ဒေဝီ။ ။
လွန်ခဲ့တဲ့ခုနှစ်လဝန်းကျင်က မိမိဥယျာဉ်ခြံမှာ ဝဥမျိုးစေ့တွေ စိုက်ပျိုးချိန်က တူးဖော်ရင် ရလာမယ့်ငွေကြေးတွေကို တွက်ချရင်း ဝဥစိုက်တောင်သူတစ်ဦးဖြစ်တဲ့ ဒေါ်နူးထန်းတစ်ယောက် ပျော်ရွင်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ ယင်းအပျော်တွေ ကွယ်ပျောက်ခဲ့ရတယ်။
ဘာကြောင့်လည်းဆိုတော့ လာမည့်လအနည်းငယ်ဆို တူးဖော်ပြီး ရောင်းချလို့ရတော့မယ့် သူ့ရဲ့ ဝဥစိုက်ခင်းတွေ တစ်ဝက် လောက်ဟာ ပျက်စီးနေခဲ့တာကြောင့်ပါ။
တစ်ဧကခွဲနီးပါးမြေနေရာမှာ ဝဥပင်တွေစိုက်ပျိုးထားပေမယ့် နေရပ်မှာဖြစ်တဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြေးလွှား နေရချိန် စိုက်ပျိုးခဲ့သမျှ အပင်တွေကို ထားပစ်ခဲ့ရတာပါ။
တိုက်ပွဲအခြေအနေ အနည်းငယ်လျော့ပါးတဲ့အချိန်မှာ ကိုယ့်ဥယျာဉ်စိုက်ခင်းတွေဆီ အရဲစွန့်ပြန်လာခဲ့ပေမယ့် စိုက်ခင်းတစ်ခု လုံး ပေါင်းတွေအပြည့်ဖြစ်နေပြီး စိုက်ခင်းကို မိသားစုတွေ နိုင်သလောက်ပြန်ပြုပြင်ခဲ့ပေမယ့်လည်း ဧကဝက်လောက်သာ အကောင်းအတိုင်း ပြန်လည်ရရှိခဲ့တယ်။
” ကျမတို့က စိုက်တာတော့ စိုက်ပြီးခဲ့တယ်။ တိုက်ပွဲကနေပြေးရပြီး ဘာမှမလုပ်ပဲပစ်ထားခဲ့ရတာကနေ ပြန်လာရတဲ့အချိန် မှာတော့ နည်းနည်းပြန်လုပ်နိုင်သွားတယ်။ တချို့က ပြေးသွားပြီး ကိုယ့်စိုက်ခင်းကို လုံးဝမလုပ်ဖြစ်တာတွေလည်းရှိတယ်။” လို့ ကန်ပက်လက်မြို့နယ်က ဝဥစိုက်တောင်သူတစ်ဦးဖြစ်တဲ့ ဒေါ်နူးထန်းက ပြောပါတယ်။
ဝဥစိုက်ပျိူးရေး အဓိကလုပ်ဆောင်နေတဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားနေတာကြောင့် တောင်သူတွေမှာ ဘေးလွတ်တဲ့တောထဲတောင်ထဲနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ရသလို၊ အချို့ကလည်း ဆွေမျိုး သားချင်းတွေရှိတဲ့ အခြားအရပ်ဒေသတွေမှာ သွားရောက်ခိုလှုံနေရတာကြောင့် စိုက်ပျိုးပြီးသား လယ်ယာမြေတွေ၊ သီးနှံ စိုက်ခင်းတွေကို ဂရုတစိုက် မလုပ်နိုင်အားဘဲ ဘေးလွတ်ရာ ရှောင်ရှားနေရဆဲဖြစ်တယ်လို့ ယင်းကပြောပါတယ်။
ချင်းပြည်နယ်လိုပဲ စစ်ကောင်စီနဲ့ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးအန္တရာယ်ကနေ ပြေးလွှားပုန်းရှောင်နေရတဲ့ဒေသ အသီးသီးက ပြည်သူတွေမှာ နေအိမ်တွေကနေစွန့်ခွာခဲ့ရရုံသာမက စိုက်ပျိုးထားတဲ့ လယ်ယာမြေတွေ၊ စပါးစိုက်ခင်း၊ သီးနှံစိုက်ခင်းတွေကိုပါ စွန့်ခွာထားပစ်ခဲ့ရပါတယ် ။
နေရပ်ကိုခွဲခွာပြီး ဘေးလွတ်ရာတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တောင်သူတွေမှာ စိုက်ပျိုးချိန်ကာလရောက်ပေမယ့် မစိုက် ပျိုးနိုင်သလို ရိတ်သိမ်းချိန်ကာလမှာလည်း မရိတ်သိမ်းနိုင်တော့တဲ့အတွက် စိုက်ပျိုးသီးနှံတွေ ရင်းနှီးထားရတဲ့ ငွေကြေးတွေ ဆုံးရှုံးရတဲ့အတွက် သောကရောက်နေရပါတယ်။
ဒေါ်နူးထန်က ဈေးကွက်မှာ ဝင်ငွေကောင်းတဲ့ဝဥကို စိုက်ပျိုးလာတာသုံးနှစ်ရှိပါပြီ။ အရင်နှစ်နှစ်တုန်းက ကိုယ့်လယ်ယာမှာ စတင်စိုက်ပျိုးဆဲဖြစ်တာကြောင့် ပိသာချိန်နည်းနည်းစီ စိုက်ပျိုးခဲ့ရာကနေ ယခုနှစ်မှာချေးငှားပြီး များများစားစား စိုက်ပျိုးခဲ့ ပေမဲ့လည်း မှန်းချက်မကိုက်ဖြစ်ခဲ့ရပါတယ်။
ပထမဆုံးစိုက်တဲ့နှစ်မှာ ပိသာငါးဆယ်စိုက်ပျိုးရာကနေ စီးပွားရေးတွက်ချေကိုက်တဲ့အတွက် ဒုတိယနှစ်မှာ ပိသာငါးရာ စိုက် ပျိုးခဲ့ပါတယ်။ တတိယမြောက်နှစ် (ယခုနှစ်)မှာတော့ ငွေကြေးချေးငှားပြီး သူပိုင်တဲ့လယ်နှစ်ဧကလုံးမှာ ပိသာချိန် တစ် ထောင် စိုက်ပျိုးမယ်လို့ ရည်မှန်းခဲ့တယ်။
” ဒီနှစ်မှာ များများလေးလုပ်မယ်ဆိုပြီးမှ၊ စစ်ဘေးလည်းရောက်တော့ မမျှော်လင့်ဘဲနဲ့ အကြွေးလည်းတင်တယ်၊ စစ်လည်း ပြေးရတယ်။ မှန်းထားတဲ့အတိုင်းလည်းမလုပ်နိုင်တော့ဘူး” လို့ ဒေါ်နူးထန်းက ပြောတယ်။
ဒေါ်နူးထန်းမှာ လယ်ဧကနှစ်ဧကရှိပေမယ့် တစ်ဧကခွဲသာ စိုက်ပျိုးခဲ့ရပြီး ကျန်နေရာမှာ ဝဥမျိုးနည်းနည်းနဲ့ ပြောင်းဖူး၊ဖရုံ၊ သခွားစတဲ့ ရာသီအလိုက် သီးနှံတွေကို စိုက်ပျိုးမယ်မှန်းထားတာပါ။
ဒီနှစ်မှာ ဝဥပေါက်ဈေးက တစ်ပိသာနှစ်ထောင်ဖြစ်မယ်လို့ တွက်ဆထားတော့ ဝဥမျိုး သိန်းလေးဆယ်ဖိုးရင်းပြီး စိုက်ပျိုးရင် သိန်း၆၀ကနေ ၈၀ကြားပြန်ရမယ်။ ဒီထဲက မျိုးစေ့စရိတ်၊လုပ်သားစရိတ်၊ မြေသြဇာစရိတ် နုတ်ပြီးရင် ၁၀သိန်းနဲ့ ကျန်အသီး သေးလေးတွေ မြတ်မယ်လို့လည်းမှန်းထားခဲ့တယ်။
ဒါပေမယ့် တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ရပြီး တိုက်ပွဲတွေလျော့ပါးလာလို့ ကန်ပလက်ကို ပြန်လာချိန်မှာ ဝဥစိုက်ခင်းက ဧကတစ်ဝက်လောက်ပဲ ပြန်လုပ်နိုင်ခဲ့တော့ မျှော်မှန်းထားတဲ့ ငွေကြေးအမြတ်အစွန်းတွေလည်း မရနိုင်တော့ဘူးလို့ ဆိုပါ တယ်။
ဝဥက နွေအကုန်မိုးဦးကျမှာ စတင်စိုက်ပျိုးပြီး မိုးအကုန်ဆောင်းဦးရာသီ ဒီဇင်ဘာ၊ ဇန်နဝါရီနောက်ပိုင်းမှာ တူးဖော်ပြီး ရောင်းချလို့ရပါတယ်။
ဝဥစိုက်ပျိုးရာမှာ တစ်လတစ်ကြိမ် ပေါင်းရှင်းရ နှစ်လတစ်ကြိမ် မြေဆီမြေသြဇာ ကျွေးလုပ်ဆောင်ရပေမဲ့ စစ်ပြေးရှောင်နေ ချိန် ဘာမှမထိန်းသိမ်းမပြုစုနိုင်ခဲ့တဲ့အတွက် စိုက်ပျိုးပြီးသားတွေ အကောင်းတိုင်းပြန်မရတာလို့ ဒေါ်နူးထန်းကဆိုတယ်။
ယခုနှစ်မှာ ငွေကြေးချေးငှားပြီး မျိုးဝယ်စိုက်ပျိုးခဲ့ရတဲ့အတွက် နှစ်ကုန်ချိန်မှာ ပြန်လည်ပေးဆပ်ရမယ့် ငွေကြေးတွေကြောင့် လည်း ခေါင်းခဲနေရတယ်လို့ ဆက်ပြောပါတယ်။
” အရင်တုန်းက လွတ်လွတ်လပ်လပ်လုပ်ရမယ်ဆိုပြီး ချေးငှားပြီးတော့လုပ်ခဲ့တဲ့အရာတွေက ဆုံးရှုံးပြီးတော့ ပြန်ပေးရမယ့် အချိန်ရောက်နေရော။” လို့ဒေါ်နူးထန်းကဆိုတယ်။
ဒါ့အပြင် ဧကဝက်လောက်ကပြန်လည် ပြုပြင်လို့ရပေမဲ့လည်း နိုင်ငံရေးအခြေအနေအရ ဒီဇင်ဘာ၊ ဇန်နဝါရီမှာ ပြန်လည် တူးဖော်လို့ရနိုင်ပါ့မလား၊ တူးဖော်နိုင်ရင်လည်း ချင်းပြည်နယ်အနှံ့ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် ဝဥ၀ယ်မယ့် ဝယ်လက် တွေရော ရှိပါ့မလားဆိုတာ တွေးပူနေရတယ်လို့ ဆိုပါတယ်။
” စစ်မဖြစ်တဲ့နေရာတွေမှာတော့ ဝယ်နေကျတယ်။ ဒီမှာတော့မလုပ်ရဲကြဘူး၊ စစ်ဖြစ်နေရင်တော့ ရောင်းလို့ရမှာမလွယ်ဘူး လို့ထင်တယ်။ စစ်ဖြစ်တော့ဝယ်မယ့် သူမလာရဲဘူးလေ၊ ဝယ်မယ့်သူမရှိရင်တော့ ပြန်လုပ်နိုင်တဲ့ ဧကဝက်လည်း ရောင်းရမှာ မဟုတ်ဘူး။” လို့ ဒေါ်နူးထန်းကပြောပါတယ်။
စစ်ဘေးရှောင်ထွက်ပြေးရလို့ လယ်ယာမြေတွေ၊ စိုက်ပျိုးသီးနှံတွေ ထားပစ်ခဲ့ရတဲ့ဖြစ်စဉ်တွေက ချင်းပြည်နယ်တစ်ခုထဲ မဟုတ်ပါဘူး။ စစ်ကောင်စီနဲ့ ထိတေ့ွတိုက်ပွဲဖြစ်တဲ့ ကယားပြည်နယ်၊ စစ်ကိုင်းနဲ့မကွေးက ကျေးရွာတွေလည်း အပါအဝင်ပါ။
” စစိုက်ကတည်းက အဆင်မပြေတာ။ မျိုးစေ့ချမယ်ဆိုကတည်းက ပြေးနေရတယ်။” လို့ ကယားပြည်နယ် ဒီမောဆိုးမြို့ နယ်က စစ်ဘေးရှောင်တောင်သူ ဇနီးမောင်နှံဖြစ်တဲ့ မစီစီ (အမည်လွှဲ)တို့နှစ်ဦးက ပြောပါတယ်။
ဒီမောဆိုးမြို့နယ်မှာ တိုက်ပွဲတွေဖြစ်တော့ စပါးစိုက်ပျိုးချိန်ကာလရောက်ပေမဲ့ ရွာသူရွာသားအများစု ဘေးလွတ်ရာ ထွက် ပြေးပုန်းရှောင်ခဲ့ပါတယ်။မစီစီတို့မိသားစုကလည်း တောထဲပြေးလွှားပုန်းရှောင်ရင်း ခင်ပွန်းဖြစ်သူက ထွန်ယက်ပြီး စိုက်ပျိုးဖို့ အသင့်ဖြစ်နေတဲ့ လယ်ယာမြေတွေထဲက မြေတစ်ဧကမှာ အန္တရာယ်ကြားက သွားရောက်စိုက်ပျိုးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
မစီစီတို့ဇနီးမောင်နှံက စပါးစိုက်ပျိုးဖို့အတွက် ရွာနဲ့နီးတဲ့နေရာနားက လယ်မြေတစ်ဧကနဲ့ စစ်တပ်နဲ့နီးတဲ့နေရာက လယ်မြေ ၈ ဧကကို ထွန်ယက်ရှင်းလင်းခဲ့ပြီး မေလကုန်မှာ စစ်ဘေးရှောင်ရတာကြောင့် ရွာဝန်းကျင်က မြေနေရာတစ်ဧကမှာသာ ဖြစ်သလို ကျဲချစိုက်ပျိုးခဲ့ရတယ်လို့ ဆိုပါတယ်။
လယ်ယာမြေတစ်ဧကမှာ ကျဲချစိုက်ပျိုးခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ စစ်ဘေးရှောင်ရဆဲဖြစ်တဲ့အတွက် ရွာလည်း မပြန်နိုင် စိုက်ပျိုးထားတဲ့ စပါးစိုက်ခင်းတွေလည်း ပြန်မကြည့်နိုင်တော့ဘူးလို့ ယင်းမောင်နှံကပြောပါတယ်။
” ခါတိုင်းနှစ်လို အေးအေးဆေးဆေးမထွန်ယက်ရဘူး၊ မပျိုးရဘူးဆိုတော့ ဖြစ်သလိုပဲစိုက်ချလိုက် ပြေးလိုက်ဆိုတော့ အလ ကားနစ်နာဆုံးရှုံးတယ်။ ထွန်ယက်လိုက်လို့ကုန်သွားတဲ့ အဖိုးခတွေ နစ်နာဆုံးရှုံးကုန်တယ်။ မိသားစုအကုန်လုံးလိုလိုပါပဲ” လို့ မစီစီတို့ ဇနီးမောင်နှံကပြောပါတယ်။
လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးရှောင်ရဆဲဖြစ်တော့ စိုက်ပျိုးထားတဲ့စပါးတွေကိုလည်း ပေါင်းမနှုတ်၊ မြက် မရှင်း၊ မြေသြဇာမကျွေးမပြုစုနိုင်တဲ့အတွက် သီးနှံထွက်နှုန်းလည်းရှိမှာမဟုတ်တော့ဘူးလို့ ယင်းတို့ မောင်နှံကပြောတယ်။
” အခုက ရိတ်သိမ်းတဲ့အချိန်တော့ရောက်ပြီ ဘာမှမလုပ်နိုင်ဘူးဆိုတော့ သုံးပုံတစ်ပုံတောင် ရချင်မှရမှာ”လို့ ဆိုတယ်။
မစီစီတို့ဇနီးမောင်နှံလို့ အလျင်အမြန်စိုက်ပျိုးလိုက်နိုင်တဲ့ တောင်သူအချို့တွေကလည်း ပြန်ရိတ်သိမ်းချိန်ရောက်လာတဲ့ အတွက် အသက်အန္တရာယ်ကြားက ရှောင်ရှားပုန်းကွယ်လို့ ပြန်ရိတ်သိမ်းကြတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။
တောင်သူတွေကစပါးနဲ့ အခြားရာသီသီးနှံတွေကိုတစ်နှစ်တာ စားနပ်ရိက္ခာဖူလှုံဖို့နဲ့ စီးပွားရေးအရရောင်းချဖို့ တွက်ချက်ပြီး စိုက်ပျိုးတဲ့အတွက် ကောင်းကောင်းမွန်မွန်မစိုက်ပျိုးနိုင်တာ၊ စိုက်ပျိုးပြီးမရိတ်သိမ်းနိုင်တာတွေက တောင်သူတွေအတွက် ငွေရေးကြေးရေးနဲ့ စားဝတ်နေရေးကို ခက်ခဲစေတယ်လို့ မစီစီတို့ ဇနီးမောင်နှံကပြောပါတယ်။
” အခုတော့မျှော်လင့်ချက်မရှိတော့ဘူးလေ။ ဝင်ငွေရဖို့လည်းအလားလာမရှိတော့ဘူး၊ ရောင်းဖို့ကလည်း ဘယ်သွားရောင်း ရမှန်းလည်းမသိ။ သီးနှံတွေက အထွက်နှုန်းမကောင်းတော့ ခါတိုင်းနှစ်ထက် အများကြီးလျော့သွားတယ်။ အရင်းတောင် ရချင်မှရမယ်” လို့ ယင်းတို့ဇနီးမောင်နှံက ပြောပါတယ်။
တစ်ဧကကျော်ကျော်လေးမှာဖြစ်သလို စပါးစိုက်ပျိုးခဲ့ရတဲ့အတွက် မျိုးစေ့ဝယ်ခ လုပ်အားခ မြေသြဇာစရိတ်တွေက ငါးသိန်း နဲ့ ခုနှစ်သိန်းကြားကုန်ကျခဲ့ပြီး ပုံမှန်ချိန်ဆို ၁၁သိန်းနဲ့ ၁၃သိန်းကြားပြန်ရမှာဖြစ်ပေမဲ့ အခုတော့ တစ်ပြားတစ်ချပ်မှ ပြန်မရ နိုင်တော့တဲ့အတွက် နောက်တစ်ရာသီမှာ အခက်အခဲဖြစ်မှာ အသေအချာပဲလို့ဆက်ပြောပါတယ်။
” ကိုယ်တစ်ယောက်ထဲတော့မဟုတ်ပါဘူး။ ရွာလုံးကျွတ်လိုဖြစ်နေတော့ လာမည့်နှစ်တွေ ဘယ်လိုရုန်းကန်ကျမလဲဆိုတာ နည်းနည်းတော့ စိုးရိမ်တာပေါ့။” လို့ယင်းမောင်နှံကပြောတယ်။
ကယားပြည်နယ်မှာဖြစ်တဲ့တိုက်ပွဲတွေကြောင့် အချို့ဒေသတွေမှာ ရွာလုံးကျွတ်ထွက်ပြေးရတာတွေကြောင့် စိုက်ပျိုးပြီးသား သီးနှံတွေကို ပြန်မရိတ်သိမ်းနိုင်တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အချို့က တောင်သူတွေရဲ့ စိုက်ခင်းတွေကို ကူညီရိတ်သိမ်းပေးတာတွေလည်း ရှိပါတယ်။
စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်လို့ရွာလုံးကျွတ်တိမ်းရှောင်ရတဲ့အတွက် မစိုက်ပျိုးနိုင် မရိတ်သိမ်းနိုင်သလို စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေက ရွာတွေထဲဝင် လူနေအိမ်တွေက အသုံးအဆောင်တွေဖျက်စီး မျိုးစေ့တွေ မြေသြဇာတွေကို ဖျက်စီးခဲ့လို့ မစိုက် ပျိုးနိုင်တာတွေလည်း ရှိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ကန္နီမြို့နယ်က ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးက ရွာတွေက ကယားနဲ့ချင်းတို့လို့ တိုက်ပွဲအကြီးအကျယ်မရှိသေးတဲ့အတွက် နေအိမ်စွန့်ကာ ရက် ရှည်ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်တွေမရှိပေမယ့် စစ်ကောင်စီတွေက ရွာတွေကို ဝင်ရောက်ရှာဖွေတဲ့အခါ၊ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ ထိတွေ့မှုဖြစ်တဲ့အခါမျိုးမှာ ရွာသားတွေက ပုန်းရှောင်လိုက် အခြေအနေ တည်ငြိမ်သွားရင် ပြန်လာလိုက်နဲ့ဖြတ်သန်းနေရတယ်လို့ ယင်းဒေသခံကပြောပါတယ်။
” တချို့အိမ်တွေမှာ နှမ်းတွေ မြေပဲဆံမျိုးတွေကို လှန်မှောက်ပစ်တာမျိုးတွေ။ ဓာတ်ဆီတွေ ရေနံဆီတွေ လောင်းထားခဲ့တာ မျိုးတွေရှိတယ်။ မြေပဲဆီတွေကိုလည်း သွန်မှောက်ဖျက်စီးခဲ့တာရှိတယ်။ ဒုက္ခရောက်တာပေါ့။ မင်းကင်းမှာဆို ဘာမှမစိုက် ပျိုးနိုင်ဘဲ ထွက်ပြေးနေရတာပေါ့။ တစ်နေရာနဲ့တစ်နေရာမတူပေမဲ့ ဒုက္ခတွေကတော့အတူတူပဲ” လို့ ယင်းကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေက တောင်သူတွေမှာ မစိုက်ပျိုးနိုင် မရိတ်သိမ်းနိုင်တဲ့ဖြစ်စဉ်တွေမှာ စိုးရိမ်ပူပန်ရတာက လက်ရှိ စိုက်ပျိုးတဲ့ကာလထက် နောက်တစ်ရာသီစာပြန်စိုက်ပျိုးရမဲ့ မျိုးစိတ်အခြေအနေဖြစ်တယ်လို့ စိုက်ပျိုးရေး ပညာရှင်တစ်ဦး က ပြောပါတယ်။
” ဥပမာပြောရရင် ချင်းတောင်နဲ့ကိုက်ညီတဲ့မျိုးကျတော့ သူတို့ကကိုယ့်မျိုးကိုယ် ပြန်ထားပြီးတော့ စိုက်ကြတာ၊ ဒီနှစ်မရိတ် လိုက်ရဘူး၊ မျိုးမယူလိုက်ရတော့ နောက်နှစ်တွေအတွက် စိုက်စရာမရှိဘူးဆိုရင် စိုက်ပျိုးရေးအတွက် မျိုးတစ်ခေါက် ပြတ် သွားပြီဆိုရင် အဲ့ဒါကတော်တော်နဲ့ ပြန်အဖတ်ဆယ်လို့ မရတော့ဘူးလေ။ ဒါကိုတော့စိတ်ပူတယ်” လို့ ယင်းပညာရှင်က ပြောပါတယ်။
ဒါ့အပြင် စိုက်ပျိုးရာသီမှာ မစိုက်ပျိုးနိုင် မရိတ်သိမ်းနိုင်တဲ့အတွက် တောင်သူတွေရဲ့ စီးပွားရေးနဲ့ငွေကြေးပိုင်းတွေမှာ အခက် အခဲ ကြုံရမှာဖြစ်တဲ့အတွက် ဒါကလည်း စဉ်းစားရမဲ့အချက်လို့ယင်းကဆက်ပြောတယ်။
” သူတို့ရဲ့ အခြားလိုအပ်ချက်တွေ ကျန်းမာရေး ပညာရေး မဖြည့်ဆည်းနိုင်တော့တာပေါ့။ အသုံးစရိတ်မရှိတာ၊ စီးပွားရေး ထိခိုက်ဝင်ငွေထိခိုက်လာမယ်၊ အစားအသောက်ကတော့ ကိုယ့်ဒေသကထွက်တဲ့ အစားအသောက်နဲ့ ရပ်တည်လို့ရတယ်။ ကျန်တဲ့လိုအပ်ချက်တွေတော့ တော်တော်ကိုဒုက္ခရောက်နိုင်တယ်။”လို့ ဆိုပါတယ်။
စစ်ဘေးရှောင်တောင်သူတွေကတော့ ဒီအခြေအနေဆိုးကြီးကနေ အမြန်ဆုံးဖြတ်ကျော်ချင်ပါပြီ။ ဒီတစ်ရာသီမှာ စိုက်ပျိုး ခဲ့သမျှ သီးနှံတွေရင်းနှီးထားတဲ့ ငွေကြေးတွေဆုံးရှုံးပေမယ့်လည်း လာမယ့်ကာလတွေမှာ နိုင်ငံရေးအခြေအနေပြန်ကောင်း လာ ရင် ပြည်သူတွေရဲ့ ပံ့ပိုးမှုတွေနဲ့ ကိုယ်တိုင်ပြန်လည်ကြိုးစားပြီး ရှင်သန်နိုင်မှာဖြစ်ပေမယ့် ဒီအခြေအနေတိုင်းပဲဆို ရင်တော့ ရှေ့ ဆက်ဘယ်လိုရုန်းကန်ရမလဲဆိုတာ မတွေးတောနိုင်တော့ဘူးလို့ ဆိုပါတယ်။
ဒေါ်နူးထန်းကလည်း နိုင်ငံရေးအခြေအနေ ပြန်ကောင်းစေချင်ပါတယ်။ ဒါမှသာ ဆုံးရှုံးခဲ့သမျှကို ပြန်လည်ကြိုးစားနိုင်မှာ ဖြစ်တယ်။ အခုကတော့ ဆုံးရှုံးသွားတဲ့ကျန်ဧကတစ်ဝက်ကို ပြန်ပြုပြင်နိုင်ဖို့ရယ်၊ ဒီနှစ်ကုန် ပေးဆပ်ရမယ့်ငွေကြေးတွေကို မဖြစ် ဖြစ်တဲ့နည်းနဲ့ ဆပ်နိုင်ဖို့သာ ကြိုးစားရုန်းကန်ဦးမယ်လို့ ဆိုပါတော့တယ်။ ××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××