သန့်ရှင်းထွန်း။ ။
“ဘယ်ပုံဘယ်နည်းနဲ့ဖြစ်ဖြစ် မြန်မာဖက်ကို အမြန်ဆုံးခေါ်ပေးပါ၊ ဒီလိုမျိုးအခြေနေကို မခံစားနိုင်တော့ဘူး”ဆိုသည့် ပြောလက်စ ဖုန်းသံထဲက အကူညီတောင်းခံသည့် နောက်ဆုံးပိတ်စကားကို ဒေါ်ရှုးနားမျှာ(အမည်လွှဲ) ကြားလာခဲ့သည်မှာ သုံးနှစ်ကျော်မျှ ကြာနေပြီဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွင်ရှိနေသော မိဘများနှင့်ညီမရင်းနှစ်ဦး၏ အကူညီတောင်းခံသည့်စကားသံကို ကြားသည့် အခါတိုင်း မျက်ရည်ကျမိပြီး ကျန်းမာရေးကို ဂရုစိုက်နေထိုင်ဖို့သာ အကြံပေးနိုင်ရုံမှအပ တခြားမည်သည့် အကြံဉာဏ်မှ မပေးနိုင်ခဲ့ဟု ဒေါ်ရှုးနားမျှာ ကဆိုသည်။
ဒေါ်ရှုးနားမျှာတို့ကြုံခဲ့ရသည့် အဖြစ်အပျက်အစက ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်က ရခိုင်ပြည်နယ်၊ မြောက်ပိုင်းက ရဲစခန်းနှင့်နယ်ခြားစောင့်စခန်းများကို အာဆာ (Arakan Rohingya Salvation Army)အဖွဲ့က တိုက်ခိုက်မှုများနောက် စတင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုကို မြန်မာအစိုးရဘက်က အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ခဲ့ပြီး အာဆာကိုလည်း အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည်။ ထို့နောက်တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာ ၇ သိန်းခန့်ထဲတွင် အသက် ၄၀ အရွယ် ဒေါ်ရှုးနားမျှာတို့ဇနီးမောင်နှံနှင့် သားသမီးလေးဦးတို့လည်းပါဝင်သည်။ ထို့အပြင်သူ၏ မိဘနှစ်ဦး၊ ညီမနှစ်ဦးတို့လည်း ပါဝင်ခဲ့သည်။
ဒေါ်ရှုးနားမျှာသည် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွင် တစ်နှစ်ကျော်ကြာနေထိုင်ခဲ့ပြီးနောက် သူ၏ခင်ပွန်း၊ သားသမီးလေးဦး
နှင့်အတူ ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလူခါလီ ဒုက္ခသည်စခန်းအမှတ်(၂)မှ မြန်မာနိုင်ငံသို့ မိမိအစီစဉ်ဖြင့် ပြန်ဝင်လာခဲ့ကြသည်။ မူလနေထိုင်ခဲ့သော မောင်တောမြို့နယ်ထဲမှကျေးရွာတွင် ပြန်လည်နေထိုင်နိုင်ခြင်းမရှိဘဲ အဆိုပါနေရာနှင့်အနီးရှိ ရွာတစ်ရွာတွင်အငှား နေထိုင်လျှက်ရှိသည်။
“ကျမမိဘနဲ့ ညီမတွေက သူတို့ပြန်လာလို့ရမယ့် နည်းလမ်းရှာပေးပါလို့ နေ့တိုင်း ဖုန်းဆက်ပြီးပြောတယ်။ အခုလာလို့ ရရင် လာချင်တယ်လို့ နေ့တိုင်းပြောနေတယ်”ဟု ဒေါ်ရှုးနားမျှာ က ပြောပြသည်။
ထို့ကဲ့သို့ ဒေါ်ရှုးနားမျှာ၏ မိသားစုဝင်တစ်ချို့နှင့် ဆွေမျိုးသားချင်းများမှာ မြန်မာနိုင်ငံသို့ ပြန်ဝင်လာရန် ဆန္ဒပြင်းပြ နေခြင်းမှာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် နေထိုင်စားသောက်ရေး အဆင်မပြေခြင်း၊ ရေအိမ်မလုံလောက်မှု၊ မုန်တိုင်းနှင့်မြေပြိုကျမှု စသည့်သဘာဝဘေးတို့နှင့်လည်းရင်ဆိုင်နေရခြင်းကြောင့်ဟုဆိုသည်။ ထို့အပြင် သားသမီးများအတွက် ရှေ့ဆက်မည့် အနာဂတ် မသေချာခြင်းနှင့် အသက်သေစေသည်အထိရန်ရှာခံရနိုင်သည်တို့ကိုလည်း စိုးရိမ်ကြောက်လန့်နေရခြင်းကြောင့်ဖြစ်သည်ဟု သူကဆို သည်။
ဒေါ်ရှုးနားမျှာတို့ မိသားစုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွင် နေထိုင်ခဲ့ရစဉ်က နေရာထိုင်ခင်း၊ ချက်ပြုတ်ရေး၊ ကျန်းမာရေးအဆင်မပြေမှုများရှိခဲ့ပြီး ၎င်းတို့နေထိုင်ခဲ့သော ယာယီတဲမှာ အမိုးရော၊ အကာပါ ပလတ်စတစ်တာပေါ်လင်စ ဖြစ်သည့်အတွက် နွေရာသီတွင် အပူဒဏ်ကို မခံနိုင်အောင် ခံစားခဲ့ရသည်ဟု ပြောပြသည်။
“ဆန်ဆီပဲတွေရပေမယ့် ချက်ဖို့အတွက် လောင်စာထင်းတွေမရှိဘူး။ ဂက်စ်မီးဖိုတွေမရှိဘူး။ အလုပ်မရှိသလို ဝင်ငွေလည်းမရှိတော့ ချက်ပြုတ်ရေးကိစ္စကအတော်လေး ဒုက္ခရောက်ခဲ့တယ်”ဟု ဒေါ်ရှုးနားမျှာက ပြောသည်။
သို့ဖြစ်၍ ဒေါ်ရှုးနားမျှာသည် ဒုက္ခသည်စခန်းအနီးရှိ ဈေးတန်းသို့သွားရောက်ကာ စက္ကူဂျပ်ဖာများကို ရှာဖွေ၍ လောင်စာအဖြစ်အသုံးပြုခဲ့သည်ဟု ချက်ပြုတ်ရန်လောင်စာလိုအပ်နေမှုအတွက် ဖြေရှင်းခဲ့ပုံကို ပြောပြသည်။
ထို့အပြင် ကျောင်းနေအရွယ် သားသမီးလေးဦး၏ မိခင်ဖြစ်နေသော ဒေါ်ရှုးနားမျှာမှာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် သားသမီးများ ပညာသင်ကြားရန်အကန့်အသတ်ရှိခြင်း၊ ပညာသင်ကြားခွင့်မရသည့်အတွက် သားသမီးများ၏ ရှေ့ဆက်လျောက်ရမည့် ဘဝလမ်းခရီးအတွက်လည်း စိုးရိမ်နေခဲ့ရသည်ဟု ဆက်ပြောသည်။
“မိဘတွေက သားသမီးတွေကို ပညာတတ်ကြီးတွေဖြစ်ချင်တယ်။ သူတို့ဘဝတွေ အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနေတာကို မြင်ချင်တယ်”ဟု ဒေါ်ရှုးနားမျှာက ဆိုသည်။
ကျန်းမာရေးနှင့် ပတ်သက်၍ ဒုက္ခသည်စခန်းများတွင် ဆေးခန်းများကို ဖွင့်လှစ်ထားသော်လည်း ပါရာစီတာမောမှ လွှဲ၍ မည်သည့်ဆေးဝါးကိုမျှ မရခဲ့ခြင်းအပါအဝင် အခက်အခဲမျိုးစုံကို ကြုံတွေ့ခဲ့ရသည်ဟု ဒေါ်ရှုးနားမျှာ မိသားစုနှင့်အတူ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် လာခဲ့သည့် အသက် ၃၀ ကျော်အရွယ် ဒေါ်ဘီဘီ(အမည်လွှဲ)က ပြောသည်။
နေမကောင်းဖြစ်၍ ဆေးခန်းသွားပြတိုင်း မည်သည့်ရောဂါဖြစ်နေသည်၊ ခံစားနေရသည်ကို မေးမြန်းခြင်းမရှိဘဲ ဆေးခန်းသို့ လာသမျှလူကို ပါရာစီတာမောတစ်မျိုးတည်းကိုသာပေး၍ ပြန်လွတ်ပေးခဲ့သည်ဟု ဒေါ်ဘီဘီက ဆက်ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွင် နေထိုင်ရခဲ့ရချိန်က နေထိုင်စားသောက်ရေး ပူပန်ရခြင်းထက် လက်နက်ကိုင်တချို့၏ ဒုက္ခသည်စခန်းများအတွင်း အသက်ဘေးကြုံရသည်အထိခြိမ်းခြောက်နေမှုက သူ့အတွက် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်နေသည်ဟု ဒေါ်ဘီဘီကဆက်ပြောသည်။ ဘင်္ဂလားဒေ့ရှ်ရှိဒုက္ခသည်စခန်းများတွင် ပြန်ပေးဆွဲမှုများ၊ သတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အဆိုပါလုပ်ရပ်များ၏ နောက်ကွယ်တွင် အာဆာအဖွဲ့ရှိနေနိုင်သည်ဟု ဒေါ်ဘီဘီက ယုံကြည်နေသည်။
“ဘင်္ဂလားဒေ့ရှ်မှာ အမျိုးသားရော၊ အမျိုးသမီးရော အကုန်လုံး ဒုက္ခခံစားနေရတာ စားဝတ်နေရေးမဟုတ်ဘူး။ အာဆာကို ထပ်ပြီးကြောက်နေရတာပါ ” ဟု ဒေါ်ဘီဘီ ကပြောသည်။
ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်အချို့မှာ အာဆာအဖွဲ့၏ ပစ်မှတ်ထားခံရသည်ဆိုသည့်သတင်းများမှာလည်း မကြာခဏ ထွက်ပေါ်လာတတ်သည်။ တိုက်ခိုက်မှုများသည် တခါတရံတွင် အာဆာနှင့်အခြားသော လက်နက်ကိုင်အုပ်စုများကြားတွင် ဖြစ်ပွားခဲ့ပြီး တခါတရံတွင် အရပ်သားများထိခိုက်နစ်နာမှုများလည်းရှိခဲ့သည်။
၂၀၂၀ အောက်တိုဘာတွင် အာဆာနှင့်မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းအကြား အပြန်အလှန် တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရက လက်နက်ကိုင်တပ်များ စေလွှတ်ခဲ့ရကြောင်း AFP သတင်းကို ကိုးကားပြီး ဧရာဝတီသတင်းဌာနက ရေးသားသည်။ ၎င်းအပြင် ၂၀၂၀ နှစ်ဆန်းပိုင်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်ဘဇားခရိုင် ကုတုပါလောင် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာခရစ်ယာန် ၁၂ ဦးသည် အာဆာအဖွဲ့၏တိုက်ခိုက်မှုခံခဲ့ရပြီးနောက် ဆေးဝါးကုသမှု ခံယူခဲ့ကြရသည်ဟု RFA ဌာနကရေးသားခဲ့ဖူးသည်။
ယခု ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတုပါလောင်ဒုက္ခသည်စခန်းတွင် အသက် ၄၈ နှစ်အရွယ် Mohib Ullah မှာ ၎င်း၏ရုံးခန်းတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ သူသည်ဒုက္ခသည်များအရေးဆောင်ရွက်ရာတွင် လူသိများသူလည်း ဖြစ်သည်။ အဆိုပါသတ်ဖြတ်မှုပြီးနောက် အနည်းဆုံး လူ၁၇၂ ဦးအားဖမ်းဆီးခဲ့ကြောင်းနှင့် ဖမ်းခံရသူများက ၎င်းတို့သည် အာဆာအဖွဲ့ဝင်များဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုထားကြောင်း ဘင်္ဂလားဒေ့ရှ်အထူးရဲတပ်ဖွဲ့ကို ကိုးကားပြီး VOA သတင်းဌာနက ရေးသားခဲ့သည်။
အဆိုပါ ဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိသူများမှာ မြန်မာဖက်သို့ ပြန်လည်ဝင်ရောက်လိုမှုများပြားလာပြီး တစ်ချို့မှာ မတတ်နိုင်သည့်အဆုံး ခိုးဝင်လာခဲ့ကြသည်။
၂၀၁၇ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသူများကို ပြန်လည်လက်ခံရေးအတွက် ဒီချုပ်ဦးဆောင်သော ဒီမိုကရေစီအစိုးရ လက်ထက်က နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ဆောင်ရွက်ခဲ့သော်လည်း အဆိုပါအစီအစဉ်က ရှေ့မတိုးနောက်မဆုတ်ဖြစ်နေခဲ့သည်။ အစိုးရအစီစဉ်ဖြင့်မဟုတ်ဘဲ မိမိအစီစဉ်ဖြင့် ပြန်လည်ဝင်ရောက်ခဲ့ကြသည့် မိသားစုတစ်ချို့လည်းရှိခဲ့သည်။
ထိုသို့ မိမိအစီစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်ဝင်လာသူ ၃၀၀ ကျော်ကို မြန်မာအစိုးရဘက်က လက်ခံခဲ့သော်လည်း ကိုဗစ်ရောဂါ ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ မိမိအစီစဉ်ဖြင့် ပြန်ဝင်လာသူများကို လက်မခံတော့ဘဲ ပြန်လည်လက်ခံရေးလုပ်ငန်း ရပ်ဆိုင်းနေခဲ့သည်။
“ပထမတော့ မြန်မာအစိုးရကလည်း မိမိအစီစဉ်နဲ့ ပြန်လာသူတွေကို လက်ခံတယ်။ နောက်တော့ ကိုဗစ်ကြောင့် အကန့် အသတ်ရှိတာကြောင့် နောက်ပိုင်းအစိုးရလည်း သူတို့အစီစဉ်နဲ့ သူတို့လုပ်မှာပဲ။ အခုလည်း မိမိအစီစဉ်နဲ့ ဝင်လာမယ့်သူ ထောင်သောင်းချီရှိနေပါတယ်။ ကိုဗစ်ကင်းရှင်းသွားရင်တော့ ပြန်ခေါ်မယ်လို့ မျှော်လင့်နေပါတယ်” ဟု ဒေါ်ရှုးနားမျှာ ကပြောသည်။
သို့သော်လည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်ဝင်လာမည့် မိသားစု ဝင်များမှာ နောက်ထပ်စိုးရိမ်စိတ်များလည်းတိုးလာနေသည်ဟု ဒေါ်ရှုးနားမျှာ ကပြောသည်။
“ဒုက္ခသည်စခန်းမှာ အာဆာရဲ့ရန်ကို ကြောက်လန့်နေရသလို မြန်မာနိုင်ငံကိုဝင်လာရင်လည်း အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ ရန်ကိုလည်း စိုးရိမ်နေတယ်လို့ ပြောကြပါတယ်” ဟု ပြန်ပြောပြသည်။
ကိုဗစ်ကြောင့် ပြန်လည်လက်ခံရေးလုပ်ငန်းများ ရပ်ဆိုင်းနေချိန်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်များ နေရပ်ပြန်ရေးမှာ ပိုမိုနှောင့်နှေးနေခဲ့သည်။
မိမိအစီစဉ်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဝင်လာသည့် မိသားစုများအတွက် ပြန်လည်နေရာချထားရေးမှာ အစီစဉ်တကျ လုပ်ဆောင်ပေးမှုမရှိသေးဘဲ နီးစပ်ရာဆွေမျိုးနေအိမ်များတွင်သာ နေရာချပေးထားဆဲဖြစ်သည်။
“ကျမနေခဲ့တဲ့ရွာက သစ်ပင်တွေ၊ ခြုံပုတ်တွေနဲ့ တောတစ်ခုလိုဖြစ်နေပြီ။ ရွာကိုလည်း မပြန်ရသေးဘူး။ မြို့ပေါ်မှာပဲ အိမ်ငှားနေရတယ်”ဟု ဒေါ်ဘီဘီက ပြောသည်။
မြို့ပေါ်တွင် အိမ်ငှားနေထိုင်ရခြင်းအတွက် အိမ်ငှားခတစ်လလျှင် ကျပ်တစ်သိန်းကျော် ပေးနေရပြီး ခင်ပွန်းဖြစ်သူမှာ အပြင်ထွက်၍ ကြုံရာကျဘမ်းအလုပ်လုပ်၍ မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရသည်ဟု ဒေါ်ဘီဘီက ဆိုသည်။
သို့သော်လည်း မြန်မာနိုင်ငံတွင် စားရေးသောက်ရေး အဆင်မပြေမှုတစ်ချို့ရှိနေသော်လည်း ဒုက္ခသည်စခန်းတွင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများထက်စာပါက တော်သေးသည်ဟု သူကဆိုသည်။
အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပဋိပက္ခဖြစ်စဉ်များကြောင့် မြေစာပင်များဖြစ်ခဲ့ရပြီး နိုင်ငံဖြတ်ကျော်ထွက်ပြေးခဲ့ရသူများသည် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွင် နေထိုင်၍ အဆင်မပြေသလို မိမိနေရပ် ပြန်လာဖို့လည်း စစ်အာဏာသိမ်းမှုဖြစ်စဉ်အပေါ် စိုးရိမ်နေကြဆဲဖြစ်သည်ဟု ဒေါ်ဘီဘီက ပြောသည်။
စိုးရိမ်ကြောင့်ကြမှုများစွာဖြင့် သူ၏မိသားစုနှင့်အတူ ရှေ့ဆက်လျောက်နေရသည့် ဒေါ်ဘီဘီက “ကျမတို့ဘဝက ပြေးစရာ မြေလည်းမရှိ ပေးစရာငွေလည်းမရှိဖြစ်နေပါတယ်” ဟု ညှိုးငယ်သော အသံဖြင့်ပြောသည်။