ရှင်ငြိမ်း။ ။
မဘောက်ဆိုင်းဟာ လူမှန်းသိတတ်စအရွယ် မရောက်ခင်ကတည်းက စစ်ဘေးဒုက္ခသည် ဖြစ်ခဲ့ရသူပါ။ သူအသက် သုံးနှစ်အရွယ် ၂၀၁၁ မှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နဲ့ မြန်မာစစ်တပ်တို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက် ပျက်သွားခဲ့ပြီး တိုက်ပွဲတွေ ပြင်းထန်လာချိန်ကတည်းက ဘောက်ဆိုင်းတို့ မိသားစုဟာ သူတို့ရွာကနေ ထွက်ပြေးခဲ့ကြရတာပါ။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အင့်ဘွမ်ကျေးရွာကနေ မြစ်ကြီးနားမြို့ပေါ်က ရွှေစက်စစ်ရှောင်စခန်းဆီ စစ်ရှောင်လာရတဲ့ ဘောက်ဆိုင်းတို့ မိသားစု အိမ်မပြန်နိုင်တာ ၁၀ နှစ်ကျော်ရှိခဲ့ပါပြီ။ စစ်ပြေးနေရတဲ့ကြားထဲ ဖခင်ဟာလည်း KIA နဲ့ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နှစ်ရှည်ထောင်ဒဏ် ချခံထားရပါတယ်။
“ဝမ်းနည်းလို့ငိုလိုက်တိုင်း မျက်ရည်တဖက်ပဲ ကျရလို့ နာကျင်တဲ့ ခံစားချက်ကို ဘယ်သူမှ နားလည်မှာမဟုတ်ပါဘူးလေ” လို့ ဘောက်ဆိုင်းက ပြောပါတယ်။
ကံမကောင်းလှတဲ့ ဘောက်ဆိုင်းလေးမှာ မွေးရာပါ နောက်ထပ်ကံဆိုးမှုတွေလည်း ရှိနေပါသေးတယ်။ သူဟာ မွေးရာပါ မျက်နှာတစ်ခြမ်း အကြောသေနေတာပါ။ နောက်ပြီး သူ့လက်ချောင်းလေးတွေနဲ့ ခြေထောက်တစ်ဖက်ကလည်း မသန်ပါဘူး။ သူငိုတဲ့အခါမှာတောင် အကြောသေနေတဲ့ ဘယ်ဘက်အခြမ်းက မျက်ရည်မထွက်ပါဘူး။ အကြောသေနေတဲ့မျက်လုံးဟာ ငါးပေကျော်တာနဲ့ အမြင်ဝါးသွားပြီး မမြင်ရတော့လို့ အဲ့ဒီမျက်လုံး တစ်ဖက်ကို ဆေးကုသခွင့်ရဖို့ မျှော်လင့်နေပါတယ်။
ကံတရားရဲ့မျက်နှာသာမပေးမှုတွေ၊ မွေးရာပါချို့ယွင်းချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဘောက်ဆိုင်းဟာ ဘဝကိုအလွယ်တကူ အရှုံးပေးခဲ့သူမဟုတ်ခဲ့ပါဘူး။ ဘောက်ဆိုင်းဟာ အသက် ကိုးနှစ်အရွယ်ကတည်းက ပြင်သစ်ယဉ်ကျေးမှုဌာနက ကျင်းပတဲ့ ဓာတ်ပုံပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုတွေလည်းရခဲ့သူဖြစ်ပါတယ်။ သူရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ရုပ်သံဇာတ်လမ်းတိုတွေကိုလည်း NGO တွေ၊ ဓာတ်ပုံနဲ့ရုပ်သံ ပွဲတော်တွေမှာ ဂုဏ်ပြုဖော်ပြတာ ခံခဲ့ရပါတယ်။
ဘောက်ဆိုင်း ကင်မရာကိုစကိုင်တော့ သူ့အသက် ကိုးနှစ်သာရှိပါသေးတယ်။ ၂၀၁၇တုန်းက မသန်စွမ်းအဖွဲ့တစ်ခုက မြစ်ကြီးနားမှာ ၁၀ ရက်ကြာ ဓာတ်ပုံသင်တန်း လာပေးချိန်မှာ ဘောက်ဆိုင်းဟာ အသက်အငယ်ဆုံး သင်တန်းသူအဖြစ် ဓာတ်ပုံပညာကို စတင်သင်ကြားခဲ့ပါတယ်။ အဲ့ဒီအချိန်ကစလို့ ဓာတ်ပုံနဲ့ဗီဒီယို ရိုက်ကူးမှုတွေကို နှစ်သက်သဘောကျလာခဲ့တာ ဖြစ်ပါတယ်။
ကိုးနှစ်အရွယ် ကလေးငယ်တစ်ယောက်အတွက် ခက်ခဲလှတဲ့ ဓာတ်ပုံပညာအခြေခံတွေကို ကြိုးစားသင်ယူရင်း နောက်တစ်နှစ်အကြာ ၂၀၁၈ မှာတော့ ပြင်သစ်ယဉ်ကျေးမှုဌာနက ဦးစီးကျင်းပတဲ့ (၁၀)ကြိမ်မြောက် ရန်ကုန်ဓာတ်ပုံပွဲတော်ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ စစ်ရှောင်စခန်းထဲက သူ့ရဲ့ဘဝကို ရိုက်ကူးထားတဲ့ ဘောက်ဆိုင်းရဲ့ ‘မြင့်သည်ထက်မြင့်သည်’ လို့အမည်ပေးထားတဲ့ ဘောက်ဆိုင်းရဲ့ ဓာတ်ပုံဇာတ်လမ်းဟာ တက်သစ်စ ဓာတ်ပုံပညာရှင်အဆင့်ပြိုင်ပွဲမှာ စတုတ္ထဆုချိတ်ခဲ့ပါတယ်။
“ဆုကအခုကိုင်ထားတဲ့ မီဖုန်းတလုံးနဲ့ ဓာတ်ပုံစာအုပ် တစ်အုပ်ရတယ်။ ငွေတော့ပါ၊မပါမသိဘူး။ သမီးမမှတ်မိတာ” လို့ ဘောက်ဆိုင်းက ပြုံးရယ်လို့ ပြောပါတယ်။
ဘောက်ဆိုင်းရိုက်ကူးတဲ့ ‘အိမ်ပြန်ချင်ပြီ’ လို့အမည်ပေးထားတဲ့ ကချင်စကားပြောရုပ်သံဇာတ်လမ်း တစ်ခုဟာလည်း လူသိများပါတယ်။ စစ်ရှောင်စခန်းထဲက ရွယ်တူသူငယ်ချင်းတွေကို အင်တာဗျူးတဲ့ပုံစံ မေးမြန်းထားတဲ့ ခြောက်မိနစ်ကျော်ကြာ ရုပ်သံဇာတ်လမ်းဖြစ်ပါတယ်။ စစ်ရှောင်စခန်းမှာမွေး၊ စစ်ရှောင်စခန်းမှာကြီးခဲ့ရပြီး ကိုယ့်ရပ်ကိုယ့်ရွာဆိုတာ ဘာမှန်းတောင်မသိတဲ့ ဘဝတူကလေးငယ်တွေကို ဘောက်ဆိုင်းက အဲ့ဒိရုပ်သံမှာ အိမ်ပြန်ချင်တဲ့အကြောင်း မေးမြန်းထားတာဖြစ်ပါတယ်။
နောက်သူကိုယ်တိုင် ရိုက်ကူးမေးမြန်းထားတဲ့ စစ်ရှောင်စခန်းထဲက “ကလေးတွေရဲ့အိပ်မက်” ရုပ်သံဖိုင်ကို အပြည်ပြည် ဆိုင်ရာအလုပ်သမားအဖွဲ့(ILO)က အပြည်ပြည်ဆိုင်ရာမသန်စွမ်းနေ့မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာတုန်းကလည်း မြစ်ကြီးနားမြို့၊ မနောကွင်းမှာပြုလုပ်တဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ဓာတ်ပုံပြပွဲနဲ့အတူ IDP စခန်းတွေက မသန်စွမ်းမိန်းကလေးတွေရဲ့ ဓာတ်ပုံပြပွဲမှာလည်း သူ့ဓာတ်ပုံတွေပြသခဲ့တယ်။
တကယ်တော့ ဓာတ်ပုံနဲ့ရုပ်သံ ရိုက်ကူးရေး ပညာရှင်ဖြစ်ဖို့ဆိုတာ ထင်သလောက် လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ ရိုက်ကူးရေးပညာ၊ကင်မရာ စတာတွေဟာ ငွေကြေးအကုန်အကျများပြီး အချိန်ယူ လေ့လာရပါတယ်။ အခက်အခဲတွေကြားက စစ်ရှောင်ဘဝနဲ့ အသက်ငယ်စဉ်မှာဘဲ ဘောက်ဆိုင်းဟာ ဓာတ်ပုံတွေ၊ရုပ်သံတွေ ရိုက်ကူးထုတ်လုပ်နိုင်တာ ချီးကျူးစရာကောင်းလှပါတယ်။
ဓာတ်ပုံပညာနဲ့မထိတွေ့ခင် အရင်တုန်းကတော့ ဘောက်ဆိုင်းဟာ စကားပြောနည်းပြီး အိမ်အပြင်ထွက်ဆော့တာမျိုး နည်းပါးတယ်လို့ သူ့မိသားစုဝင်တွေက ဆိုပါတယ်။ ဓာတ်ပုံသင်တန်းတက်ပြီးတဲ့ နောက်မှာတော့ ဘောက်ဆိုင်းဟာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်လာပြီး ရဲဝံ့တဲ့မိန်းကလေး တစ်ယောက်ဖြစ်လာခဲ့ပါတယ်လို့လည်း ဆိုပါတယ်။
အသားညိုညို၊မျက်နှာဝိုင်းဝိုင်းနဲ့ ဂုတ်ပေါ်ဝဲကျနေတဲ့ ဆံပင်လေးတွေကို နှစ်ဘက်ခွဲစည်းထားပြီး စကားသံဝဲတဲတဲနဲ့ ဘောက်ဆိုင်းရဲ့ အမူအရာလေးဟာ လူတိုင်း ကို ချစ်ခင်စိတ်ဖြစ်စေပါတယ်။ သူဟာ ဝါသနာအရ စစ်ရှောင်စခန်းထဲက လူတွေရဲ့လှုပ်ရှားမှုတွေကို နေ့စဉ်မှတ်တမ်းတင် ဓာတ်ပုံရိုက်လေ့ရှိတာကြောင့် ဒါတွေနဲ့ အသားကျနေတဲ့လူကြီး၊ ကလေးအားလုံးလိုလိုဟာ သူမြင်တာနဲ့ အလိုလိုပြုံးသွားကြရစမြဲပါ။
ဘောက်ဆိုင်းရဲ့မိခင်ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘဝကိုအရှုံးမပေးဘဲ ကြိုးစားရုန်းကန်နေတဲ့ သူ့သမီးဟာ မွေးရာပါမသန်စွမ်းဖြစ်ခဲ့ရတဲ့အပေါ် ဝမ်းနည်းနေခဲ့ပါတယ်။
“မိခင်ဆိုတော့လေ ကိုယ့်သမီးလေး ဒီလိုမသန်စွမ်းအနေနဲ့ မွေးလာတော့ စိတ်မကောင်းဘူး” လို့ ဖွင့်ဟပါတယ်။
ဘောက်ဆိုင်းရဲ့ မိဘတွေဟာ ဝင်ငွေနည်း တောသူတောင်သားတွေ ဖြစ်တာကြောင့် ဘောက်ဆိုင်းရဲ့ဝေဒနာကို ကုသလို့မရဘူးဆိုတဲ့ အထင်နဲ့ ကုသမှုမလုပ်ခဲ့သလို တောရွာမှာလည်း ဆေးရုံ၊ဆေးခန်းတွေ မရှိတာကြောင့် ဆရာဝန်နဲ့ ပြသတိုင်ပင်တာမျိုးလည်း တခါမှ မလုပ်ကြည့်ခဲ့ဘူးလို့ ဆိုပါတယ်။
ဘောက်ဆိုင်းတို့ မိသားစုဟာ ၂၀၁၁ ဇွန်လကတည်းက နေရင်းရပ်ရွာလေးကို စွန့်ခွာခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီတုန်းက တိုက်ပွဲတွေဖြစ်ခဲ့ပြီး ဘောက်ဆိုင်းတို့အိမ်အပေါ် လက်နက်ကြီးကျ မီးစွဲလောင်သွားတာကြောင့် ဘာပစ္စည်းမှမယူနိုင်တော့ဘဲ အဝတ်တထည်၊ ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ကြရတယ်။
မြစ်ကြီးနားမြို့ပေါ် ရောက်တဲ့အခါမှာ ကူညီရေးအဖွဲ့တွေရဲ့ကူညီမှုနဲ့ လက်ရှိနေတဲ့ဘုရားကျောင်းဝင်းထဲမှာ ခိုလှုံခွင့်ရခဲ့တာပါ။ သို့ပေမယ့် ၁၀ပေ ပတ်လည်အခန်းထဲမှာ မိသားစုခုနှစ်ယောက် ကြပ်တည်းစွာနေထိုင်ရသလို အလှူရှင်တွေရဲ့ ထောက်ပံ့မှုကလည်း စားလောက်ရုံသာရတဲ့အတွက် အသေးသုံးငွေမရှိတာကြောင့် မိသားစုဝင်တွေထဲက အလုပ်လုပ်ကိုင်နိုင်တဲ့ သူတွေဟာ စခန်းအပြင်ထွက်ကာ နေ့စားအလုပ်တွေ ထွက်ရှာကြရတယ်။
နေ့စားအလုပ်က တစ်နေ့လုံးလုပ်မှ ငွေကျပ် သုံးထောင်သာရပေမယ့် ပုံမှန်အလုပ်မဟုတ်တာကြောင့် ဘောက်ဆိုင်းရဲ့အဖေနဲ့ အကိုနှစ်ယောက်ဟာ ဝင်ငွေကောင်းပြီး အလုပ်အမြဲရှိတဲ့ တရုတ်နယ်စပ်အထိသွားကာ ပြောင်းချိုးတဲ့ အလုပ်ကြမ်းတွေ သွားလုပ်လေ့ရှိကြတယ်။
စားဝတ်နေရေးအတွက် ဒီလိုခက်ခဲစွာရုန်းကန်နေရတဲ့ကြားထဲ ဘောက်ဆိုင်းအဖေကို စစ်တပ်က KIAနဲ့ ဆက်သွယ်လို့ဆိုကာ ထောင်နှစ်ရှည်ချခံခဲ့ရပါတယ်။ ယခင်ကတည်းက ဘောက်ဆိုင်းတို့မိသားစုဟာ ဖခင်နဲ့ အကိုနှစ်ယောက်လုပ်စာကို အသက် မွေးနေကြရတာဖြစ်တယ်။ ဘောက်ဆိုင်းဖခင် ထောင်ကျသွားပြီးတဲ့နောက်မှာ ဘောက်ဆိုင်းရဲ့အဖွားလည်း သားစိတ်နဲ့ဆုံးပါး သွားခဲ့ရတော့ ဘောက်ဆိုင်းကို သူ့အစ်မက ထိန်းကျောင်းစောင့်ရှောက်ပေးရပါတယ်။
သူတို့မိသားစုအတွက် “ကံဆိုးမသွားရာမိုးလိုက်လို့ရွာ”ဆိုမလားဘဲ။ စစ်ဘေးရှောင်ဒုက္ခသည်တွေကို အစပိုင်းမှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီထောက်ပံပေးနေပေမယ့် ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ ထောက်ပံ့မှုအားလုံးကို လျှော့ချပစ်ခဲ့ပါတယ်။ တချို့ဒုက္ခသည်စခန်းတွေမှာ ထောက်ပံ့မှုလုံးဝ ရပ်ဆိုင်းသွားတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီး တချို့စစ်ဘေးရှောင် စခန်းတွေဟာ တစ်လမှာ လူတစ်ယောက်အတွက် ငွေကျပ်တစ်သာင်းတစ်ထောင်သာ ထောက်ပံ့ကြေး ရကြပါတော့တယ်။
ဒီငွေတစ်သောင်းတစ်ထောင်ကျပ်ဟာ လူတစ်ယောက်အတွက် တစ်ရက်ကို စားစရိတ်ငွေကျပ် ၆၀၀ ကျော်သာသုံးစွဲနိုင်မှာ ဖြစ်သဖြင့် ဘယ်လိုမှ မလုံလောက်နိုင်ပါ။ သို့ပေမယ့်လည်း အပြင်ကြုံရာကျပမ်း အလုပ်လုပ်တွေလုပ်ရင်း သူတို့ဝမ်းရေးကို ဖြေရှင်းခဲ့ကြတယ်။
ဒီလိုအခြေအနေကြားထဲမှာ ကိုဗစ်ဝင်လာတော့ ဘောက်ဆိုင်းတို့မိသားစုရဲ့စားဝတ်နေရေးဟာလည်း ယခင်ထက်ပိုလို့ ခက်ခဲသွားသလို ထောင်ထွက်ဖခင်ကလည်း ထောင်တွင်းနှိပ်စက်မှုဒဏ်ကြောင့် အလုပ်မလုပ်နိုင်ဘဲ နာတာရှည်ရောဂါခံစား နေရပြန်ပါတယ်။ကိုဗစ်ကြောင့် နယ်စပ်မှာရှိတဲ့အလုပ်တွေကို သွားလုပ်လို့မရတဲ့အတွက် ဘောက်ဆိုင်းမိခင်ဟာ မြစ်ကြီးနားမြို့ပေါ်မှာပဲ အလုပ်မျိုးစုံလုပ်ကာ ဝမ်းစာရှာနေရတာဖြစ်တယ်။
ဘောက်ဆိုင်းရဲ့ မိခင်ကတော့ ဒီအခက်အခဲတွေဖြေရှင်းနိုင်ဖို့ဆိုရင် နေရင်းရပ်ရွာပြန်ပြီး လယ်လုပ်မှ အဆင်ပြေနိုင်မယ်လို့ တွက်ဆထားတာကြောင့် အိမ်ကိုသာပြန်ချင်စိတ်ဖြစ်နေပါတော့တယ်။
“ဒီမှာလည်း ၁၁နှစ်လောက် ရှိပြီဆိုတော့ အိမ်ပြန်ချင်ပြီလေ။ ဟိုမှာလယ်လုပ်နေရရင် ဒီလောက်ခက်ခဲချင်မှ ခက်ခဲမယ်။ ခုနေရတာ အခန်းကျဉ်လေးထဲ၊ စားရတော့ သူများဝေတာ မျှော်စားရတော့ အိမ်ပြန်ချင်စိတ်က အမြဲလိုဖြစ်နေတာ” လို့ ဘောက်ဆိုင်းရဲ့မိခင်က ဆိုပါတယ်။
သူများတွေထက် အခက်အခဲတွေ ပိုမိုရင်ဆိုင်နေရပေမယ့် ဘောက်ဆိုင်းကတော့ အားလျော့ခဲ့ပုံမရပါဘူး။ သူဟာ ဆုရတဲ့အချိန်ကစလို့ အရင်လိုသူငယ်ချင်းတွေနဲ့ မဆော့တော့ဘဲ ဖုန်းတလုံးနဲ့ စခန်းထဲလျှောက်သွားရင်း၊ မိခင်နဲ့တောထဲသွားရင်း မှတ်တမ်းယူနေတာ ယနေ့ထိပါပဲ။ သူဟာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကူးနေရရင် ပျော်ရွင်နေတတ်သလို သတင်းထောက်တစ်ယောက် ဖြစ်ချင်တဲ့ ဆန္ဒလည်းရှိနေပါတယ်။
ဒီလိုသတင်းထောက် ဖြစ်ချင်တာကလည်း သူကိုးနှစ်အရွယ်ကတည်းက ဓာတ်ပုံတွေ၊ဗီဒီယိုတွေ ရိုက်တတ်အောင် အနီးကပ်လမ်းညွန်သင်ပေးခဲ့တဲ့ သတင်းထောက် အဲလိဇဘက်ဂျန်မာကနေ စခဲ့တယ်လို့ ဆိုရမှာပါပဲ။
“ဆရာမအဲလိကို လေးစားတာလည်းပါတယ်။ နောက်သူက စခန်းထဲက လူတွေအကြောင်းကို အားလုံးသိအောင် ဓာတ်ပုံတွေ၊ဗီဒီယိုတွေက ပြောပြလို့ရတယ်တဲ့။ အဲ့ကတည်းက သတင်းထောက်လုပ်ချင်ပြီး စစ်ရှောင်တွေဘဝကို တင်ပြချင်တာ” လို့ ဘောက်ဆိုင်းက ပြောပါတယ်။
အကယ်၍ သူအသက်တွေကြီးလာတဲ့အချိန် သတင်းထောက်သာ ဖြစ်ခဲ့မယ်ဆိုရင် ကချင်ပြည်နယ်ထဲ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ စစ်ရှောင်တွေရဲ့ ခက်ခဲကြပ်တည်းမှုတွေကို အများသူငှာသိခွင့်ရအောင် ကြိုးစားမယ်လို့ ဆိုပါတယ်။
အခုဆိုရင် ဘောက်ဆိုင်းဟာ စစ်ရှောင်စခန်းအတွင်းက မင်္ဂလာဆောင်တွေ၊ ပျော်ပွဲရွှင်ပွဲတွေမှာ စေတနာ့ဝန်ထမ်း ဓာတ်ပုံဆရာမလေး အဖြစ်နဲ့ သူဝါသနာပါရာကို လုပ်နေနိုင်ပါပြီ။
စစ်ဘေးရှောင်စခန်းထဲမှာ ၁၁ နှစ်နီးပါးခိုလှုံနေရပြီး ရတဲ့ထောက်ပံ့မှုကလည်း မလောက်မငှဖြစ်ရလို့ မိခင်ဖြစ်သူမှာ မိသားစု စားဝတ်နေရေးအတွက် တစ်ယောက်ထဲရုန်းကန်နေရတဲ့အချိန်မှာ ဘောက်ဆိုင်းအဖို့ ဆေးကုသဖို့အရေးဟာ အိပ်မက်လို ဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့် ဘောက်ဆိုင်းကတော့ အားမလျော့ခဲ့ပါဘူး။ ဘယ်အခြေအနေပဲဖြစ်ဖြစ် သူရောဂါကုသနိုင်အောင်ကြိုးစားမယ်လို့ အခုလိုပဲပြောပါတယ်။
“သမီးဓာတ်ပုံတွေရိုက်ပြီး ငွေကြိုးစားရှာရောဂါကုမယ်။ တနေ့တော့ မျက်လုံးနှစ်ဘက်နဲ့ ငိုလို့ရမှာပါ”