နန်းဆိုင်နွမ်။ ။
သမံတလင်းပေါ်မှာ ကျပ်ဖာစက္ကူ အပါးခင်းကာ တချို့က လသားကလေးကို ချီပိုးပြီးထိုင်နေကြသလို တချို့ကတော့ ကိုယ့်နေရာလေးမှာ လဲလျောင်းပြီး ရှမ်းပြည်ရဲ့ အေးစက်စက်ဆောင်းရာသီကို ကြိတ်ခံရင်း နေ့စဉ်နဲ့အမျှ စိုးရိမ်သောကတွေနဲ့ ဖြတ်ကျော်နေရပါတယ်။
ထိုနေရာလေးကတော့ မြန်မာ-တရုတ်နယ်စပ် ဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့ပေါ်က စစ်ဘေးရှောင် စခန်းတစ်ခုပါပဲ။ မုံးကိုးမြို့ပေါ်မှာ စစ်ရှောင်စခန်း လေးခုရှိပြီး စစ်ရှောင် (၁၀၀၀)ကျော်ရှိကာ အဲ့ထဲမှာအမျိုးသမီးနဲ့ကလေးငယ်ဟာ အများဆုံး ဖြစ်ကြပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ MNDAA + KIA တပ်တွေအကြား မုံးကိုးတဝိုက်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ဩဂုတ်လဆန်းပိုင်းမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒေသခံတွေဟာ စစ်ရှောင်စခန်းဆီ ရောက်ခဲ့ကြရတာပါ။
စစ်ရှောင်စခန်းတွေထဲက ဒေသခံတွေ အပါအဝင် မုံးကိုးမြို့ခံတွေဟာ ၂၀၁၆ တုန်းကလည်း တိုက်ပွဲနဲ့လွတ်ရာကို ထွက်ပြေးခဲ့ဖူးကြတဲ့ အတွေ့အကြုံရှိကြပါတယ်။ ၂၀၁၆ တုန်းကဆို ကိုးကန့်တပ်မတော် (MNDAA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ မြန်မာစစ်တပ်အကြား ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်တော့ ဒေသခံတွေဟာ မြို့နဲ့ကပ်နေတဲ့ တရုတ်ဘက်ခြမ်းဆီ ထွက်ပြေးခဲ့ကြပါတယ်။ အခုတကြိမ်မှာတော့ ကိုဗစ်အကြောင်းပြပြီး တရုတ်ဘက်က နယ်စပ်ခြံစည်းရိုးတွေ ကာလိုက်တဲ့အတွက် ဒေသခံတွေဟာ အရင်လို လွတ်ရာကျွတ်ရာဆီ ထွက်ပြေးဖို့ မလွယ်တော့ပါဘူး။ ခြောက်နှစ်ကြာပြီးတဲ့နောက် တကျော့ပြန်စစ်ပြေးဘဝက အရင်ထက်ပိုပြီး ခက်ခဲလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အသက် ၂၈နှစ်ရှိတဲ့ မာလု ဟာ မုန်းကိုးက စစ်ရှောင်တယောက်ဖြစ်ပြီး ခြောက်နှစ်အတွင်း နှစ်ကြိမ်မြောက် စစ်ရှောင် ဖြစ်ခဲ့ရသူတွေထဲမှာ ပါဝင်ပါတယ်။ ခရစ်ယာန်သာသနာက အဆောက်အဦးတွ နဲ့ အရပ်သားနေအိမ်တွေ ရစရာမရှိအောင် ဆုံးရှုံးခဲ့ဖူးခဲ့တဲ့ ၂၀၁၆ တိုက်ပွဲဖြစ်ပွားချိန်တုန်းက သူဟာလည်း တရုတ်ပြည်ဘက် ထွက်ပြေးခဲ့ရတဲ့ ထောင်နဲ့ချီတဲ့ ဒေသခံတွေထဲက တယောက်ပါ။
ထိုစဉ်က တရုတ်ပြည်ဘက် ထွက်ပြေးတိမ်းရှောင် ခဲ့ရသူတွေဟာ ရိက္ခာအထောက်အပံ့ ကောင်းမွန်စွာရရှိခဲ့ပါတယ်လို့လည်း သူကဆိုပါတယ်။ အခုတော့ တရုတ်ပြည်ဘက်က ပိတ်ထားတော့ အသက်ဘေးရော၊ အငတ်ဘေးပါ ရင်ဆိုင်လာရတယ်လို့ သူကပြောပါတယ်။
“အရင်ကတော့ တရုတ်ပြည်ဘက်ကို ထွက်ပြေးသွားလို့ ရတယ်။ ဘာမှကြောက်စရာမလိုဘူး။ စိတ်အေးရတယ်” လို့ ပြောပါတယ်။
အခုအခေါက်မှာတော့ လှမ်းကြည့်ရင် မြင်နိုင်တဲ့ မုံးကိုးတဖက်ခြမ်း တရုတ်ဘက်ခြမ်းဆီကကနေ စားနပ်ရိက္ခာသယ်ဖို့က အရင်လို မဖြစ်နိုင်တော့ပါဘူး။ ကိုဗစ်-၁၉ ကပ်ရောဂါ အကြောင်းပြချက်နဲ့ တရုတ်ဘက်က နယ်စပ်ခြံစည်းရိုး လာကာရံတာတွေ တံခါးပိတ်တာတွေ ပြုလုပ်လာခဲ့ပါတယ်။ ဒ့ါကြောင့် မုံးကိုးမြို့ပေါ်က ဒေသခံတွေ၊ စစ်ရှောင်တွေ စားသောက်ဖို့အတွက် မူဆယ်ဘက်ကနေ ပတ်ပြီး ခက်ခက်ခဲခဲ သယ်နေရတယ်။ မူဆယ်လမ်းကြောင်းဟာလည်း အစစ်အဆေးတွေများတာကြောင့် စစ်ရှောင်တွေအတွက် လိုအပ်သလောက် စားနပ်ရိက္ခာမရနိုင်ဘဲ ဖြစ်နေတယ်လို့ အကူအညီပေးရေး အဖွဲ့အစည်းတွေက ဆိုပါတယ်။
“နယ်စပ်ဂိတ်ပိတ်ထားတော့ ကုန်စီးဆင်းမှုခက်တယ်။ မူဆယ်ဘက်က ဝယ်ရတယ်။ အလွယ်တကူ သယ်လို့မရဘူး။ ပုံစံမျိုးစုံ ခိုးသယ်ရတာ။ PDF နဲ့ ကိုးကန့်တပ်တွေကို ရိက္ခာထောက်ပံ့မှာ ကြောက်လို့တဲ့။ အဓိက ဆန်၊ ရိက္ခာခြောက်တွေ သယ်ခွင့်မပေးတာ” လို့ စစ်ရှောင်တွေကို ကူညီပေးနေသူက လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေကို ရှင်းပြပါတယ်။
မုံးကိုးမြို့က စစ်ရှောင်တွေအတွက် ဆန်နဲ့ရိက္ခာခြောက်တွေကို သွားရောက်ပို့တဲ့အခါ စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းမှာစစ်ဆေးမှုတွေ ပြုလုပ်ကာ သိမ်းဆည်းမှုတွေလုပ်ခဲ့တာတွေ ရှိလာတယ်လို့ သူကပြောပါတယ်။
“စစ်ရှောင်တွေ မငတ်ဖို့အတွက် နည်းမျိုးစုံသုံးပြီး ပို့နေရတာ။ မူဆယ်ကနေ မုံးကိုးကိုရောက်ဖို့ ဂိတ်တွေကလည်း အများကြီးဖြတ်ရတယ်။ သူတို့ကန့်သတ်တာ တွေ့ရင်သိမ်းတယ်။ ကျနော်တို့ ပို့တဲ့ပစ္စည်းတွေလည်း သိမ်းခံရတာရှိတယ်” လို့ သူက ဆိုပါတယ်။
စစ်ပြေးနေရတာ လနဲ့ချီကြနေပြီဖြစ်တဲ့ မုန်းကိုးက စစ်ရှောင်တွေဟာ စားနပ်ရိက္ခာလည်း ခက်ခဲလာနေပြီး၊ ဒီထက်ရက်ရှည်လာပါက အစားအသောက် ပြတ်လပ်နိုင်တဲ့ အဆင့်အထိ ရှိလာနိုင်ကြောင်းလည်း စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောဆိုလာပါတယ်။
စစ်ရှောင်စခန်းတွေမှာ သွေးနုသားနု မွေးကင်းစကလေးမိခင် ၁၂ဦးခန့်ရှိပြီး၊ ကိုယ်ဝန်သည်တွေလည်း ရှိတဲ့အတွက် အစာပြတ်လပ်မှာကို စစ်ရှောင်ကူညီပေးနေသူတွေ စိုးရိမ်နေကြပါတယ်။
“သွေးနုသားနုမိခင်တွေ ကိုယ်ဝန်သည်တွေအတွက် အာဟာရ မထောက်ပံ့နိုင်ဘူး။ စစ်ရှောင်အားလုံး အစားအသောက်လည်း အနိုင်နိုင်ပဲ။ ပြတ်သွားရင်တော့ အခက်ကြုံနိုင်တယ်။ ပြတ်လပ်မှုတွေ ဖြစ်လာနိုင်တယ်။ ဒီဘက်မှာက လာကူတဲ့သူ နည်းတယ်။ လမ်းခရီးကလည်း မလွယ်ဘူးလေ” လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
ခွန်ဂျာရွယ်ဟာ သူ့ရွာကနေ မုံးကိုးမြို့ဆီ ထွက်ပြေးလာရတဲ့ သူတွေထဲက တယောက်ပါ။ သူဟာ ကိုယ်ဝန်အရင့်အမာကြီးနဲ့ စစ်ပြေးခဲ့ရတဲ့ မိခင်တယောက်ပါ။
“ထွက်ပြေးလာတဲ့ နေ့ကဆိုရင် လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ကြားကနေလာတာ။ ဗိုက်ကလည်း ကြီးနေတယ်လေ။ တောလမ်းနဲ့လာတာ။ လမ်းမကြီးပေါ်မှာက စစ်တပ်တွေရှိတယ်လေ။ ဒီနေရာကိုရောက်ဖို့က တဝက်လမ်းလျှောက်တယ်။ တဝက်က ဆိုင်ကယ်နဲ့လာတယ်” လို့ ခွန်ဂျာရွယ်က လသားကလေးကို ချီနေရင် ပြောပြလာပါတယ်။
သူနေထိုင်တဲ့ ကျေးရွာဟာ မုံးကိုးမြို့ နဲ့ သိပ်မဝေးပေမယ့် တိုက်ပွဲသံကြောင့် လမ်းမပေါ်ကနေ မလာရဲခဲ့ဘဲ တောလမ်းကနေ တဆင့်လာ ရတဲ့အတွက် လေးနာရီကြာ ခရီးနှင်ပြီးမှသာ မုံးကိုးမြို့ပေါ် စစ်ရှောင်စခန်းဆီ ရောက်လာပါတယ်။
“မနက်စာစားပြီး အစောကြီးထွက်လာတာ။ ကျမ လေးနာရီကျော်လောက် လမ်းလျှောက်လာရတယ်။ နောက်ဆိုင်ကယ်နဲ့ လာကြိုတာ။ နေ့လည် ၂နာရီကျော်လောက် ဒီစခန်းကို ရောက်လာတယ်” လို့ ကိုယ်ဝန်ရင့်မာကြီးနဲ့ လမ်းလျှောက်လာခဲ့စဉ်က အဖြစ်အပျက်ကို ခွန်ဂျာရွယ် ပြန်ပြောပြပါတယ်။
မီးဖွားခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ စစ်ရှောင်စခန်းရောက်ချိန်မှာတော့ သမံတလင်းပေါ် အခင်းပါးပါးနဲ့သာ ဖြစ်သလို အိပ်စက်ခဲ့ရပါတယ်။ အသက်ဘေးက လွတ်ခဲ့ပေမယ့် နေ့စဉ် ဆက်တိုက် ကြားနေရတဲ့ လက်နက်ကြီး၊ လက်နက်ငယ်သံတွေရဲ့ ဒဏ်ကတော့ မလွတ်မြောက်ခဲ့ပါဘူး။ ခွန်ဂျာရွယ်ဟာ အဝေးက ပစ်ခတ်သံတွေကို နားစွင့်ရင်း၊ စစ်ရှောင်စခန်းမှာ လေးလကျော်လောက် နေထိုင်ရင်း သမီးလေးကိုမွေးဖွားခဲ့ပါတယ်။ ကိုယ်ဝန်အရင့်အမာနဲ့ စစ်ပြေးရင်း ကလေးကို အောင်အောင်မြင်မြင် မွေးနိုင်ခဲ့ပေမယ့် စစ်ရှောင်စခန်းရောက် ခွန်ဂျာရွယ်ဟာ နောက်ထပ်အခက်အခဲတွေ ကြုံရပြန်ပါတယ်။
“စခန်းမှာ လူအများနဲ့နေတော့ ညည ကလေးငိုရင်လည်း သူများကို အားနာရတယ်။ ချမ်းလည်းချမ်းတော့ ကောင်းကောင်းမအိပ်ရဘူး။ စားရတာတွေလည်း အဆင်မပြေတော့ ကလေးခွဲမွေးတုန်းက ချုပ်ရိုးလည်း အခုထိ အနာမကျက်သေးဘူး” လို့ သူမက ဆိုပါတယ်။
၂၀၁၆ခုနစ်တုန်းက တိုက်ပွဲပြီးတော့ အိမ်ပြန်ချိန်မှာ ခွန်ဂျာရွယ် နဲ့ မာလုတို့အပါအဝင် ဒေသခံတွေ နေထိုင်တဲ့အိမ်တချို့ဟာ ရစရာမရှိအောင် ပျက်စီးခဲ့ပြီး၊ အိမ်ထဲမှာ စုဆောင်းထားတဲ့ ပစ္စည်းတွေနဲ့ မွေးထားတဲ့ ဝက်တွေ၊ ကြက်တွေလည်း မရှိတော့ဘဲ ဘဝသစ်ပြန်စခဲ့ကြရတာ ဖြစ်ပါတယ်။
နလံပြန်ထူခါစအချိန်မှာ နောက်တကြိမ် စစ်ပြန်ရှောင်ရတဲ့ ဒေသခံတွေဟာ အရင်ကထက် ပိုဆိုးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။ မြေပဲ၊ မုန့်ညှင်းနဲ့ ဂေါ်ဖီထုတ်ဟင်းရည် တို့ကိုသာ ဟင်းအဖြစ် စားနေရတဲ့ ခွန်ဂျာရွယ် က သူကြုံလာရနိုင်တဲ့ အခြေအနေကို အခုလို ပြောပါတယ်။
‘ရှေ့ဆက်ရင်တော့ ငတ်နိုင်တယ်”