ရွှေသွဲ့။ ။
“သီးနှံပေါ်လို့ ရောင်းပြီးရင် ကိုယ့်လက်ထဲ တောင်းနဲ့ခမောက်ပဲ ကျန်ခဲ့တာပါ”
ဒီလိုညည်းတွားလိုက်သူကတော့ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ထဲက တောင်သူ ဒေါ်ခင်ခင် ဖြစ်ပါတယ်။
အသက် ၅၀ အရွယ်ရှိတဲ့ ဒေါ်ခင်ခင်ဟာ သူပိုင်ဆိုင်တဲ့ မြေဆယ်ဧကကျော်အပေါ်မှာ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း အစရှိတဲ့ သီးနှံတွေကို ရာသီအလိုက် နှစ်စဉ်စိုက်ပျိုးနေတဲ့ တောင်သူတစ်ဦးပါ။ သားသမီး သုံးယောက်ရှိပြီး ခင်ပွန်းဖြစ်သူ မရှိတော့တဲ့အချိန်ကစပြီး တောင်သူအလုပ်ကို ဦးစီးလုပ်ကိုင်လာတာ ၁၀နှစ် ကျော်ခဲ့ပါပြီ။ မိရိုးဖလာ အလုပ်တစ်ခုဖြစ်ပြီး တစိုက်မတ်မတ်လုပ်ကိုင်ခဲ့တာကြောင့် ဒီကရတဲ့ဝင် ငွေနဲ့ပဲ မိသားစုရဲ့ စားဝတ်နေရေးကို ဖြေရှင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ်မှာ ပဲစျေးကောင်းလာတယ် ဆိုပေမယ့် ဒေါ်ခင်ခင် မပျော်နိုင်ပါဘူး။ စိုက်ပျိုးလို့ထွက်လာတဲ့ ပဲတွေ မနှစ်ကထက် စျေးကောင်းရလာတယ်ဆိုပေမယ့် အခြားတဖက်မှာလည်း စိုက်ပျိုးရေးစရိတ်က သိသိသာသာ တက်လာနေပါတယ်။ စိုက်စရိတ်နဲ့ သီးနှံထွက်ချိန်ရတဲ့အမြတ်မကာမိဘဲ ဘာစိုက်စိုက်အရှုံးနဲ့ ရင်ဆိုင်နေရတာကြောင့် ဒေါ်ခင်ခင်တို့လို တောင်သူ တွေ အထိနာခဲ့ပါတယ်။
ကမ္ဘာမှာ နိုင်ငံခြားကို ပဲတင်ပို့မှု ဒုတိယ အများဆုံးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံက ပဲနှမ်းစိုက်တောင်သူတွေဟာ စိုက်ပျိုးစရိတ် အဆမတန်မြင့်တက်လာတာကို ရင်ဆိုင်နေကြရပါတယ်။ ပဲနှမ်းတင်ပို့မှုကနေ တိုင်းပြည်အတွက် နှစ်စဉ် အမေရိကန် ဒေါ်လာ သန်းထောင်ချီ ဝင်ငွေရနေပေမယ့် ပဲနှမ်းစိုက်ပျိုးနေကြ တောင်သူတွေဘဝကတော့ စိုက်ပျိုးရေးစရိတ်တွေ တက်လာတာ ကြောင့် ခက်ခဲသည်ထက် ခက်ခဲလာနေပါတယ်။
စစ်ကောင်စီက အာဏာသိမ်းခဲ့ပြီးတဲ့နောက် ဒေါ်လာစျေးတွေ ထိုးတက်သွားပြီး ပြည်ပကနေတင်သွင်းတဲ့ ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးနဲ့ ပေါင်းသတ်ဆေး အစရှိတဲ့ စိုက်ပျိုးရေးပစ္စည်းတွေရဲ့ စျေးကလည်း အဆမတန် တက်သွားခဲ့ပါတယ်။ ဆေးမထည့်နိုင်ရင် ထွက်နှုန်းက သိသိသာသာ ကျသွားပြီး သီးနှံပေါ်ချိန် စာရင်းချုပ်လိုက်ရင် မျိုးစေ့ဖိုးနဲ့ လုပ်အားခပါ ရှုံးတာကြောင့် စိုက်ပျိုးရေးပစ္စည်းတွေ စျေးတက်ပေမယ့်လည်း တောင်သူတွေက မဖြစ်မနေ ဝယ်ယူနေရဆဲ ဖြစ်ပါတယ်။
တွက်ခြေမကိုက်ကြတဲ့ တောင်သူတချို့ကတော့ ဒီနှစ်စိုက်ပျိုးရာသီမှာ ဘာမှ မစိုက်တော့ဘဲ မြေကွက်လပ်ထားဖို့ ဆုံးဖြတ် ကြတာလဲ ရှိကြပါတယ်။
ဒီနှစ်စိုက်ပျိုးရာသီမှာ စိုက်ပျိုးရေးပစ္စည်းတွေတင် စျေးတက်တာမဟုတ်ဘဲ စိုက်ခပျိုးခပါ စျေးတက်လာတယ်လို့ ဒေါ်ခင်ခင်က ဆိုပါတယ်။ အာဏာသိမ်းပြီးနောက် စက်သုံးဆီစျေးတွေဟာ နှစ်ဆနီးပါး စျေးတက်လာခဲ့တဲ့နောက် ဆီထည့်မောင်းရတဲ့ ထွန်စက်တွေရဲ့ ငှားခဟာလည်း နှစ်ဆတက်လာတယ်လို့ တောင်သူတွေကဆိုပါတယ်။
“တောင်သူဝယ်ရတဲ့ ပစ္စည်းမှန်သမျှ ဈေးတက်တယ်။ တောင်သူကပြန်ရောင်းတာကျတော့ ဘာတစ်ခုမှ ဈေးကောင်းမရဘူး” လို့ ဒေါ်ခင်ခင်က အသံခပ် ပျော့ပျော့နဲ့ ပြောလိုက်တာပါ။
ဒီလိုသာ စိုက်ပျိုးစရိတ်တွေဆက်ပြီး မြင့်တက်နေဦးမယ်ဆိုရင် လာမယ့်မြေပဲစိုက်ရာသီ ရောက်ရင် သူပိုင်တဲ့ ယာမြေထဲက တချို့နေရာတွေကို ဘာမှမစိုက်တော့ဘဲ ကွက်လပ်ထားဖို့အထိ စဉ်းစားထားတယ်လို့ ဒေါ်ခင်ခင်က ပြောပါတယ်။
တောင်သူ ဒေါ်ခင်ခင်တစ်ယောက်ထဲ အရှုံးပေါ်နေတာတော့ မဟုတ်ပါဘူး။ မကွေးတိုင်း၊ကြာကန်ကျေးရွာက ယာမြေတွေကို ဦးစီးလုပ်ကိုင်နေတဲ့ ဒေါ်အေးရီလည်း အပါအဝင်ပါ။
“ကိုယ်စိုက်တဲ့ သီးနှံဈေးကမတက်ဘူး။ ဆေးဖိုးနဲ့ စက်ငှားခကျတော့ ဈေးကနှစ်ဆတက်တယ်။ များများစိုက်ရင် များများရှုံးမယ်ဆိုတာကို အဲ့ဒီမှာတင်တွက်လို့ရနေပြီလေ” လို့ ဒေါ်အေးရီက ဆိုပါတယ်။
ဒေါ်အေးရီဟာ နှစ်စဉ် မတ်ပဲ၊ ပဲစင်းငုံ နဲ့ နှမ်းတို့ကို စိုက်ပျိုးတဲ့ တောင်သူဖြစ်ပြီး အရင်တုန်းကဆို တရာသီကို ငါးသိန်းနဲ့ ၁၀ သိန်းကြား အမြတ်ငွေ ကျန်လေ့ရှိတယ်လို့ ဆိုပါတယ်။ အခုတော့ စိုက်ပျိုးစရိတ်တွေ မြင့်လာပြီးနောက်ပိုင်း အရှုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
မနှစ်တုန်းက ဓာတ်မြေသြဇာတအိတ်ကို ၃၂၀၀၀ လောက်ရှိရာက အခုနှစ်ဆလောက်စျေးတက်နေပြီး၊ ထယ်ထိုးဖို့ စက်ငှားခက တဧကကို ၁၅၀၀၀ ကနေ ဒီနှစ် ၂၅၀၀၀၊ ပိုးသတ်ဆေးကလည်း နှစ်ဆနီးပါးတက်တော့ တောင်သူတိုင်း အရှုံးနဲ့ ရင်ဆိုင်လာ ရတာ ဖြစ်ပါတယ်။
ခေတ်အဆက်ဆက် အကြွေးနဲ့ နပန်းလုံးနေရတဲ့ တောင်သူတွေဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်မှာတော့ ဘဏ်လုပ်ငန်းလည်ပတ်မှုတွေ ရပ်တန့်သွားတာ အပါအဝင် နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ အကျိုးဆက်တွေကြောင့် ရာသီအလိုက် ထွက်တဲ့ သီးနှံတွေရဲ့ ဈေးနှုန်းကလည်း ရသင့်သလောက် မရခဲ့ပါဘူး။
“ရှင်းရှင်းပြောရရင် ကိုယ့်အကွက်ထဲ သီးနှံစိုက်ထားတော့ သူများဆီ ချေးရငှားရတာလွယ်တယ်။ တချို့အခင်းတွေဆို ဟန်ပြစိုက်ထားတဲ့ အခင်းတွေလည်း ပါတယ်” လို့ ဒေါ်အေးရီက ပြောပါတယ်။
မြေကွက်လပ်မထားချင်လို့ မျိုးစေ့သာ ကျဲထားပြီး လိုအပ်တဲ့ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ၊ ပေါင်းသတ်ဆေးတွေ ဈေးကြီးနေတဲ့အတွက် မထည့်ဘဲ ထွက်ချင်သလောက်သာ ထွက်ပါစေဆိုပြီး ထားတဲ့ စိုက်ခင်းတွေလည်း ရှိတယ်လို့ ဒေါ်အေးရီက ဆိုပါတယ်။
အသက် ၅၀ အရွယ်ရှိတဲ့ ဒေါ်အေးရီမှာ အရွယ်ရောက်နေတဲ့ သမီးနှစ်ယောက်ရှိပြီး သမီးတွေနဲ့အတူ ဒိုးဒူပေါင်ဖက် စိုက်ခင်းထဲ လိုက်လုပ်ခဲ့ပေမယ့်လည်း စိုက်ပျိုးစရိတ်တွေ ကြီးနေတဲ့အတွက် လုပ်အားခ ရှုံးတဲ့အပြင် အကြွေးပါ တင်သေးတယ်လို့လည်း ဒေါ်အေးရီက ဆက်ပြောပါတယ်။
“အကြွေးက တစ်နှစ်မဆပ်နိုင်ရင် အတိုးနဲ့ ပြန်မှတ်တာခံရတာလေ။ အဲ့တော့ ရှိတဲ့မြေကို ဖဲ့ရောင်းမလားပေါ့ ဒီလိုလည်း သမီးတွေနဲ့ တိုင်ပင်တာတော့ ရှိတယ်” လို့ ဒေါ်အေးရီ သူတို့ရဲ့ စီးပွားရေး အခြေနေကို ပြောပါတယ်။
အစိုးရရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာရှိတဲ့ စိုက်ပျိုးမြေဧရိယာရဲ့ ငါးပုံတပုံဟာ ပဲမျိုးစုံ စိုက်ပျိုးကြတယ်လို့ ဆိုပါတယ်။ ဒီနှစ်မှာတော့ စိုက်ပျိုးမြေအားလုံးဟာ စိုက်ခင်းတွေဖြစ်လာဖို့ သိပ်မသေချာတော့ပါဘူး။ စိုက်စရိတ် ကြီးမြင့်လာတာအပြင် နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မစိုက်ကြတာတွေလည်း ရှိကြပါတယ်။
မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ နဲ့ မန္တလေး အပါအဝင် ပဲစိုက်ဒေသတွေမှာ နိုင်ငံရေး မတည်ငြိမ်မှုကြောင့်လည်း ထွန်ယက် စိုက်ပျိုးနိုင်ခြင်း မရှိတဲ့ တောင်သူတွေ ရှိနေတဲ့အတွက် လာမယ့်သီးနှံပေါ်ချိန်မှာ ပဲအထွက်နှုန်း ကျဆင်းနိုင်တယ်လို့ မန္တလေးမြို့က ပဲကုန်သည် တစ်ဦးက မှတ်ချက်ပြုပါတယ်။
“တောင်သူတွေ အခုလို အဆင်မပြေတာ နိုင်ငံရေးနဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့ ပြောလို့ရတယ်။ စိုက်စရိတ်မြင့်လို့ မစိုက်နိုင်တဲ့ တောင်သူရှိသလို ပြေးနေရလို့ မစိုက်နိုင်တဲ့ တောင်သူတွေလည်းရှိတယ်။ ကျနော်တို့က နှစ်တိုင်း ဒီတောင်သူတွေနဲ့ တွေ့နေရတော့ တောင်သူတွေရဲ့ အခက်အခဲကို ပိုသိတယ်” လို့ အထက်ပါ ပဲကုန်သည်က ဆိုပါတယ်။
ပဲကုန်သည်တွေ အနေနဲ့ စိုက်ခင်းအတွက်လိုအပ်တဲ့ ဆေးတွေကို အကြွေးစနစ်နဲ့ တောင်သူတွေကို ကြိုပေးထားပြီး သီးနှံပေါ်မှ ငွေရှင်းတာမျိုးတွေလည်း တောင်သူနဲ့ အဆင်ပြေအောင် လုပ်ရတာတွေလည်းရှိတဲ့အတွက် တစ်ချို့တောင်သူတွေဆို ဆေးဖိုးတောင် မဆပ်နိုင်တဲ့ သူတွေလည်း ရှိတယ်လို့ ပဲကုန်သည်က ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ မတ်ပဲ၊ ပဲစင်းငုံနဲ့ ပဲတီစိမ်း အများစုဟာ အိန္ဒိယ ဈေးကွက်ကို အမှီပြုပြီး အဓိကထား စိုက်ပျိုးနေကြတာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်က အိန္ဒိယ အစိုးရနဲ့ ညှိနှိုင်းထားတဲ့ MOU အရ မြန်မာနိုင်ငံကနေ မတ်ပဲတန်ချိန် နှစ်သိန်းခွဲ၊ ပဲစင်းငုံတန်ချိန်တစ်သိန်းတို့ကို ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်ကနေစပြီး ၅ နှစ်တာနှစ်စဉ်တင် သွင်းမယ်ဆိုတာကို စစ်ကောင်စီလက်အောက်ခံဖြစ်တဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ၂၀၂၁ ခုနှစ်ဇွန်လအတွင်းမှာ လက်မှတ်ရေးထိုးထားပါတယ်။
အဲ့သည်လို လက်မှတ်ရေးထိုးထားတဲ့အတွက် ပဲဈေးနှုန်းမှာ ထိုးကျတာမျိုးမဖြစ်နိုင်ဘဲ ဈေးကွက်အလားအလာ ကောင်းနိုင် တယ်လို့လည်း ပဲကုန်သည်တွေက မှတ်ချက်ပြု ထားပါတယ်။
သီးနှံစိုက်ပျိုးတောင်သူတွေဟာ ရာသီဥတုနဲ့လည်း အများကြီး သက်ဆိုင်နေပါသေးတယ်။ မိုးရေလိုအပ်တဲ့အချိန် မိုးရေရ တဲ့နှစ်နဲ့တိုးရင် (ဥပမာ) နှမ်းစိုက် တစ်ဧကကို ၂၅တင်းထိ ထွက်ပြီး မကောင်းတဲ့နှစ်ဆိုရင် တစ်တင်းတောင် ပြည့်အောင် မထွက်တဲ့ နှစ်တွေလည်းကြုံရတယ်လို့ ဒေါ်ခင်ခင်က သူ့အတွေ့အကြုံကိုပြောပြပါတယ်။
ဓာတ်မြေသြဇာဈေးတွေ ကြီးတဲ့အတွက် လျော့သုံးမယ်ဆိုရင်လည်း သီးနှံအထွက်လျော့မှာ ဖြစ်သလို ပုံမှန်အတိုင်း ဆက်သုံးရင်လည်း ကုန်ကျစရိတ်တွေမြင့်မှာဖြစ်တဲ့အတွက် တောင်သူတွေဟာအရှုံးနဲ့ ပိုပြီး ရင်ဆိုင်ရနိုင်တဲ့အတွက် တခြားနည်းလမ်း ဖြစ်တဲ့ သဘာဝက ရနိုင်တဲ့ ပစ္စည်းတွေကို လုပ်သုံးဖို့လည်း တိုက်တွန်းတာမျိုးတွေတော့ရှိတယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း (MPBSMA) ရဲ့ အကြံပေး ဦးစိုးဝင်းမောင်က ပြောပါတယ်။
စျေးကွက်သဘောအရ သီးနှံအထွက် လျော့ရင် ဈေးကောင်းရတာဖြစ်သလို ငွေဈေးနှုန်းအပေါ် မူတည်ပြီးတော့လည်း အရင်နှစ်တွေထက် ဈေးပို ရနိုင်တယ်လို့ ဦးစိုးဝင်းမောင်က ခန့်မှန်းပြောဆိုလိုက်ပါတယ်။
၂၀၁၉- ၂၀၂၀ခုနှစ်အတွင်းက ပြည်ပကို ပဲအမျိုးအမည်ပေါင်း ၁၈ မျိုးတင်ပို့ခဲ့တဲ့ တန်ချိန်မှာ ၁.၆၅ သန်းတန် ပို့နိုင်ခဲ့ပြီး၊ ၂၀၂၀- ၂၀၂၁မှာတော့ ၂.၀၃ သန်းတန်ချိန် တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၂၅ ဘီလီယံကနေ၊၁.၅၇ ထိ ရရှိခဲ့တဲ့အတွက် ပဲတင်ပို့မှုမှာ ပြီးခဲ့တဲ့ နှစ်က စာရင်းအရ ကြည့်မယ်ဆိုရင် ကျဆင်းတာ မရှိဘူးလို့လည်း ဦးစိုးဝင်းမောင် က ဆက်ပြောပါတယ်။
အခုလ ၁၃ရက်နေ့ စာရင်းအရ မတ်ပဲ (FAQ/RC) တစ်တန်ပေါက်ဈေးမှာ ကျပ် ၁,၃၅၀,၀၀ဝဖြစ်ပြီး၊ ပဲစင်းငုံနီ( RC) တစ်တန်ပေါက်ဈေးမှာ ၁,၃၃၅,၀၀၀ ဖြစ်တယ်လို့ ဘုရင့်နောင် ကုန်စည်ဒိုင် ဈေးနှုန်းမှာ ဖော်ပြထားပါတယ်။
ကုန်စည်ဒိုင်ကြီးတွေမှာ ဒီလိုဈေးပေါက်နေပေမယ့်လည်း မြေပြင်မှာ ပွဲစားငယ်တွေတဆင့်ဝယ်တာဖြစ်တဲ့အတွက် ဈေးနှိမ်ပြီး ဝယ်တဲ့ ဒဏ်ကိုလည်း ခံရသေးတယ်လို့ နေပြည်တော်၊ လယ်ဝေးမြို့က တောင်သူ ဒေါ်စန်းက ဆိုလိုက်ပါသေးတယ်။
“တောင်သူက အဖက်ဖက်က နစ်နာတာပါ။ အခု ဓာတ်မြေဈေးတက်လို့ ဓာတ်မြေလျော့ကျွေးတယ်။ အဲ့တော့ အထွက် လျော့တယ်။ ဒီလိုတောင်သူတွေ အဆင်မပြေတာကျတော့ ဘယ်အစိုးရက ကြည့်ပေးမှာလဲ” လို့ ဒေါ်စန်းမေးခွန်း ထုတ် လိုက်တာပါ။
အခုလို သီးနှံအထွက်လျော့လို့တောင်သူ အဆင်မပြေရင် စိုက်ခင်းတွေထဲ နေ့စားလိုက်ပြီး ဝမ်းရေးဖြေရှင်းနေတဲ့ ကျပန်း လုပ်စားနေရတဲ့ သူတွေကိုတောင်လုပ်အားခ ရှင်းပေးဖို့ အခက်အခဲတွေနဲ့ပါ ကြုံရသေးတယ်လို့ ဒေါ်စန်းက ဆိုပါတယ်။
စိုက်ပျိုးရေးလုပ်ငန်းအပေါ်မှာပဲ မှီခိုနေရတဲ့ တောင်သူတွေ အတွက်တော့ အခုလို စိုက်ပျိုးစရိတ်တွေ မြင့်တက်နေတဲ့ အခြေအနေဟာ “နူနေတာကို ဝဲထပ်စွဲသလို” ဖြစ်နေပြီလို့လည်း ဒေါ်စန်းက ဥပမာပေးပြီး ပြောလိုက်ပါတယ်။
“စုထားတဲ့ ငါးနှစ်စာလောက် အမြတ်က ဒီနှစ်ရှုံးတာနဲ့ ကုန်တာပဲ။ မွေးကတည်းက တောင်သူလုပ်လာတော့ တခြားဘာမှ မလုပ်စားတတ်ဘူး။ စဉ်းစားလိုက်တိုင်း ဘာဆက်လုပ်ရမှန်းကိုမသိတော့ပါဘူး” လို့ ဒေါ်ခင်ခင်ဟာ ခပ်နွမ်းနွမ်းခေါင်း ပေါင်းစကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ပြောလိုက်ပါတော့တယ်။