Home ဆောင်းပါး “သုံးနှစ်သုံးမိုးဒုက္ခဆိုး”

“သုံးနှစ်သုံးမိုးဒုက္ခဆိုး”

နန်းဆိုင်နွမ်။ ။

“ ကျမ ညတိုင်း ပိုက်ဆံတွေ ရေတွက်ကြည့်တယ်။ တိုးလာမယ်ထင်နေတာ။ လျော့သွားတာပဲရှိတယ်” လို့ ပိုက်ဆံအိတ်ထဲက ငွေတွေရေတွက်နေတဲ့ နန်းဆိုင်က ရှမ်းဘာသာစကားဖြင့် ချိနဲ့တဲ့အသံတွေ ပြောပါတယ်။

ညစဉ်ညတိုင်း လျော့သွားတဲ့ ငွေတွေကို ရေတွက်နေရပြီး ရှေ့ဆက်ရမယ့် မနက်ဖန်တိုင်းကို အားငယ်ချိနဲ့စွာ ဖြစ်နေတယ်လို့ ရှမ်းမြောက် ကျောက်မဲမြို့နယ် အတွင်းနေထိုင်တဲ့ နန်းဆိုင်တယောက် တီးတိုးစွာ ပြောလာပါတယ်။

သူမနေထိုင်တဲ့ ဒေသမှာဆိုရင်တော့ စပါး၊ ပြောင်းနဲ့ ခြံထွက်သီးနှံတွေကိုသာ အဓိက အားထားလုပ်ကိုင်ပြီး၊ ထွက်လာတဲ့ ပြောင်းတွေ သီးနှံတွေကိုတရုတ်ပြည် ဘက်သို့ တင်ပို့ ရောင်းချကြပြီး၊ တချို့ လယ်ယာမရှိတဲ့သူတွေကတော့ တရုတ်ပြည်ကို သွားရောက်ကာ အလုပ်လုပ်ကိုင်ကြပါတယ်။

ဒေသခံတွေရဲ့ ပိုက်ဆံအိပ်ထဲငွေဝင် မဝင်ဆိုသည်က သူတို့ရဲ့အလုပ်ကြိုးစားအားထုတ်မှု တစ်ခုထဲအပေါ် မူတည်နေတာတော့ မဟုတ်ပါဘူး။ တရုတ်ဘက်က သီးနှံတွေဝယ်လိုတဲ့ အခြေအနေ၊ စစ်ရေး၊ နိုင်ငံရေး စတာတွေနဲ့ တိုက်ရိုက်သက်ဆိုင် နေပါတယ်။

နန်းဆိုင်တို့လို ပြောင်းအပါအဝင်သီးနှံစိုက် တောင်သူတွေအတွက်ကတော့ ဝင်ငွေထိခိုက်နေခဲ့သည်က နှစ်နဲ့ချီကြာပါပြီ။

ပြီးခဲ့သည့် နှစ်နှစ်ခန့် ၂၀၁၉ လောက်ကတည်းက တရုတ်ဘက်ကပြောင်းဝယ်လိုအားကောင်းနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေနဲ့ ရှမ်းပြည်နယ်အပါအဝင် ဒေသအနှံ့က တောင်သူတွေက ပြောင်းကိုဒုတိယသီးနှံအနေနဲ့ အားထည့်စိုက်ခဲ့ကြပါတယ်။ ဒါပေမယ့် တရုတ်ဘက်က ဥရောပနဲ့အာဂျင်တီးနားနိုင်ငံတွေဘက်က ပြောင်းတွေကို ဝယ်ယူဖို့သဘောတူခဲ့တာကြောင့် မြန်မာ ပြောင်းစိုက်တောင်သူတွေ အထိနာခဲ့ရတယ်လို့ ပြောင်းကုန်သည်တွေကို ကိုးကားပြီး ရန်ကုန်အခြေစိုက် The Farmer သတင်းဌာနကရေးသားပါတယ်။

နောက်တစ်နှစ်အကြာ ၂၀၂၀ ဟာလည်း နန်းဆိုင်တို့လိုပြောင်းစိုက်တောင်သူတွေဟာ ကိုဗစ်ကြောင့်အထိနာခဲ့ရပြန်ပါတယ်။ ကိုဗစ်ကူးစက်မှုကို အတော်အတန်ထိန်းထားနိုင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေပြန်စဖို့လုပ်တဲ့ ဒီနှစ်မှာတော့ တိုက်ပွဲတွေကြောင့် သုံးနှစ်ဆက်တိုက် ဝင်ငွေထိခိုက်ခဲ့ရပြန်ပါတယ်။

ရှမ်းမြောက် ကျောက်မဲဒေသမှာတော့ စစ်ရေး ပဋိပက္ခ၊ ကိုဗစ်- ၁၉ ကူးစက်မှု မြင့်တက်တဲ့ ပြဿနာတွေကြောင့် ဝမ်းရေး အတွက် စာဖွယ်စားသောက်ရလာတာ တနေ့ထက် တနေ့ ပိုခက်ခဲလာကြောင်း နန်းဆိုင် တယောက် ကပြောပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်မှုကြောင့် တရုတ်နယ်စပ်တံခါးတွေ ပိတ်လိုက်တဲ့အတွက် ဒေသထွက်ကုန်တွေ တရုတ်ပြည်သို တင်ပို့ခွင့်မရတော့သလို တရုတ်ပြည်မှာလည်း သွားရောက်အလုပ်လုပ်ကိုင်ခွင့်မရတော့ပါဘူး။

” အရင် တရုတ်ဘက်သွားပြီး အလုပ်လုပ်ရတယ်။ အခုက ကိုဗစ်ကြောင့် သွားလို့မရ။ ဒီဘက်မှာလည်းစစ်ရေးတွေ ဆက်တိုက်ဖြစ်တော့ ဘာမှ လုပ်လို့မရဘူး။ အခုက ချေးငှားစားနေရတဲ့ဘဝပါ ” လို့ နန်းဆိုင် တယောက် က ပြောပါတယ်။

ကိုဗစ်ပထမလှိုင်းမဖြစ်ပွားခင်မှာ နန်းဆိုင်ရဲ့ သမီးအကြီးဟာ တရုတ်ပြည်မှာ အလုပ်သွားလုပ်ကိုင်ခဲ့ပြီး တလလျှင် ကျပ်ငွေ (၂)သိန်းပေးပို့မှုနဲ့ ခြံထွက်သီးနှံ ရောင်းချမှုနဲ့ စားဝတ်နေရေး အဆင်ပြေခဲ့ကြပါတယ်။

ကိုဗစ်ဖြစ်ပြီး မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေ ပိတ်ဆိုင်းလိုက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နေရပ်ပြန်ပို့ခံ ရပြီးနောက်မှာတော့ နန်းဆိုင် ရဲ့ သမီးကြီးဟာ ကျောက်မဲ နေအိမ်သို့ ပြန်လာပြီး အမေဖြစ်သူနဲ့အတူ ခြံစိုက်ပျိုးခဲ့ပါတယ်။

သူမတို့ နေထိုင်တဲ့ နေရာမှာ ကိုဗစ်နဲ့ စစ်ရေး ပြဿနာကြောင့် ခြံထွက်သီးနှံတွေကို ကျောက်မဲမြို့ပေါ်စျေးတွေ တက်ရောင်း မရတဲ့နောက်မှာတော့ စားဝတ်နေရေးဟာ တဖြည်းဖြည်းနဲ့ ခက်ခဲလာပါတယ်။

လက်ရှိမှာဆိုရင်တော့ ပြောင်းစိုက်ပိုင်ရှင်တွေထံ ရက်ကြေးကြိုထုတ်ပြီး စားသောက်နေရသလို နီးစပ်သူထံတွေမှာလည်း ချေးငှားပြီး စားသောက်နေရကြောင်းလည်း နန်းဆိုင် တယောက်က ပြောပါတယ်။

“ ခြံစိုက်တာက မြို့ပေါ်တက်ရောင်းမရတော့ ကိုယ်စိုက်ကိုယ်စားနေရတယ်။ ဟင်းအတွက် အဆင်ပြေပေမယ့် ဆန်က ဝယ်ရမယ်လေ။ ဆန်ဝယ်ဖို့ က ပြောင်းစိုက်ပိုင်ရှင်တွေဆီ နေ့စားခ ကြိုထုတ်ပြီး စားနေရတယ်”လို့ နန်းဆိုင် တယောက် က ဝမ်းနည်းစွာဖြင့် ပြောပြလာပါတယ်။

ဒါ့အပြင် နန်းဆိုင်တို့ နေထိုင်တဲ့ကျောက်မဲမြို့နယ် ကျေးရွာ တော်တော်များများဟာ စစ်ရေးပဋိပက္ခ မဖြစ်ခင်နဲ့ ကိုဗစ် ပထမလှိုင်းကာလအတွင်းမှာ တောင်သူခြံသမားများအတွက် အသေးစားချေးငွေလုပ်ငန်းတွေဝင်ရောက်လာခဲ့ပြီး ထိုဒေသခံ တော်တော်များများဟာ ချေးငွေယူကြပါတယ်။

ထိုချေးငွေယူမှုကြောင့် လက်ရှိမှာ အကြွေးရော အရင်းရော မဆပ်နိုင်လို့ စိတ်ပူလောင်သောက ရောက်နေတဲ့ ဒေသခံတွေ ဟာ အလွန်ပင်များနေပါတယ်။

အသေးစားချေးငွေလုပ်ကိုင်တဲ့အဖွဲ့တွေဟာ အရင်က တောင်သူတွေသီးနှံပိုစိုက်ပျိုးနိုင်ရန်နဲ့ဝင်ငွေကောင်းမွန်ရန်အတွက် ဦးတည်ပြီး ဝင်ရောက်လာပေမယ့် ကိုဗစ်နဲ့ စစ်ဒဏ်ကြောင့် တောင်သူတွေ ဟာ အကြွေးနွံထဲကနေရုန်းထွက်ဖို့ ခက်လာကြ ပါတယ်။

“ တရုတ်ပြည်က ပြန်လာတော့ ပိုက်ဆံလည်း မရခဲ့ဘူး။ ဒီမှာလာလုပ်စားဖို့ကလည်း အခြေအနေက သိတဲ့အတိုင်းပဲ ။ ဒုက္ခတွေ အထပ်ထပ်ပေါ့။ အလုပ်ကလည်း လုံးဝမရှိဘူး။ ဒီမှာ လုပ်စားဖို့ အလုပ်အကိုင်မရှိဘူး။ နယ်မြေ ဒေသအခြေအနေက ရှိတာနဲ့ စားနေတာ။ အခြေခံလူတန်းစားဆိုတော့ သိတဲ့အတိုင်းပဲလေ” လို့ ကျောက်မဲမြို့ အမျိုးသမီးအရေး ကူညီဆောင်ရွက်နေတဲ့ နန်းလှရီ က လက်ရှိ မြေပြင်အခြေအနေကို ပြောပြပါတယ်။

ကျောက်မဲမြို့နယ် တခွင်မှာ အကြွေးတွေ နွံနစ်နေပြီး၊ တနေ့ထက် တနေ့စားဝတ်နေရေး ခက်ခဲလာမှုကြောင့် ရုန်းကန်ဖို့ အတွက် အတော်ပင် အားခဲနေရတဲ့အဆင့်ဖြစ်နေကြောင်း နန်းလှရီ က ဆိုပါတယ်။

Photo credit-CJ

ကျောက်မဲမြို့နယ် နေထိုင်တဲ့ ပြည်သူတွေဟာ ကိုဗစ်ဒဏ်ကြောင့် အခက်အခဲဖြစ်နေချိန်မှာ ဒေသအတွင်းလှုပ်ရှားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကို ကြောက်နေရပြီး၊ တိုင်းရင်းသားအချင်းချင်း အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တဲ့အတွက် တောင်ယာလုပ်ငန်းကိုလည်း ကောင်းမွန်စွာ မလုပ်နိုင်ကြပေ။

ကျောက်မဲဒေသဟာဆိုရင် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ SSPP/SSA ဦးဆောင်တဲ့တပ်ဖွဲ့နဲ့ RCSS/SSA တို့အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ပဋိပက္ခတွေအောက်က ခက်ခဲမှုတွေကို အဓိက ရင်ဆိုင်ကြုံတွေ့နေရတာကတော့ မီးဖိုချောင်မိသားစု စားဝတ်နေရေးအတွက် နေ့စဉ်ပြင်ဆင်နေရတဲ့ အိမ်ရှင်မ တွေပါပဲ။

“ အခြေအနေက ဘာမှ ရစရာကိုမရှိတဲ့ဘဝပဲ။ အမျိုးသမီးတွေရဲ့ဘဝတွေ တော်တော်ကို ခက်တယ်။ ငွေမရှိတာ မီးဖိုချောင် ကိစ္စတွေက အမျိုးသမီးတွေက သိတယ်လေ။ ကျောက်မဲနဲ့ သီပေါက ကိုဗစ်ရော စစ်ရော ခံနေရတဲ့ဒေသပဲ” လို့ နန်းလှရီ က မြင်တွေ့နေရတာတွေကို ပြန်ပြောပြနေပါတယ်။

တဖက်မှာ ကိုဗစ်ကြောင့် ခရီးသွားပြည်သူတွေ မရှိကြသလို စားသောက်ဆိုင်တွေ၊ ခြံစိုက်သူတွေ ဝင်ငွေမရှိချိန်မှာ ဒေသတွင်းလှုပ်ရှားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း ဆက်ကြေး(အခွန်)ကောက်ခံမှုတွေရှိတဲ့အတွက် ပြည်သူ တွေက တပူကနေ နှစ်ပူဆင့်မက ဒုက္ခအဖက်ဖက်ကို ခံနေတယ်လို့ ကျောက်မဲ အိမ်ရှင်မတွေက ရင်ဖွင့်ပြောပါတယ်။

“ကျမတို့ဆိုင်က ရောင်းမရ၊ ဝင်ငွေမရှိပေမယ့် လက်နက်ကိုင်တွေက အခွန်တိုးကောက်တယ်လေ။ ကျမတို့ စိတ်တွေ ညစ်တယ်။ လက်နက်ကိုင်ပြီး ပြည်သူတွေကို သွေးစုပ်နေတာ။ ပြည်သူတွေကိုနည်းနည်းငဲ့ကြည့်ပေးသင့်တယ်”လို့ ကျောက်မဲမြို့ တွင်း စားသောက်ဆိုင်ဖွင့်ထား နန်းနန်း က ပြောပါတယ်။

ကိုဗစ်နဲ့ စစ်ဒဏ်ကြောင့် ကျောက်မဲမြို့ပေါ် ကုန်စုံဆိုင်ရောင်းနေတဲ့ နန်းလျန်း တယောက်လည်း ကုန်းစျေးနှုန်းတွေ တရိပ်ရိပ်တက်လာတဲ့အတွက် ကုန်စုံဆိုင်ဘဝကို ရင်းနှီးမြှုပ်နှံမှုကို မပြုလုပ်နိုင်တော့ကာ ဆိုင်ကိုဖြတ်ပြီး ခြံစိုက်ကိုသာ ရောင်းဖို့ စဉ်းစားနေရပါတယ်။

“ကျမ စျေးရောင်းတာ ဖြုတ်ရတော့မယ်။ ကုန်စျေးနှုန်းက တက်လာတော့ ကျမ ကုန်တွေ မဝယ်လှောင်တော့ဘူး။ ဆီတွေ အခြောက်အခြမ်းတွေ မဝယ်နိုင်တော့ဘူး။ ရောင်းရတာကလည်း အရင်လို မကောင်းတော့ ကုန်စုံဆိုင်တွေ ဖြုတ်ရမယ်။
ကျမတို့ခြံကထွက်တဲ့ ကုန်တွေပဲ ရောင်းရတော့မယ်” လို့ နန်းလျန်း တယောက် ညှဉ်းထွားလာပါတယ်။

နန်းလျန်းသည် ယခင်ကုန်စုံဆိုင်တွင် တရက်လျှင် ကျပ်ငွေ ၅သောင်းအထက် ရရှိခဲ့ရာ ယခုမှာတော့ တရက်လျှင် ကျပ်ငွေ တသောင်း မပြည့်ကြောင်း တိုးတီး ပြောလာပါတယ်။

“လောက်ငှတယ်ဆိုတာတော့မရှိဘူး။ ချွေတာစားသောက်တယ်။ စားဝတ်နေရေးက ခက်ခဲပါတယ်။ စျေးရောင်းရတာလည်း ခက်တယ်။ တခြားလည်း ဘာမှ မလုပ်တတ်ဘူး” လို့ နန်းလျန်း က ဆိုပါတယ်။

ယခုကာလမှာ ဝမ်းရေးအတွက်ခက်ခဲစွာ ရုန်းကန်နေရသလို ကိုဗစ်အရေးကိုလည်း ကာကွယ်နေရတဲ့ ရှမ်းပြည်သူတွေဟာ ဖျားနေနေပါက ဆေးမစစ်ရဲကြပေ။

“ဖျားရင်တောင် ဆေးမစစ်ရဲဘူး။ နေမကောင်းရင် တုတ်ကွေးလို့သတ်မှတ်လိုက်တယ်။ ကိုဗစ်ဆိုရင် စိတ်ဆင်းရဲနေရမယ်။ ဆေးရုံ ဆေးတွေ ဝယ်သောက်နေရမယ်။ ဆေးမကုနိုင်လို့ ကြိတ်ကုနေရတာတွေလည်း အများကြီးပဲ”လို့ နန်လျန်းက ပြောပြပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် အတွင်းရှိ အခြေခံ လူတန်းစားတချို့ ဟာ အလုပ်လက်မဲ့ဖြစ်ကာ စားသောက်စရာ မရှိတော့ကာ ဆန်ပြုတ်သောက်နေရတဲ့အဆင့်တောင်ရောက်နေကြကြောင်းလည်း လက်ရှိ စားဝတ်နေရေး ခက်ခဲသူများကို ကူညီပေးနေသည့် သီပေါမြို့နယ် က နန်းမွမ်းမွမ်းပေါင်းက ပြောပါတယ်။

“ တချို့ဆိုရင် ဆန်ပြုတ်သောက်ရတဲ့အဆင့်ဖြစ်သွားတယ်။ ဒီလိုဆက်ဖြစ်မှာကိုတော့ ကျမတို့လည်း စိုးရိမ်တယ်။ ကျေးရွာတင်မကဘူး၊ မြို့ပေါ်ကလူတွေတောင် စားသောက်ဖို့မရှိလို့ ကျမဆီကို ဖုန်းဆက်အကူအညီတောင်းနေတာ ယနေ့ထိပါပဲ” လို့ နန်းမွမ်းမွမ်းပေါင်းက ဆိုပါတယ်။

လက်နက်ကိုင်ပဋိပက္ခနှင့် ကိုဗစ်ကြောင့် ခြံသွားအလုပ်မလုပ်နိုင်ကြတာတွေ၊ စျေးဆိုင်မဖွင့်နိုင်တော့တာတွေ၊ ပုံမှန်လုပ် နေကြ လုပ်ငန်းမလုပ်နိုင်တော့တဲ့အတွက် ကျေးရွာတင်သာမက မြို့ပေါ်နေထိုင်သူများပါ စားနပ်ရိက္ခာလိုက်လံ ကူညီ ဆောင်ရွက်နေရကြောင်း နန်းမွမ်းမွမ်းပေါင်းက ပြောပြပါတယ်။

ထိုဒဏ်တွေကို များသောအားဖြင့် အမျိုးသမီး နဲ့ကလေးငယ်တွေက ပိုပြီး ခံစားနေရသလို လက်ရှိမှာ စားနပ်ရိက္ခာကို ပြည်သူမှပြည်သူ့ထံ ကူညီပေးနိုင်ပေမယ့် အမျိုးသမီးလစဉ်သုံးပစ္စည်း အရေးပေါ်လိုအပ်နေတာလည်းရှိကြောင်း နန်းမွမ်းမွမ်း ပေါင်းက ဆိုပါတယ်။

လက်ရှိမှာတော့ ဒုက္ခပေါင်းစုံကြုံတွေ့နေရတဲ့ ကျောက်မဲမြို့နယ်က နန်းဆိုင် တယောက်တော့ ကိုဗစ်ကိုလည်း ဂရုမစိုက်နိုင်ဘဲ ဝမ်းရေးအတွက် ဆက်ရုန်းကန်ရပြီး ဖြစ်သလိုသာစားသောက်နေကြပါတယ်။

“အခုဆိုရင် အပေါဆုံးအရေအသွေးမမှီတဲ့ ဆန်ကို ဝယ်စားနေရတယ်။ ဟင်းကတော့ ပဲပုတ်နဲ့ ဟင်းရွက်ပဲပေါ့။ အသားဟင်းကတော့ မတတ်နိုင်ဘူးလေ။ နောက်ဘာဆက်ဖြစ်လာမယ်ဆိုတာတောင်မသိတော့ဘူး” ဟု နန်းဆိုင်တယောက် စိတ်ပျက်စွာ ပြောပါတယ်။

Author:

Related Articles