Home ဆောင်းပါး သံတွဲဆန္ဒပြမှုတွင် တစ်လကျော်ကြာ ဖမ်းဆီးခံခဲ့ရပြီး ပြန်လွှတ်လာသော အမျိုးသမီးနှင့်ဆက်သွယ်မေးမြန်းချက်

သံတွဲဆန္ဒပြမှုတွင် တစ်လကျော်ကြာ ဖမ်းဆီးခံခဲ့ရပြီး ပြန်လွှတ်လာသော အမျိုးသမီးနှင့်ဆက်သွယ်မေးမြန်းချက်

နွေဦးငြိမ်း။ ။
ရခိုင်ပြည်နယ်သံတွဲမြို့မှာ မတရားအာဏာသိမ်းစစ်တပ် ပြုတ်ကျရေးကန့်ကွက်ဆန္ဒပြမှုတွေ ဖေဖေါ်ဝါရီ၈ရက်မှာ စတင်ခဲ့ ကြပါတယ်။ လုံခြုံရေးတွေတားဆီးထားတဲ့ကြားက လူထောင်ချီတဲ့ ဆန္ဒပြလူထုကြီးဟာ သံတွဲမြို့အနှံ့ကို လှည့်လည် ဆန္ဒပြခဲ့ကြတယ်။ ဖေဖော်ဝါရီ ၁၆ ရက်မှာတော့ အမျိုးသမီးတစ်ဦးအပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒပြသူလေးဦးကို ရဲနဲ့ စစ်တပ်က အကြမ်းဖက်ဖမ်းဆီးခဲ့ကြပါတယ်။

သူတို့ကို သံတွဲရဲစခန်းမှတဆင့် ငပလီမြို့က အမှတ်(၅၅) ခြေမြန်တပ်ရင်းရှိ စစ်အကျဉ်းစခန်းဆီပို့လိုက်ကြပါတယ်။ အဲဒီ ကမှ သံတွဲရဲစခန်းအချုပ်၊ ပြီးတော့ သံတွဲအကျဉ်းထောင်ဆီထပ်မံပြောင်းရွေ့ချုပ်နှောင်ခဲ့ပါတယ်။ အဲဒီအချုပ်တွေမှာ မိသား စုတွေနဲ့တွေ့ခွင့်မရဘဲ ၃၆ ရက်ကြာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတဲ့အတွေ့အကြုံတွေနဲ့ပတ်သက်လို့ ဖမ်းဆီးခံခဲ့ရသူ မမြဝင်းနဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

မေး။ ။ အဖမ်းခံလိုက်ရတဲ့ ဖြစ်စဉ်လေး အရင်ဆုံးပြောပြပေးပါလား။
ဖြေ ။ ။ ညီမတို့သုံးယောက်က ထိပ်ဆုံးကနေဗီနိုင်းကိုင်ကြတာ။ ရဲနဲ့ထိပ်တိုက်တိုးတော့ ထိုင်သပိတ်လုပ်မယ်ဆိုပြီး ထိုင် လိုက်တယ်။ အဲဒီမှာ ရဲမှူးတစ်ယောက်က စကားလာပြောတဲ့ပုံစံမျိုးနဲ့ အနားကပ်လာပြီးတစ်ယောက်ကို စဖမ်းတာနဲ့ အနား မှာရှိတဲ့ အရပ်ဝတ်ဝတ်ထားတဲ့ရဲတွေက ဝိုင်းပြီးဖမ်းကြတာ။ အတင်းဆွဲခေါ်သွားတာ လူပေါင်း ၂၀ ကျော်တယ်။ ကားပေါ်က အတင်းဆွဲတင်ပြီးရဲစခန်းခေါ်သွားတာ။ ရဲစခန်းရောက်တော့နာမည်မေးတယ်။ လက်ထိပ်ခတ်တယ်။ စစ်ချက်ယူတယ်။ ပါ လာတဲ့ပစ္စည်းတွေကို အကုန်ထုတ်ပေးရတယ်။ ပြီးရင် ဓာတ်ပုံရိုက်တယ်။ ကျွန်မကို လက်ထိပ်ခတ်ခဏစောင့်ခိုင်းတယ်။ ယောက်ျားလေးတွေကိုစစ်ပြီးတာနဲ့ အားလုံးကိုကားပေါ်တင်ပြီး ငပလီမှာရှိတဲ့ ၅၅ တပ်ရင်းက စစ်စခန်းကိုပို့လိုက်ကြတယ်။

မေး ။ ။ ခေါ်သွားတာ ဘယ်လိုခေါ်သွားတာလဲ၊ မျက်လုံးတွေ ပိတ်ထားသေးလား။
ဖြေ။ ။ကျွန်မက ထရပ်ကားလေးသေးသေးလေးထဲမှာ ဝပ်ပြီးနေရတယ်။ ကိုအောင်ခိုင်မြင့်နဲ့ကိုရန်ပိုင်ထွေးတို့နှစ် ယောက်ကတော့ ရှေ့မှာ(ကားခေါင်းခန်းမှာ)။ ဖမ်းတုန်းကတော့ အမျိုးသားတွေကပဲ ဝိုင်းဖမ်းကြတာ။ ကားနဲ့ခေါ်သွားတော့ ရဲမေတစ်ယောက်ပါတယ်။ အမျိုးသားရဲဝန်ထမ်းကသုံးယောက်ပေါ့။ ကျွန်မက ကားကြမ်းပြင်မှာထိုင်ရတော့ ရဲမေရဲ့ပေါင် ပေါ်ကို လက်တင်ပြီး မှီထားရတာပေါ့။ ဟိုရောက်တော့ နာမည်တွေကို မေးတယ်။ ပြီးတာနဲ့တစ်ခါတည်း စစ်အကျဉ်း ထောင်ထဲကိုပို့တယ်။ အခန်းကရှစ်ပေပတ်လည်လောက်ပဲရှိတယ်။ အလင်းရောင်မရှိဘူး။ တံခါးဆိုလည်း ထောင်တံခါး တွေလိုပဲ။ သစ်သားနဲ့လုပ်ထားတာ အလေးကြီး။ ယောက်ျားကြီးတစ်ယောက်မှဆွဲဖွင့်လို့ရတဲ့ဟာမျိုးပေါ့။ နေရတာက တစ်ယောက်တစ်ခန်းနေရတာ။ ကျွန်မတို့ကို အထဲထည့်လိုက်တော့ မီးဖွင့်ပေးတယ်။

ကျွန်မနေတဲ့အခန်းက အစွန်မှာဆိုတော့ ပြူတင်းပေါက်ရှိတယ်။ ဘေးမှာစိုက်ခင်းနဲ့ ဒါပေမယ့် ကျွန်မကိုယ့်ကိုယ်ကိုယ် မလုံခြုံသလိုခံစားရလို့ တံခါးကိုပိတ်ထားရတယ်။ ယောက်ျားသားတွေပဲ ရှိတဲ့နေရာမှာ ကျွန်မအတွက်သိပ်မလုံခြုံဘူးလေ။ လဲတာ၊ လျောင်းတာကအစ မလုံခြုံဘူးလေ။ ပိတ်ထားတာပဲကောင်းတယ်ဆိုပြီး ပိတ်ထားလိုက်တယ်။ အခန်းကကျဉ်း တော့ ခြေထောက်ဆန့်နိုင်ရုံလောက်ပဲရှိတယ်။ တစ်ခါတလေခေါင်းနဲ့နံရံနဲ့တောင် တိုက်မိတယ်။ အဲဒီအဆောက်အဦးမှာက အချုပ်ခန်းတွေပဲရှိတာ။ ကိုအောင်ခိုင်မြင့်တို့နေတဲ့ အခန်းနဲ့ကကြားမှာ တခြားအချုပ်သားတွေထားတာ ရှိသေးတယ်။

မေး ။ ။ အထဲကို ရောက်သွားတော့ရော လက်ထိပ်ခတ်ထားသေးလား။
ဖြေ။ ။ အထဲရောက်ပြီးခဏကြာတော့ စစ်သားလေးတစ်ယောက်ကလာပြောတယ်။ တံခါးလေးဖွင့်ခိုင်းပြီးတော့ ခြေချင်း ခတ်တယ်။ ခြေချင်းက ၆၀သား၊ ၇၀သားလောက် သာသာလေးတယ်။ ယောက်ျားလေးဆိုလည်း သူတို့ကို အခန်းရှေ့ခေါ် ထုတ်ပြီးခြေချင်းခတ်တယ်။ ပြီးတော့ ပြန်သွင်းထားလိုက်တယ်။ သူတို့ခြေချင်းခတ်နေတာကို အခန်းတံခါးပေါက်ကနေ ချောင်းကြည့်လို့ရတယ်။

သံခြေချင်းနဲ့ဆိုတော့ ခြေထောက်ကကားကားကြီးဖြစ်နေတာပေါ့။ လက်ကိုတော့လွှတ်ထားပေးတယ်။ သံခြေကွင်းက ဟိုဖက်တစ်ကွင်း ဒီဖက်တစ်ကွင်းဆိုတော့ နေရတာခက်တယ်။ ထိုင်ရပြုရတာကအစ တော်တော်လေးကို နေရထိုင်ရခက် တယ်။ အဲဒီနေ့က ကျွန်မတို့ နေ့လယ်စာတော့ မစားလိုက်ရဘူး။ ညနေမှ ထမင်းစားရတယ်။

မေး။ ။ ရိုက်တာနှက်တာ၊ နာကျင်အောင် လုပ်တာမျိုးတွေရော ရှိသေးလား။
ဖြေ ။ ။ ဖမ်းလာပြီးတော့ မရိုက်တော့ပါဘူး။ ဒါပေမယ့် စစဖမ်းချင်းမှာ ပါးကိုတစ်ချက်အရိုက်ခံရတယ်။ အဲလူရိုက်တာကို ကျွန်မမြင်လိုက်တယ်။ သူကအရပ်ဝတ်ဝတ်ထားတာ ပြောက်ကျားအနွေးထည်အင်္ကျီနဲ့။ သူက ပါးကိုဖြတ်ရိုက်လိုက်တာ။ ကျွန်မဆက်ပြီးရုန်းနေရင် သူတို့ယောကျ်ားသားတွေက ဆက်ပြီးဆိုးလာနိုင်တယ်တွေးမိတာနဲ့ ငြိမ်ငြိမ်လေးနေပြီးတော့ ကားပေါ်တက်လိုက်တာ။

မေး။ ။ အဲဒီလို ကားနဲ့ခေါ်သွားတဲ့အခါမှာ စိုးရိမ်စိတ်၊ ကြောက်စိတ် မဖြစ်မိဘူးလား။
ဖြေ။ ။ အဲလိုတော့ကြောက်စိတ်မဖြစ်မိဘူး။ ဒါပေမယ့် ကားနဲ့ခေါ်သွားတော့ လူစုလူဝေးနဲ့ဝေးနဲ့နေရာကို ပို့တော့မယ်ဆို တာတော့သိတယ်။ ဘယ်နေရာကိုခေါ်သွားလဲဆိုတာတော့ကျွန်မမသိဘူး။ နောက်မှငပလီဘက် တဖြည်းဖြည်းရောက် လာတယ်ဆိုတာ သတိထားမိတယ်။ အဲဒီလိုကြည့်နေတဲ့အချိန်မှ စစ်တပ်ထဲဝင်သွားတာတွေ့လိုက်ရတယ်။ အဲဒီအခါ စိတ် ထဲမှာ ဘာကြီးတုန်းဆိုပြီး စိတ်ထဲမှာခုသွားတယ်။ စိုးရိမ်စိတ်ဝင်တာမျိုးတော့မဟုတ်ဘူး။ ငါတို့ကိုဘာလို့ အဲဒီလိုကြီး တောင်လုပ်ရတာလဲလို့တွေးမိတယ်။ ဘာပဲဖြစ်ဖြစ် ငါကတော့အဖမ်းခံထားရပြီ ဘယ်နေရာပဲပို့ပို့ ငါရင်ဆိုင်ရမှာပဲလို့ စိတ်ကို ချုပ်ထိန်းလိုက်တယ်။ မာန်ကတော့ တော်တော်လေးတက်သွားတယ်။

ကျွန်မတို့ကိုခေါ်သွားတယ်၊ အချုပ်ခန်းထဲထည့်တယ်။ ကျွန်မမထိုင်ဘူး။ မတ်တပ်ပဲရပ်နေတာ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မတို့ကိုဖမ်းတာဟာ ပိုပြီးသိသာထင်ရှားသွားတယ်လို့ ကျွန်မခံစားသွားရတယ်။ ကျွန်မလုပ်ခဲ့တဲ့လုပ်ရပ်အပေါ်ကိုလည်း ကျွန်မ တော်တော်လေးကိုကျေနပ်မိတယ်။ ကြောက်တဲ့စိတ်လုံးဝမရှိဘဲနဲ့ ကိုယ့်လုပ်ရပ်ကိုယ်ဂုဏ်ယူမိသွားတယ်။

ဒါပေမဲ့ သံခြေချင်းတွေ လာခတ်တဲ့အခါမှာတော့ တော်တော်လေးတင်းမာတဲ့အခြေအနေမှာ ရှိနေတယ်လို့တော့ အကဲခတ် မိတယ်။ အဲဒီမှာ စိုးရိပ်စိတ်တစ်ချက်ဝင်သွားတယ်။ အဓိကက အမေနဲ့ဘယ်လိုအဆက်အသွယ်ရမလဲဆိုတာ စိတ်ပူသွား တယ်။ အခုလိုဖမ်းသွားတာကို တစ်ယောက်ယောက်ကပြောနိုင်ရင် အရမ်းကောင်းမှာပဲလို့တွေးမိတယ်။ ဘုရားစာတွေ လည်း ရွတ်နေမိတယ်။ ညနေမှာအင်္ကျီနဲ့အစားအသောက်တွေ လာပေးတဲ့အခါတော့မှ ကျွန်မစိတ်ဒုံးဒုံးကျသွားတော့တယ်။

မေး ။ ။ ခြေချင်းလာခတ်ပြီးတော့ စစ်ဆေးတာတွေထပ်လုပ်သေးလား။
ဖြေ ။ ။ နာမည်လာမေးတယ်၊ နေရပ်လိပ်စာလာမေးတာပဲရှိတယ်။ ညနေပိုင်းမှာတော့ အမျိုးသားနှစ်ယောက်လာမေး တာတော့ရှိတယ်။ ဘာကြောင့်ဒီလိုလုပ်တာလဲ။ အဖွဲ့အစည်းတစ်ခုခုနဲ့ပတ်သက်နေလားပေါ့။ အဲနေ့ကလည်း အနီရောင် အင်္ကျီဝတ်ထားတော့လေ။ ဘာမှမပတ်သက်ဘူးလို့ကျွန်မဖြေလိုက်တယ်။ ကိုယ့်ဆန္ဒနဲ့ကိုယ်လုပ်ပါပဲလို့ ဖြေလိုက်တယ်။ ကျွန်မတို့ကို ဘယ်အဖွဲ့အစည်းကမှခိုင်းတာမဟုတ်ဘူး။ ကျွန်မတို့ရဲ့ယုံကြည်မှုကို အလွှဲသုံးစားလုပ်တယ်လို့ခံရလို့ ကျွန်မဆန္ဒထုတ်ဖော်ရခြင်းသာ ဖြစ်ပါတယ်လို့ပြောလိုက်တယ်။ ပြီးတော့အမှတ်အသားတွေယူတယ်။ ဓာတ်ပုံရိုက်တယ်။ သူတို့စစ်ဆေးတာက မိနစ် ၃၀ လောက်ပဲကြာတယ်။

မေး။ ။ ခြေချင်းခတ်ထားတာက ဘယ်လောက်ကြာလဲ။
ဖြေ။ ။ သုံးရက်ပေါ့။ ထိုင်ရတာလည်းအခက်အခဲဖြစ်တယ်၊ အိပ်ရတာလည်း အခက်အခဲဖြစ်တယ်။ ထိုင်တဲ့အချိန်မှာ သံကွင်းကလည်သွားလို့ တစ်ခေါက်ခေါ်ရသေးတယ်။ သူကခြေထောက်ကို လိမ်ချိုးသလိုကိုဖြစ်နေတာ။ ကျွန်မတို့ကို ဖမ်းတဲ့အချိန်က အေးတော့ အဲဒီသံကွင်းကြီးက ခြေထောက်မှာ အေးနေတော့ တော်တော်နဲ့ အိပ်မပျော်ဘူး။ အိပ်တဲ့အခါမှာ လည်း ရောဂါသည်တစ်ယောက်လိုပဲအိပ်ရတယ်။ ဒူးနှစ်ဘက်ကိုထောင်ပြီးအိပ်ရတယ်။ ခြေထောက်က လည်း ကားထား ရသေးတယ်။

ဘယ်လိုမှအိပ်လို့မရဘူးလေ။ တစ်ညတစ်ညကို ဖြတ်ကျော်ဖို့ဆိုတာက တစ်ခါတလေကျ အင်တာနက်သုံးပြီးလို့ အိပ်လိုက် တဲ့ အခါလွယ်ပေမယ့် ဘာမှမလုပ်ဘဲနဲ့သံကွင်းကြီးနဲ့ မသက်မသာကြီး ဖြတ်ကျော်ရတာကအခါကျတော့ ကိုယ့်ကိုယ်ကိုယ် အဖြေရှာကြည့်တယ် ဘယ်လိုနေရင် သက်သာမလဲဆိုပြီးတော့ အဲဒီအခါ တစောင်းလေးနေကြည့်တဲ့အခါ တော်သေး တယ်။ ခြေထောက်တစ်ခါလှည့်ဖို့ကိုတစ်ခါနိုးရတယ်။ ဒီအတိုင်းလှည့်လိုက်ရင်တော့ ခြေထောက်က ကျိုးဖို့ ၉၀ ရာခိုင်နှုန်း လောက်ရှိတယ်။

မေး ။ ။ အပေါ့အပါးသွားဖို့ကို ဘယ်လိုစီစဉ်ပေးလဲ။
ဖြေ ။ ။ အပေါ့အပါးသွားဖို့ကို တနေ့နှစ်ကြိမ်အပြင်ထုတ်ပေးတယ်။ အဲဒီအချိန်မှာ အပေါ့အပါးသွားပေါ့။ ညဘက်ရောက် တဲ့အခါတော့ အိုးပေးတယ်။ အဲဒီမှာပါပေါ့။ ကျွန်မကတော့ မလုံခြုံတဲ့အတွက်မသုံးခဲ့ဘူး။ သူတို့တံခါးဖွင့်ပေးတဲ့အခါမှပဲ သွားတယ်။ နေ့ခင်း၊ နေ့လယ်သွားတဲ့အခါမှာလည် သံခြေချင်းနဲ့ပဲသွားရတာမဖြုတ်ပေးဘူး။ အဲဒီသုံးရက်အတော အတွင်း မှာ တစ်ရက်မှမဖြုတ်ဘူ။ သုံးရက်မြောက်နေ့မှာ ကျွန်မကိုရေချိုးပေးဖို့ဆိုပြီး အမျိုးသမီးနှစ်ယောက်ကိုခေါ်ထားပေးတယ်။ စစ်သားတွေရဲ့အမျိုးသမီးတွေပေါ့။ တာပေါ်လင်စတွေနဲ့လုံလုံခြုံခြုံလေးလုပ်ပေးတယ်။ အဲဒီအချိန်မှာ ကျွန်မက ရေချိုးရ တယ်။

ရေချိုးပြီးတော့ ကျွန်မခြေချင်းက ဘယ်လိုမှ ဖြုတ်လို့မရတော့ဘူး။ သော့က ဘယ်သော့နဲ့မှမတော်တော့ဘူး။ အဲဒါ ခြေချင်း ကို သံဖြတ်စက်နဲ့ဖြတ်လိုက်ရတယ်။ ဖြတ်တဲ့သူက တော်တော်လေးကျွမ်းကျင်တယ်လို့ ပြောရမယ်။ ကျွန်မကတော့ ဘုရားကိုတော်တော်လေးတလိုက်ရတယ်။ ဖြတ်ပြီးတော့သံခြေချင်းကို မတပ်နဲ့တော့လို့ပြောတယ်။ ဟိုနှစ်ယောက်ကို လည်း ဖြုတ်ပေးလိုက်တယ်။ အဲဒီည ၈ နာရီလောက်မှာပဲ ရဲအရာရှိနှစ်ယောက်နဲ့ အမျိုးသမီးနှစ်ယောက် ကျွန်မတို့ကို လာခေါ်တယ်။ နင်တို့အထုတ်တွေကို မြန်မြန်ဆန်ဆန်သိမ်းဆိုပြီး လာခေါ်တယ်။ ကားပေါ်မတက်ခင် ကျွန်မတို့ရဲ့ မျက်လုံး တွေကို ပုဆိုးတွေနဲ့ စည်းလိုက်ကြတယ်။ ပြီးတော့ သံတွဲအချုပ်ကိုပဲ ကျွန်မတို့ကို ပြန်ခေါ်လာတယ်။

မေး။ ။ အဲဒီအချိန်မှာရော စိုးရိမ်စိတ်ဖြစ်လား။
ဖြေ ။ ။ ဖြစ်တယ်။ ဘယ်ကိုခေါ်သွားမလဲမသိဘူးဆိုပြီးတော့လေ။ ဘာလုပ်လိုက်မလဲမသိဘူးလို့ စိုးရိမ်စိတ်တွေ ရှိလာတယ်။ ၅၅ တပ်ရင်းနဲ့သံတွဲသွားတာ မျက်လုံးစည်းဖို့မလိုဘဲနဲ့ အခုမှမျက်လုံးစည်းတော့ ဒီထက်ဝေးတဲ့နေရာကို ခေါ်သွားပြီလား မသိလို့၊ နောက်ဆုံးတော့လည်း သံတွဲရဲစခန်းရောက်လာတာပဲ။ ရဲစခန်းမှာတော့ တစ်ယောက်တည်း သီးသန့်အချုပ်မှာထားတယ်။

မေး ။ ။ အဲဒီအချိန်ထိ ကိုယ့်အချင်းချင်းရော၊ တခြားသူနဲ့ရော စကားပြောရတာမျိုးရှိလား။
ဖြေ ။ ။ သံတွဲရဲစခန်းကို ပြန်ရောက်ခင် စစ်တပ်ထဲမှာနေရတုန်းက ဒုတိယနေ့မှာ အွန်လိုင်းဗီဒီယိုကနေတဆင့် တရား သူကြီးနဲ့ စကားပြောလိုက်ရသေးတယ်။ ရမန်ယူဖို့ဆိုပြီးတွေ့ရတာ။ ကျွန်မတို့သုံးယောက်ကို ထိုင်ခိုင်းတယ်။ တရား သူကြီးက နင်တို့ကိုဘာဥပဒေတွေနဲ့စွဲချက်တင်ထားတယ်။ ဒါကြောင့်မို့ နင်တို့ကိုရမာန်အနေနဲ့ထားထားတယ်။ အဲဒီလိုထား ထားဖို့ကို ငါ့ကိုဘယ်ရဲမှူးက လာပြီးတော့ စွဲချက်တင်ထားတယ်။ အဲဒီမှာ တရားသူကြီးနဲ့ အချေအတင် နည်းနည်း ဖြစ်သွား သေးတယ်။

တရားသူကြီးကို ကျွန်မကပြောလိုက်မိတာ။ တရားသူကြီးရှင့် ကြီးတဲ့အမူသေးအောင်၊ သေတဲ့အမူပပျောက်အောင်လုပ် တာပဲရှိတယ်။ ကျွန်မတို့ကို ဘာလို့ရမာန်နဲ့ထားတာလဲလို့။ ပြီးတော့ ဒီဆုံးဖြတ်ချက်က တရားသူကြီးအပေါ်မှာပဲရှိတော့ တရားသူကြီးရဲ့ သဘောထားကရော ဘယ်လိုရှိလဲလို့ မေးလိုက်တယ်။ အဲဒီမှာ တရားသူကြီးက စိတ်ဆိုးပြီးတော့ နင်တို့ကို ရမာန်နဲ့ပဲထားလိုက်ပြီလို့ပြောပြီး စက်ပိတ်သွားတယ်။ ရဲတွေကလည်း စိတ်တွေဆိုးတာပေါ့။ တရားသူကြီးကို အဲလိုပြောရမ လားဆိုပြီးတော့။ အဲဒီမှာ အရာရှိတစ်ယောက်ကို ပြောတယ်။ အိမ်ကိုတစ်ခေါက်လောက် ဖုန်းဆက်ခွင့်ပေး တာလို့ပြော တယ်။ မရဘူး။

မေး ။ ။ အဲဒီသုံးရက်မှာ အမျိုးသမီးတစ်ယောက်အနေနဲ့ အခွင့်အရေးချိုးဖောက်ခံရတယ်ဆိုတဲ့ဟာ ဘာရှိမလဲ။
ဖြေ ။ ။ အမျိုးသမီးတစ်ယောက်အနေနဲ့တော့ လူ့အခွင့်အရေးချိုးဖောက်ခံရတယ်လို့ ခံစားရတယ်။ ဖမ်းကတည်းကလေ သူတို့က လူကြီးသူကောင်းမပီသဘူးလို့ ခံစားရတယ်။ အတင်းလုံးထွေးသွားပြီးတော့ ခေါ်သွားတာ။ ဟိုရောက်သွားတော့ လည်း ခြေချင်းခတ်တယ်။ ဒီလောက်အကျဉ်းထောင်ကြီးမှာ ဘယ်မှထွက်ပြေးစရာ မရှိတာကြီးမှာ ခြေချင်းခတ်ပြီး ထား တယ်ဆိုတာ ကိုယ်တွေကို တမင်သက်သက်ကြီးလုပ်တယ်လို့ ခံစားရတယ်။

မေး ။ ။ စားတာသောက်တာရောအဆင်ပြေလား။
ဖြေ။ ။စားတာ၊ သောက်တာက အပြင်ကလာပေးတာက ကျွန်မတို့အတွက်လုံလောက်တယ်။ ကုန်တောင်မကုန်ဘူး၊ အဲဒါကြောင့် သူတို့ပေးတဲ့ထမင်းကို မယူပါရစေနဲ့လို့ ပြောလိုက်တယ်။ သောက်စရာရေကုန်ရင်တော့ တံခါးဘောင်လေးမှာ လာတင်ပေးထားတယ်။ ရေကုန်ရင်တော့ထပ်တောင်းလို့ရတယ်။ သံတွဲအကျဉ်းထောင်ကိုရောက်တော့ ထောင်ထမင်း၊ ထောင်ဟင်းပဲစားရတယ်။

Related Articles