နန်းဆိုင်နွမ်။ ။
လစဉ်ဓမ္မတာလာတိုင်း ရှက်ကြောက်နာကျင်နေရတဲ့ ၁၀ ကျော်သက်အရွယ် မစန္ဒာလင်းဟာ ဓမ္မတာလာမှာကို ကြောက်ရွံ့ နေမိတယ်လို့ မရဲတရဲဆိုတယ် ။
အမျိုးသမီးတွေဟာ ရာသီလာခါနီးနဲ့လာချိန်တွေမှာ ရင်သားနာကျင်တာ၊ ဗိုက်အောင့်တာနဲ့ စိတ်မကြည်လင်မှုတွေ ဖြစ်တတ်သလို တချို့ကတော့ တစ်ကိုယ်တည်း တိတ်တဆိတ်နေလိုကြပါတယ်။
ဒါ့ပေမယ့် မစန္ဒာလင်းတစ်ယောက်ကတော့ ရာသီလာခြင်း၊ နာကျင်ခြင်းကို ဂရုမစိုက်နိုင်သလို ရာသီသွေးပေစွန်းတာကို လည်း မသိကျေးကျွန်ပြုနေရပါတယ်။
သူဟာ ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုးဗြဲမြို့နယ်ကဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် စစ်ရှောင်နေရသူတစ်ဦးဖြစ်ပါတယ်။
“ စစ်ရှောင်ကိုရောက်တာ ငါးလလောက်ရှိပြီ။ ရာသီလာရင်တော့ ဒီတိုင်းပဲနေလိုက်တယ်။ ခံစရာကပ်ခွာမရှိဘူး။ ရှက်ပေ မယ့်လည်း မတတ်နိုင်ဘူးလေ” လို့ မစန္ဒာလင်းတစ်ယောက် သူကြုံတွေ့နေရတဲ့ ဒုက္ခကို ပြောပြပါတယ်။
စစ်ရှောင်စခန်းအတွင်း လူအများနဲ့နေထိုင်ရချိန် ကပ်ခွာမသုံးဘဲ နေရကာ ပေကျံနေတဲ့ အဝတ်ပြန်လျှော်ဖွတ်ရန်လည်း ခက်ခဲတဲ့အတွက် အလွန်ပင် စိတ်ကတိကအောင့် ဖြစ်ရကြောင်းလည်း မစန္ဒာလင်းက စိတ်မကောင်းစွာ ပြောပါတယ်။
“ ကပ်ခွာမရှိတော့ ဒီတိုင်းနေရတယ်။ ပေတဲ့အဝတ်ကိုလည်း ပြန်လျှော်ဖို့က ရေလည်းရှားတယ်။ ဆပ်ပြာလည်းမရှိတော့ ဖြစ်သလိုပဲ ပြန်ဝတ်ရတာပေါ့”လို့ သူက ဆက်ပြောပြပါတယ်။
မစန္ဒာလင်းလိုပဲ စစ်ရှောင်တွေနဲ့ စစ်ကောင်စီကို ပြန်လည်အံတုနေတဲ့ အမျိုးသမီးရဲဘော်တွေဟာ လစဉ်ဓမ္မတာလာတဲ့ အခါ အမျိုးသမီးသုံးပစ္စည်းကပ်ခွာတွေ မရှိတဲ့ဒုက္ခကို ခံစားနေကြရတာပါ။ ဒီလိုမရှိတာကြောင့် အဝတ်စတွေသုံးသင့်တဲ့ အခါ သုံးရပြီး ထိုအဝတ်စတွေကို ပြန်လည်သန့်ရှင်းရေး ပြုလုပ်ဖို့လည်း အခက်တွေ့နေကြရပါတယ်။
ကယန်းအမျိုးသမီး အဖွဲ့အစည်း (KyWO)မှ ပြောရေးဆိုခွင့်ရှိသူ မူအဲမလီက “စစ်ရှောင်အမျိုးသမီးတွေက ရှောင်ရတဲ့ ဒေသ ရေအရမ်းရှားတဲ့ပြသနာ ရင်ဆိုင်ရတယ်။ လစဉ်သုံးပစ္စည်းမသုံးနိုင်တဲ့အပြင် တစ်ကိုယ်ရေသန့်ရှင်းရေးကလည်း ကောင်းကောင်းမွန်မွန်မလုပ်နိုင်တဲ့အနေအထားဖြစ်တယ်” လို့ ဆိုပါတယ်။
လက်ရှိအခြေအနေမှာတော့ မြန်မာပြည်အနှံ့ ပြည်တွင်းစစ်မီးသဖွယ်ဖြစ်ပွားနေပြီး ပြည်သူတွေဟာ နေရပ်ကိုစွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေကို ကြည့်မယ်ဆိုရင်လည်း အမျိုးသမီးနဲ့ကလေးငယ်ဟာ အများဆုံးဖြစ်နေပြီး စစ်ရှောင်ခိုလှုံ နေတဲ့နေရာတွေမှာလည်း အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ ဝယ်ယူလို့ မရရှိတဲ့ နေရာဒေသတွေဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဝတ်သုံးစုံနဲ့ တောခိုခဲ့တဲ့ မယွန်းမီကိုဆိုရင်လည်း ကပ်ခွာမရှိ အဝတ်စမရှိတဲ့အတွက် စစ်အာဏာရှင်ကို တော်လှန်ဖို့ အခက်အခဲပေါင်းများစွာနဲ့ စစ်ရေးလေ့ကျင့်နေရတယ်လို့ ပြောပြပါတယ်။
“ တောခိုခဲ့တုန်းက အဝတ်သုံးထည်ပဲပါတယ်လေ။ ကပ်ခွာကလည်းမရှိတော့ ရှိတဲ့အဝတ်တွေကို ဖြဲပြီးသုံးတယ်။ အဝတ် စကလည်းမလုံ၊ ပြန်လျှော်ဖို့ကလည်း မပြောင်တော့ စိတ်မသန့်လည်းနေရတာပဲ” လို့ မယွန်းမီကိုက ဆိုပါတယ်။
စစ်အာဏာရှင်ကို ခုခံတော်လှန်ရန် စစ်ရေးအပြင်းအထန်လေ့ကျင့်တဲ့အခါ ရာသီဓမ္မတာလာတဲ့အချိန် ဗိုက်အောင့်တာ ဗိုက်နာတာတွေကို ဂရုမစိုက်ပေမယ့် ကပ်ခွာ (Pad)မရှိခြင်းဟာ စစ်ရေးလေ့ကျင့်ချိန်မှာ အလွန်ပင် ကသိကအောင့် ဖြစ်ခဲ့ ရကြောင်း သူကဆိုပါတယ်။
“ အဝတ်စကိုဖြဲပြီး သုံးပေမယ့် ယိုစိမ့်လို့အဆင်မပြေဘူး။ မဖြစ်ဖြစ်အောင်တစ်ခုခုကြံရမယ်ဆိုပြီး ပလပ်စတစ်အိတ်လေး ကိုခေါက် အဝတ်တွေထပ်ပတ်ပြီး သုံးကြည့်ပြန်တယ်၊ နည်းနည်းတော့အဆင်ပြေလာတယ် ”လို့ မယွန်းမီကိုက ပြောပါ တယ်။
ရာသီလာစဉ် ဗိုက်အောင့်နာကျင်မှု၊ ကိုက်ခဲမှုကိုခံနိုင်ပေမယ့် ရာသီသွေးဆင်းမှုကို ကာကွယ်ဖို့ Pad ကပ်ခွာမရှိခြင်းဟာ အလွန်ပင်ခက်ခဲကြောင်းနဲ့ အရင်ခေတ်လို ပိတ်စနဲ့အသုံးပြုပေမယ့် ရေခက်ခဲမှုကလည်းရှိနေတာကြောင့် အဆင်မပြေမှု များစွာ ကြုံနေရတယ်လို့ မယွန်းမီကိုက ပြောပါတယ်။
“ ကျနော်တို့ ရှိတဲ့အဝတ်ကိုဖြဲသုံးတယ်။ သန့်ရှင်းမှုပိုင်းကတော့ အခြေအနေဆိုးတယ်။ လျှော်ရဖွတ်ရတာ ဆပ်ပြာမရှိတော့ ဒီတိုင်းလျှော်ဖွတ်သုံးရတယ်။ သုံးပြီးတာလည်း လွှင့်မပစ်ရဲဘူး။ ဒီတိုင်းနေလှန်း ပြန်သုံးရတယ်”လို့ သူက ရာသီလာစဉ် အသုံးပြုနေရတဲ့အခြေအနေကို ပြန်ပြောပြပါတယ်။
ဒီလို ဒုက္ခတွေကြုံတဲ့အခါ အရင် မိမိအိမ်မှာနေစဉ် အမြဲအသင့်ဆောင်ထားလေ့ရှိတဲ့ Pad တွေမြင်ယောင်ရင်း အရင်တုန်းက သက်တောင့်သက်သာ ရှိခဲ့တဲ့အချိန်တွေကို လွမ်းရကြောင်း မယွန်းမီကိုက ပြောပါတယ်။
လက်ရှိမှာတော့ ယွန်းမီကိုတို့ PDF စစ်သမီးတွေဟာ တောထဲတောင်ထဲမှာ ထမီတစ်ထည်နဲ့ PDF တပ်သားတွေဆီက ပုဆိုးတစ်ထည်ကို အလှည့်ကျ လဲဝတ်ကာ ရာသီလာချိန်ကို ကျော်ဖြတ်နေရပါတယ်။
“ အခုကတော့ တောထဲတောင်ထဲ ထမီက ကိုယ်တွေအမျိုးသမီးလေးတွေ တစ်စုမှာ တစ်ထည်ပဲရှိတယ်။ ဒါကလည်း ရေလဲရင်သုံးကြရတာ နောက်တော့ ရဲဘော်တစ်ယောက်က ပုဆိုးတစ်ထည်ပေးတယ်၊ အဲ့ပုဆိုးကိုပဲ ဝတ်ထားလိုက်ရတယ်။ စွန်းသွားရင် လှည့်ဝတ်ရင်းနဲ့ အဲ့ရက်တွေကျော်ဖြတ်ခဲ့ရတယ်” လို့ သူက ပြန်ပြောပြပါတယ်။
မယွန်းမီကိုကတော့ အရင်က ရာသီလာရင် ရှက်တတ်တဲ့စိတ်တွေကို ဘေးဖယ်ကာ “အဆိုးဆုံးအခြေနေတွေ ကိုရင်ဆိုင်ပြီး သွားရင် ဘယ်တော့မှ ဘာကိုမှလည်း မကြောက်တော့ပါဘူး” လို့ ဆိုပါတယ်။
အမျိုးသမီးတွေ လစဉ်ရာသီလာချိန် ကျန်းမာရေးအရ စိတ်ပိုင်းဆိုင်ရာအရလည်း ဂရုစိုက်ပေးရပေမယ့် လက်ရှိမှာတော့ လက်နက်ကြီးသံတွေကြားရတဲ့အတွက် စိတ်ဒဏ်ရာ ဖြစ်လာနိုင်ကြောင်းလည်း အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတွေ က ဆိုကြပါတယ်။
ကယန်းအမျိုးသမီး အဖွဲ့အစည်း (KyWO)မှ ပြောရေးဆိုခွင့်ရှိသူ မူအဲမလီကတော့ လတ်တလောမှာ စစ်ရှောင်နေတဲ့ အမျိုး သမီးတွေအတွက် လစဉ်သုံးပစ္စည်းနဲ့ပတ်သက်ပြီး အရေးတစိုက် သတိထားလုပ်နေတာမရှိဘူးလို့ ဆိုပါတယ်။
စစ်ရှောင်အမျိုးသမီးတွေ ကျန်းမာရေးပိုင်းဆိုင်ရာ ထိခိုက်မှုဘယ်လောက်ထိရှိနေလဲဆိုတာကို သုတေသန မလုပ်သေးပေမယ့် ရေရှည်မှာ ကျန်းမာရေးထိခိုက်နိုင်ပြီး မိန်းမကိုယ်ပိုးဝင်တာ၊ သားအိမ်ခေါင်းကင်ဆာ ဖြစ်တာတွေကြုံရနိုင်ကြောင်း မူအဲမလီက ပြောပါတယ်။
မိုးဗြဲမြို့နယ်အတွင်း စစ်ရှောင်နေတဲ့ အသက် ၅၂နှစ်အရွယ်ဒေါ် အန်ဂျယ်လင်းကတော့ သူတို့ငယ်စဉ်က အမျိုးသမီး ပစ္စည်းမပေါ်ခင်တုန်းက သုံးခဲ့ရပုံကို ယခုလို ဆိုတယ်။
“ကျမတို့ ခေတ်က ပိတ်စပဲသုံးခဲ့တာ။ ကလေးတွေ ပိတ်စခံတတ်မှာလားမသိဘူး။ ကျမလည်း ဒါကိုမစဉ်းစားမိဘူး။ အခု Pad တွေ ဝယ်ရခက်ရင်တော့ အရင်ကျမတို့ခေတ်ကလို ပိတ်စသုံးဖို့ သင်ပေးရမယ်ထင်တယ်။ ကောင်းကောင်း မလျှော် နိုင်ရင်လည်း ကျန်းမာရေးထိခိုက်နိုင်တယ်လေ”
ဒေါ်အန်ဂျယ်လင်းက သူငယ်စဉ်ကဆိုရင် ရာသီလာချိန်မှာ ပိတ်စအစုတ်တွေကို အသုံးပြုခဲ့ရပြီး အသုံးပြုပြီးချိန် ပြန်လည် လျှော်ဖွပ် နေလှန်းတဲ့အခါမှာလည်း အခြားသူများမြင်မှာ ကြောက်တာကြောင့် ခိုးကြောင်ခိုးဝှက် နေလှန်းခဲ့ရတယ်လို့ ဆိုပါတယ်။
“ ကျမအရင်က ပိတ်စအစုတ်တွေကိုသုံးတာ သူများရှေ့လည်းမလျှော်ရဲဘူး။ နေလှန်းရင်လည်းရှက်တယ်။ အဲဒါကြောင့် ကျမ အသက်ကြီးလာတော့ ကျန်းမာရေးလည်းမကောင်းဘူး၊ သားအိမ်လည်းထုတ်ရတယ်။ ဒါနဲ့ဆိုင်မယ်ထင်တယ်” လို့ ဒေါ်အန်ဂျယ်လင်းက သူ့ရဲ့ကျန်းမာရေးအခြေအနေကို ပြောပြပါတယ်။
ဒါ့ကြောင့် ယခုခေတ် Pad ဝယ်ယူရန်ခက်ခဲနေချိန်မှာ အလှူရှင်တွေနဲ့ Pad မလှူပေးနိုင်ရင်တောင် ပိတ်စအသစ်နဲ့ သန့်ရှင်း ရေး လုပ်နိုင်မယ့်ဆပ်ပြာတွေပေးရင်လည်း အဆင်ပြေကြောင်းနဲ့ အမျိုးသမီးဓမ္မတာလာတာဟာ အလွန်ပင် အရေးကြီး ကြောင်းလည်း သူက ပြောပါတယ်။
ကရင်နီစစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကယန်းအမျိုးသမီးအဖွဲ့အစည်းက မူအဲမလီက “ ကပ်ခွာမရှိတဲ့အတော အတွင်း သန့်ရှင်းတဲ့ အဝတ်တွေသုံးရမယ်။ အဝတ်မရှိရင်တော့ သန့်ရှင်းအောင် ပုံမှန်ဆေးကြောတာလိုအပ်တယ်။ နောက် လူမှု အသင်းအဖွဲ့တွေကို ချိတ်ဆက်ဖို့လိုအပ်တယ်။ ဘယ်ဒေသမှာက ဘယ်လောက်ထိဖြစ်နေလဲ ဘာတွေလိုအပ်နေလဲဆိုတာ ပွင့်ပွင့်လင်းလင်းပြောပြီးတောင်းဆိုဖို့ အကြံပေးချင်ပါတယ်” လို့ ပြောပါတယ်။
စစ်ရေးအခြေအနေ ဘယ်လောက်ထိ ကြာရှည်သွားမယ်ဆိုတာ ပြောလို့မရတဲ့အတွက် လစဉ်ဓမ္မတာလာတဲ့ အမျိုးသမီး တွေကို အမျိုးသားတွေအနေနဲ့ သား၊သမီး၊ မောင်နှမလို သဘောထားပြီး ကူညီရိုင်းပင်းပေးဖို့နဲ့ ငွေပါရင် ဝယ်ပေးတာ၊ အဝတ်ပိုပါရင် ပေးတာတွေကို တစ်ထောင့်တစ်နေရာက ကူညီပေးစေချင်ကြောင်း မူအဲမလီက ဆိုပါတယ်။
၁၀ ကျော်သက် အရွယ်သာရှိသေးတဲ့ မိုးဗြဲစစ်ရှောင်ရောက် မစန္ဒာလင်းကတော့ “ အခုက ကပ်ခွာလည်း မဝယ်နိုင် ဒီတိုင်း နေတော့လည်း လျှော်ဖွတ်ဖို့က မလွယ်ဘူးလေ။ အစစအရာရာ ခက်ခဲတယ်။ ကူညီပေးနိုင်ရင်လည်း ကူပေးစေချင်တယ်။ စစ်ပွဲကိုလည်း မြန်ရပ်တန့်စေချင်တယ်။” လို့ သူ့ဆန္ဒကို ဖွင့်ဟပါတော့တယ်။