ရှင်ငြိမ်း။ ။
နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကပါဝင်နေကြတဲ့ မသန်စွမ်းအများအပြားရှိသလို စစ်အာဏာရှင်တပ်တွေရဲ့ အကြမ်းဖက်နှိမ်နှင်းမှုတွေကြောင့် မသန်စွမ်းဖြစ်သွားခဲ့ရသူ အများအပြားလဲရှိကြပါတယ်။
အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး မသန်စွမ်းဖြစ်ရမယ့်အရေးကြုံနေတဲ့သူတွေထဲမှာ အသက် ၂၆ နှစ်အရွယ် မဇာခြည် တယောက်လဲအပါအဝင်ဖြစ်ပါတယ်။
သူဟာ မတ်လ ၈ ရက်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ထဲမှာ ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် အကြမ်းဖက် ဖြိုခွင်းတာ ခံခဲ့ရပြီး မျက်ကြည်လွှာထိခိုက်တဲ့အထိ ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
အဲ့ဒီမတ်လ ၈ ရက်နေ့ဟာ နိုင်ငံတကာအမျိုးသမီးများနေ့ဖြစ်ပြီး နိုင်ငံတဝှမ်းကအမျိုးသမီးတွေဟာ အဆိုပါနေ့ ကို ဂုဏ်ပြုတဲ့အနေနဲ့ အမျိုးသမီးထမီ သပိတ်စစ်ကြောင်းတွေ အဖြစ်လမ်းမတွေပေါ် ထွက်လာခဲ့ကြပါတယ်။ ရန်ကုန်မြို့ကအမျိုးသမီးထမီ သပိတ်စစ်ကြောင်းတွေဟာ အကြိမ်ကြိမ်ဖြိုခွဲခံခဲ့ရပြီး မတ်လ ၉ ရက်နေ့ မနက်ပိုင်း အထိ ဆန္ဒပြသူအများအပြား စမ်းချောင်းမြို့နယ်ထဲမှာ ပိတ်မိခဲ့ကြပါတယ်။
“ကိုယ့်ရှေ့ကျလာတဲ့မီးခိုးဗုံးကြောင့် လူကမိုက်ကနဲ့ဖြစ် သွားချိန်မှာအရိုက်ခံလိုက်ရတာ။ လူကလဲသွားတော့ အကိုတယောက်က အင်္ကျီကနေတရွတ်တိုက်ဆွဲပြေးလို့ ကျမအဖမ်းမခံလိုက်ရတာ” လို့ မဇာခြည်က မျက်စိထိ ခိုက်မိပုံကို ပြန်ပြောပြပါတယ်။
အကြမ်းဖက်ဖြိုခွင်းခံရချိန် မျက်လုံးကိုပြင်းထန်စွာရိုက်မိပြီး မျက်ကြည်လွှာထိခိုက်ခဲ့ပြီးတဲ့နောက် လက်ရှိမှာ မဇာခြည်ရဲ့မျက်လုံးတဖက်ကလုံးဝမမြင်ရတော့သလို ကျန်တဖက်ကလည်း ခပ်ရေးရေးသာမြင်ရပါတော့တယ်။ ပျက်စီးသွားတဲ့မျက်ရည်လွှာကိုအစားထိုးလို့ရတဲ့အတွက် ဆေးကုရင်းအလှူရှင်စောင့်ဖို့ ဆရာဝန်ကဆန္ဒရှိပေမယ့် မဇာခြည် တို့မိသားစုကတော့ ဆေးဝါးကုသစရိတ်အတွက်ပူပင်နေကြပါတယ်။
“… ကျမတို့လိုဆင်းရဲတဲ့သူတွေ မသန်စွမ်းဖြစ်သွားရင် သေဖို့အပြင် ရွေးစရာလမ်းမရှိဘူး။ ငတ်မသေအောင် မနည်းရုန်းကန်နေရတဲ့အခြေအနေမှာ ဆေးကုဖို့ဆိုတာမျှော်လင့်ချက်မရှိဘူးလေ” လို့ သူ့ဒုက္ခကိုဖွင့်ဟပါတယ်။
အစပိုင်းမှာ မိတ်ဆွေတွေရဲ့အကူအညီနဲ့ မျက်စိဆေးခန်းတခုမှာ ဆေးကုသခွင့်ရခဲ့ပါတယ်။ ပုံမှန်ဆေးခန်းပြမယ့် ရက်ဆိုရင် အိမ်ကိုကားနဲ့လာခေါပြီး ဆေးဖိုးနဲ့ အဟာရရှိတာစားဖို့အတွက်ပါ အကူအညီပေးကြပါတယ်။ နောက် ထပ်သုံးကြိမ်လောက်အတွက်လည်း ဆေးကုသစရိတ်ရပေမယ့် နောက်ပိုင်းမှာတော့ အကူအညီ ပေးနေသူတွေနဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ ဘာကြောင့်ဆိုတာကိုတော့ သူလည်းရေရေရာရာ မသိခဲ့ပါဘူး။
အကူအညီမရတော့တဲ့အချိန်မှာတော့ ကိုဗစ်လှိုင်းအဆက်ဆက်နဲ့ အာဏာသိမ်းမှုတွေကြားမှာ ဒုက္ခမျိုးစုံကို ခါး စည်းခံနေရတဲ့ ဝင်ငွေနည်းမိသားစုအနေနဲ့ ဆေးကုသစရိတ်က နောက်ထပ်ဝန်ထုတ်ဝန်ပိုးတခု ဖြစ်လာခဲ့ပါ တယ်။
ဆေးကုသစရိတ်က သူတို့မိသားစုငါးယောက် နှစ်လလောက်စားလို့ရတာမို့ သူသာဆေးမကုတော့ဘူးဆိုရင် မိသားစုစားဝတ်နေရေး အနည်းငယ် ပြေလည်နိုင်ကောင်းရဲ့လို့လည်း မဇာခြည်က တွေးနေပုံရပါတယ်။ နောက် မြင်နေရသေးတဲ့မျက်လုံးတဖက်ကလည်း ဆေးဆက်ကုနေမယ်ဆိုရင် ခြောက်လနဲ့ တနှစ်ကြားမှာ တဖြေးဖြေး ခြင်း အမြင်ပျောက်ကွယ်သွားမယ်ဆိုတဲ့ အချက်ကလည်း မဇာခြည်ဆက်မကုချင်ရတဲ့ အကြောင်းရင်းတွေထဲက တခုဖြစ်ပါတယ်။
လက်ရှိမှာမဇာခြည်အနေနဲ့ အိမ်မှာအနေများတဲ့မောင်ငယ်နှစ်ယောက်ရဲ့အကူအညီနဲ့ လှုပ်ရှားသွားလာရတဲ့ အတွက် မိန်းကလေးတယောက်ဖြစ်ခြင်းကြောင့် တချို့ကိစ္စတွေမှာအဆင်မပြေမှုတွေရှိနေပါတယ်။ ဥပမာရေချိုး တာ၊ သန့်စင်ခန်း သုံးတာစတဲ့ကိစ္စတွေမှာ အခက်အခဲတွေ့နေရတာပါ။
မိသားစုစီးပွားရေးနဲ့ ကျန်းမာရးပြဿနာတွေရင်ဆိုင်နေရတဲ့ မဇာခြည်အတွက် ပိုမိုကြီးမားတဲ့ နောက်ထပ် ပြဿနာတခုလဲ ရင်ဆိုင်နေရပြန်ပါတယ်။ အဲ့ဒါကတော့ စစ်ကောင်စီတပ်တွေက သူ့ကိုဖမ်းဆီးဖို့ ကြိုးစားနေတဲ့ အတွက် တိမ်းရှောင်နေရတာပဲဖြစ်ပါတယ်။
အကူအညီပေးနေသူတွေ ရောက်မလာနိုင်တော့တဲ့တရက် ကိုယ်တိုင်ဆေးခန်းသွားရတဲ့ရက်မှာ ရပ်ကွက်လူကြီးနဲ့ ရဲသားတချို့က မဇာခြည်ကိုစစ်မေးစရာရှိလို့ စခန်းလာခဲ့ပါလို့လာခေါ်ကြပါတယ်။
ဒီသတင်းကြားတဲ့ အိမ်ပိုင်ရှင်ကကြောက်ပြီး သူတို့မိသားစုကို တခြားတနေရာပြောင်းနေဖို့ ဖိအားပေးပါတော့ တယ်။
အခြားနေရာတခုဆီ ညတွင်းချင်းအိမ်ပြောင်းခဲ့ရပြီး တညတာခိုလှုံကာနောက်နေ့မှာ အိမ်သစ်ရှာ ပြောင်းရွှေ့ နေခဲ့ကြတယ်။ ရပ်ကွက်သစ်မှာလည်း ဗုံးပေါက်ကွဲမှုတွေ၊ ပစ်ခတ်မှုတွေဆက်တိုက်ဆိုသလိုဖြစ်လာတော့ လုံခြုံ ရေးနဲ့ ငွေကြေးကိုတွက်ဆရင်း ပြောင်းရွှေ့နေထိုင်လာခဲ့တာ တလထဲသုံးနေရာပြောင်းခဲ့ကြရတယ်။
ဝင်ငွေနည်းမိသားစုတွေအနေနဲ့ ပုံမှန်စားသောက်နေထိုင်ဖို့တောင်ခက်ခဲရတဲ့အထဲ အခုလိုရှောင်တိမ်းနေထိုင်ရ သလို မျက်စိထိခိုက်ခဲ့တာကြောင့် အခြားသူအကူအညီနဲ့ လှုပ်ရှားသွားလာရတာမို့ မိသားစုအတွက် ဝန်ပိုတခု ဖြစ်သွားတဲ့အပေါ်မှာလည်း မဇာခြည်အနေနဲ့ စိတ်မကောင်းဖြစ်နေပါတယ်။
သူ့အနေနဲ့ အကောင်းပတိကနေ နေ့ခြင်းညခြင်း အမြင်အာရုံထိခိုက်သွားခဲ့ရသလို တဖက်မှာလည်းမိသားစုက ဆင်းရဲနွမ်းပါးသူတွေဖြစ်တာကြောင့် ဘဝကိုလက်လျော့လိုက်ချင်စိတ်မကြာခဏဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် မိခင်ရဲ့မေတ္တာနဲ့ မိသားစုရဲ့နွေးထွေးတဲ့ဖေးမကူညီမှုတွေကြောင့် ‘ငါလုပ်နိုင်တာတွေရှိသေးတယ်… လုပ်နိုင်သေးတယ်’ ဆိုတဲ့ စိတ်ထားကာ အားတင်းရင်းရှင်သန်နေရတယ်လို့ ရှင်းပြပါတယ်။
လက်ရှိ သူတို့မိသားစုစားဝတ်နေရေးအတွက် မိဘနှစ်ပါးလုံးအလုပ်ထွက်လုပ်ကြသလို သူတို့မောင်နှမသုံး ယောက်ကလည်း အိမ်မှာဘိန်းမုန့်ရောင်းကာ အိမ်ရဲ့စရိတ်ကိုကူညီပေးလျှက်ရှိတယ်။
သူ့ဘဝရှေ့ရေးအတွက်တော့ မဇာခြည်က အကယ်၍နိုင်ငံရေးတည်ငြိမ်သွားမယ်ဆိုရင်တော့ မျက်မမြင်ကျောင်း တက်ဖို့ စိတ်ကူးထားပြီး သူလိုမသန်စွမ်းသူတွေဟာ ပတ်ဝန်းကျင်မှာ လူပိုမဟုတ်ဘူးဆိုတာကိုလည်း သက်သေ ပြဖို့ သူကစဉ်းစားထားပါတယ်။
“တော်လှန်ရေးမှာ ထိခိုက်မိတာ ကိုယ်တယောက်ထဲမှမဟုတ်တာ။ အသက်ပေးလိုက်ရသူတွေတောင် ရှိတာဆို တော့လေ။ နောက်မသန်စွမ်းဘဝမှာ ကျမလုပ်နိုင်တာတွေအများကြီးရှိသေးတာပဲ”လို့ မဇာခြည်က အားတင်းကာ ပြောပါတယ်။
အလားတူ လွန်ခဲ့တဲ့မတ်လ (၁၄) ရက်၊ လှိုင်သာယာတော်လှန်ရေးသပိတ်မှာပါဝင်တဲ့ အမျိုးသမီးတယောက် ဆိုရင်လည်း စစ်တပ်ရဲ့အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းတာကြောင့် ပါးရိုးကိုကျဉ်ထိကာ အကြားအာရုံ ချို့ယွင်းသွားခဲ့ ရတယ်။
စက်ရုံအလုပ်သမားနဲ့ အခြေခံလူတန်းစားများ နေထိုင်တဲ့ ရန်ကုန်မြို့ လှိုင်မြစ်တဖက်ကမ်းက လှိုင်သာယာဟာ စစ်အာဏာသိမ်းတာကို အပြင်းအထန် ဆန့်ကျင်တဲ့ ဒေသတွေထဲကတခုဖြစ်ပါတယ်။ လှိုင်သာယာတော်လှန်ရေး သပိတ်ဟာ မတ်လ ၁၄ ရက်မှာ ရက်ရက်စက်စက်ဖြိုခွဲခံခဲ့ရပြီး သေဆုံးသူနှင့်ဒဏ်ရာရသူ အနည်းဆုံး ၆၅ ဦးရှိခဲ့ တယ်လို့ HRW လူ့အခွင့်အရေးအဖွဲ့ကြီးက ဒီဇင်ဘာ ၂ ရက်နေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။
‘လှိုင်သာယာမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို “ချောင်ပိတ်နှိမ်နှင်း” ပြီး ကူညီကယ်ဆယ် သူများကို ပစ်ခတ်ခဲ့’ ဟုလည်းHRW ကအစီရင်ခံစာမှာရေးသားပါတယ်။
လှိုင်သာယာမှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဝမ်းရေးအခက်ကြုံနေတဲ့ မသန်စွမ်းမိသားစုတွေ အနာကြီးရောဂါ သည်တွေ စုစုပေါင်းအယောက် ၅၀ ကနေ ၁၀၀ ကြားအထိရှိတယ်လို့ ကူညီပေးနေသူတယောက်က ပြောပါ တယ်။
ဒီလိုတော်လှန်ရေးလုပ်ရင်း စစ်တပ်ရဲ့အကြမ်းဖက်ပစ်ခတ်မှုကြောင့် မသန်စွမ်းဖြစ်သွားရတာဟာ အမျိုးသမီး တွေထဲမှာသာမက အမျိုးသားတွေ၊ ကလေးငယ်တွေနဲ့ လိင်စိတ်ခံယူမှုကွဲပြားတဲ့ LGBTတွေထဲမှာလည်း အများကြီး ရှိနေနိုင်ပါသေးတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၄ သန်းခေါင်စာရင်းအရ မသန်စွမ်းဦးရေ (၂.၃) သန်းရှိတယ်ဆိုပေမယ့် ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင် စာရင်းမှာတော့ နိုင်ငံလူဦးရေရဲ့ (၅.၉) သန်းခန့်ဟာ မသန်စွမ်းသူဖြစ်တယ်လို့ UNFPAက ထုတ်ပြန် ထားပါတယ်။
မဇာခြည်တို့လို တော်လှန်ရေးမှာပါဝင်ရင်း မသန်စွမ်းဖြစ်သွားရသူတွေကတော့ လက်ရှိအနေအထားအရ မသန် စွမ်းစာရင်း မဝင်သေးတာမို့ ဒီကာလမှာမသန်စွမ်းသူအရေအတွက်တိုးလာမယ်ဆိုတာကတော့ အသေအချာပါပဲ။
တော်လှန်ရေးကာလမှာ မသန်စွမ်းဖြစ်သွားရသူတွေအနေနဲ့ အတော်လေးကို ဒုက္ခရောက်ကြရပါတယ်။ အကောင်းအတိုင်းရှိနေတဲ့လူကနေ ရုတ်တရက်မသန်စွမ်းဖြစ်သွားတဲ့အခါမှာ စိတ်အနာတရဖြစ်သွားရတာမို့ သူတို့ကိုနှစ်သိမ့်ဆွေးနွေးပေးမှုတွေ အများကြီးလိုတယ်လို့ မသန်စွမ်းအရေးဆောင်ရွက်ပေးနေသူက ရှင်းပြပါ တယ်။ ဒါ့အပြင် မသန်စွမ်းဖြစ်သွားသူတွေကို လေ့ကျင့်ခန်းလုပ်ပေးဖို့၊ လူမူဘဝတွေမှာ နေသားကျသွားအောင် လေ့ကျင့်ပေးဖို့နဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေလည်း သင်ပေးဖို့လိုတယ်လို့ သူကထပ်မံအကြံပြု ပါတယ်။
အသက် ၁၉ နှစ်အရွယ် မချောချောဟာနယ်ကနေ ရန်ကုန်မြို့မှာအလုပ်လာလုပ်နေသူဖြစ်ပြီး အာဏာသိမ်းပြီး တဲ့နောက် မိဘတွေကခေါ်ယူပေမယ့် မပြန်ခဲ့ဘဲ သပိတ်စစ်ကြောင်းတွေမှာ တက်ကြွစွာ ပါဝင်သူတယောက်ပါ။
“အဲ့ဒီနေ့က လှည်းတန်းဘက်မှာဆန္ဒသွားပြတာ သူတို့ဘာနဲ့ပစ်လဲမသိဘူး။ မျက်ရည်ယိုဗုံးစခွဲတော့ပြေးတာပဲ။ မကြာဘူး။ ခဏနေတော့ ခြေထောက်မှာပူကနဲ့ဖြစ်သွားပြီး ထိုင်ရက်ကျသွားတယ်။ ဘေးနားကလူတွေက ဆွဲခေါ်လာပြီးဆေးအဖွဲ့ဆီ ပို့ပေးတယ်။ ဆေးအဖွဲ့က ဖနောင့်ကြောပြတ်သွားလို့ဆိုပြီးဆေးရုံပို့ပေးပါတယ်” လို့ သူက ဖြစ်စဉ်ကိုပြန်ပြောပြပါတယ်။
မချောချောဟာ ဆေးရုံသုံးရက်တက်ရပြီးနောက်ပိုင်း တပတ်တခါ ဆေးခန်းပြန်ပြရတဲ့စရိတ်ကိုတော့ ဆေးရုံပို့ ပေးသူတွေက ကူညီပေးနေတာမို့ ငွေကြေးအရအဆင်ပြေခဲ့ပေမယ့် စိတ်ပိုင်းဆိုင်ရာနဲ့ နေ့စဉ်လှုပ်ရှားသွား လာမှုတွေမှာ အခက်အခဲများစွာ တွေ့ကြုံခဲ့ရသူဖြစ်တယ်။
သူဆေးရုံကဆင်းလာတော့ ဆေးခန်းပြပေးတဲ့အဖွဲ့က သုံးဖို့ပေးထားခဲ့တဲ့ငွေကျပ်လေးသောင်းပါလာတာကြောင့် ခြိုးခြံချွေတာသုံးမယ်ဆိုရင် တလလောက်စားလောက်ပေမယ့် နေ့စဉ်သွားလာဖို့မှာ လူကူပေးမှရမယ့်အခြေအနေ မို့ စိတ်ပျက်အား လျော့မှုတွေရှိခဲ့တယ်။
ဒီလိုအခက်အခဲတွေကြောင့် နေရပ်ပြန်မယ်ဆိုတော့လည်း ကိုဗစ်တတိယလှိုင်းပြင်းထန်နေချိန်မို့ အိမ်ပြန်ဖို့အရေး ဟာ အခွင့်မသာခဲ့သလို ဆင်းရဲနွမ်းပါးတဲ့မိဘတွေကိုလည်း ဒုက္ခထပ်မပေးချင်တော့တာမို့ ပြန်မယ့်အစီအစဉ်ကို ဖျက်ခဲ့ရတယ်။
ဒီနောက်မှာတော့ မြို့ပြတိုက်ပွဲတွေလည်း ဆက်တိုက်ဆိုသလိုဖြစ်လာပြီး သူနေထိုင်ရာအဆောင်လေးမှာလည်း လုံခြုံမှုမရှိတော့တဲ့အခါ အရေးအကြောင်းပြေးမယ်ဆိုရင် သူ့အနေနဲ့အလွယ်တကူထပြေးဖို့မဖြစ်နိုင်တဲ့အတွက် ခိုလှုံရာနေရာ သစ်ကိုရှာဖွေရပါတော့တယ်။
မချောချောဟာ ကျူးကျော်ရပ်ကွက်တခုမှာ တလကိုငွေကျပ်လေးထောင်နဲ့အဖီလေးဆွဲကာ ဖြစ်သလိုနေထိုင် ရတဲ့အတွက် မိုးကြီးလာချိန်မှာ မိုးရေထဲငုတ်တုတ်နေရပြီး နေပူရင်လည်း ကင်ထားသလို ပူလွန်းတဲ့ဒဏ်အောက် မှာနေထိုင်ခဲ့ရတယ်။
“လတ်တလော ပြောင်းနေဖို့အတွက်ရှိတဲ့အိုးခွက်ပန်းကန်ရတဲ့ဈေးနဲ့ အကုန်ရောင်းပြီးသူများအိမ်ဘေးမှာ အဖီ ဆွဲဌားနေလိုက်တယ်။ အဓိကက ကျမလုံခြုံရင်ရပြီဘယ်မှာဘယ်လိုပဲနေရ၊ နေရပေါ့” လို့ မချောချောက သူ နေထိုင်ရမှုကိုပြောပါတယ်။
သူ့အနေနဲ့ အလုပ်မရှိ၊ ဝင်ငွေမရှိနဲ့ စားသောက်နေထိုင်ဖို့ခက်ခဲနေရတဲ့ကြားက အခုလိုမသန်စွမ်းဘဝကို နေ့ခြင်း ရောက် သွားတဲ့အခါမယုံနိုင်အောင်ဖြစ်ခဲ့ရသလို နေ့စဉ်လှုပ်ရှားသွားလာလို့ခက်ခဲလာတဲ့အချိန်တိုင်း ဘဝကိုလက် လျော့လိုက်ချင်တဲ့ အထိ စိတ်ပင်ပန်းမှုရှိခဲ့ပါတယ်။
“အဲ့လိုဖြစ်ကတည်းက လူကမစားနိုင်၊မအိပ်နိုင်နဲ့ ငါမသန်စွမ်းဖြစ်သွားပြီဆိုတာလည်းမယုံနိုင်ဘူး။ ငါ့မှဘာလို့ ဖြစ်တာလဲလို့လည်းတွေးမိပြီး မျက်ရည်ကျရတယ်။ အိပ်ရင်တောင်အဲ့ဒီပစ်ခတ်မှုတွေပဲမက်ပြီး ဝူးဝူးဝါးဝါးထထ အော်မိတာ အကြိမ်ကြိမ်ပဲ”လို့ သူခံစားခဲ့ရတာကို ပြန်ပြောပြပါတယ်။
မချောချောဟာ ဒီလိုတွေစိတ်ဓါတ်ကျမှုတွေဖြစ်လာတိုင်း သီလရှင်ဝတ်သွားတဲ့သူငယ်ချင်းဆီဖုန်းဆက်ကာ စိတ် ပြေတဲ့အထိသွားရောက်နေထိုင်တရားမှတ်ပြီး သီလရှင်ကြီးတွေဝေယျာဝစ္စကို ကူညီပေးရင်း စိတ်ပင်ပန်းမှုတွေ ကို ဖြေဖျောက်ခဲ့ပါတယ်။
“ကျမကိုဒီလိုဖြစ်အောင်လုပ်တဲ့သူတွေကိုတော့ ဘယ်မေ့မလဲ” လို့ သူက ခပ်ပြုံးပြုံးလေးပြောပါတယ်။
ခြေထောက်ကိုကုသရင်း သူလုပ်နိုင်တဲ့လူမူဝန်းကျင်က အလုပ်တွေကိုတော့ရွေးချယ်လုပ်သွားဖို့တော့ ဆုံးဖြတ် ထားပေမယ့် လတ်တလောမှာတော့ ခြေထောက်အနာကို ပျောက်အောင်ကုပြီးရင် အိမ်ပြန်ဖို့တွေးထားပါတယ်။
ဒဏ်ရာရပြီးဝင်ငွေမရှိဖြစ်ခဲ့ရတဲ့နောက် မချောချောဟာ လူမှုကွန်ရက်ကတဆင့်အကူအညီပေးမယ့်သူတွေကို ရှာဖွေခဲ့ပါတယ်။ လက်ရှိမှာတော့ ကူညီဖေးမမယ့်သူတွေနဲ့တွေ့ပြီး မချောချောကိုလည်း မသန်စွမ်းအဖွဲ့အစည်း တခုနဲ့ ချိတ်ဆက်ပေးခဲ့တာကြောင့် အဆင်ပြေမှုရနေပြီဖြစ်ပါတယ်။
ကိုဗစ်လှိုင်းအဆက်ဆက်နဲ့ အကြမ်းဖက်စစ်အုပ်စုအောက်မှာ သာမန်လူတွေတောင် အခက်အခဲမျိုးစုံခံစားရပြီး ထိခိုက် သေဆုံးမှုတွေ၊ ဆင်းရဲငတ်မွတ်မှုတွေနဲ့ရင်ဆိုင်နေရရင် သူတို့လို တပါးသူကူမှ လှုပ်ရှားခွင့်ရမယ့်ဘဝတွေ က ဘယ်လောက် ခက်ခဲကြမလဲဆိုတာ မမှန်းဆရဲလောက်အောင်ပါပဲ။
ပုံမှန်ကာလတွေမှာ မသန်စွမ်းတယောက်ဖြစ်သွားပြီဆိုရင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဦးစွာခံယူပြီးမှ မသန် စွမ်းကျောင်းပို့ကာ သူလုပ်ဆောင်နိုင်တဲ့အနေအထားတခု ရွေးချယ်သင်ယူမှုပြုရမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ် တွေကို ယခင်ကလူကယ် ပြန်ဝန်ကြီးဌာန၊ မသန်စွမ်းအရေးဆောင်ရွက်ပေးသူတွေနဲ့ NGO၊ INGO စတဲ့အဖွဲ့ အစည်းတွေက လုပ်ပေးလေ့ရှိပါတယ်။
ဒါပေမဲ့ လက်ရှိကာလမှာတော့ ကိုဗစ်လှိုင်းနဲ့အာဏာသိမ်းမှုဖြစ်စဉ်တွေကြောင့် အဲ့လိုလုပ်ပေးနိုင်တဲ့ အဖွဲ့အစည်း တွေဟာ မရှိသလောက် နည်းသွားခဲ့ပါတယ်။
မဇာခြည်ကလည်း “မသန်ပေမဲ့စွမ်းနေသူတွေအတွက် ကိုယ်နိုင်တဲ့ဘက်ကကူပေးဖို့ မေတ္တာရပ်ခံပါတယ်”လို့ ဖွင့် ဟ အကူအညီတောင်းခံခဲ့ပါတယ်။