ရက္ခ။ ။
(တစ်)
ဒီဇင်ဘာဆောင်းမနက်ခင်း ၈ နာရီအချိန်သည် အတော်ပင် အေးစိမ့်စိမ့်နိုင်လွန်းနေသေး၏။ နေခြည်နုနုကလေး များဖြာထွက်နေခဲ့ပြီဖြစ်သော်လည်း အပြာရောင်မြူနှင်းငွေ့ကလေးများနှင့် အေးစိမ့်မှုဒဏ်ကို လုံးလုံး လျားလျား ပြယ်ပျောက်သွားအောင် မစွမ်းဆောင်နိုင်သေးချေ။
သို့သော် စစ်တွေမြို့၌ ကျင်းပြသနေသည့် မဇ္ဈိမတံခါး ပန်းချီပြခန်းထဲတွင်တော့ ဒီဇင်ဘာမနက်ခင်း၏ အအေး ဒဏ်ကိုအံတုကာ ပန်းချီကားကြည့်ရှုခံစားသူများ တဖွဲဖွဲရောက်နှင့်နေခဲ့ကြပြီဖြစ်သည်။ ရခိုင်ပန်းချီဆရာ အမျိုး သား ၄၀ကျော်ထဲတွင် အမျိုးသမီးပန်းချီဆရာမတစ်ဦးအဖြစ် ထူးထူးခြားခြားပါဝင်လာခဲ့သော မနှင်းသီရိ တစ် ယောက်ကတော့ ပန်းချီပြခန်းထဲတွင် ရင်ခုန်လှုပ်ရှားမှုများစွာဖြင့် ငေးမောလျှက် ရှိနေလေတော့သည်။
ပန်းချီပြခန်းထဲသို့ တဖွဲဖွဲဝင်ရောက်လာကြသည့် ပြပွဲကြည့်ရှုသူများကို ငေးကြည့်ရင်းလည်း ပန်းချီဆရာမ မနှင်း သီရိ၏ ရင်ထဲ၌ တသိမ့်သိမ့်ကြည်နူးနေမိသည်။
အတော်အတန်ကျယ်ဝန်းလှသော ခိုင်သဇင်ခန်းမထဲတွင် ရခိုင်ပန်းချီဆရာ၄၀ကျော်၏ ပန်းချီကားချပ်ပေါင်းများ စွာကို သေသပ်စွာ ချိတ်ဆွဲပြသထားသည်။ ပန်းချီဆရာတစ်ဦးချင်းစီ၏ မတူညီသောအနုပညာလက်ရာများက ပြခန်းထဲသို့ဝင်ရောက်လာသူများကို တော်ရုံနှင့် ပြန်မထွက်သွားနိုင်အောင် ညှို့ငင်ဖမ်းစားလျှက်ရှိနေလေသည်။
စင်စစ် မနှင်းသီရိသည် သူ၏ပန်းချီဆရာမသက်တမ်းတစ်လျှောက်တွင် ပြည်တွင်းပြည်ပ အုပ်စုပန်းချီပြ ပွဲပေါင်း များစွာကိုပါဝင်ပြသခဲ့ဖူး၏။ သို့သော် သည်တစ်ကြိမ် သူ့စိတ်ထဲဖြစ်ပေါ်နေသော ကြည်နူးမှုမျိုးကိုတော့ မည် သည့်ပြပွဲတွင်မျှ မခံစားခဲ့ရဖူးပါချေ။
အဘယ်ကြောင့်ဆိုသော် သည်ပန်းချီပြပွဲက မနှင်းသီရိအတွက် မွေးရပ်မြေရခိုင်ဒေသ၌ ပထမဦးဆုံး ပြသဖြစ် သော ပန်းချီပြပွဲတစ်ခုပင်ဖြစ်၏။ သည်ပြပွဲကို ရခိုင်ပန်းချီဆရာ ၄၀ကျော်ဖြင့် စုပေါင်းပြသရန် ဖိတ်ခေါ်ခံခဲ့ရစဉ် က မနှင်းသီရိ၏ ရင်ထဲ၌ စိုးရိမ်စိတ်တချို့ ဖြစ်မိခဲ့သေးသည်။
စစ်ပွဲများအတွင်း၌ နှစ်ကာလအတော်ကြာ မြေစာပင်ဖြစ်ခဲ့ရသော ရခိုင်ပြည်နယ်သည် လက်ရှိအချိန်ထိတိုင် အောင် နာလန်ပြန်ထူရန် ကြိုးစားနေရဆဲဖြစ်သည်။ ထို့အပြင် ပန်းချီအနုပညာနှင့် ဝေကွာလွန်းလှသော ရခိုင် ပြည်နယ်အတွက် ပန်းချီပြပွဲဆိုသည်မှာ အရိုင်းဆန်လွန်းနေလိမ့်မည်ဟု မနှင်းသီရိက ထင်မှတ်ခဲ့မိသေး၏။
သို့သော် တကယ့်လက်တွေ့တွင်မူ မနှင်းသီရိ၏အထင်နှင့်အမြင်များ တက်တက်စင်အောင်ပင် လွဲသွားခဲ့ရ သည်။ ပန်းချီပြပွဲအဖွင့်နေ့၌ပင် လာရောက်ကြည့်ရှုသူရာနှင့်ချီ၍ရှိနေသဖြင့် သူ့ရင်ထဲ အံ့သြဝမ်းသာလွန်းစွာ မျက်ရည်များပင် ဝဲမိလေသည်။
(နှစ်)
၂၄. ၁၂. ၂၀၂၁ ရက်နေ့မှစတင်ကာ ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့၊ လမ်းမကြီးရှိ ခိုင်သဇင်ခန်း မတွင် မဇ္ဈိမတံခါး (Mizzima’s Gate ) အမည်ရသော ပန်းချီပြပွဲတစ်ခုကို သုံးရက်တိုင်ခင်းကျင်းပြသခဲ့သည်။ ထိုပန်းချီ ပြပွဲကို စစ်တွေမြို့မှ ပန်းချီဆရာဦးစိုးဌေး၊ ဦးထွန်းကျော် (မြ-တည်းခိုခန်း)နှင့် ရန်ကုန်အခြေစိုက် ပန်းချီဆရာ များဖြစ်ကြသော ဆရာဦးမြင့်နိုင်၊ ဦးသန်းကျော်ဌေးတို့မှဦးဆောင်စီစဉ်ခဲ့ကြခြင်းဖြစ်သည်။
ပန်းချီပြပွဲအတွက် အဓိက ပံ့ပိုးကူညီပေးခဲ့သူမှာ ဦးအေးထွန်းသာ (ရွှေမြေ- ပလပ်စတစ်ပစ္စည်းနှင့် အထွေထွေ ရောင်းဝယ်ရေး)ပင် ဖြစ်၏။ ထိုမဇ္ဈိမတံခါးပန်းချီပြပွဲတွင် ရခိုင်ပြည်ဖွား ရခိုင်ပန်းချီဆရာ ၄၀ ကျော်တို့၏ ဆီဆေး၊ ရေဆေးနှင့် အခရိုင်းလစ်(Acrylic) ပန်းချီကားပေါင်း ၁၆၀ ကျော်ကို ခင်းကျင်းပြသခဲ့ပြီး ပြပွဲသုံး ရက်တာအတွင်း၌ ပန်းချီ ကားပေါင်း ၈၀ ကျော်ကို ရောင်းချနိုင်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ-၁ ရက်နေ့က မြန်မာနိုင်ငံတော်အာဏာကို စစ်တပ်မှ ထိန်းသိမ်းလိုက်ပြီးချိန်မှ စတင်ကာ မြန်မာနိုင်ငံ၏ စာပေနှင့် အနုပညာရေစီးကြောင်းသည် လုံးဝနီးပါး ဆိတ်သုဉ်းသွားခဲ့ရသည်။ လက်ရှိ အချိန်တွင် စစ်တပ်အာဏာသိမ်းမှုမှာ တစ်နှစ်နီးပါး ကြာမြင့်လာခဲ့ပြီဖြစ်သော်လည်း မြန်မာ့အနုပညာရေစီး ကြောင်းမှာ ပုံမှန်အတိုင်းပြန်လည်စီးဆင်းနိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်နေဆဲပင် ဖြစ်၏။
ထိုသို့အချိန်မျိုး၌ပင် ရခိုင်ပန်းချီဆရာများစုပေါင်းပြုလုပ်ခဲ့ကြသော မဇ္ဈိမတံခါး ပန်းချီပြပွဲတစ်ခုဖြစ်ပေါ်လာခဲ့ပြီး ပန်းချီအနုပညာလောကတစ်ခုလုံးကို ပြန်လည်လှုပ်ခတ်နှိုးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ ထိုမျှသာမကဘဲ ပန်းချီအနုပညာနှင့် ဝေးကွာလွန်းလှသော ရခိုင်ပြည်သူများ၏နှလုံးသားကို အချက်ပေးလိုက်သကဲ့သို့လည်း ဖြစ်သွားခဲ့ရလေသည်။
(သုံး)
“ ကျွန်မအနေနဲ့ ကိုယ့်အရပ် ကိုယ့်ဒေသက ကလေးတွေကို ပန်းချီအနုပညာနဲ့ နီးစပ်စေချင်တဲ့ဆန္ဒရှိပါတယ်… အနုပညာသိမှုဟာ လူတစ်ယောက်ရဲ့စိတ်ကို နုညံ့ပျော့ပြောင်းစေတယ်… လူသားဆန်စေတယ်လို့ထင်ပါတယ် … ကိုယ်ကပန်းချီဆရာမတစ်ယောက်ဖြစ်နေလို့ ကလေးတွေကိုပန်းချီရေးရမယ်… ပန်းချီဝါသနာပါရမယ်လို့ တော့ မပြောလိုပါဘူး… ဒါပေမယ့် ကျွန်မတို့လူမျိုး လူငယ်လူရွယ်တွေကို ပန်းချီအနုပညာနဲ့ အမှန်တကယ် ယဉ်ပါးစေချင်ပါတယ် …. ဒီပန်းချီပြပွဲကို ရခိုင်ပြည်နယ်ထဲမှာပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကလည်း ကျောင်းသူ ကျောင်းသားလူငယ်တွေကို ပန်းချီနဲ့အကျွမ်းတဝင် ရှိစေချင်လို့ပါပဲ…”
မဇ္ဈိမတံခါးပန်းချီပြပွဲထဲတွင် တစ်ဦးတည်းသောအမျိုးသမီး ပန်ချီဆရာမအဖြစ် ပါဝင်ပြသခဲ့သူ မနှင်းသီရိ ပြောပြ သောစကားများပင် ဖြစ်သည်။ မနှင်းသီရိသည် မဇ္ဈိမတံခါးပန်းချီပြပွဲတွင် ရေဆေး (Water Colour) ပန်းချီ ကားနှစ်ကားကို ပါဝင်ပြသခဲ့ပြီး နှစ်ကားလုံးရောင်းထွက်သွားခဲ့သည်။ မနှင်းသီရိ၏ ရေဆေးပန်းချီလက်ရာများ မှာ လူကြိုက်များလွန်းလှသဖြင့် ပြပွဲတိုင်းတွင် ရောင်းထွက်လေ့ရှိကြောင်း ပန်းချီဆရာတချို့က ဆိုသည်။
အသက် ၃၉ နှစ်ခန့်အရွယ် မနှင်းသီရိသည် မွေးချင်း ၅ဦးအနက် အငယ်ဆုံး သမီးထွေးဖြစ်သည်။ သံတွဲမြို့နယ်၌ပင် ဆယ်တန်းကို အောင်မှတ်ကောင်းကောင်းနှင့် အောင်မြင်ခဲ့သဖြင့် သံတွဲ၌ပင် GTI ကို ဆက်လက်တက်ရောက်ခဲ့သည်။
သူသည် ငယ်စဉ်အချိန်မှပင် ပန်းချီကို အလွန်ဝါသနာပါခဲ့သည်။ ကျောင်းစာအုပ်များတွင် ပန်းချီရုပ်ပုံများရေး ဆွဲခြင်း၊ ရုပ်ပြကာတွန်းများ၊ မဂ္ဂဇင်းများနှင့်ကြောငြာရုပ်ပုံများကိုမြင်လျှင် ကြည့်၍ ပုံတူရေးဆွဲခြင်းတို့ကို ခုံမင်ခဲ့ သည်။ မနှင်းသီရိ၏မိဘများက သူ၏ ပန်းချီဝါသနာကိုသိသဖြင့် ရောင်စုံခဲတံများဝယ်ပေးလိုက်ချိန်တွင်မူ မနှင်း သီရိ၏ဝါသနာမှာ အထွဋ်အထိပ်သို့ရောက်ရှိသွားခဲ့ရသည်။ ကျောင်းတွင်းပန်းချီပြိုင်ပွဲများရှိပါကဝင်ရောက် ယှဉ်ပြိုင်ပြီး ဆုများ မကြာခဏ ရရှိခဲ့သည်။ သို့သော် မနှင်းသီရိသည် သူကြီးလာချိန်တွင် ပန်းချီဆရာမတစ် ယောက် ဖြစ်ရမည်ဆိုသော ရည်မှန်းချက်မျိုး မထားခဲ့ဖူးချေ။
သို့သော် သူလေးတန်းနှစ်အရွယ်ခန့်တွင် အပျိုစင်မဂ္ဂဇင်းထဲ၌ ဆရာမချောအိသိန်းနှင့် တွေ့ဆုံမေးမြန်းခန်း တစ်ခုကို ဖတ်လိုက်ရသည်။ ထိုအချိန်မှစတင်ကာ မနှင်းသီရိတစ်ယောက် ပန်းချီဆရာမတစ်ဦးဖြစ်ရန် စိတ်ကူး ယဉ် တတ်လာခဲ့တော့သည်။ သို့သော် GTI ကျောင်းဆင်း၍ မြန်မာနိုင်ငံအနှံ့သို့ လှည့်လည်လုပ်ငန်းခွင်ဝင် နေရချိန်တိုင်အောင် သူသည် ပန်းချီပညာနှင့် ဝေးကွာနေခဲ့သေးသည်။
၂၀၁၄ ခုနှစ် ဝန်းကျင်ခန့်တွင်တော့ မနှင်းသီရိတစ်ယောက် ဆွေမျိုးတော်စပ်သူ ကမ္ဘာကျော်ရေဆေးဆရာ ဦးမြင့်နိုင်ထံတွင် ပန်းချီပညာကို စတင်ဆည်းပူးသင်ကြားဖြစ်ခဲ့သည်။ မနှင်းသီရိသည် ရေဆေးပန်းချီဆရာကြီး ဦးမြင့်နိုင်ထံတွင် အွန်လိုင်းမှလည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း နည်းလမ်းပေါင်းစုံဖြင့် အပတ် တကုပ် ကြိုးစားသင်ယူခဲ့သည်။
(လေး)
“ ပန်းချီပညာဆိုတာက ဘယ်တော့မှ ဆုံးခန်းတိုင်မှာမဟုတ်တဲ့ အနုပညာတစ်ခုပါပဲ… အမြဲတမ်း ဆက်လက် ပြီးတော့ လေ့လာသင်ယူနေရမယ့် ဘာသာရပ်တစ်ခုလို့ ကျွန်မကိုယ်ကျွန်မခံယူထားပါတယ်… ကျွန်မရဲ့လက်ဦး ဆရာဦးမြင့်နိုင် အပါအဝင် တခြားသောပန်းချီဆရာတွေဆီက စဉ်ဆက်မပြတ် လေ့လာသင်ယူနေရဦးမှာပါ ” ဟုဆိုသည်။
ဆရာမနှင်းသီရိသည် ရေဆေး (Water Coulour ) ပန်းချီကို အထူးခုံမင်နှစ်ခြိုက်စွာ ရေးဆွဲတတ်သူတစ်ဦး ဖြစ်သည်။ Impression ဆန်သောပန်းချီ ရေးဟန်ဖြင့် အမျိုးအမည်စုံသည့် ပန်းပွင့်များကို သရုပ်ဖော် ရေးဆွဲလေ့ရှိသည်။ မနှင်းသီရိသည် သူ၏ ဆရာ ဦးမြင့်နိုင်ကဲ့သို့ပင် ရေဆေးပန်းချီဆရာတစ်ဦးသော်လည်း ဆရာဦးမြင့်နိုင်၏ ရေဆေးပန်းချီရေးဆွဲဟန်နှင့် အ တော်ပင် ကွာဟလွန်းသည်။ ဆရာဦးမြင့်နိုင်က ရေမျှောပန်းချီကို ရေးဆွဲလေ့ရှိပြီး မနှင်းသီရိက အနုစိပ်ဆန် သည့် ရေဆေးအထူပုံမျိုးကို ရေးဆွဲလေ့ရှိသည်။
သူ၏ ပန်းပွင့်ပုံပန်းချီကားများမှာ အရောင်နှင့်ထုထည်ကို အသားပေးထားသောပုံများဖြစ်သဖြင့် ကြွရွကာ စိုပြေ နေလေ့ ရှိသည်။ ဆရာမနှင်းသီရိက သူသည် အမျိုးသမီးတစ်ဦးဖြစ်သဖြင့် သဘာဝသဘောအရ ပန်းကလေး များကို ကြိုက်နှစ်သက်ကြောင်းဆိုသည်။ ပန်းကလေးများဟုဆိုရာတွင် ဘုရားတင်၊ နတ်တင်ပန်းများအပြင် တောပန်းတောင်ပန်းကလေးများကိုလည်း ကြိုက်နှစ်သက်ကြောင်း ဆိုသည်။ ထို့ကြောင့်ပင် ပန်းများကို ကိုယ်ပိုင်ဘာသာရပ်တစ်ခုအဖြစ် အထူးပြု ရေးဆွဲဖြစ်ခဲ့ကြောင်း ဆရာမ နှင်းသီရိ က ပြောပြသည်။
(ငါး)
“ ကျွန်မပန်းချီကို လွတ်လပ်တဲ့စိတ်ခံစားချက်နဲ့ ရေးဆွဲလေ့ရှိပါတယ်…. ပန်းချီကို ဘယ်စနစ်၊ ဘယ်ဝါဒဆိုပြီး တော့ ကန့်သတ်ထားတာမျိုးမရှိပါဘူး… ဘောင်ထဲကျင်းထဲမှာ ကန့်သတ်ပြီးတော့ ရေးဆွဲရတာကို ကျွန်မ မကြိုက်ပါဘူး … ဒါကြောင့် တစ်ယောက်ယောက်က ဒီပုံကလေးကို ဆွဲပေးပါဆိုပြီးတော့ အပ်လာတဲ့ အပ်ထည် တွေကို ခုအချိန်အထိ မဆွဲဖြစ်သေးပါဘူး… ”
မနှင်းသီရိသည် ၂၀၁၆ ခုနှစ်တွင် မြန်မာအမျိုးသမီးများပန်းချီပြပွဲထဲ၌ပထမဦးဆုံး ဝင်ရောက်ပြသခဲ့ပြီး ရေဆေး ပန်းချီဆရာမတစ်ယောက်အဖြစ် ပန်းချီလောကထဲတွင်ရပ်တည်လာခဲ့သည်။ သူ၏ဘဝတွင် တစ်ကိုယ်တော် ပန်းချီပြပွဲ ပြုလုပ်ရန်ရည်ရွယ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မပြုလုပ်နိုင်သေးချေ။
အုပ်စုဖွဲ့ပန်းချီပြပွဲများတွင်မူ ကြိမ်ရေများစွာ ဝင်ရောက်ပြသခဲ့သည်။ အထူးသဖြင့် မြန်မာရေဆေးပန်းချီဆရာ-၈ယောက်စုပေါင်း၍ (8 Water Colour Group)ကို ဖွဲ့စည်းကာ အုပ်စုပွဲပေါင်းများစွာကို ပြသခဲ့သည်။ ပြည်ပ ပန်းချီပြပွဲများအဖြစ် မက္ကဆီကိုနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် သုံးကြိမ်ခန့်ပြသခဲ့ဖူးသည်။ သူ၏လက်ရာများ မှာ တစ်မူထူးခြားသော ပန်းချီလက်ရာများဖြစ်နေသဖြင့် ပြပွဲတိုင်းတွင် ရောင်းစွံခဲ့သည်။
“ ပန်းချီပြပွဲတိုင်းမှာလိုလို ပန်းချီဆရာမဆိုလို့ ကျွန်မတစ်ဦးတည်းပဲ ပါဝင်လေ့ရှိပါတယ်……ဒါပေမယ့် ကျွန်မတို့ ပန်းချီလောကထဲမှာတော့ ကျား၊ မဆိုတဲ့ Gender ခွဲခြားဆက်ဆံမှုမျိုးမရှိပါဘူး….. ပန်းချီဆိုတဲ့ အနုပညာ တစ်ရပ်အပေါ်မှာပဲ တစ်ယောက်နဲ့တစ်ယောက်ညီအစ်ကို မောင်နှမတွေလို ခရီးဆက်ခဲ့ကြတာပါ…ဒါပေမယ့် ပန်းချီပညာနဲ့ (Artist) တစ်ယောက်အဖြစ်ရပ်တည်မယ်ဆိုရင်တော့ ယောကျ်ားဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အခက်အခဲရှိကြမှာပါ”
မနှင်းသီရိက ပန်းချီရေးဆွဲရန် စုတ်တံ၊ စာရွက်၊ ဆေးဗူးနှင့် ပန်းချီကားဘောင်များသည်လည်း အလွန်ဈေးကြီးလွန်းသဖြင့် ဝါသနာအရ ရေးဆွဲနိုင်ရန်ဆိုသည်မှာ မလွယ်ကူ လှကြောင်း ဆိုသည်။ ငွေရေးကြေးရေး အခက်အခဲများကို ရင်ဆိုင်ရကြောင်းဆိုသည်။ သို့သော် သူသည် မည် သည့်အခက်အခဲများကိုမဆို ရင်ဆိုင်ကျော်ဖြတ်ကာ ပန်းချီဆရာမတစ်ဦးအဖြစ် ရပ်တည်သွားရန် ရည်ရွယ် ထား ကြောင်းပြောပြသည်။ ပန်းချီဆရာမတစ်ယောက်အဖြစ် ရှင်သန်ရသည်ကိုလည်းကျေနပ်မိကြောင်းဆိုသည်။
လက်ရှိအချိန်တွင်တော့ ဆရာမနှင်းသီရိသည် မြန်မာ့နိုင်ငံရေဆေး (Water Colour) ပန်းချီလောကထဲတွင် ရှားရှားပါးပါး အမျိုးသမီးပန်းချီဆရာမတစ်ဦးအဖြစ် နေရာတစ်နေရာကို ပိုင်ဆိုင်ရပ်တည်နေနိုင်ခဲ့ပြီဖြစ်သည်။
ရခိုင်ပြည်နယ်ထဲတွင်တော့ တစ်ဦးတည်းသော ရခိုင်အမျိုးသမီးရေဆေးပန်းချီဆရာမ (သို့မဟုတ်) ရေဆေး ကမ္ဘာထဲမှ ပန်းသခင်မလေးအဖြစ် နာမည်တစ်ခုကို ရရှိထားခဲ့ပြီဖြစ်သည်။ သူရေးဆွဲလိုက်သော ပန်းကလေး များသည်လည်း အရောင်အသွေးစုံလင်လွန်းလှစွာဖြင့် ရေဆေးကမ္ဘာထဲတွင် စဉ်ဆက်မပြတ် ဆက်လက်ပွင့် လန်းနေဦးမည်ဖြစ်လေသည်။