင်စု ပေါင်းများစွာကလည်း မရပ်မနား တိုးပွားလာနေတာကို ငြင်းလို့မရတာ အသေအချာပဲဖြစ်ပါတယ်။