ရှင်ငြိမ်း။ ။
နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားသူတွေရဲ့ကျန်ရစ်မိသားစုဝင်တွေဟာ စစ်အာဏာသိမ်းယူထားတာတနှစ်ကျော်လာ သည်အထိ ဆင်းရဲဒုက္ခတွေနဲ့ရင်ဆိုင်နေရဆဲဖြစ်တယ်။သူတို့တွေဟာ တော်လှန်ရေးမှာ ခင်ပွန်းသည်ကိုဆုံးရှုံးလိုက်ရပြီး အကူအညီတွေမဲ့ကာ စားဝတ်နေရေးခက်ခဲနေရတဲ့ကြား အာဏာသိမ်းစစ်တပ်ကပါ ဖမ်းဆီးခြိမ်းခြောက်ခံနေရတာတွေကြောင့် အခုလိုဆင်းရဲကြပ်တည်းမှုတွေနဲ့ကြုံနေကြရတာပါ။
စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပြီး နိုင်ငံတော်သမ္မတအပါအ ဝင် အစိုးရအဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကိုပါ ဖမ်းဆီးထောင်ချခဲ့တာကြောင့် ဒါကိုလက်မခံနိုင်တဲ့ပြည်သူ တွေက လမ်းမတွေပေါ်တက်ကာ ဆန္ဒပြခဲ့တယ်။
ဒီလိုငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို အာဏာသိမ်းစစ်တပ်က ကျည်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းတာကြောင့် အာဏာသိမ်း ထားတဲ့ တစ်နှစ်အတွင်းမှာ အရပ်သားပြည်သူ ၁,၆၂၀ ယောက်အသက်တွေပေးခဲ့ကြရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျဆုံးသွားရတဲ့သူတွေထဲမှာ မန္တလေးတိုင်းကသုံးဘီးမောင်းပြီး မိသားစုကိုရှာဖွေကျွေးမွေးနေတဲ့အသက် ၄၂ အရွယ်ကိုဇင်မျိုးလည်းအပါအဝင်ဖြစ်တယ်။
ကိုဇင်မျိုးဟာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေတိုင်းမှာ ပြည်သူတစ်ယောက်အနေနဲ့ ပူးပေါင်းပါဝင်ရင်း ၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် လည်ပင်းကိုကျည်ထိကာ ကျဆုံးသွားခဲ့ရတဲ့သူပါ။
“သူက သေတာတောင်ကောင်းကောင်းမသေရပါဘူး။ ကိုယ်သဂြိုလ်မယ်ဆိုမှ သချိုင်းကိုလည်းစစ်တပ်ကဝင်စီးထားတော့ သဂြိုလ်ပေးမယ့်သူကမလုပ်ပေးရဲလို့ တောင်းတောင်းပန်ပန်နဲ့ တော်တော်ကို ခဲရာခဲဆစ်သဂြိုလ်ခဲ့ရတယ်”လို့ ကိုဇင်မျိုးရဲ့ ဇနီးသည်ဒေါ်ကြည်က ရှင်းပြပါတယ်။
ခင်ပွန်းသည်ဆုံးပါးသွားတော့ ကျန်းမာရေးမကောင်းတဲ့ဒေါ်ကြည်ဟာ သားလေးယောက်၊ အိမ်စရိတ်တွေနဲ့ အကြွေးတချို့ လည်းရှိနေတာကြောင့် ဒါတွေပြန်ဆပ်ဖို့အရေးက သူရဲ့ပခုံးပေါ်ကိုလုံးလုံးလျားလျားရောက်လာပါတော့တယ်။
ကိုဇင်မျိုးရှိစဉ်ကတော့ တစ်နေ့သုံးဘီးဆွဲခဝင်ငွေဟာ လေးသောင်းကျော်လောက်ရတဲ့အတွက် သုံးဘီးဝယ်ထားတဲ့ အကြွေးနဲ့ အိမ်စရိတ်တွေဖယ်လိုက်ရင် တစ်ရက်ကို ငွေကျပ်တစ်သောင်းလောက်စုဆောင်းနိုင်ခဲ့လို့ မိသားစုချောင်လည်ခဲ့ တယ်လို့ဆို ရမှာပါ။
သို့ပေမဲ့ကိုဗစ်လှိုင်းကြောင့် လုပ်ငန်းတွေရပ်နားထားရလို့ စားဝတ်နေရေးကြပ်တည်းနေရခဲ့တဲ့ရတဲ့ဒေါ်ကြည်တို့မိသားစုတွေ ဟာ အာဏာသိမ်းစစ်တပ်ရဲ့ဖိနှိပ်အနိုင်ကျင့်မှုတွေကြောင့် တစ်ပူပေါ် နောက်တစ်ပူဆင့်ကာ ဒုက္ခရောက်နေကြရတာဖြစ် တယ်။
အလုပ်တွေရပ်ထားရတဲ့ကိုဗစ်ကာလမှာလည်း ဒေါ်ကြည်တို့မိသားစုတွေဟာ ချွေတာစားသောက်ရင်း အကြွေးတချို့ကို စုဆောင်းငွေထဲကနေ တစ်နှစ်လောက်ဖဲ့ဆပ်လိုက်ရတာကြောင့် စုဆောင်းငွေတွေကုန်သလောက်ဖြစ်သွားခဲ့ရတယ်။
အဲ့ဒီလိုအခက်အခဲတွေဖြစ်နေရတဲ့အချိန်မှာ ကိုဇင်မျိုးက ရုတ်တရက်ဆုံးပါးသွားရလို့သဂြိုလ်စရိတ်မရှိတဲ့အခြေအနေအထိ ဖြစ်ခဲ့ရပေမယ် ပံ့ပိုးကူညီပေးမှုတွေရတဲ့အတွက်အနည်းငယ်အဆင်ပြေမှုရှိသွားခဲ့တာဖြစ်တယ်။
ဒေါ်ကြည်ဟာ ခင်ပွန်းသည်ရှိစဉ်ကတည်းက ဒူးနာရောဂါအတွက် ဆေးခန်းပြ၊ ဆေးသောက်လုပ်နိုင်ခဲ့ပေမယ့် သူမရှိတော့ တဲ့အချိန်မှာတော့ ဆေးခန်းပြဖို့မပြောနဲ့ ဆေးတောင်ဝယ်မသောက်နိုင်လို့ ရောဂါသည်းလာတဲ့ဒဏ်ကို ကြိတ်မှိတ်ခံစားနေရ ပါတယ်။
ခင်ပွန်းသည်မရှိတဲ့နောက် မိသားစုစားဝတ်နေရေးနဲ့ အကြွေးတချို့အတွက် သုံးဘီးလေးကိုရောင်းကာဆပ်ပြီး ကျန်တဲ့ငွေ တချို့ကိုအရင်းပြုကာ မနက်ဆိုကြာဇံကြော်၊ ညနေဆိုအအေးနဲ့ ကိုရီးယားအကင်လေးတွေရောင်းရင်း ရပ်တည်ခဲ့ရတယ်။
ဒီအခြေအနေကြားမှာ စစ်တပ်ရဲ့စောင့်ကြည့်ခံရလို့ ကူညီပေးသူတွေပါကြောက်ရွံ့ပြီး မလာကြတော့သလို ပတ်ဝန်းကျင်က လည်း ရှောင်ဖယ်နေလို့ ဈေးပါမရောင်းရတော့တာကြောင့် ဝင်ငွေဟာ တနေ့တခြားဆုတ်ယုတ်လာပါတယ်။
“အဆင်မပြေတာမှ အတော်လေးကို အဆင်မပြေတာ။ ဈေးမရောင်းရတော့ ဝင်ငွေမရှိဘူး။ ကူမယ့်သူလည်းမရှိဘူး။ ဒီထဲ သားတွေကိုလည်း စိတ်ပူနေရတယ်။ သူ့အဖေတော်လှန်ရေးထဲပါတော့ သူတို့ပါအဖမ်းခံရမှာတချိန်လုံးစိုးရိမ်နေရတယ်”လို့ ဒေါ်ကြည်က သူရဲ့သောကကို ဖွင့်ဟပါတယ်။
မကြာပါဘူး။ သူပူပန်နေတဲ့အခြေအနေဟာ သူအိမ်ရှေ့ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါတယ်။ ဇွန်လလယ် လောက်မှာ စစ်တပ်က ဒေါ်ကြည်ရဲ့အိမ်ကိုဝင်စီးမယ်ဆိုတဲ့သတင်းကြားတာနဲ့ ကလေးတွေကိုခေါ်ပြီး ဘေးလွတ်ရာကို ထွက်ပြေးရပြန်ပါတယ်။
“ ကျမကတော်လှန်ရေးသမားတွေကို ကူညီနေတယ်လို့သတင်းရလို့လာဖမ်းတာတဲ့။ အမျိုးတွေကပြန်ပြောပြတာ။ အိမ် လည်းတော်တော်မွှေသွားတယ်။ ကျမယောကျာၤးရဲ့ပြောက်ကြားအကျီလေ တစ်သိန်းကျော်တန်တယ်။ အဲ့ဒါလည်းယူသွား တယ်။ စလောင်းလည်းသိမ်းသွားတယ်”လို့ ဒေါ်ကြည်က ပြောပါတယ်။
ဒေါ်ကြည်က သူရဲ့သား လေးယောက်လုံးကို လုံခြုံတဲ့နေရာတစ်ခုမှာထားရစ်ခဲ့ပြီး သူကတော့ အတည်တကျခိုလှုံဖို့နေရာ မရတဲ့အတွက် ဟိုနား တစ်ပတ်၊ ဒီနား ၁၀ ရက်နဲ့စသဖြင့် ရွှေ့ပြောင်းနေထိုင်ရင်း တခါတရံမှာ ဝမ်းရေးအတွက်ကျဗန်း အလုပ်တွေ ဝင်လုပ်နေရတဲ့အခါလည်း ရှိနေတတ်ပါတယ်။
“မီးရထားတွဲလိုပေါ့။ ခေါင်းတွဲပျက်တော့ နောက်တွဲတွေဖရိုဖရဲဖြစ်ရသလိုပဲ ကျမတို့ဘဝတွေလည်း ကမောက်ကမတွေဖြစ် ပြီး ဒုက္ခပေါင်းစုံနဲ့တွေ့ရတော့တာပါပဲ။ ကလေးတွေစိတ်ချရတဲ့နေရာမှာရှိရင်ပြီးတာပါပဲ။ ကျမကတော့ဘယ်လိုဖြစ်ဖြစ်ပါ။ ဘယ်သူမှထင်ထားမှာမဟုတ်ဘူး။ ကျမသချိုင်းမှာတောင်အိပ်ရတယ်လို့လေ”လို့ ဒေါ်ကြည်က သူကြုံခဲ့ရပုံကို ပြန်ပြောပြပါ တယ်။
ဒေါ်ကြည်လိုပဲ ခင်ပွန်းသည်ကျဆုံးသွားပြီးတဲ့နောက်မှာ ဒုက္ခဆင်းရဲမျိုးစုံနဲ့ကြုံတွေ့နေရသူ နောက်တစ်ယောက်ကတော့ ရန်ကုန်မြို့မှ ဒေါ်လုံးလုံးပါ။ သူရဲ့ခင်ပွန်းသည် ဦးလှဌေးဟာ မတ်လ ၁၄ ရက်၊ လှိုင်သာယာသပိတ်မှာပါဝင်ရင်း ကျည်ထိ ကာ ကျဆုံးသွားခဲ့ရတယ်။
စက်ရုံအလုပ်သမားနဲ့ အခြေခံလူတန်းစားတွေနေထိုင်တဲ့လှိုင်မြစ်တဖက်ကမ်းက လှိုင်သာယာဟာ စစ်အာဏာသိမ်းတာကို အပြင်းအထန်ဆန့်ကျင်တဲ့ဒေသတွေထဲက တစ်ခု ဖြစ်တယ်။ လှိုင်သာယာတော်လှန်ရေးသပိတ်ဟာ မတ်လ ၁၄ ရက်မှာ အရက်စက်ဆုံးဖြိုခွင်းခံခဲ့ရလို့ သေဆုံးသူနဲ့ ဒဏ်ရာရသူပေါင်းဟာ အနည်းဆုံး ၆၅ ဦးရှိခဲ့တယ်လို့ HRW လူ့အခွင့်အရေး အဖွဲ့ကြီးက ဒီဇင်ဘာ ၂ ရက်ကထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
‘လှိုင်သာယာမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို “ချောင်ပိတ်နှိမ်နှင်း” ပြီး ကူညီကယ်ဆယ်သူတွေကို ပစ်ခတ်ခဲ့’ တယ်လို့လည်းHRW ရဲ့အစီရင်ခံစာမှာ ရေးသားပါတယ်။
အသက် ၃၉ နှစ်အရွယ် ဦးလှဌေးဟာ တစ်လကို ဝင်ငွေကျပ် တစ်သိန်းနှစ်သောင်းရတဲ့ညစောင့်အလုပ်သမားတစ်ယောက် ဖြစ်ပြီး ဇနီးသည်ဒေါ်လုံးကတော့ အရပ်ဈေးမှာ မနက်တိုင်းတို့ဖူးရောင်းပါတယ်။
သူတို့ဇနီးမောင်နှံမှာ ၁၄ နှစ်အရွယ် ကိုးတန်းကျောင်းသူ သမီးလေးတစ်ယောက်နဲ့အတူ ကျူးကျော်ရပ်ကွက်တစ်ခုမှာ တစ် လကို ငွေကျပ် ငါးသောင်းနဲ့အိမ်ဌားနေထိုင်နေရတဲ့သူတွေဖြစ်လို့ စုဆောင်းမိတယ်လို့မရှိဘဲ ရရ၊ စားစားနဲ့ကုန်တာသွား တာများပါတယ်။
ဒီလိုအခြေအနေမှာ ကိုဗစ်နဲ့ အာဏာသိမ်းမှုတွေကြောင့် သူတို့ရဲ့အလုပ်တွေရပ်သွားရတာနဲ့အတူ ဝင်ငွေပါရပ်သွားတာ ကြောင့် ခက်ခဲလာတဲ့စားဝတ်နေရေးအတွက် အကြွေးယူသုံးရတဲ့အချိန်မှာ ဦးလှဌေး ဆုံးပါးသွားတာဖြစ်တယ်။
ဒေါ်လုံးလုံးက“သူမရှိတော့ ကျမအတွက်ရွှေတောင်ကြီးပြိုသလိုပါပဲ။ သမီးတစ်ယောက်နဲ့စားဝတ်နေရေးခက်ရတဲ့အထဲ စစ်တပ်က နည်းမျိုးစုံနဲ့ခြိမ်းခြောက်နေတော့ ကျမတို့မှာဘာမှလုပ်စားကိုင်စားလို့လည်းမရဘူး။ ကြွေးမယ့်သူလည်း မရှိနဲ့။ ရှေ့တောင်ဘယ်လိုဆက်လုပ်ရမလဲမသိဘူး”လို့ ပြောပါတယ်။
ဦးလှဌေးဆုံးပြီး နှစ်လလောက်အထိ ကူညီထောက်ပံ့ပေးတာတွေရခဲ့လို့နေစားဖို့အဆင်ပြေခဲ့ပေမယ့် နောက်ပိုင်းမှာ အာ ဏာသိမ်းစစ်တပ်ရဲ့စောင့်ကြည့်မှုအောက်မှာရှိနေတာကြောင့် ဘယ်သူမှလာမလှူရဲကြတော့ဘဲ ဒေါ်လုံးလုံးတို့သားအမိ တွေ ကူသူမဲ့ဖြစ်သွားခဲ့ရတာပါ။
လှူမယ့်သူတွေမလာတော့ ဒေါ်လုံးလုံးက အွန်လိုင်းကနေ ငပိကြော်၊ ငါးခြောက်ကြော် ရောင်းဖို့လုပ်တော့လည်း ရဲစခန်းက ခေါ်ယူသတိပေးကာ တစ်ညအချုပ်ကျသွားပါတယ်။ အကြောင်းက“ကျသွားတဲ့ဦးလှဌေးရဲ့ ဇနီးနဲ့သမီး နေစားဖို့ခက်ခဲနေ လို့ဈေးရောင်းတာဝယ်ပေးကြပါ”လို့ အွန်လိုင်းမှာရေးသားထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အချုပ်ခံခဲ့ရတာဖြစ်တယ်။
“အေးအေးနေချင်ရင် ဘာမှမလုပ်နဲ့တဲ့။ နောက်ဒါမျိုးရေးတင်ရင် ထောင်ချမယ်လို့ပြောတယ်။ ဒါနဲ့ကျမလည်း ဈေမရောင်းရ ရင်ဘာနဲ့သွားစားမှာလဲ ဆရာရယ်ဆိုတော့ ခင်ဗျားထောင်ထဲနေချင်လို့လားတဲ့”လို့ ဒေါ်လုံးလုံးက ပြန်ပြောပြပါတယ်။
ဒါတင်မကပါသေးဘူး။ အာဏာသိမ်းစစ်တပ်က ဒေါ်လုံးလုံးတို့သားအမိနှစ်ယောက်ကို ဧည့်စာရင်းမတိုင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စခန်းကထပ်မံခေါ်စာပို့တာကြောင့် အဲ့ဒီနေ့မှာပဲသူတို့သားအမိတွေ ထွက်ပြေးနေခဲ့ရတာအခုထိပါပဲ။
“ဘဝကဆိုးပါတယ်။ ယောကျာၤးကသေတယ်။ စားစရာနေစရာမရှိတဲ့အထဲ လိုက်ဖမ်းလို့ပြေးရတယ်။ ကျမဘာသာအေး အေးဆေးဆေးဈေးရောင်းနေတာကို တော်လှန်ရေးကလေးတွေပေးနေလို့ဆိုပြီးဖမ်းတာတဲ့။ ဟိုကလေးတွေက ကျမကို ကူညီတဲ့အနေနဲ့ဝယ်ပေးနေတာ”လို့ ဒေါ်လုံးလုံးက ရှင်းပြပါတယ်။
သူတို့ကို စစ်တပ်ကလိုက်ဖမ်းနေတာသိတဲ့ဆွေမျိုးတွေကလည်း ကြောက်ရွံ့တာကြောင့် ဘယ်သူကမှ လက်မခံကြသလို သူတို့ကိုယ်တိုင်လည်း ငှားရမ်းနေထိုင်ဖို့ငွေကြေးမရှိတဲ့အတွက် လတ်တလောစားဝတ်နေရေးအတွက် ဘုန်းကြီးကျောင်း တစ်ခုမှာခေတ္တခိုလှုံရင်းဖြေရှင်းနေရပါတယ်။
အလားတူ အာဏာသိမ်းစစ်တပ်ရဲ့လက်ချက်နဲ့ ကျဆုံးခဲ့ရသူနောက်တစ်ယောက်ကတော့ တနသာၤရီတိုင်းမှ အသက် ၄၀ အရွယ်ဦးမျိုးအောင်ဖြစ်ပါတယ်။ သူဟာ မတ်လ ၂၆ ရက်၊ မြိတ်မြို့နယ်မှာပြုလုပ်တဲ့သပိတ်မှာပါဝင်ရင်း သေနတ်မှန်ကာ ကျဆုံးသွားခဲ့ရတာပါ။
ဦးမျိုးအောင်မှာ အသက် ၁၀ နှစ်အရွယ် သမီးအမွှာလေးနှစ်ယောက်ရှိပြီး သူဟာ ပန်းရံအလုပ်သမားခေါင်းဆောင်ဖြစ်တာ ကြောင့် ပုံမှန်ဝင်ငွေရယ်လို့မရှိခဲ့ပါဘူး။ တခါတရံမှာ ငွေ ငါးသိန်းလောက်ရတတ်ပေမယ့် လုံးဝငွေမဝင်တဲ့ရက်တွေကများ တယ်လို့ ဇနီးသည်ဒေါ်တင်လှက ဆိုပါတယ်။
သို့ပေမဲ့အမွှာသမီးနှစ်ယောက်နဲ့ ဇနီးသည်ကိုတော့ မပူပန်ရအောင်ထားနိုင်ပေမယ့် ဒေါ်တင်လှကတော့ တဖက်တစ်လမ်း ကနေဝင်ငွေရအောင် အရပ်ထဲမှာကောက်ညှင်းပေါင်းရောင်းပြီး မိသားစုစရိတ်ကိုဖြည့်ပေးပါတယ်။
ကိုဗစ်ဒုတိယလှိုင်းမှာတော့ ဦးမျိုးအောင်ရောဂါကူးစက်ခံခဲ့ရပြီး လုပ်ငန်းကိုအပြီးမသတ်နိုင်တဲ့အကြောင်းပြချက်နဲ့ လုပ်ငန်း ကို သူများကိုလက်လွှဲပေးလိုက်ရလို့ ဝင်ငွေမရှိတော့တာကြောင့် ကျပ်တည်းခက်ခဲလာပါတယ်။
အဲ့ဒီအချိန်မှာဇနီးသည်ကလည်း ပဲပြုတ်ထွက်ရောင်းလို့မရတဲ့အခြေအနေမှာ သူတို့ရဲ့စားဝတ်နေရေးကို အစိုးရထောက်ပံ့မှု နဲ့ အလှူရှင်တွေရဲ့ပံ့ပိုးမှုတွေနဲ့ စားရတလည့်၊ မစားရတလည့်နေထိုင်ခဲ့ရတဲ့အချိန်မှာ စစ်အာဏာသိမ်းလိုက်တာဖြစ်တယ်။
“ကျမဆိုင်မဖွင့်နိုင်တော့ကထဲက သူပဲမှီခိုစားနေခဲ့ရတာ။ သူကတော့ သိပ်ခက်ခဲလာရင် ငါထိုင်းဘက်သွား အလုပ်လုပ်ပြီး မင်းတို့ကိုရှာကျွေးမယ်လို့ပြောရှာပါတယ်။ သူဆုံးတော့ကျမလက်ထဲမှာ ငွေတစ်ထောင်ပဲရှိတယ်။ အားလုံးဝိုင်းကူလုပ်ပေး လို့သာ သဂြိုလ်လိုက်နိုင်တာ”လို့ ဒေါ်တင်လှက ဆိုပါတယ်။
ခင်ပွန်းသည်ဆုံးသွားပြီးနောက်မှာ ဒေါ်တင်လှအနေနဲ့ ဝမ်းနည်းပူဆွေးမနေတော့ဘဲ သမီးနှစ်ယောက်စားဝတ်နေရေးရှိ သေးတာမို့ အရင်လိုပဲပြုတ်နဲ့ ကောက်ညှင်းပေါင်းပြန်ရောင်းကာ မိသားစုစားဝတ်နေရေးကိုဖြေရှင်းခဲ့ရပြန်ပါတယ်။
“ပြီးခဲ့တဲ့ ၆ လပိုင်းလောက်က ကျမကိုရပ်ကွက်ရုံးကမေးစရာရှိလို့ဆိုပြီးခေါ်တယ်။ ကျမသွားတော့ နင်ပရဟိတအဖွဲ့တခုမှာ အလုပ်လုပ်နေတယ်လို့ ငါတို့ကြားတယ်။ အဲ့ဒီအထဲကခေါင်းဆောင်နိုင်မြင့်ကိုသိလား။ ကျမကြားတောင်မကြားဖူးလို့ပြော တော့ နင်လိမ်နေတာဆိုပြီး ရဲစခန်းမှာ တစ်ရက်ချုပ်ခံလိုက်ရတယ်”လို့ ဒေါ်တင်လှက ပြောပါတယ်။
အဲ့ဒီအချုပ်ကနေလွတ်ပြီးနောက်နေ့မှာပဲ ဒေါ်တင်လှဟာ သမီးနှစ်ယောက်ကိုခေါ်ပြီး လုံခြုံမယ့်နေရာတစ်ခုကို ရွှေ့ပြောင်း နေခဲ့ရတာဖြစ်ပါတယ်။ ထွက်ပြေးရာမှာပါသွားတဲ့ငွေကြေးကလည်း ရင်းနှီးစားဖို့နေနေသာသာ အိမ်တောင်မဌားနိုင်လို့ သူများအိမ်ရဲ့သန့်စင်ခန်းနားမှာ တဲထိုးနေထိုင်နေရတာဖြစ်တယ်။
“ယောကျာၤးတစ်ယောက်လုံးဆုံးရှုံးရတဲ့အပြင် ကျမတို့ပါလမ်းဘေးရောက်ရတယ်။ လက်ရှိစားဖို့အတွက် အိမ်ရှင်ရဲ့အိမ်မှာ သန့်ရှင်းရေးလုပ်ပေးပြီး သူတို့ပေးတာလေးနဲ့စားနေရတာ။ နေစရာပေးတာပဲ ကျေးဇူးတင်လှပါပြီ။ ဘာလို့ဆို ဒီအချိန်က အားလုံးခက်ခဲနေတာဆိုတော့လေ”လို့ ဒေါ်တင်လှက ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကျဆုံးသွားတဲ့သူတွေရဲ့မိသားစုဝင်တွေကို လိုက်လံဖမ်းဆီးတဲ့အပြင် ထောက်ပံ့ကူညီနေသူတွေ ကိုလည်း ခြိမ်းခြောက်ထားတာကြောင့် သူတို့တွေဟာ ကူကယ်ရာမဲ့သွားပြီး အခုလိုအခြေအနေဆိုးတွေနဲ့ရင်ဆိုင်နေရတာ ဖြစ်တယ်။
အခုလိုမျိုးပြည်သူတွေဒုက္ခရောက်အောင်လုပ်ရတဲ့အာဏာသိမ်းစစ်တပ်ရဲ့ရည်ရွယ်ချက်က ပြည်သူတွေဝင်ငွေမဲ့ပြီး တော် လှန်ရေးနဲ့ပတ်သက်တဲ့ထောက်ပံ့ပေးနေတာတွေ ကျဆင်းလာစေဖို့ ရည်ရွယ်တာလို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားနေတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးက သုံးသပ်ပါတယ်။
စစ်အုပ်ချုပ်မှုကာလမှာတော့ ဒီလိုပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့က အတော်လေးမလွယ်တဲ့အနေအထားပါ။ သို့ပေမဲ့ သူတို့တွေအနေနဲ့ကလည်း စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာတွေမှာ အကူအညီတွေလိုအပ်နေကြပါတယ်လို့ သူက ဆိုပါ တယ်။
သူတို့တွေအနေနဲ့ ခင်ပွန်းသည်ဆုံးပါးသွားတာ တစ်နှစ်နီးပါးရှိလာသည်အထိ မိသားစုစားဝတ်နေရေးပြဿနာအတွက် ဘာလုပ်လို့လုပ်ရမှန်းမသိအောင် စိုးရိမ်သောကတွေနဲ့ နေ့စဉ်ပူလောင်နေတယ်လို့ ဒေါ်ကြည်ကဖွင့်ဟပြီး ဒီပြဿနာတွေ အမြန်ဆုံးပြေလည်ဖို့ဆိုရင် တော်လှန်ရေးအောင်မှဖြစ်မယ်လို့ ယခုလို ဆိုတယ်။
“ အရင်တုန်းကတော့ နိုင်မလားဆိုတဲ့စိတ်ရှိခဲ့တယ်။ အခုတော့ နိုင်ကိုနိုင်ရမယ်ဆိုတဲ့စိတ်ထားတယ်။ အသက်ပေးသွား ရတဲ့သူတွေကတော့ နိုင်မှပဲကျွတ်မှာလေ။ ထောင်ထဲကလူတွေကလည်း နိုင်မှလွတ်မှာ။ ကျမတို့လည်းဒီဒုက္ခကငြိမ်းမှာ”