Home ဆောင်းပါး ၂၀၂၃ ခုနှစ်အတွင်း အခက်အခဲအကျပ်အတည်းကြားက အမျိုးသမီးများအခြေအနေ အနှစ်ချုပ်

၂၀၂၃ ခုနှစ်အတွင်း အခက်အခဲအကျပ်အတည်းကြားက အမျိုးသမီးများအခြေအနေ အနှစ်ချုပ်

HI

၂၀၂၃ခုနှစ်အတွင်း စစ်အာဏာသိမ်းမှုအောက်မှာ ဖိနှိပ်မှုပေါင်းစုံနဲ့ရင်ဆိုင်နေရတဲ့ အမျိုးသမီးတွေရဲ့အခြေအနေတွေ၊ စစ်ပွဲပဋိ ပက္ခတွေကြား အခက်အခဲတွေနဲ့ဖြတ်သန်းနေရတဲ့ အမျိုးသမီးတွေ၊နယ်ပယ်အသီးသီးက ထူးချွန်ထင်ရှားတဲ့အမျိုးသမီးတွေ စတဲ့ ဖြစ်ရပ်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။

ပွဲဆူခဲ့တဲ့ မန်နယ်

အမျိုးသားတွေရဲ့ဓာတ်ပုံတွေကိုပြသထားတဲ့ ဓာတ်ပုံပြပွဲတစ်ခုကို ၂၀၂၃ခုနှစ်မတ်လက ချင်းမိုင်မြို့မှာပြုလုပ်ခဲ့ပါတယ်။

ဒီပြပွဲကို ဖိုဝါဒလွှမ်းမိုးသောစကားဝိုင်း  “Manel Exhibition”လို့နာမည်ပေးထားပြီး   မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ် (WLB) နဲ့ The Salween Institute(SI) တို့ပူးပေါင်းပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

၂၀၂၀ ခုနစ်ကနေ၂၀၂၃ခုနှစ်ထိ သုံးနှစ်တာကာလအတွင်း မြန်မာပြည်ရဲ့အကျပ်အတည်းတွေနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့  စကားဝိုင်းဆွေးနွေးပွဲတွေအများစုကို အမျိုးသားတွေဦးဆောင်နေတဲ့အကြောင်း မှတ်တမ်းတင်ဖော်ပြထားတဲ့ ဓာတ်ပုံပြပွဲဖြစ် ပါတယ်။

သုံးနှစ်တာကာလမှာ “ ဖိုဝါဒလွှမ်းမိုးတဲ့စကားဝိုင်း” ၁၆၀ နီးပါးရှိတယ်လို့ပြသထားတယ်။

ဒီပြပွဲလုပ်ရတဲ့ရည်ရွယ်ချက်ကလည်း အမျိုးသားတွေကို ခြိမ်းခြောက်ဖို့မဟုတ်ဘဲ ဖိုဝါဒကြီးစိုးမှုကိုတိုက်ဖျက်ဖို့၊ကျား-မတန်းတူ ညီမျှရေးကိုဝိုင်းဝန်းအဖြေရှာဖို့ အတူလက်တွဲကြရအောင် လက်တွဲခေါ်ခြင်းသာဖြစ်တယ်လို့ စီစဥ်သူတွေကဆိုကြတယ်။

ဒါပေမယ့်ဒီလိုပွဲလုပ်တဲ့အပေါ် အပြုသဘောဆောင်ထောက်ခံတဲ့သူတွေရှိသလို တော်လှန်ရေးကာလမှာ ဒီလိုပွဲမလုပ်သင့် ကြောင်းနဲ့ တော်လှန်ရေးပြီးမှ လုပ်သင့်တယ်ဆိုတဲ့ ‌ဝေဖန်ပြောဆိုမှုတွေရှိခဲ့ပါတယ်။

၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့မှာလည်း  “ Where are the Women? ” “ အမျိုးသမီးတွေဘယ်မှာလဲ” ဆိုတဲ့  “ဖိုဝါဒလွှမ်းမိုးသော စကားဝိုင်းများဓာတ်ပုံပြပွဲ” ကို ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ အနုပညာနဲ့ယဉ်ကျေးမှုစင်တာမှာ ဒုတိယ အကြိမ်ပြုလုပ်ခဲ့ပါတယ်။

ဒုတိယအကြိမ်ပြပွဲမှာ‌တော့ ပထမအကြိမ်ထက် ဝေဖန်သံတွေပိုဆူခဲ့ပါတယ်။

အမျိုးသမီးတွေကဏ္ဍတိုင်း ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဥ်တိုင်းမှာ အနည်းဆုံး၃၀ရာခိုင်နှုန်းပါဝင်ရမယ်လို့ ခေတ်အဆက်ဆက် ပြောဆိုခဲ့ကြပေမယ့်လက်ရှိမှာတော့ “အမျိုးသမီးတွေဘယ်မှာလဲ” “Where are the Women?” ဆိုတာ မေးခွန်းထုတ်ချင်တဲ့ အတွက် ဓာတ်ပုံပြပွဲကိုပြုလုပ်ခြင်းဖြစ်တယ်လို့ စီစဉ်သူတွေက ဆိုပါတယ်။ 

ဖိုဝါဒလွှမ်းမိုးတဲ့စကားဝိုင်းအရေအတွက်အနေနဲ့ ၂၀၂၀ ခုနစ်အတွင်း Manel ၇၀ ခု ၊ ၂၀၂၁ ခုနစ်အတွင်း Manel ၂၅ ခု၊ ၂၀၂၂ ခုနစ်အတွင်း Manel ၄၇ ခုနဲ့ ၂၀၂၃ခုနှစ် ၊ဇန်နဝါရီနဲ့ဖေဖော်ဝါရီအတွင်း Manel ၁၆ ခုရှိခဲ့တယ်လို့ပြသထားပါတယ်။

ပွဲအပေါ်အမျိုးသားတွေသာမက အမျိုးသမီးတွေပါ ဝေဖန်နေကြတာကိုလည်းတွေ့ရပြီး ပိုစတာမှာပါတဲ့ အမျိုးသားပုံတွေ အသုံးပြုထားတဲ့အပေါ် ကျင့်ဝတ်မရှိကြောင်းနဲ့ ပွဲစီစဥ်တဲ့သူတွေကိုလည်း တရားစွဲဆိုမှုတွေ ပြုလုပ်သွားမယ်ဆိုတဲ့အထိ ဝေဖန် မှုမျိုးလည်း ရှိခဲ့ပါတယ်။

ဝေဖန်တိုက်ခိုက်မှုတွေရှိခဲ့သလို တစ်ဖက်မှာလည်း  Manel ကိုနားလည်ပြီး နောက်ပိုင်းစကားဝိုင်းဆွေးနွေးပွဲတွေမှာ အမျိုးသမီး ပါဝင်မှုကိုအလေးထားသွားမယ်လို့ ဆုံးဖြတ်ခဲ့ကြတဲ့အမျိုးသားတွေလည်းရှိခဲ့ပါတယ်။

လာမယ့်၂၀၂၄ခုနှစ်မှာတော့ ဖိုဝါဒလွှမ်းမိုးတဲ့စကားဝိုင်းတွေ လျော့နည်းသွားမလားဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

တော်လှန်‌ရေးအတွင်းက လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုများ

  • မဲဆောက်ကသက်ငယ်မုဒိမ်းမှု

၂၀၂၃ခုနှစ်မေလက မဲဆောက်မှာနေထိုင်တဲ့ ရန်ကုန်တက္ကသိုလ်CDMဆရာမရဲ့ အသက်ငါးနှစ်အရွယ်သမီးဖြစ်သူကို တွံ့တေး မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအလုပ်မှုဆောင် အတွင်း‌‌ရေးမှူးဦးအောင်မင်းဆိုသူက သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

CDMဆရာမနဲ့သမီးငယ်တို့ဟာ စစ်ကောင်စီရဲ့ဖမ်းဆီးမှုကိုရှောင်တိမ်းဖို့အတွက် ထိုင်းနယ်စပ်ကို ရွေ့ပြောင်းနေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဦးအောင်မင်းနဲ့ CDMဆရာမတို့ဟာ အခန်းချင်းကပ်ရပ်ဖြစ်ပြီး အဲ့ဒီအိမ်ခန်းတွဲတွေဟာ စုပေါင်းရေချိုးခန်း၊ အိမ်သာကိုသာ အသုံးပြုကြရတာဖြစ်ပါတယ်။ ဦးအောင်မင်းဟာ အသက်ငါးနှစ်အရွယ်ကလေးငယ်ကို အများသုံးအိမ်သာမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေပြုလုပ်ခဲ့တယ်လို့ တိုင်ကြားစာမှာဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး၊ဝန်ကြီးရုံး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသမီး ၊လူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့ကို တိုင်ကြားစာပေးပို့ထားခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူတွေအနေနဲ့ CDMဆရာမနဲ့သမီးငယ်ကို နေရာပြောင်းရွေ့နေထိုင်စေကာ စိတ်ပိုင်း ဆိုင်ရာနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးထားတယ်လို့ ဆိုပါတယ်။

လက်ရှိ ၂၀၂၃ ခုနှစ်နှစ်ကုန်ပိုင်းအထိ ဦးအောင်မင်းကိုဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းအကြောင်းအရာကို ဘယ်ကမှ ထုတ်ပြန် ထားတာမတွေ့ရသေးပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်တွေကျူးလွန်တဲ့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ

၂၀၂၃ခုနှစ်အတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ဖြစ်စဉ်တွေ ခပ်စိပ်စိပ် ဖြစ်ပွားလာပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂက(BWU)က ဇွန်လလယ်မှာထုတ်ပြန်တဲ့ “နိုင်ငံရေးမတည်ငြိမ်မှုနှင့်အတူ အမျိုးသမီးများ ရင်ဆိုင်နေရ တဲ့လိင်အကြမ်းဖက်မှုများ” သုံးသပ်ချက်စာတမ်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ကျူးလွန်တဲ့အမှုလေးမှုရှိခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။

စစ်ကိုင်းတိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အမျိုးသမီးတစ်ဦးကိုမုဒိမ်းပြုကျင့်တာ၊ စစ်တပ်သတင်းပေးဒလန် သုတ်သင်ရှင်းလင်းရာမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အမျိုးသမီးသုံးဦးကိုမုဒိမ်းကျင့်သတ်ဖြတ်ခဲ့တာ၊ မကွေးတိုင်းက ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက တပ်ဖွဲ့ဝင်အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာကျူးလွန်တာ၊ ကရင်နီပြည်နယ် ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက အမျိုးသမီးတစ်ဦးကိုမုဒိမ်းပြုကျင့်တဲ့ဖြစ်စဉ်တွေပါဝင်ပါတယ်။

ဖြစ်စဉ်‌လေးခုမှာ နှစ်ခုက တပ်ဖွဲ့ဝင်အချင်းချင်းကြား ကျူးလွန်မှုဖြစ်ပြီး ကျန်နှစ်မှုကတော့အရပ်သူအမျိုးသမီးတွေအပေါ် ကျူး လွန်တဲ့ဖြစ်စဉ်ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းကဖြစ်စဉ်မှာကျူးလွန်သူကို လက်နက်သိမ်းဆည်းလိုက်တာကလွဲရင်ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုမတွေ့ရ သလို မကွေးတိုင်းကဖြစ်စဉ်မှာလည်း တာဝန်ရှိသူတွေက အဖွဲ့တည်ဆောက်ဆဲကာလဖြစ်တာကြောင့် ဥပဒေစည်းမျည်းစည်း ကမ်းတွေ သေချာမချမှတ်ရသေးတဲ့ အကြောင်းပြချက်နဲ့ ခေတ္တစောင့်ဆိုင်းဖို့ပြောဆိုပြီးကျူးလွန်သူကို နှုတ်နဲ့သာ ပြန်လည် တောင်းပန်ခိုင်းခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပဉ္စမမဏ္ဏိုင်ပြည်သူ့အကူအညီပေး‌ရေးအဖွဲ့(PMCSG)အဖွဲ့ရဲ့ ဧပြီလကထုတ်ပြန်ချက်မှာလည်း စစ်ကိုင်းနဲ့မကွေး တိုင်ခရိုင်ငါးခု အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာအမှု(၁၀)မှုခန့်ကို အမျိုးသားညီညွှတ်ရေးအစိုးရထံ တိုင်ကြားထားတယ်လို့ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးဆရာတော်ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု

၂၀၂၃ခုနှစ်သြဂုတ်လမှာ နွေဦးတော်လှန်ရေးဆရာတော်ဆိုသူက တော်လှန်ရေးလှုပ်ရှားသူ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်တဲ့ အပြုအမူတွေ ကျူးလွန်ခဲ့တဲ့အကြောင်း တော်လှန်ရေးဆောင်ရွက်သူတချို့နဲ့ ကာယကံရှင် အမျိုးသမီး တွေ ကိုယ်တိုင်ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

ထောက်ပို့အမျိုးသမီးငယ်တစ်ဦးဖြစ်တဲ့ အသက်(၁၆)နှစ်အရွယ် ရေချယ်ကို နွေဦးတော်လှန်ရေးဆရာတော်ဆိုသူဟာ လိင်ပိုင်း ဆိုင်ရာ ထိပါးနှောက်ယှက်မှုတွေကျူးလွန်ခဲ့တယ်လို့ ရေချယ်ကထုတ်ဖော်ပြောဆိုထားပါတယ်။

နွေဦးတော်လှန်ရေးဆရာတော်ထံ တော်လှန်ရေးအတွက်အလှူသွားခံရာကစပြီး ဆရာတော်နဲ့ သိကျွမ်းခဲ့တာဖြစ်တယ်။ နောက်ပိုင်း ဆရာတော်ဆိုသူထံတော်လှန်ရေးကြောင့် ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး ရေချယ်ကအကူအညီ တောင်းရာကနေ ဆရာတော်ဆိုသူကကူညီပေးခဲ့ပါတယ်။

အဲ့နောက်ပိုင်းမှာတော့ ရေချယ်ကိုလုံခြုံရေးနဲ့ပတ်သက်ပြီးခြိမ်းခြောက်မှုတွေပြုလုပ်ကာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေ      ကျူးလွန်ခဲ့တယ်လို့ရေချယ်ကထုတ်ဖော်ပြောဆိုထားပါတယ်။

အသက် ၂၂ နှစ်အရွယ်ထောက်ပို့အမျိုးသမီးငယ်တစ်ဦးဖြစ်တဲ့ ဘုံဘုံကိုလည်း လိင်ပိုင်းဆိုင်ရာထိပါးပြောဆိုမှုတွေ ပြုလုပ်ခဲ့ တယ်လို့ ဘုံဘုံကထုတ်ဖော်ပြောဆိုထားပါတယ်။

ဘုံဘုံဟာထောက်ပို့တစ်ဦးဖြစ်လို ရဲဘော်တွေရဲ့ ဒဏ်ရာပုံတွေအသုံးချပြီး အလှူခံနေတဲ့ လူလိမ်တွေကို ဖော်ထုတ်တဲ့ လုပ်ငန်း တွေကို ဆောင်ရွက်နေတဲ့ အမျိုးသမီးငယ်တစ်ဦးပါ။

လူလိမ်တွေနဲ့ ပတ်သက်ပြီးလူမှုကွန်ရက်မှာတင်ရတဲ့အခါမှာလည်း Post အကြောင်းအရာပြန့်နှံ့သွားအောင် Like and Share အတွက် တော်လှန်ရေးတက်ကြွလှုပ်ရှားသူတွေထဲက လူမှုကွန်ရက်မှာ follower များသူတွေကို သွားရောက်အကူအညီ တောင်းရလေ့ရှိပါတယ်။

ဒီလိုနဲ့နွေဦးတော်လှန်ရေးဆရာတော် Facebook Page ကို သွားရောက်အကူအညီတောင်းမိရာကစလို့ စတင်သိကျွမ်းခဲ့တာ ဖြစ်တယ်။ နောက်ပိုင်းမှာတော့ လိင်ပိုင်းဆိုင်ရာထိပါးတဲ့စကားတွေ စတင်ပြောလာခဲ့တယ်လို့ ဘုံဘုံကထုတ်ဖော်ပြောဆို ထားပါတယ်။

နွေဦးတော်လှန်ရေးဆရာတော်ရဲ့ လိင်ပိုင်းဆိုင်ရာထိပါးမှုကိုကြုံတွေ့ခဲ့ရတာက အသက် ၂၂ နှစ် အရွယ်မသူဇာမြင့်ပါ။ မသူဇာ မြင့်ဟာ အရင်တုန်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သတင်းမီဒီယာတစ်ခုမှာ လုပ်ကိုင်ခဲ့သူလည်းဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးဆရာတော်ဆိုသူက မသူဇာမြင့်ကိုတော်လှန်ရေးနဲ့ပတ်သက်တဲ့ အလုပ်တွေအကြောင်းပြကာ ချဉ်းကပ်ခဲ့ ပြီး လိင်ပိုင်းဆိုင်ရာထိပါးစကားတွေပြောကြားခဲ့ပါတယ်။

ဒီလိုကျူးလွန်မှုတွေကြောင့် နွေဦးဆရာတော်အနေနဲ့နစ်နာသူတွေကို ဝန်ချတောင်းပန်ဖို့နဲ့ လူဝတ်လဲဖို့ အမျိုးသမီးအဖွဲ့အစည်း တွေနဲ့ ကျူးလွန်ခံခဲ့ရသူတွေက ထုတ်ဖော်ဝေဖန်ထားကြပေမယ့် နွေဦးဆရာတော်ဆိုသူကတော့ သူပြောတာမဟုတ်ဘဲ အ ကောင့်တုဟုဆိုကာ ငြင်းပယ်ထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအမျိုးသားညီညွှတ်ရေးအစိုးရထံကိုလည်း တိုင်ကြားစာပေးပို့ထားတယ်လို့ သိရပါတယ်။

နယ်ပယ်အသီးသီးကထူးချွန်ကြတဲ့အမျိုးသမီးတွေ  

  • အိမ်တွင်း ဥယျာဉ်မှူး (သို့မဟုတ်) Gi Gi – Home Garden ပဲ့ကိုင်ရှင်

၂၀၂၃ခုနှစ်ဇွန်လအတွင်းက ခရီးသွားလုပ်ငန်းတစ်ခုဖြစ်တဲ့ SST Tourism and Social Enterprise နဲ့ သြဂဲနစ်အဖွဲ့အစည်း MOGPA Team တို့ပြုလုပ်တဲ့ “Agri- Women Entrepreneurship Home Nutrition Garden Award” ဆိုတဲ့ စိုက်ပျိုး ရေးပြိုင်ပွဲတစ်ခုမှာ မြန်မာနိုင်ငံကမသိင်္ဂီလှိုင်ဟာ Agri- women အဖြစ် ရွေးချယ်ခံရကာဆုရရှိခဲ့ပါတယ်။

အဲ့ဒီ ပြိုင်ပွဲကတော့ သဘာဝနဲ့ မိသားစု ကျန်းမာရေးအတွက် မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှာ အိမ်တွင်း ခြံဝင်းအတွင်း တနိုင်တပိုင် စားပင်သီးနှံတွေ စိုက်ပျိုးနေတဲ့ အမျိုးသမီးတွေကို အားပေးတဲ့အနေနဲ့ ကျင်းပခဲ့တာပါ။

ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူတွေထဲ “အိမ်ခြံဝန်းအတွင်း အမှန်တကယ်စိုက်ပျိုးပြီး မိသားစုနေ့စဉ်စားသုံးမှုကို ထောက်ပံ့ပေး နိုင်သူ၊ အဆိပ်အတောက်ကင်းတဲ့ သွင်းအားစုကို အသုံးပြုပြီး စိုက်ပျိုးထားသူ၊ မီးဖိုချောင် စွန့်ပစ်အမှိုက်တွေကို အကျိုးရှိရှိ ပြန်အသုံးချကာ အာဟာရ သံသရာပြန်လည်ပတ်စေသူ၊ ပြင်ပသွင်းအားစုများကို မမှီခိုဘဲ စိုက်ပျိုးတတ်သူ၊ စိုက်ပျိုးသီးနှံတွေရဲ့ အာဟာရ တန်ဖိုးကို နားလည်ပြီး မိသားစုကို စောင့်ရှောက်နိုင်သူ” စတဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့ အမျိုးသမီး ၅ ယောက်ကို Agri- Women အဖြစ် ရွေးချယ် ဆုချီးမြှင့်ခဲ့တာပါ။

အသက် ၂၀ ကျော်အရွယ် မသိင်္ဂီလှိုင် (ခ) ဂီဂီဟာ ပဲခူးတိုင်း ရေတာရှည်မြို့နယ်မှာ နေထိုင်သူဖြစ်ပြီး လက်ရှိမှာတော့ သူက “Gi Gi – Home Garden” နာမည်နဲ့ အိမ်တွင်း ဉယျာဉ်စိုက်ပျိုးမှု (Home Garden) လုပ်ဆောင်နေသူပါ။

သူ့ရဲ့ အိမ်တွင်းဥယျာဉ်ခြံလေးထဲမှာ အနွယ်ပင်၊ အရွက်စားပင်၊ ဥစားပင်၊ အသီးစားပင်၊ အညွန့်စားပင်၊ ဆေးဖက်၀င်ပင်၊ ပန်းပင် စတဲ့ အပင်မျိုးပေါင်း ၅၀ ကျော်လောက် စိုက်ပျိုးထားပါတယ်။

ကြွေပန်းမျိုးစိတ်သစ်ကို မှတ်တမ်းတင်နိုင်ခဲ့သူ လူငယ်သုတေသနပညာရှင် မမြဘုန်းမော်

၂၀၂၃ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနယ်ပယ်အတွက် မှတ်တမ်းသစ်တစ်ခုကို လူငယ်တစ်စုက စိုက် ထူနိုင်ခဲ့ပါတယ်။   

အဲ့ဒါကတော့ အခြားဘယ်ဒေသမှာမှ မတွေ့ရသေးတဲ့ ကြွေပန်းမျိုးစိတ်ကို NSCI (Native Species Conservation and Identification in Myanmar) ဦးဆောင်သူနဲ့ လူငယ်သုတေသနပညာရှင်တွေဖြစ်တဲ့ မမြဘုန်းမော်၊ ကိုခန့်ဇော်ဟိန်း၊ ကိုမင်း ခန့်နိုင်တို့က  ပထမဆုံးအနေနဲ့ဖော်ထုတ်ပြီး မြန်မာနိုင်ငံရဲ့မျိုးစိတ်သစ်အဖြစ် သတ်မှတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပင်စည်ထိပ်ကနေ ပန်းခိုင်ထွက်ရှိပြီး ပေါက်ရောက်ရာ ထုံးကျောက်တောင်ရဲ့အရောင်အလိုက် အရွက်အရောင် ပြောင်းလဲသွား တတ်တဲ့ သဘာဝရှိတဲ့ ကြွေပန်းမျိုးစိတ်ကို ကရင်ပြည်နယ် ဇွဲကပင်တောင်ကြောမှာ တွေ့ရတာကြောင့် ကရင်ဒေသအစွဲပြုလို့ Begonia  kayinensis လို့  သတ်မှတ်နိုင်ခဲ့ပါတယ်။

ကြွေပန်းမျိုးစိတ်တွေကို သုတေသနပြုလုပ်နေသူ အသက် ၂၈နှစ်အရွယ် မမြဘုန်းမော်က ၂၀၁၉ ခုနှစ်မှာ ကရင်ဒေသခံ အပင် မျိုးစိတ် စုဆောင်းသူတစ်ဦးဆီက ကရင်ကြွေပန်းမျိုးစိတ်ဓာတ်ပုံကို ရရှိခဲ့ပါတယ်။ ယင်းကြွေပန်းမျိုးစိတ်ကို စတွေ့ကတည်း က အခြားကြွေပန်းမျိုးစိတ်တွေထက် ထူးခြားနေတဲ့အတွက် မျိုးစိတ်သစ်ဖြစ်နိုင်မယ်လို့ ယူဆခဲ့တယ်။

ဒါပေမယ့် မျိုးစိတ်သစ်အဖြစ်အတည်ပြုဖို့က သုတေသနအချက်အလက်လိုတဲ့အတွက် အသေးစိတ်ဆက်လက် လေ့လာရမှာ ဖြစ်ပေမယ့် အခြေအနေအကြောင်းကြောင့် သုတေသနလုပ်ဖို့ကြန့်ကြာခဲ့ပြီး ၂၀၂၃ မှသာ အကောင်အထည်ပေါ်ခဲ့ပါတယ်။

ကြားထဲမှာ သုံးနှစ်နီးပါးလောက်ကြန့်ကြာနေပြီး ပြီးခဲ့တဲ့မေလမှာ မမြဘုန်းမော်နဲ့အတူ NSCI (Native Species Conserva -tion and Identification in Myanmar) အဖွဲ့က လူငယ်တွေက ကြွေပန်းမျိုးစိတ်ပွင့်တဲ့ရာသီ ဇူလိုင်လမှာ သုတေသနပြုလေ့ လာဖို့ ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။

ယင်းကြွေပန်းမျိုးစိတ် ပေါက်ရောက်ရာဒေသက ကရင်ပြည်နယ်၊ ဇွဲကပင်တောင်ကြောမှာရှိတာကြောင့် စာတမ်းပြုစုရာမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ မောင်မင်းခန့်နိုင်က ယင်းကြွေပန်းမျိုးစိတ်ရှိတဲ့ သဘောဝတောထဲမှာ မှတ်တမ်းယူတာ၊ အပင်အခြေ အနေအသေးစိတ် မှတ်တမ်းတင်တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။

မမြဘုန်းမော်နဲ့အဖွဲ့က ကွင်းဆင်းလေ့လာမှုနဲ့ စာတမ်းရေးသားတာကို တပြိုင်နက်လုပ်ခဲ့ပြီး သြဂုတ်လအတွင်းမှာ မျိုးစိတ် သစ်အဖြစ် အတည်ပြုနိုင်ဖို့ Taiwania International Journal of Biodiversity ကိုသုတေသနစာတမ်း တင်ခဲ့ပါတယ်။

မမြဘုန်းမော်က မြန်မာနိုင်ငံသစ်တောနဲ့ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ကနေ(‌ရေဆင်း)ကနေ ၂၀၁၆ခုနှစ်မှာ ဘွဲ့ရပြီးနောက် အပင်မျိုးစုံမျိုးကွဲဆိုင်ရာ သုတေသနပရောဂျက်တစ်ခုမှာပါဝင်ကာ မြန်မာနိုင်ငံမြောက်ဖျားပိုင်းက အပင်မျိုးစိတ်တွေကို ကွင်း ဆင်းလေ့လာစာရင်းကောက်တာတွေလုပ်ခဲ့ပါတယ်။

၂၀၁၈ခုနှစ်မှာ တရုတ်နိုင်ငံတက္ကသိုလ်တစ်ခုကနေ ပညာသင်ဆုရရှိခဲ့ပြီး လက်ရှိအချိန်ထိ တရုတ်နိုင်ငံမှာပဲ ပညာသင်ကြား ကာ အပင်မျိုးစိတ်တွေ ဆက်လက်သုတေသနပြု လေ့လာလျက်ရှိပါတယ်။

ပဒိုမန်းရှာလူငယ် ခေါင်းဆောင်ဆုရှင်နော်ဟေသီဂျူး

ဗြိတိန်နိုင်ငံအခြေစိုက် Phan Foundation က နှစ်စဉ်ချီးမြှင့်တဲ့ ၂၀၂၂ခုနှစ်အတွက် ပဒိုမန်းရှာလူငယ် ခေါင်းဆောင်ဆုကို ကော်သူးလေတောင်ငူခရိုင် ၊ ထောတထူမြို့နယ်မှာရှိတဲ့ ထိုလွီဝါး ကရင်လူထုအထက်တန်းကျောင်းက ကျောင်းအုပ်ဆရာမ တစ်ဦး ဖြစ်တဲ့ နော်ဟေသီဂျူးကရရှိခဲ့ပါတယ်။

၂၀၀၈ ခုနှစ် ၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ထိုင်းနိုင်ငံ၊မဲဆောက်မြို့မှာ လုပ်ကြံခံခဲ့ရတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အထွေ ထွေအတွင်းရေးမှူးဟောင်း ပဒိုမန်းရှာလဖန်းအတွက်အမှတ်တရအနေနဲ့ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို နှစ်တိုင်း ပေး အပ်ချီးမြှင့်နေတာဖြစ်ပါတယ်။

ဒီဆုဟာ မိမိအဖွဲ့အစည်းနဲ့အမျိုးသားရေးတွေမှာ ပညာရေး၊ကျန်းမာရေးနဲ့လူမှုဖွံ့ဖြိုးတိုးတက်ရေးအစရှိတဲ့ လူထုအကျိုးပြု လုပ်ငန်းတွေမှာ ကိုယ်ကျိုးမကြည့်ဘဲ ထဲထဲဝင်ဝင်လုပ်ဆောင်နေတဲ့ အသက် ၃၅ နှစ်အောက် ကရင်လူငယ်တွေကိုရွေးချယ် ပေးအပ်တာဖြစ်တယ်။ 

ဒီဆုရဖို့အတွက်ဝင်ပြိုင်ရတာမျိုးမဟုတ်ဘဲ လုပ်ဆောင်မှုတွေကိုအသိအမှတ်ပြုပေးတဲ့ အဖွဲ့အစည်းတစ်ခုခုက အဆိုတင်သွင်း ရတာဖြစ်တယ်။ အဲဒီအဆိုကို ဖန်းဖောင်ဒေးရှင်းက သေချာစိစစ်ရွေးချယ်ပေးတာဖြစ်တယ်။ နော်ဟေသီဂျူးကို ကရင်ကျောင်း သားကွန်ရက်အဖွဲ့က အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

ဂုဏ်ပြုချီးမြှင့်ခံရတဲ့ ဆုငွေတွေကို ပညာရေး၊ ကျောင်းစာကြည့်တိုက်အတွက်နဲ့ သဘာဝပတ်ဝန်းကျင်လှုပ်ရှားဖို့ (ပလပ်စတစ် သုံးစွဲမှု လျှော့ချရေး) လှုပ်ရှားမှုတွေမှာ သုံးသွားဖို့ရည်ရွယ်ထားပါတယ်။

ငယ်စဉ်ကတည်းက သင်ကြားရေးအပိုင်းကိုစိတ်ဝင်စားခဲ့တဲ့ နော်ဟေသီဂျူးဟာ ၂၀၁၅ ခုနှစ်မှာ ထိုလွီဝါးကရင် လူထုအထက် တန်းကျောင်းမှာ ကျောင်းဆရာမအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ပထမကျောင်းအုပ်ကအနားယူသွားတော့ နော် ဟေသီဂျူးက ကျောင်းအုပ်တာဝန်ကို စတင်ထမ်းဆောင်ခဲ့ပါတယ်။

နော်ဟေသီဂျူးကျောင်းအုပ်အဖြစ်တာဝန်ယူခဲ့တဲ့ လက်ထက်မှာ ထိုလွီဝါးအထက်တန်းကျောင်းကို အငယ်တန်းကောလိပ် အဖြစ် ၂၀၁၈ ခုနှစ်မှာ တိုးချဲ့နိုင်ခဲ့တယ်။

စစ်ပွဲကြားကအမျိုးသမီးများ (ရခိုင်) 

တိုက်ပွဲတွေရပ်တန့်နေတဲ့ရခိုင်ပြည်နယ်မှာ ၂၀၂၃ခုနှစ်နိုဝင်ဘာလ(၁၃)ရက်ကစပြီး   ရက္ခိုင့်တပ်တော်(AA)နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေ     ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။

ပေါက်တောမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာ(၁၆)ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတာပါ။ 

အဲဒီတိုက်ပွဲတွေကြောင့် ပေါက်တောမြို့ပေါ်က အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေ၊ သက်ကြီးရွယ်အို တွေနဲ့ မသန်စွမ်းတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသလို ထွက်မပြေးနိုင်တဲ့ မြို့ခံတချို့ကတော့ အိမ်တွေ မှာ ပိတ်မိနေခဲ့တယ်လို့ ပေါက်တောမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အခုလို ပေါက်တောမြို့ခံတွေ ပိတ်မိနေချိန်မှာ မြန်မာစစ်တပ်က မြို့ခံ ၂၀၀ကျော်ကို နေရာ၃နေရာမှာခွဲပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ ပြီးနောက်နိုဝင်ဘာ ၁၇ ရက်ကမြန်မာစစ်တပ်က ပစ်သတ်လို့ မြို့ခံငါးဦးသေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲ အများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ရခိုင်အခြေစိုက် သတင်းဌာနတွေက ရေးသားဖော်ပြကြပါတယ်။

ပေါက်တောမြို့ထဲက နေအိမ်တွေမှာပိတ်မိနေခဲ့တဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းတွေ ကို ရက္ခိုင့်တပ်တော်(AA)က ကယ်ထုတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ခဲ့တဲ့ ပေါက်တောမြို့ခံတွေကို ကယ်ထုတ်လာတဲ့ ဗီဒီယိုမှတ်တမ်းအရ နေအိမ်တွေမှာ ပိတ်မိ နေခဲ့တဲ့ မြို့ခံအများစုဟာ သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်တာကို တွေ့ရပါတယ်။

အလားတူပဲ နိုဝင်ဘာလ ၂၄ ရက်က ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မဈေးကို မြန်မာစစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက် ကြီးကျည်ကျရောက် ပေါက်ကွဲလို့ ဈေးတခုလုံး မီးလောင်ပြာကျခဲ့ပါတယ်။

ရခိုင်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကနေ နိုဝင်ဘာ ၃၀ ရက်ထိ မြန်မာစစ်တပ်က ပစ်ခတ်ခဲ့တဲ့ လက် နက်ကြီး လက်နက်ငယ်တွေကြောင့် သေဆုံးသူ ၃၄ ဦးကျော်၊ ထိခိုက်ဒဏ်ရာရရှိသူ ၈၂ ဦးကျော်ရှိခဲ့ပြီး သေဆုံး၊ ထိခိုက်ဒဏ်ရာ ရသူအများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်ကြောင်း ရခိုင်အခြေစိုက် သတင်းဌာနတွေမှာ ဖော်ပြပါတယ်။ အဲဒီအထဲ မှာ ရခိုင်တိုင်းရင်းသားတွေသာမက ရိုဟင်ဂျာတွေလည်း ပါဝင်တယ် လို့ ရေးသားဖော်ပြကြပါတယ်။

တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရသူဟာ ၁၃၀,၀၀၀(တစ်သန်းသုံးသောင်း)ကျော်ထိ ရှိနေတယ်လို့ ရခိုင်အခြေစိုက် Border News Agency က ဖော်ပြပါတယ်။

စစ်ပွဲကြားကအမျိုးသမီးများ (ရှမ်းမြောက်)

ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်တဲ့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ် (MNDAA) ၊ ရက္ခိုင့်တပ်တော်(AA) တို့ဟာ ၂၀၂၃ခုနှစ်အောက်တိုဘာ ၂၇ ရက်မှာ “ ၁၀၂၇ စစ်ဆင်ရေး”  နာမည်နဲ့ ရှမ်းပြည်နယ် မြောက် ပိုင်းတကြော တိုက်ပွဲတွေ ဖော်ဆောင်ခဲ့ပါတယ်။

“၁၀၂၇ စစ်ဆင်ရေး” ကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး၊ မူဆယ်၊ ကွတ်ခိုင်နဲ့ လောက်ကိုင်မြို့နယ်တို့မှာ သေဆုံးသူ စုစုပေါင်း ၈၀ ကျော်ရှိပြီး၊ အဲဒီထဲမှာ အမျိုးသမီးနဲ့ကလေးထက်ဝက်ကျော်ရှိကြောင်း HI က ကောက်ယူထားတဲ့ အချက်အလက် တွေမှာဖော်ပြထားပါတယ်။

“၁၀၂၇စစ်ဆင်ရေး” စတင်ခဲ့ချိန် သိန္နီမြို့မှာ စစ်ဘေးရှောင် ၈,၀၀၀ ကျော်ရှိရာကနေ စစ်ဘေးရှောင် ၆,၀၀၀ ကျော် ကျန်ရှိ ကြောင်းနဲ့ အဲဒီထဲက ၂,၀၀၀ ကျော်ဟာ လားရှိုးမြို့ပေါ်နဲ့ အခြားဒေသသို့ တိမ်းရှောင်သွားကြောင်း စစ်ရှောင်ကူညီပေးသူတွေ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ စစ်ရေးအရှိန်ဟာ တစ်ရက်ထက်တစ်ရက်မြင့်တက်လာပြီး စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၆၃,၆၆၁ ဦးအထိ မြင့်တက်လာကြောင်း တအာင်း(ပလောင်) အမျိုးသမီးအဖွဲ့အစည်း (TWO) ရဲ့ နိုဝင်ဘာ ၂၇ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ရေး ပဋိပက္ခတွေဖြစ်လာပါက အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးတဲ့သူတွေဟာ ပိုပြီးခက်ခဲကြောင်း၊ လက်ရှိ စစ် ရေးအချိန်မှာတော့ စစ်ဘေးရှောင်တွေအတွက် အခြေခံစားနပ်ရိက္ခာကိုသာ ပိုစောင့်နိုင်ကြောင်း အမျိုးသမီးနဲ့ ကလေးငယ် အတွက် သီးသန့်မကူညီနိုင်သေးကြောင်း TWO  တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

သဘာဝဘေးကြားကအမျိုးသမီးတွေ

  • နှစ်(၆၀)အတွင်းအဆိုးဆုံးဖြစ်ခဲ့တဲ့ ပဲခူးရေဘေး

ပဲခူးမြို့မှာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလတုန်းက သည်းထန်စွာရွာသွန်းခဲ့တဲ့မိုးကြောင့် နှစ်ပေါင်း ၆၀ အတွင်း အဆိုးဝါးဆုံး ရေကြီးမှုဖြစ်ခဲ့ပါတယ်။ ရေကြီးမှုကြောင့် ရေဘေးဒုက္ခသည် နှစ်သောင်းခုနှစ်ထောင်ကျော်ရှိခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေ မှာ ဖော်ပြထားပါတယ်။

ရေဘေးသင့်တဲ့နေရာအများစုဖြစ်တဲ့ ပဲခူးမှာစိုက်ဧကလေးသောင်းခြောက်ထောင်ကျော်၊ဒိုက်ဦးမှာ စိုက်ဧကနှစ်သောင်းနီးပါး၊ သနပ်ပင်မှာစိုက်ဧကနှစ်သောင်းနှစ်ထောင်ကျော်၊ ကဝမှာစိုက်ဧကတစ်သောင်းနှစ်ထောင်ကျော်၊ လှည်းကူးဘက်မှာတော့ စိုက် ဧက တစ်သောင်းခွဲကျော်ပျက်စီးနိုင်ဖွယ်ရှိတယ်လို့  ကုလသမဂ္ဂဖွံ့ဖြိုးရေးအေဂျင်စီ UNDP ဘက်က ထုတ်ပြန်ထားပါတယ်။

ရေကြီးမှုနောက်ဆက်တွဲကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုအမျိုးသမီးကြီးတွေ ရေဘေးသင့်ဒဏ်ကို ခံစားခဲ့ကြရပါတယ်။

မုန်တိုင်းနဲ့စစ်ဘေးတစ်ပြိုင်ထဲခံစားကြရတဲ့အညာဒေသ

၂၀၂၃ခုနှစ်မေလမှာတော့ အားကောင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ရခိုင်ပြည်နယ်၊ချင်းပြည်နယ်၊စစ်ကိုင်းတိုင်း၊ မကွေး တိုင်းနဲ့ ကချင်ပြည်နယ်တို့ကိုဖြတ်ကျော်တိုက်ခိုက်ခဲ့ပါတယ်။

မုန်တိုင်းဒဏ်ကြောင့် စစ်ကိုင်းတိုင်းက မြို့နယ်၁၃ခုမှာ စိုက်ပျိုးမြေဧက လေးသိန်းနှစ်သောင်းကျော် ပျက်စီးခဲ့ပြီး မကွေးတိုင်း က မြို့နယ်၁၁ခုမှာ စိုက်ပျိုးမြေ ၂၁၇ဧက ပျက်စီးခဲ့ပါတယ်။ မုန်တိုင်းကြောင့် သေဆုံးသူဦးရေက မကွေးတိုင်းမှာ ၁၅ ဦးနဲ့ စစ်ကိုင်းတိုင်းမှာ လေးဦးရှိခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက နေအိမ်တွေကို မီးရှို့ဖျက်စီးတာကြောင့် တောထဲမှာစစ်ဘေးရှောင်ရတဲ့အမျိုးသမီးတွေဟာ စစ်ဒဏ်အပြင် သဘာဝ ဘေးဒဏ်ကိုတပြိုင်ထဲခံစားခဲ့ကြရပါတယ်။

မုန်တိုင်းဒဏ်အဆိုးဝါးဆုံးခံခဲ့ရတဲ့ ရခိုင်

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့အင်အားအလွန်ပြင်းတဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ အထိအခိုက်အပျက် အစီး များစွာရှိခဲ့ပြီး မြို့လုံးကျွတ်ပျက်စီးတာတွေ ရွာလုံးကျွတ်ပျက်စီးတာတွေ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် မုန်တိုင်းဗဟိုချက်ဖြစ်ခဲ့ တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပါတယ်။  

ရခိုင်တစ်ပြည်နယ်လုံးမှာ လူတစ်ရာကျော်သေဆုံးခဲ့ပြီး လူနေအိမ်လေးသောင်းလေးထောင်ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ရခိုင်ပြည်နယ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ မြေပြင်စာရင်းတွေမှာတော့ ဒီထက်ပို ထိခိုက်သေဆုံးမှုများနိုင်မယ်လို့ ကူညီ မှုတွေ ဆောင်ရွက်နေတဲ့ လူမှုကူညီရေးအဖွဲ့တွေက ခန့်မှန်းပါတယ်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ လူပေါင်းတစ်သန်းခွဲကျော်ထိခိုက်ကာ၊ လူနေအိမ်ပေါင်း သုံးသိန်းနီးပါး ပျက်စီးခဲ့ရတယ် လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်မတော် (ULA/AA)က ထုတ်ပြန်ထားပါတယ်။

ဒီအထဲမှာအမျိုးသမီးတွေကတော့ သဘာဝဘေးရဲ့နောက်ဆက်တွဲဒဏ်ကိုအလူးအလဲခံကြခဲ့ရပါတယ်။

စစ်ကောင်စီရဲ့အကြမ်းဖက်ဖိနှိပ်မှုတွေအောက်ကအမျိုးသမီးတွေ

  • သွေးစွန်းခဲ့ရတဲ့ လိုင်ဇာ

၂၀၂၃ခုနှစ် အာဏာသိမ်းစစ်တပ်က မုန်လိုင်ခက်စစ်ရှောင်စခန်းထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဒီတိုက်ခိုက်ခံရမှုမှာ အမျိုးသမီး ၁၅ ဦးနဲ့ လသားကလေးငယ်တွေအပါအဝင် အရပ်သား ၂၉ ဦးသေဆုံးခဲ့ရပြီး လူ ၆၀ နီးပါး ဒဏ် ရာရခဲ့တာဖြစ်တယ်။ သေဆုံးသူတွေထဲမှာ အများစုကတော့ အမျိုးသမီးတွေဖြစ်ပြီး ဒီထဲမှာကိုယ်ဝန်ဆောင်တွေ၊ မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ မီးဖွားပြီးစအမျိုးသမီးတွေနဲ့ လသားကလေးငယ်တွေ ပါဝင်ပါတယ်။ 

သေဆုံးရတဲ့အမျိုးသမီးအများစုဟာ ဗုံးဆန်ထိမှန်လို့သေဆုံးခဲ့ရတာဖြစ်ပြီး တချို့လည်းဗုံးပေါက်ကွဲမှုအရှိန်နဲ့အိမ်တွေ၊ သစ်ပင် တွေ၊ ကားတွေ၊ မြေကြီးတွေပိကာ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ပတ်သက်တာ လူမှုကွန်ရက်ပေါ်တင်တာကြောင့်ဖမ်းဆီးခံရတဲ့အမျိုးသမီးတွေ

လူမှုကွန်ရက်တွေပေါ်မှာ စစ်ကောင်စီကိုဆန့်ကျင်ပြီး တော်လှန်ရေးကိုထောက်ခံအားပေးတဲ့ အရေးအသားတွေဖော်ပြသူ ၁,၃၁၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ Data For Myanmar ကထုတ်ပြန်ပါတယ်။ ၂၀၂၂ ဖေဖော်ဝါရီလမှ ၂၀၂၃ စက် တင်ဘာလကုန်အထိစာရင်းဖြစ်ပါတယ်။

ဒီအထဲမှာအမျိုးသမီးအရေအတွက် (၄၇၂)ဦးပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့နဲ့ပတ်သက်ပြီး မျှဝေတာ၊ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေ အစု လိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဝမ်းနည်းခြင်း အနက်ရောင်ပရိုဖိုင်ချိန်းတာ၊ စစ်ကောင်စီက သေဒဏ် ချမှတ်တဲ့အတွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ ကျောင်းသားတွေကျဆုံးတာ စတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဝမ်း နည်းကြောင်း ပြသတာ၊ အသံတိတ်သပိတ်တွေမှာ ပါဝင်ဖို့လှုံ့ဆော်တာစတဲ့ အကြောင်းအရာတွေ ရေးသားမျှဝေသူတွေကို စစ်ကောင်စီက ဖမ်းဆီးထောင်ချမှုတွေ ပြုလုပ်နေတာ ဖြစ်တယ်။

ဒီလိုရေးသားနေသူတွေရဲ့ လူမှုကွန်ရက် စာမျက်နှာတွေကို စစ်ကောင်စီ သတင်းပေး တယ်လီဂရမ် ချန်နယ်တွေက စောင့်ကြည့် နေပြီး လိပ်စာ အတိအကျနဲ့ ဖမ်းဆီးထောင်ချဖို့ ခြိမ်းခြောက် ဖော်ပြနေတာလည်း ဖြစ်ပါတယ်။ 

အချုပ်ဆိုရရင်တော့ ၂၀၂၃ ခုနှစ်မှာ အမျိုးသမီးတွေအနေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ နှစ်တစ်နှစ်ကို ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး သဘာ၀ ဘေး ၊ စစ်ဘေးနဲ့ အထွေထွေဘေးဒုက္ခတွေကိုရင်ဆိုင်ခဲ့ကြရပါတယ်။ ဒီလိုဒုက္ခတွေကြားထဲ ထူးချွန်ထင်ရှားတဲ့ အမျိုးသမီး တွေလည်း ပေါ်ထွက်ခဲ့ကြပါတယ်။ 

Author:

Related Articles