သန့်ရှင်းထွန်း။ ။
၁၀တန်း အောင်မြင်ခဲ့ပြီဖြစ်သော တစ်ရွာတည်းနေ ကျောင်းသူတစ်ဦးထံမှ လက်ဆင့်ကမ်းရရှိခဲ့သော ၁၀ တန်း သင်ရိုးစာအုပ် ဟောင်းများကို ရွာရှိနေအိမ်မှ ထွက်ပြေးရစဉ်က ကိုယ်နှင့်တပါတည်း မသယ်ခဲ့ခြင်းမှာ မောင်စိုးသွေ့သူရိန်အတွက် ဆုံးဖြတ် ချက်မှန်ကန်ခဲ့သည်။
မိခင်နှင့် စစ်ဘေးရှောင်စခန်းတွင် အတူနေထိုင်ခဲ့သော မောင်စိုးသွေ့သူရိန်မှာ ကိုးတန်းအောင်စ ၁၀ တန်း တက်ခါနီးတွင် ကိုဗစ်ကြောင့် အလုပ်အကိုင်အဆင်မပြေဖြစ်၍ ရန်ကုန်မြို့နှင့် ထိုင်းနိုင်ငံသို့ရောက်နေသော အစ်ကိုနှစ်ဦး၏ ထောက်ပံ့မှုကို မရရှိခြင်းကြောင့် ကျောင်းဆက်မတက်ရန်ဆုံးဖြတ်ခဲ့ပြီး ကြိုဖတ်ထားသော ခက်ဆစ်စာတစ်ချို့ကို မေ့ပစ်ခဲ့သလို ရွာမှ ၁၀ တန်း ကျောင်းစာအုပ်များ မသယ်ခဲ့ခြင်းမှာ မှန်ကန်ခဲ့ခြင်းဖြစ်သည်ဟု မောင်စိုးသွေ့သူရိန်က ပြန်ပြောပြသည်။
“ ညီကိုမောင်နှမလေးယောက်မှာ အဖေကမရှိတော့ အစ်ကိုနှစ်ယောက်နဲ့အစ်မက ကျောင်းထွက်ခဲ့ရတယ်။ ကျနော် ကျောင်း တက်ဖို့ ထောက်ပံ့ပေးနေတဲ့ အစ်ကိုနှစ်ယောက်ကလည်း အလုပ်အဆင်မပြေကြတော့ ကျနော်ကျောင်းဆက် မတက်တော့ဘူး လို့ ဆုံးဖြတ်ခဲ့တယ်” ဟု မောင်စိုးသွေ့သူရိန်က ပြောသည်။
မောင်စိုးသွေ့သူရိန်သည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောက်ကျောင်းတောင်ကျေးရွာမှ ကျောင်းသားတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၈၊ ၂၀၁၉ ခုနှစ်က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မိမိကျေးရွာ ကို စွန့်ခွာကာ စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။
မိဘဆင်းရဲမှုကြောင့် အစ်ကိုနှစ်ဦးနှင့် အစ်မတစ်ဦးမှာ ကျောင်းဆက်မတက်နိုင်ဘဲ ကျောင်းထွက်ခဲ့ရသဖြင့် မောင်စိုးသွေ့သူရိန် ကိုဖြင့် ပညာတတ်ဖြစ်ရန် မိခင်ဖြစ်သူက ဆန္ဒပြင်းပြနေခဲ့သော်လည်း ကျောင်းတက်ရန် ဘဝကအခြေအနေမပေးခဲ့။ သို့သော် လည်း ကံကောင်းထောက်မစွာဖြင့် မောင်စိုးသွေ့သူရိန် စာသင်ခွင့်ရခဲ့လေသည်။
ထိုသို့ ဆန္ဒပြင်းပြနေမှုကို အကောင်အထည်ဖော်ပေးမည့်သူတစ်ဦးမှာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင်ရှိနေခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ စစ်ဘေးရှောင်ကိုးတန်းနှင့် ၁၀ တန်းကျောင်းသား ၃၁ဦးကို ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ဦးစီးဆောင်ရွက် နေသော မဟာကရုဏာတော်ပညာရေးဖောင်ဒေးရှင်းမှ အီးယောင် (အီးယောင်ဆိုသည်မှာ ရခိုင်တစ်ချို့က မိခင်ကိုခေါ်ခြင်းဖြစ် သည်) ခင်မာရီ ဖြစ်သည်။
အသက် ၄၆ နှစ်အရွယ် ရှိပြီဖြစ်သော အီးယောင်ခင်မာရီသည် ရခိုင်တစ်မျိုးသားလုံးညီညွှတ်ရေးကော်မတီ တောင်ကုတ်မြို့နယ် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး တိုက်ပွဲများကြောင့် ပညာဆက်လက်မသင်ကြားနိုင်သော ရခိုင်ပြည်နယ် စစ်ဘေးသင့်ဒေသများမှ ကျောင်းသူကျောင်းသားများကို ပညာဆက်လက်သင်ကြားပေးနေသူဖြစ်ပြီး ကျောင်းသားများအတွက် လိုအပ်သော စားဝတ်နေ ရေးနှင့် ကျန်းမာရေးကအစ တာဝန်ယူထားသူဖြစ်သည်။
၎င်းသည် ကျောင်းသူ/သားများအတွက် လိုအပ်သောကုန်ကျစရိတ်များကို ပြည်တွင်း၊ ပြည်ပရှိ အလှူရှင်များထံမှ လှူဒါန်းပေး သည့် ငွေကြေးများဖြင့် ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး အလှူမရသည့်ကာလတွင် အိပ်စိုက်ပေးရကြောင်း ဆိုသည်။ ကျောင်းသူ/ သား ၃၁ ဦး၏ စားသောက်စရိတ်တစ်ခုတည်းပင် တစ်ရက်ကို တစ်သိန်းကျပ်ခန့် ကုန်ကျငွေ ရှိနေပြီး တခြား သင်ထောက်ကူ ပစ္စည်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်များလည်း ရှိသေးသည်ဟု အီးယောင်ခင်မာရီက ပြောသည်။
“ တိုက်ပွဲတွေဖြစ်တော့ မိဘတွေကလည်း ဟိုပြေးဒီပြေး ပြေးနေရတယ်။ ကျနော်ကျောင်းဆက်မတက်တော့ဘူးလို့တောင် တွေး နေတာ။ ဒါပေမယ့် ရသေ့တောင်မြို့နယ် ကျောက်တန်းရွာက ဦးလေးအေးမောင်က တောင်ကုတ်မှာ ပညာသင်ပေးနေတဲ့ အစီ စဉ်တစ်ခုရှိနေတယ်ဆိုပြီးတော့ ပြောတဲ့အတွက် အဆက်သွယ်ရပြီး အီးယောင်တို့ဆီကို ရောက်လာတာပါ။”ဟု မောင်စိုးသွေ့ သူရိန်က အီးယောင် ခင်မာရီတို့ထံသို့ ပညာသင်ကြားရန် ရောက်ရှိလာပုံကို ပြောပြသည်။
အီးယောင် ခင်မာရီသည် စစ်ဘေးရှောင်ကျောင်းသူ/သားများ ပညာဆက်လက်သင်ကြားနိုင်ရေးအလုပ်ကို လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇူလလိုင်က စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက် ပညာလင်္ကာရ မင်းကျောင်း (ဘုန်းကြီးကျောင်း)တွင် ပညာသင်ကြားရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေသည်။
ယခုကဲ့သို့ စစ်ဘေးရှောင်ကျောင်းသူ/သားများ ပညာသင်ကြားရေးအစီစဉ်ကို စတင်လုပ်ဆောင်ဖြစ်ခဲ့သည့် အဓိက အကြောင်း အရင်းမှာ မိမိနေအိမ်နှင့် ရွာကိုစွန့်ခွာထွက်ပြေးလာရသော ကျောင်းသူ/သားများ ပညာသင်ကြားရေးကို စိတ်မဝင်စားတော့ဘဲ နိုင်ငံခြားတိုင်းပြည်များကို မထွက်သွားစေချင်ခြင်းနှင့် ကလေးငယ်များ အချိန်မတန်မီ အိမ်ထောင်မကျစေချင်ခြင်းကြောင့် ဖြစ်သည်ဟု အီးယောင်ခင်မာရီ ကပြောသည်။
“ အထက်တန်းအရွယ်တွေက အရေးကြီးတယ်။ သူတို့လေးတွေကို ဒီတိုင်းလွတ်ထားလိုက်ရင်လည်း အိမ်ထောင်ကျသွား ကြမယ်။ နိုင်ငံခြားတိုင်းပြည်တွေကိုရောက်သွားကြမယ်။ အဲဒီလိုမဖြစ်စေချင်တာကြောင့် ပညာဆက်လက် မသင်နိုင်တဲ့ ကျောင်းသား/သူတွေ ပညာဆက်သင်ပေးဖို့ အတွေးရခဲ့တာဖြစ်တယ်။”ဟု ၎င်းကဆိုသည်။
ယခုကဲ့သို့ ကျောင်းသူ/သားများကို ပညာသင်ကြားရေးအတွက် ဆောင်ရွက်ပေးရသည့် နောက်ထပ်ရည်ရွယ်ချက်တစ်ခုမှာ ရခိုင် ပြည်နယ်တွင် လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်ကာလကပင် တောင်ပိုင်းနှင့်မြောက်ပိုင်းကို သွေးခွဲထားခြင်းကို ပေါင်းစည်းလို၍ ဖြစ်ပြီး စိတ်ဝမ်းကွဲမှုမရှိအောင် ဆောင်ရွက်ပေးသည့် လုပ်ရပ်တစ်ခုလည်းဖြစ်သည်ဟု ပြောသည်။
ယခင်က ရခိုင်ပြည်နယ် တောင်ကုတ်၊ ရမ်းဗြဲ၊ သံတွဲနှင့် ဂွမြို့နယ်များက ဒေသခံများကို တောင်ပိုင်းသားဟုလည်းကောင်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့နယ်များက ဒေသခံများကို မြောက်ပိုင်းသားဟု ခွဲခြားခဲ့ကြပြီး တောင်ပိုင်းက ဒေသခံများကို မြောက်ပိုင်းဒေသခံ အများ စုက ရခိုင်ဟု မသတ်မှတ်ကြဘဲ တစ်ချို့တောင်ပိုင်းဒေသခံများကလည်း ရခိုင်ဟုမခံယူမှုများရှိခဲ့သည်။
ယင်းအချက်ကိုပင် အုပ်ချုပ်သူအစိုးရအဆက်ဆက်က တောင်ပိုင်းသား၊ မြောက်ပိုင်းသားဟူ၍ သွေးခွဲခဲ့ခြင်းဖြစ်ကြောင်း အီးယောင်ခင်မာရီက ပြောသည်။
“ အနီးစပ်ဆုံးပြောမယ်ဆိုရင် မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေသူတွေအတွက် အကူညီပေးဖို့ တောင်ပိုင်းမြို့နယ်တွေမှာ အလှူငွေကောက်ခံတဲ့အခါ ဌာနဆိုင်ရာတွေက တားမြစ်ခဲ့တာတွေရှိတယ်။ မြောက်ပိုင်းမှာ ဖြစ်တာကို တောင်ပိုင်းက ဝင်ကူစရာမလိုဘူးဆိုတဲ့ ပုံစံပေါ့”ဟု ၎င်းက ရှင်းပြသည်။
ထို့နောက် ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးက တက္ကသိုလ်ကျောင်းသားများ စစ်တွေတက္ကသိုလ်တွင် ကျောင်းတက်ခဲ့ရသည့် အချိန်ကလည်း တောင်ပိုင်းကကျောင်းသားများကို ရခိုင်မဟုတ်ဟုဆိုကာ မြောက်ပိုင်းကျောင်းသားများက ပြသနာရှာခြင်း၊ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းများရှိခဲ့သည်။
သို့သော် လက်ရှိတွင် ရခိုင်လူကြီးမိဘများနှင့် လူငယ်များက တောင်ပိုင်းမြောက်ပိုင်းခွဲခြားခြင်းကို လက်မခံတော့ဘဲ ဖြစ်ပေါ် လာသည့် စိန်ခေါ်မှုများကို အတူတကွ ပူးပေါင်းဆောင်ရွက်နေသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရှိလာရသည်ဟု အီးယောင် ခင်မာရီကပြောသည်။
အီးယောင်ခင်မာရီ စစ်ဘေးရှောင်ကျောင်းသူ/သားများ ပညာသင်ကြားရေး ဆောင်ရွက်စဉ်က မြောက်ပိုင်းဒေသများမှ လူများ၏ ဝေဖန် တိုက်ခိုက်မှုကို မခံခဲ့ရသော်လည်း တောင်ပိုင်းဒေသက လူများ၏ ဝေဖန်တိုက်ခိုက်မှုကိုခံခဲ့ရပြီး တောင်ကုတ်ဒေသခံ တစ်ချို့က သူ့ကို ရဲသတင်းတပ်ဖွဲ့နှင့် စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့များကို တိုင်တန်းခဲ့မှုများရှိခဲ့ကြောင်း ဆိုသည်။
သို့သော်လည်း အီးယောင်ခင်မာရီအနေဖြင့် စစ်တပ်တစ်ခုထူထောင်နေခြင်းမဟုတ်ဘဲ ကလေးငယ်များ၏ ပညာဆက်လက် သင်ကြားရေးကို ဆောင်ရွက်နေခြင်းသာဖြစ်သည့်အတွက် အဆိုပါ ဝေဖန်တိုက်ခိုက်မှုများက အချိန်ကာလတစ်ခုအကြာတွင် ပျောက်ကွယ်သွားခဲ့သည်ဟု ပြောပြသည်။
“ အခုလိုမျိုး မြောက်ပိုင်းကကလေးတွေကို တောင်ပိုင်းက လူကြီးတွေက ရင်ငွေ့၊ မေတ္တာပေးတာတွေက နှစ်ပေါင်း ၇၀ ကျော် အတွင်းမှာ တစ်ခါမှမရှိခဲ့ဘူး။ တဖက်နဲ့တဖက် နာကျည်းနေကြတဲ့အနေအထားပါ။ အခုဆိုရင် အတိုင်းအတာတစ်ခုထိ စည်းရုံး နေကြပါပြီ။” ဟု အီးယောင်ခင်မာရီက ပြောပြသည်။
အီးယောင်ခင်မာရီအနေဖြင့် စစ်ဘေးရှောင်ကျောင်းသူ/သားများ ပညာသင်ကြားရေးလုပ်ငန်းဆောင်ရွက်နေစဉ် ကာလအတွင်း ကြုံတွေ့ရသည့် အဓိကစိန်ခေါ်မှုမှာနှစ်ခုရှိနေပြီး တစ်ခုမှာ ကျောင်းသူ/သားများ ပညာသင်ကြားရေးပိုင်းတွင် အခက်အခဲ ရှိခြင်းနှင့် နောက်တစ်ခုမှာ မိသားစုအတွင်း စိန်ခေါ်မှုဖြစ်သည်ဟု ဆိုသည်။
အီးယောင်ခင်မာရီ စာသင်ကြားပေးနေသည့် ကျောင်းသူ/သားများမှာ ရသေ့တောင်မြို့နယ်မှဖြစ်ပြီး တောင်ကုတ်မြို့တွင် ပညာ သင်ကြားရသည့်အခါတွင် တောင်ကုတ်လေသံဖြင့် ပြောသည့် ဆရာ/မများ၏ စကားကို နားမလည်ခြင်းနှင့် တစ်ချို့ဆရာများ က စာသင်ကြားရန် လက်မခံခြင်းဖြစ်သည်။
လက်ရှိ ၁၀ တန်းတက်နေသည့် စစ်ဘေးရှောင် ကျောင်းသူ/သားများမှာ တိုက်ပွဲများနှင့် ကိုဗစ်ကြောင့် ကျောင်းများကို ပိတ် ထားခဲ့ရပြီး ကိုးတန်းစာကို သေချာမသင်ခဲ့ရဘဲ အတန်းအောင်လာခဲ့သူများဖြစ်သည့်အတွက် အခြေခံအားနည်းကာ တစ်ချို့ ဆရာများက စာဆက်မသင်တော့ဘဲ နောက်ဆုတ်ခဲ့သည်များရှိခဲ့သည်ဟု ဆိုသည်။
“ ကလေးတွေက အသက်ရှင်ဖို့က ပထမ၊ စားသောက်ရေးက ဒုတိယ၊ ပညာရေးက တတိယဖြစ်နေတယ်။ အဲလို အနေ အထားမှာ သူတို့ရဲ့ ပညာရေးအခြေနေက ဘယ်လိုရှိမယ်ဆိုတာ ခန့်မှန်းနိုင်တယ်။ တောင်ကုတ်မှာရှိတဲ့ ကလေးတွေနဲ့ နှိုင်းယှဉ် လို့မရဘူးလေ”ဟု ကျောင်းသူ/သားနှင့် ပတ်သက်သည့် စိန်ခေါ်မှုကို ရှင်းပြသည်။
အလားတူ စိန်ခေါ်မှုတစ်ခုမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ကျောင်းသူ/သားများကို တောင်ကုတ်မြို့ (ရခိုင်ပြည်နယ်တောင်ပိုင်း) ခေါ်ယူထားသည့်အတွက် မြောက်ပိုင်းတွင်ဖြစ်နေသည့် တိုက်ပွဲများကို တောင်ပိုင်းသို့ ခေါ်ယူနေသည့်ပုံစံမျိုး ပြောဆိုခံရမှု များနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်ခံရမှုများရှိခဲ့ကြောင်း ပြောသည်။
“အီးယောင်နောက်ကို SB (ရဲသတင်းတပ်ဖွဲ့)တွေ ပေါ်တင်လိုက်ပြီးတော့ ထောက်လှန်ခဲ့တာတွေရှိတယ်။”ဟု ဆိုသည်။
ထို့သို့ စုံစမ်းထောက်လှန်းခြင်းကိုခံရသော်လည်း ပြစ်မှုကျူးလွန်ထားခြင်းမရှိသော အီးယောင်မှာ ဂရုမစိုက်ဘဲ ကိုယ့်အလုပ်ကို ဆက်လုပ်ခဲ့သည်။ ထိုသို့ ယုံကြည်ရာကို ရှေ့ဆက်ခဲ့သည့်အတွက် ယခုအခါ ၎င်းကို ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းတစ်ချို့က ဝန်းရံထောက်ပံ့ပေးမှုများရှိလာခဲ့ကြောင်း ဆက်ပြောသည်။
အီးယောင်ခင်မာရီ၏ နောက်ထပ်စိန်ခေါ်မှုတစ်ခုမှာ မိသားစုနှင့် ပတ်သက်နေခြင်းဖြစ်ပြီး ၂၄ နာရီပတ်လုံး ကျောင်းသူ/ သားများ အနားကမခွာသည့်အတွက် အီးယောင်ခင်မာရီ၏ ခင်ပွန်းဖြစ်သူနှင့် အဆင်မပြေဖြစ်လာခြင်း ဖြစ်ကြောင်း ပြောပြသည်။
“ အိမ်ထောင်သည်တစ်ဦးအနေနဲ့ မိသားစုအနားမှာလည်း မနေနိုင်၊ ညဘက်လည်း အိမ်ပြန်မအိပ်။ တစ်နှစ်လည်းမဟုတ် နှစ်နှစ် လည်းမဟုတ်တော့ အိမ်ရှင်က အီးယောင်ကို ကျောင်းသားတွေကို ရွေးမလား၊ ငါ့ကိုရွေးမလားမေးခွန်းကို အမေးခံရတယ်။ အီးယောင်ကတော့ ကျောင်းသားတွေကို မစွန့်လွတ်နိုင်ဘူးလို့ ပြောလိုက်တယ်။”ဟု မိသားစုအရေးနှင့် သူတာဝန်ယူထားသည့် ကျောင်းသူ/သားများအရေး ယှဉ်လာချိန်တွင် ဆုံးဖြတ်ခဲ့ပုံကို ပြောပြသည်။
“ စစ်ဘေးရှောင် ကျောင်းသားလေးတွေအတွက် ပြုစုစောင့်ရှောက်ပေးတာကတော့ အိမ်ပေါ်က ဆင်းရတဲ့အထိပဲ” အီးယောင် ခင်မာရီက ပြောပြသည်။
အီးယောင်ခင်မာရီတွင် သမီးနှစ်ဦးနှင့်သားတစ်ဦးရှိပြီး သမီးကြီးမှာ ၎င်း၏ လုပ်ရပ်များကို မနှစ်သက်သော်လည်း သားလတ်နှင့် သမီးငယ်မှာ အမေ၏အလုပ်ကို ထောက်ပံ့ပေးခဲ့သည်ဟု ပြောသည်။
စစ်ဘေးရှောင် ကျောင်းသူ/သားများအရေးကို ဦးစားပေးဆောင်ရွက်နေသည့် အီးယောင်ခင်မာရီကို သမီးငယ်ဖြစ်သူ မကြယ်စင်ထွန်းက နောက်မှနားလည် သဘောပေါက်ခဲ့သည်ဟု ပြောပြသည်။
“ အစပိုင်းကတော့ အမေကို စိတ်ကဘယ်လိုမှန်းမသိ ခံစားရတယ်။ ပြီးတော့ ကျောင်းသားတွေကျလို့ရှိရင် အတွင်းခံအင်္ကျီ၊ ဘောင်းဘီကအစ ဝယ်ပေးတယ်။ ကိုယ့်သမီးမှာကျတော့ဘယ်နှစ်ထည်ရှိမှန်းတောင်မသိဘူး။ အဲလိုမျိုးတွေပြောခဲ့တာရှိတယ်။” ဟု မကြယ်စင်ထွန်းက ရင်ဖွင့်သည်။
သို့သော် မိခင်၏လုပ်ရပ်များကို မကြယ်စင်ထွန်း နားလည်သဘောပေါက်ခဲ့ချိန်မှာ စစ်ဘေးရှောင်စခန်းများသို့ သွားရောက်ခဲ့ သည့်အချိန်ကဖြစ်ကြောင်း ပြောပြသည်။
“ အမေက စစ်ဘေးရှောင်စခန်းတွေကို သမီးကိုခေါ်သွားတယ်။ အဲခါမှ ကိုယ့်စိတ်ထဲမှာ သူတို့မှာ ဒီလိုအခက်ခဲတွေရှိလို့ အမေ က ဒီလိုလုပ်ပေးမှလည်း အဆင်ပြေမယ်ဆိုတဲ့ စိတ်ဝင်သွားခဲ့တယ်။ သမီးကလည်း စစ်ဘေးဆိုတာကို ဘာမှန်းမသိခဲ့ဘူးလေ။ စစ်ဘေးရှောင်စခန်းဆိုတာလည်း ဘယ်လိုပုံစံမျိုးလဲဆိုတာကိုလည်းမသိခဲ့ဘူးလေ။”ဟု အီးယောင်ခင်မာရီ၏ သမီးငယ် မကြယ်စင်ထွန်း ကပြောသည်။
အမေဖြစ်သူ၏ လူမှုရေးနှင့်အမျိုးသားရေးလုပ်ရပ်များကို သဘောကျသော မကြယ်စင်ထွန်းမှာ သူကြီးလာလျှင်လည်း မိခင် ကဲ့သို့ လူမှုရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးရန် ဆုံးဖြတ်ထားသည်ကြောင်း ဆိုသည်။
မည်သို့သော စိန်ခေါ်မှုများရှိစေကာမူ အီးယောင်ခင်မာရီအနေဖြင့် လက်ရှိ သူတာဝန်ယူထားသော ကျောင်းသူ/ သားများ အတွက် ဆက်လက်ကြိုးစားသွားရန် ရည်မှန်းချက်များချမှတ်ထားသည်။
အဆိုပါ ရည်မှန်းချက်များမှာ ကျောင်းသူ/သားများ ၁၀ တန်းအောင်လျှင် မာန်အောင်မြို့ရှိ အင်္ဂလိပ်စာကျောင်းသို့ ပို့၍ စကော လားရှစ်ရရှိရန်နှင့် နိုင်ငံခြားပညာတော်သင်များထိ မျှော်မှန်းထားသည်ဟု ၎င်းရှေ့ဆက်မည့်ခရီးကို ပြောသည်။
တိုက်ပွဲဒဏ်ကြောင့် ပညာကို ဆက်လက်မသင်ရဘဲ ရည်မှန်းချက်များ ပျောက်ဆုံးတော့မည့် ကျောင်းသူ/သားများကို ၎င်းတို့ ရည်မှန်းချက်ပန်းတိုင်ကို ဆက်တက်နိုင်အောင် ကြိုးစားဆောင်ရွက်ပေးနေသည့် အီးယောင်ခင်မာရီက သူ၏ အလုပ်သည် မျိုး ဆက်သစ်များ ရှင်သန်ကြီးပွားရေးအတွက် သမုဒ္ဒရာထဲတွင်ရှိသော ရေတစ်စက်လောက်သာရှိသည်ဟု နှိမ့်ချစွာဆိုသည်။
ယခုလို ကိုယ်ကြိုးစွန့်လုပ်နေရသည့်အတွက်လည်း နောင်တမရဘဲ သူခံယူချက်ကို ယခုလို ဖွင့်ဟသည်။ “ မျိုးဆက်သစ်တွေကောင်းစားရေးအတွက် ကျမတို့ လက်ရှိရပ်တည်မှုကို စွန့်လွတ်၊ စွန့်စားသင့်ရင် စွန့်စားရပါမယ်။ အဲလို စွန့်စားမှုတွေက အီးယောင်အတွက် တန်ပါတယ်။”