ရွှေသွဲ့။ ။
ခြောက်တောင်လောက်သာရှိတဲ့ တာလပတ်အမိုးအောက်မှာ အမေဖြစ်သူက သူ့ရဲ့လသားအရွယ် သားငယ်လေးကို မိုးရေမထိအောင် ပွေ့ဖက်ထားပါတယ်။ မြေကြီးပေါ်မှာ မိုးကာစ အစုတ်ခင်းထားတဲ့ တစ်ဖက်ယပ် လေးတိုင်စင်တဲလေးဟာ တာလပတ်အမိုးသာပါပြီး ဘေးမှာအကာမပါတာကြောင့် မိုးဒဏ်လေဒဏ်ကို မကာကွယ်နိုင်ရှာပါဘူး။
ဆောင်းဦးပေါက်ကာလမှာ အချိန်အခါမဟုတ် ရွာချလိုက်တဲ့ မိုးရေစက်တွေ လသားအရွယ်ကလေးငယ်ဆီ လာမစင်အောင် မိခင်ဖြစ်သူက ကွယ်ပေးနိုင်ပေမယ့် ဘေးနားမှာထိုင်နေတဲ့ ၅နှစ်မပြည့်သေးတဲ့ သမီးလေးနှစ်ယောက်ကိုတော့ ကာကွယ်ပေးဖို့ မစွမ်းနိုင်ရှာပါဘူး။
မနှင်းနု(အမည်လွဲ)တို့ သားအမိလေးယောက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက နေစရာနေရာ ပျောက်သွားခဲ့ရတဲ့ မန္တလေးမြို့က ကျူးကျော်တွေထဲက မိသားတစုဖြစ်ပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့က စစ်ကောင်စီရဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ညွှန်ကြားချက်နဲ့ ရထားသံလမ်း မီးရထားပိုင် မြေပေါ်မှာ ကျူးကျော်နေထိုင်တဲ့ သူတွေကို ဖယ်ရှားရှင်းလင်းတဲ့အခါမှာ ကိုးနှစ်တိုင်နေထိုင်တဲ့ မနှင်းနုရဲ့ အိမ်လေးလည်း စက်ယန္တယားကြီးတွေရဲ့ နင်းခြေတာ ခံလိုက်ရတဲ့အတွက် အခုလို သံလမ်းနံဘေးကပ်ပြီး လေးတိုင်စင်ပြန်ဆောက်နေတာပါ။
မြန်မာနိုင်ငံမှာ ကျူးကျော်ပြဿနာဟာ ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတခု ဖြစ်ပါတယ်။ မန္တလေးနဲ့ရန်ကုန်လို မြို့ပြတွေမှာ ကျူးကျော်တွေ အများအပြားနေထိုင်ကြပြီး ရန်ကုန်တခုထဲတင် ကျူးကျော်မှာနေကြတဲ့ လူဦးရေဟာ လေးသိန်းခွဲလောက် ရှိတယ်လို့ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ရန်ကုန်တိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။
အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းသွားလာသူတွေဟာ ဘဝတက်လမ်းအတွက် အလုပ်အကိုင်ပေါတဲ့ မြို့ကြီးတွေဆီ တက်လာခဲ့ကြပြီး ရွှေ့ပြောင်းနေထိုင်ကြပါတယ်။ ဒါပေမယ့် အိမ်ခြံမြေ ဈေးနှုန်းနဲ့ ငှားရမ်းခတွေ ဈေးကြီးတဲ့ မန္တလေး နဲ့ ရန်ကုန်လို မြို့ကြီးတွေမှာတော့ ဝင်ငွေနည်း ရွှေ့ပြောင်းသွားလာသူတွေအတွက် ကျောတခင်းစာရဖို့ ခက်ခဲလှပါတယ်။ မြို့ပြက ကျောမွဲတွေဟာ သူတို့ဝင်ငွေနဲ့ နေလို့ရနိုင်တဲ့ ကျူးကျော်ရပ်ကွက်တွေမှာ အခြေချနေကြတာ နှစ်ပေါင်းများစွာကတည်းကပါ။
စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့ နောက်မှာတော့ ကျူးကျော်တွေကို အင်အားသုံးဖယ်ရှားတာတွေ လုပ်ပါတော့တယ်။ ကံမကောင်းတဲ့ မနှင်းနုဟာ ကလေးမွေးပြီး တစ်လနဲ့လေးရက်မြောက်နေ့မှာ ပြည်ကြီးတံခွန်မြို့နယ်ထဲက မီးရထား သံလမ်းဘေးတလျောက် ကျူးကျော်ဝင်ရောက်နေထိုင်သူတွေရဲ့ အိမ်ကို ဝင်ရောက်ဖြိုဖျက်ရာမှာ သူ့အိမ်ပါ အဖျက်ခံလိုက်ရတာ ဖြစ်ပါတယ်။
“ကလေးမွေးပြီးတည်းက အလုပ်ကလည်း ထွက်မလုပ်တတ်တော့ဘူး။ အရင်ကြိုစုထားတာကလည်း ကလေးမွေးစရိတ်နဲ့ ကုန်သွားပြီ။ သူများတွေလိုလည်း ငှားပြီးမနေနိုင်တော့ သံလမ်းဘေးမှာပဲ ကပ်နေတာပါ” လို့ မနှင်းနုက ဝမ်းနည်းစွာနဲ့ ပြောပါတယ်။
မနှင်းနုမှာ သမီးနှစ်ယောက်ရှိပြီး ကိုယ်ဝန်နှစ်လလွယ်ထားရချိန်မှာ အမျိုးသားဖြစ်သူက ထိုင်းနိုင်ငံကို အလုပ် သွားလုပ်မယ်လို့ ပြောပြီး ထွက်သွားတာဟာ အခုကလေးမွေးပြီး တစ်လပိုပိုရတဲ့အထိ အဆက်အသွယ်မရသေးပါဘူး။ ကလေးမမွေးခင်ထိ ပန်းရံအလုပ် ရှိရင်လိုက်လုပ်သလို ပန်းရံအလုပ်မရှိတဲ့ရက်တွေဆို ရပ်ကွက်ထဲလှည့်ပြီး ကျပန်းလုပ်ကာ မိသားစုရဲ့စားဝတ်နေရေးကို ဖြေရှင်းလာခဲ့တာပါ။
ပြန်ဆောက်ထားတဲ့ တစ်ဖက်ယပ်တဲလေးဟာ သူတို့မိသားစုကို လေဒဏ်၊ မိုးဒဏ်ရဲ့ အကာအကွယ်တော့ မပေးနိုင်ပါဘူး။ အခုဆို ဆောင်းရာသီ ဖြစ်တာကြောင့် အအေးပိုတဲ့ရက်တွေဆို သားအမိတွေ ရှိတဲ့စောင်လေးတွေကို ဝိုင်းခြုံပြီး ငုတ်တုပ်နဲ့ မိုးလင်းခဲ့ရတဲ့ ညတွေလည်း ရှိတယ်လို့ မနှင်းနု အသံခပ်ပျော့ပျော့နဲ့ ပြောပြပါတယ်။
“ကျူးကျော်နေတယ် ဆိုတာကလည်း မရှိလို့နေတာပါ။ ဒီလိုဒုက္ခရောက်မယ်ဆိုတာ သူတို့တွေ မသိဘဲတော့ မနေဘူး။ ကျူးကျော်တွေလည်း လူပဲလေ။ နားလည်ပေးစေချင်တယ်။ အခုကျတော့ နေစရာမြေမရှိရင် သေပေးရမလိုဖြစ်နေပြီ” လို့ သူ့တို့တွေရဲ့ ဒုက္ခတွေကို ထည့်စဉ်းစားပေးလို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို မနှင်းနု ပြောလိုက်တာပါ။
နေဖို့အတွက် ပူပန်နေရပေမယ့် စားစရာကအလှူရှင်တွေ ထမင်းထုပ်လာဝေတာရှိတော့ စားဖို့အတွက်က လတ်တလောမှာ အဆင်ပြေနေပါသေးတယ်။ အိမ်အဖျက်ခံရလို့ သံလမ်းနံဘေးမှာပဲ ပြန်ပြီး နေထိုင်နေတာဟာ မနှင်းနုတို့ မိသားစုတင် မဟုတ်ပါဘူး။ မနှင်းနုလိုပဲ စီးပွားရေးအဆင်မပြေလို့၊ သွားစရာနေရာမရှိလို့ ရတဲ့နေရာမှာ ကပ်ရပ်ပြီး နေထိုင်နေကျတဲ့ မိသားစုတွေလည်း မနည်းလှပါဘူး။
“သူများမနေစေချင်တဲ့နေရာမှာ ဘယ်သူမှတော့ မနေချင်ပါဘူး။ အိမ်ငှားနေဖို့လည်း မဖြစ်နိုင်တော့ အခုလို ရသလိုလေး ဆောက်ပြီးနေကြတာ။ ဒါလည်း ဘယ်နေ့လာဖျက်ခိုင်းမလဲ ဆိုတာ နားစွံ့နေရတာ” လို့ မနှင်းနုလိုပဲ အိမ်အဖျက်ခံရတဲ့ အထဲပါသွားတဲ့ ဒေါ်ခင်ဆွေ(အမည်လွှဲ)က ဆိုပါတယ်။
အသက် ၅၀ အရွယ် ဒေါ်ခင်ဆွေမှာ ကျန်းမာရေးမကောင်းလို့ အိပ်ယာထဲ လဲနေတဲ့ အမျိုးသားရှိပြီး သားသမီးတွေကလည်း ကိုယ်စီအိမ်ထောင်တွေနဲ့ ဖြစ်တာကြောင့် ကျန်းမာရေးမကောင်းတဲ့သူကို ပြုစုပေးရတဲ့အတွက် ဝင်ငွေရတဲ့ အလုပ်ထွက်မလုပ်နိုင်တာ နှစ်နှစ်လောက်ရှိနေပါပြီ။
ဒေါ်ခင်ဆွေဟာ ပြည်ကြီးတံခွန်မြို့နယ်ထဲက သံလမ်း မီးရထားပိုင်မြေပေါ်မှာ ဝင်ရောက်နေထိုင်တာ နှစ်ပေါင်း ၃၀ နီးပါး ဖြစ်နေပါပြီ။
“အစတုန်းက ဘူးသီး၊ခရမ်းသီးတွေ စိုက်တယ်။ စိုက်ပျိုးရေးလေးလုပ်ရင်းကနေ တဲလေးတွေထိုးကြတာပေါ့။ အဲ့ဒီကနေ ကြာလာတော့ အိမ်ကြီး၊ အိုးကြီးတွေပါ ဆောက်နေကြတာ။ အခုမှ ဖယ်ခိုင်းတော့ အကုန်ဒုက္ခရောက်တာပေါ့” လို့ ဒေါ်ခင်ဆွေက ပထမဆုံး ကျူးကျော်နေထိုင်ခဲ့ပုံကို ပြောပြပါတယ်။
အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ လည်ပတ်နေတဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက မြို့နယ်ခြောက်ခုအတွင်းမှာရှိတဲ့ ကျူးကျော်သူတွေကို ဖယ်ရှားရှင်းလင်းမယ်ဆိုကာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အပြီးဖယ် ရှားပေးရမယ်လို့ အသိပေးကြေညာခဲ့ပါတယ်။
သို့ပေမယ့်လည်း အိမ်ဖျက်ရမယ်ဆိုတဲ့စာ လက်ထဲရောက်မလာဘဲ အဖျက်ခံလိုက်ရတဲ့အတွက် တစ်ချို့ အိမ်ကြီး၊ အိုးကြီး ဆောက်ထားတဲ့သူတွေအများစုမှာ သိမ်းချိန်မရဘဲ ဆုံးရှုံးလိုက်ရတာတွေ အများကြီးရှိတယ်လို့ သူမြင်တွေ့ရတာကို ဒေါ်ခင်ဆွေက ပြောပြပါတယ်။
မန္တလေးမြို့က ကျူးကျော်နေထိုင်သူ အများစုမှာ လက်လုပ်လက်စား အခြေခံလူတန်းစားတွေဖြစ်ပြီး ဧရာဝတီမြစ်ကမ်းဘေး၊ မြို့ပတ်လမ်းဘေး၊ ရန်ကုန်-မန္တလေး၊ မန္တလေး-လားရှိုး မီးရထားသံလမ်း၊ မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေးနဲ့ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ မြို့နယ်တို့မှာ အများဆုံး နေထိုင်ကြတာဖြစ်ပါတယ်။
ကျူးကျော်အိမ်တွေကို ဖယ်ရှားရှင်းလင်းတဲ့အခါမှာ စည်ပင်ဝန်ထမ်း၊ ရဲ၊ စစ်သားတွေက အင်အားသုံးပြီး စက်ယန္တရားတွေနဲ့ ကျူးကျော်နေထိုင်သူတွေကို မြို့နယ်အလိုက် ဖယ်ရှားရှင်းလင်းတာတွေ လုပ်ခဲ့ပြီး အခုလ ၇ ရက်နေ့မှာတော့ သံလမ်းမီးရထားပိုင်မြေပေါ်မှာ ကျူးကျော်သူတွေကို တစ်ပတ်ကျော် ဖယ်ရှားရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။
သံလမ်း မီးရထားပိုင်မြေပေါ်မှာ ကျူးကျော်နေအိမ်တွေ ဖျက်ဆီးခံရတဲ့အတွက် အခုလ ၈ ရက်နေ့ကစပြီး ၁၅ ရက်နေ့အထိ နေအိမ်ရွှေ့ပြောင်းကူညီပေးခဲ့တဲ့ အိမ်ထောင်စုပေါင်း တစ်ထောင်ကျော်ရှိပြီး ပြည်ကြီးတံခွန်ထဲက အများဆုံး ဖြစ်တယ်လို့ ကူညီဆောင် ရွက်ပေးသူက ဆိုပါတယ်။
“ကျနော်တို့ ရုံးလေး (ပရဟိတအဆောက်အဦး)တောင် ဖျက်ရတဲ့ အထဲမှာ ပါသွားတာလေ။ ကျနော်တို့ဆီကိုတော့ အကြောင်းကြားစာလည်း မရောက်ဘူး။ ရေသန့်စက်တို့၊ ကျောက်ကပ်ဆေးပေးတဲ့စက်၊ ဓာတ်မှန်ရိုက်ပေးတဲ့စက်တွေရှိတော့ ဒါတွေကို အမြန်ရွှေ့လိုက်ရတာ”လို့ အထက်ပါ ပရဟိတ အကျိုးဆောင်ပေးနေသူက ဆိုပါတယ်။
အမှန်တကယ် ဒီလိုစက်တွေကို ဖြုတ်မယ်ဆိုရင် တတ်သိနားလည်တဲ့ အင်ဂျင်နီယာနဲ့ သေချာဖြုတ်ရမှာဖြစ်ပေမယ့်လည်း အချိန်မရလိုက်တဲ့အတွက် ဖြစ်သလိုတွေ ဖြုတ်လိုက်ရတာတော့ တကယ့်မြေပြင်မှာ လက်တွေ့အခြေအနေဖြစ်တယ်လို့ အကျိုးဆောင်ပေးသူက ဆိုပါတယ်။
မန္တလေးမြို့၊ မြို့နယ်လူမှုကူညီကယ်ဆယ်ရေး ဦးဆောင်ကော်မတီက ဦးဆောင်ပြီး ရင်ဘတ်တူညီနောင်ကယ်ဆယ်ရေးအဖွဲ့၊ ပဒုမ္မာသစ္စာ၊ ရက္ခိတ ၊ အဖြူရောင်၊ မျိုးဆက်သစ်၊ အနော်မာ အစရှိတဲ့ ပရဟိတအသင်းပေါင်း ၂၀ ဝန်းကျင်က နေအိမ်ရွှေ့ပြောင်းရာမှာ အကူအညီလိုသူများကို ကူညီဆောင်ရွက်ပေးနေတာလည်း ရှိပါတယ်။
“တစ်ချို့အိမ်တွေ တော်တော်ဆိုးတယ်။ ပစ္စည်းသိမ်းချိန်ကို မရလိုက်တာ။ ရောက်ရောက်ထိုးထိုးပဲ။ ဒီတစ်ခါ ကြမ်းတယ်လို့ ပြောလို့ရတယ်” လို့ ကူညီဆောင်ရွက်ပေးသူက ဆိုပါတယ်။
ရွှေ့ပြောင်းလိုတဲ့ သူတွေကို ကားနဲ့ ရွှေ့ပြောင်းပေးတာအပြင် ထမင်းထုပ်ဝေတာတို့ မိုးကာလိုသူတွေကို မိုးကာလှူပေးတာတို့ရှိသလို တခြားအလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး ကူညီဆောင်ရွက်ပေးတာရှိတယ်လို့ အထက်ပါ ပရဟိတ အကျိုးဆောင်ပေးနေသူက ဆိုပါတယ်။
“မြေအငှားရှိတဲ့ ပုသိမ်ကြီးဖက်တို့ မဲကင်းကုန်းတို့ဘက်မှာ မြေငှား ဈေးသက်သာတဲ့ဘက်ကို ရွှေ့တဲ့သူတွေလည်း ရှိသလို ရွာပြန်ကြတဲ့ သူတွေလည်း ရှိတယ်။ တစ်ချို့ကျတော့လည်း ဘာမှမစီစဉ်ရသေးအတွက် လမ်းဘေးတွေမှာ ဖြစ်သလို ယာယီရွှေ့နေရတဲ့သူတွေလည်းရှိတယ်” လို့ ကူညီဆောင်ရွက်ပေးနေသူက အိမ်အဖျက်ခံရသူတွေရဲ့ အခြေအနေကို ပြောပြပါတယ်။
“အမတို့အိမ်လည်း ဘယ်နေ့လာဖျက်မလဲဆိုတာ စောင့်နေရတဲ့ အနေအထားဖြစ်နေတာပေါ့။ အခုကြတော့ ဖျက်တာ ရပ်ထားတယ်။ သူတို့က မြို့နယ်အလိုက် ဖျက်တဲ့ပုံစံမျိုး ဖြစ်မယ်ထင်တယ်။ အမအိမ်က ချမ်းမြသာစည်ထဲမှာ ပါသွားတော့ လောလောဆယ်တော့ အဖျက်မခံရသေးဘူး” လို့ မီးရထားပိုင်မြေပေါ်မှာပဲ နှစ် ၃၀ ကျော် ကျူးကျော်ဝင်ရောက်နေထိုင်သူ ဒေါ်မာလာ(အမည်လွှဲ)က ဆိုပါတယ်။
ဒေါ်မာလာခင်ဟာ အိမ်အဖျက်ခံရတဲ့အထဲ မပါသေးတဲ့အတွက် သံလမ်းဘေးမှာ ဖြစ်သလို နေထိုင်နေကြတဲ့ မိသားစုတွေကို ထမင်းဟင်းချက်ပြီး သွားလှူတာမျိုးလည်း လုပ်ပေးပါတယ်။ အစပိုင်းမှာ သူတစ်နိုင်တစ်ပိုင်လေး ချက်ပြုတ်ပြီး ဝေမျှရာကနေ နောက်ပိုင်းမှာ ရပ်ကွက်ထဲက ဆန်ပေးသူပေး၊ ကြက်ဥ ပေးသူပေး၊ ဆီပေးသူပေး ရှိလာတဲ့အတွက် အလှူရှင်တွေက ချက်လှူခိုင်းတဲ့ ပုံစံမျိုးနဲ့လှူပေးတာလည်း ရှိတယ်လို့ဒေါ်မာလာက ဆိုပါတယ်။
“တစ်ချို့ဆို တကယ်စားစရာမရှိတာ။ အလှူရှင်လာမှစားရတာ။ အဲ့တော့ ကိုယ့်အိမ်လာမဖျက်သေးတော့ ကိုယ်က ချက်ပြုတ်လို့ ရသေးသေးတယ်လေ။ ဒါကြောင့်ချက်ပြီး လှူပေးနေတဲ့ သဘောပါ” လို့ ဒေါ်မာလာက ဆိုပါတယ်။
အခုအိမ်အဖျက်ခံလိုက်တဲ့အထဲမှာ ငွေအကုန်ကျခံကာ မြေဝယ်ယူပြီး အိမ်အခိုင်အမာကြီးတွေ ဆောက်နေတဲ့ အိမ်တွေလည်း ဖယ်ရှားခံရတဲ့အထဲမှာ ပါပါတယ်။ တစ်ချို့အိမ်ဖယ်ရှားခံသူတွေဟာ ဆွေမျိုးတွေဆီမှာ ရွှေ့ပြောင်းနေထိုင်တာ၊ အိမ်ငှားခ သက်သာတဲ့ မန္တလေး အနီးဝန်းကျင်က ကျေးရွာတွေမှာ ရွှေ့ပြောင်းနေထိုင်ကြပါတယ်။
အဲ့ဒီလို သွားစရာမရှိတဲ့မိသားစုတွေကတော့ အခြားအဆင်ပြေမယ်ထင်တဲ့ နေရာတွေမှာ ပြန်လည် ကျူးကျော်ဝင်ရောက်နေထိုင်ကြတယ်လို့ လူမှုကူညီရေး အသင်းအဖွဲ့တွေက ဆိုပါတယ်။
ကျူးကျော်တွေကို ဖယ်ခိုင်းတဲ့ စီမံချက်မှာ ဥပဒေနဲ့လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ရှိပြီး တည်ဆဲဥပဒေပြဌာန်းချက်များအရ တစ်ဦးတစ်ယောက်ကသော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုခုက သော်လည်းကောင်း၊ သက်ဆိုင်ရာတရားရုံးထံ ဦးတိုက်လျောက်ထားပြီး တရားစွဲရန်လိုအပ်ကာ သက်ဆိုင်ရာတရားရုံးက ကျူးကျော်နေ ထိုင်သူများအနေဖြင့် နောက်ဆုံးရက် သတ်မှတ်ပြီး သမ္မာန်စာ(ဆင့်ခေါ်စာ)ပေးပို့ကာ သတ်မှတ်ရက်အတွင်း ဖယ်ရှား ပေးခြင်းမရှိပါက တရားရင်ဆိုင်ရမှာ ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေက ဆိုပါတယ်။
ရာဇသတ်ကြီးဥပဒေ ပြဌာန်းချက်များအရ ကျူးကျော်နေထိုင်သူများကို ရာဇဝတ်မှု မကင်းသော ကျူးကျော်နေထိုင်သူများအတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၄၇ အရ တရားစွဲဆိုနိုင်ပြီး ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် ၃လဖြစ်စေ၊ ငွေဒဏ် ၅ သောင်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဌာန်းချက်တွင်ဖော်ပြထားပါတယ်။
ဒါပေမယ့် စစ်ကောင်စီက ကျူးကျော်တွေကို အလျှင်အမြန် ဖယ်ရှားခိုင်းတာဟာ မြို့ပြပြောက်ကျားတွေ ခိုလှုံခြေရာဖျောက်နိုင်တဲ့ နေရာတွေကို ရှင်းလင်းတာလည်း ဖြစ်နိုင်တယ်လို့ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံ စီးပွားရေးလုပ်ငန်းရှင်က မှတ်ချက်ပြုပါတယ်။
မြို့တော်သန့်ရှင်းရေးဆိုတာကို အကြောင်းပြပြီး ကျူးကျော်အိမ်ရာတွေကို ရှင်းလင်းနေတာဟာ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေကို ချိုးဖောက်ရာရောက်ပြီး အခုလိုလုပ်ရပ်တွေ ချက်ချင်းရပ်တန့်ဖို့နဲ့ ကျူးကျော်နေထိုင်သူတွေနဲ့ ဆွေးနွေးပြီး အဖြေရှာဖို့ ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေး အရာရှိတွေက ၂၀၂၁ နှစ်ကုန်ပိုင်းက ထုတ်ပြန်တောင်းဆိုထားပါတယ်။
အဲ့ဒီလိုတောင်းဆိုမှုတွေရှိပေမယ့်လည်း စစ်ကောင်စီအနေနဲ့ လူအင်အား၊ စက်အင်အားတွေသုံးပြီး အိမ်တွေကို ဖယ်ရှား တာဆက်ပြီး ပြုလုပ်နေပါတယ်။
အိမ်ပိုင်လေးရှိတုန်းက ကလေးလည်း တစ်လကျော်ပြီဖြစ်တဲ့အတွက် အလုပ်ထွက်လုပ်မယ်။ နောက်ဆုံးဘာမှ အလုပ်မရှိရင် အဝတ်လည်လျော်ရင်တောင် စားဖို့တော့ ရပါတယ်ဆိုပြီးအားမွေးထားတဲ့ မနှင်းနုတစ်ယောက် အခုတော့ သူ့စိတ်ကူးတွေ ပျောက်ကွယ်ခဲ့ပါပြီ။
“ဒီလောက်ဒုက္ခတွေ ရောက်နေတော့ ဘာလို့များ လူလာဖြစ်နေရသေးလဲလို့ တွေးမိတယ်။ နေစရာမရှိလို့ စားစရာရှိလား ဆိုတော့လည်း သူများလာဝေမှ စားရတဲ့ ဘဝမျိုးဖြစ်နေပြီ။ ကလေးတွေကို ကြည့်ပြီးတော့လည်း သနားတယ်”လို့ မနှင်းနု မျက်ရည်တွေ သုတ်ရင်း မျှော်လင့်ချက်မဲ့စွာ ပြောလိုက်ပါတော့တယ်။