မောင်မေယု။ ။
သုံးဆယ့်တစ်ဘုံစေတီကြီးသည် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ရှိ အထင်ကရ စေတီ ကြီးတစ်ဆူ ဖြစ်ပါသည်။ ဤစေတီကြီးအနီးဝန်းကျင်တွင် စံဂိုးထင် ၊ သျှစ်သျှားတောင် ၊ ဥယျာဉ်သာ ၊ ကျောက်ရန် ၊ နွားရုံတောင် ၊ ကွမ်းတောင် ၊ စပါးထား စသည့်ရခိုင်တိုင်းရင်းသားရွာများ များစွာတည်ရှိလေသည်။ ယခု အခါတွင် ထိုရွာအားလုံးနီးပါးသည် ပြီးခဲ့သည့်ရခိုင်ပြည်တွင်းစစ်ပွဲများကြောင့် ပျက်စီးသွားခဲ့ပြီဖြစ်သည်။ ရွာသူ ရွာသားများသည်လည်း စစ်ဘေးရှောင်ဒုက္ခသည်များအဖြစ်ဖြင့် စစ်ဘေးရှောင်စခန်းများသို့ ရောက်ရှိခဲ့ကြလေသည်။ ထိုသို့ရောက်ရှိခဲ့ကြသူများ အထဲတွင် စံဂိုးထင်ကျေးရွာမှ အသက်(၈၀)ခန့်ရှိပြီဖြစ်သော အဘွားအို ဒေါ်မြတ်ထွီး လည်းပါဝင်ခဲ့လေသည်။
ရခိုင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များသည် (၈)ပေ ပတ်လည်လောက်သာရှိသော တဲအိမ်ကလေးများ တွင် မိသားစုလိုက် ကျပ်တည်းစွာ နေထိုင်ကြရခြင်း ဖြစ်ပါသည်။ အချို့စခန်းများတွင်ဆိုလျှင် တန်းလျားများထဲ၌ အခန်းခွဲ၍ နေထိုင်ကြရခြင်းဖြစ်သည်။ အချို့စခန်းများရှိ တဲကလေးများမှာ ဓနိမိုး ၊ ဝါထရံကာများဖြစ်ကြပြီး အများစုမှာ မိုးကာတဲကလေးများဖြစ်ကြလေသည်။ ဘူးသီးတောင်မြို့နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည်စခန်း (၉) ခုထိရှိပြီး အများစုမှာ ဓနိမိုး ၊ ဝါးထရံကာ တဲကလေးများနှင့် နေထိုင်ရခြင်းဖြစ်ပြီး မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းဝင်းများ ထဲတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။
အသက်(၈၀)ခန့် ရှိပြီဖြစ်သော အဘွားအိုဒေါ်မြတ်ထွီးသည် လမ်းမဘုန်းတော်ကြီးကျောင်းရှိ စစ်ဘေး ရှောင်စခန်းတွင် ခိုလှုံနေသော သက်ကြီးစစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်ပါသည်။ စစ်ဘေးဒုက္ခသည်အများစုသည် (၈)ပေပတ်လည် တဲကလေးတွင် မိသားစုလိုက် နေထိုင်ကြရသော်လည်း အဘွားအိုဒေါ်မြတ်ထွီးမှာမူ တစ် ယောက်တည်း အထီးကျန်စွာဖြင့် နေထိုင်ရလေသည်။ အကြောင်းမှာ အဘွားအို ဒေါ်မြတ်ထွီး၏ ခင်ပွန်းဖြစ်သူ သည် စစ်ပွဲဖြစ်ပွားချိန်၌ ကျေးရွာကိုစွန့်ခွာပြီး အသက်လုထွက်ပြေးကြရသောအခါ သေဆုံးခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ခင်ပွန်းသည် သေးဆုံးခဲ့ရသလို သား နှင့် မြေးဖြစ်သူလည်း စစ်ပွဲမဖြစ်ခင် နှစ်များစွာက သေးဆုံးခဲ့ခြင်းကြောင့် မိမိကိုယ် ကို အပူအိုးကိုဆောင်းထားသူနှင့် တူသည်ဟု အဘွားအိုဒေါ်မြတ်ထွီးက ဆိုလေသည်။
“အဘွားရဲ့အဖြစ်က အပူအိုးကို ဆောင်းထားသလိုပါပဲ ၊ တစ်ဦးတည်းရှိခဲ့တဲ့သားက စောစီးစွာ သေဆုံး ခဲ့တယ် ၊ နောက်ပြီး မြေးဖြစ်တဲ့သူကလည်း စစ်ပွဲကြီးမဖြစ်ခင် မိုးကြိုးထိပြီး ဆုံးတယ်၊ အခု စစ်ပွဲဖြစ်ခဲ့တဲ့ အချိန်မှာ ခင်ပွန်း ဖြစ် သူကို ဆုံးရှုံးခဲ့ရတယ်” ဟု အဘွားအိုဒေါ်မြတ်ထွီးက မျက်ရည်ကလေးဝဲပြီး ပြောပြသည်။
ရခိုင်ပြည်တွင်းတွင် မြန်မာတပ်မတော်နှင့် ရခိုင့်တပ်တော်တို့၏ စစ်ပွဲများသည် ၂၀၁၉ ခုနှစ်မှ စ၍ ၂၀၂၀ နှစ်ဆုံးထိတိုင် ပြင်းထန်ခဲ့ပါသည်။ ထိုသို့စစ်ပွဲများ ရခိုင်ပြည်မြောက်ပိုင်းရှိ နေရာအနှံ့တွင် ဖြစ်ပွားလာချိန်တွင် ကျေးလက်နေပြည်သူအများစုသည် ရွာများကိုစွန့်ခွာပြီး ထွက်ပြေးခဲ့ကြရသည်။ ထိုသို့ ထွက်ပြေးသူများထဲတွင် အဘွားဒေါ်မြတ်ထွီးတို့ စုံဂိုးထင်ရွာသားများလည်း ပါဝင်ခဲ့လေသည်။ ရွာသားများသည် ငြိမ်းချမ်းရာအရပ်သို့ ထွက်ပြေးကြသော်လည်း အဘွားအိုဒေါ်မြတ်ထွီးတယောက်ခင်ပွန်းဖြစ်သူ အဘိုးအို ကျန်းမာရေးမကောင်းသဖြင့် အိပ်ရာထဲ လဲနေရခြင်းကြောင့် မထွက်ပြေးနိုင်ခဲ့။
သို့သော်လည်းလက်နက်ကြီးများ ကျေးရွာအနီးဝန်းကျင်သို့ ကျရောက်ပေါက်ကွဲလာသောအခါ အဘွားအို ဒေါ်မြတ်ထွီး သည် ခင်ပွန်းဖြစ်သူကို နေအိမ်တွင်ထားခဲ့ပြီး မလွှဲသာမရှောင်သာ ထွက်ပြေးခဲ့ရလေသည်။ ခင်ပွန်းဖြစ်သူ မှလည်း မိမိသည် သေသူဖြစ်၍ စိတ်ချစွာထားခဲ့ရန်၊ အဘွားကိုမူ ရွာသားများနည်းတူ လွတ်ရာသို့ ပြေးရန် တောင်းပန်သောကြောင့် ဒေါ်မြတ်ထွီးသည် မျက်ရည်ကလေးဝဲပြီး လူငယ်များတွဲခေါ်ယူရာသို့ ပါခဲ့ရခြင်း ဖြစ်ပါသည်။
သို့သော်လည်း အဘိုးအိုအား လုံးဝစွန့်ပစ်ခဲ့ခြင်းမဟုတ်ချေ။ တိုက်ပွဲငြိမ်ချိန်တွင် ကျေးရွာမှလူလတ် ပိုင်းများသည် ရွာသို့ပြန်သွား၍ ရွာ့အခြေအနေကို စောင့်ကြည့်ကြလေသည်။ အဘွားအိုဒေါ်မြတ်ထွီးသည် ထိုလူ များဖြင့် အဘိုးအိုအတွက် စားသောက်ဖွယ်ရာများ ပေးပို့ခဲ့လေသည်။ သတ္တိရှိလှသော လူလတ်ပိုင်းရွာသားအချို့ သည် ရွာသို့ပြန်သွားလိုက် တိုက်ပွဲဖြစ်သံကြားလျှင် ပြန်လာလိုက်ဖြင့် နေကြလေသည်။ ထိုသို့မနေလျှင် လူမရှိ သောရွာအား တက်မွှေပြီး မီးတိုက်ဖျက်ဆီးမည်ကို စိုးရိမ်ရသည်မဟုတ်လား။
တစ်နေ့တွင် ရောဂါကျွမ်းနေသော အဘိုးအိုမှာ စစ်ပွဲထဲ ပြုစုသူမဲ့ခြင်းကြောင့် သေးဆုံးလျက်သာ တွေ့ ခဲ့ကြသည်ဟု ဆိုပါသည်။ အဘွားအို၏ ခင်ပွန်းသည် မသေသင့်ဘဲ သေခဲ့ရခြင်းဖြစ်သောကြောင့် မျက်ရည်ပေါက်တို့ဖြင့် အဘွားအိုက ဝမ်းနည်းစွာငိုခဲ့ရသည်။ “အဘွားရဲ့ ခင်ပွန်းဟာ မသေသင့်ပဲ သေခဲ့ရ တာပါ၊ ဒီစစ်ပွဲသာ မဖြစ်ခဲ့ရင် ကုလို့ရပါသေးတယ်၊ အခုက ပြုစုမယ့်သူ မရှိခဲ့လို့ သေခဲ့ရတာပါ”
ယခုအချိန်တွင် အဘွားအိုဒေါ်မြတ်ထွီးတစ်ယောက် အနီးကပ်ပြုစုစောင့်ရှောက်မည့် ဆွေမျိုးရင်းတို့ မရှိခြင်းကြောင့် ဘဝ၏နေဝင်ချိန်ကို ခက်ခဲဝမ်းနည်းစွာ ဖြတ်သန်းနေရလေသည်။ ဒုက္ခသည်စခန်းတွင် လူကယ် ပြန် နှင့် ICRC မှ လစဉ်ကူညီထောက်ပံ့သော ရိက္ခာပစ္စည်းများသည် အဘွားအိုအတွက် လုံလောက်မှုရှိသော် လည်း ကျန်းမာရေးမကောင်းမည်ကို စိုးရိမ်နေမိလေသည်။
“ပြီးခဲ့တဲ့ လက ကိုဗစ်ကာကွယ်ဆေး ထိုးဖို့ တဖြည်းဖြည်းသွားခဲ့တယ် ၊ ဆရာဝန် စမ်းသပ်တော့ သွေးတိုး နေတယ်တဲ့ ၊ အဘွားလည်း လန့်သွားတယ် ၊ ဆေးကလေးတွေ ပေးလိုက်တယ် ၊ အခုတော့ ကိုဗစ်ကာကွယ် ဆေး နှစ်ကြိမ်တောင် ထိုးပြီးပြီ ၊ ဒါပေမယ့် အသက်ကြီးပြီဆိုတော့ မကျန်းမာပြန်ဘူး ၊ ထိုင်ရင် ထမရဒူးဆစ်တွေ နာလာတယ် ၊ ကျန်းမာရေးမကောင်း ဖြစ်မှာကိုတော့ စိုးရိမ်မိတယ်” ဟု အဘွားဒေါ်မြတ်ထွီးက စိတ်မကောင်းစွာဖြင့် ပြောပြသည်။
အဘွားသည် နှာရှူဘူးကလေးကို ကောက်ကိုင်၍ နှာခေါင်းထဲသွင်းပြီး ရှူရှိုက်နေလေသည်။ တစ် ကိုယ်တည်းအထီးကျန်စွာ ချက်ပြုတ်စားသောက်နေထိုင်သူဖြစ်၍ မိမိကိုယ်ကို အားတင်းထားသည်ကိုလည်း တွေ့ရသည်။ ရွာမှာသာ အေးချမ်းစွာနေထိုင်ခဲ့ရမည်ဆိုလျှင် ဤမျှလောက် ဒုက္ခရောက်မည်မဟုတ်ဟု ဆိုပြန် သည်။ ယခုဤဒုက္ခသည်စခန်းတွင် လူတိုင်းသည် အပူသည်များဖြစ်ကြသည့်အတွက် တစ်ဦးဒုက္ခကို တစ်ဦးက မဖြေရှင်းနိုင်ကြချေ။ ထို့ကြောင့် ရွာပြန်ပြီး နွေးထွေးစွာ လုပ်ကိုင်စားသောက်ချင်ကြခြင်းသည် စစ်ဘေးဒုက္ခသည် အားလုံး၏ ဘုံဆန္ဒပင်ဖြစ်လေသည်။ သို့သော်လည်း သူတို့၏ အိမ်ပြန်ခရီးသည် ဝေဝါးနေဆဲပင် ဖြစ်ပါသည်။
ရခိုင်ပြည်တွင် ဖြစ်ပျက်ခဲ့သော မြန်မာ့တပ်မတော် နှင့် ရခိုင့်တပ်တော်တို့၏ ပြည်တွင်းစစ်ပွဲသည် အလွန် ပြင်းထန်ခဲ့ပါသည်။ နှစ် နှစ်ခန့်ဖြစ်ပွားခဲ့သော စစ်ပွဲများတွင် အင်တာနက်ကို တစ်နှစ်ကျော်ကြာအောင် ပိတ်ထား ခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော လက်နက်ဆန်းများ ၊ စစ်ရေယဉ်များ နှင့် တိုက်လေယဉ် များကိုပါ အသုံးပြုခဲ့ကြသည်။ ထို့ကြောင့် ရခိုင်မြောက်ပိုင်းရှိ ကျေးရွာအများစုသည် ပြိုပျက်စီးခဲ့ရပြီး ပြည်သူအများစု ဖမ်းဆီးနှိပ်စက်ခံခဲ့ကြရသည်။ အချို့မှာ သေဆုံးခဲ့ရသည်။ အချို့မှာ ဒုက္ခိတ ဖြစ်ခဲ့ကြရလေသည်။ အများစုမှာ စစ်ဘေးရှောင်ဒုက္ခသည်များအဖြစ် ဘဝကိုဆင်းရဲကျပ်တည်းစွာဖြင့် ဖြတ်သန်းနေကြရလေသည်။ ထိုအထဲတွင် အဘွားအိုဒေါ်မြတ်ထွီးကဲ့သို့ ဘဝ၏နေဝင်ချိန်ကို ခက်ခဲစွာဖြတ်သန်းနေသူများလည်း များစွာပါရှိနေလေမည်။ ထိုသူတို့အားလုံးသည် စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို သုံးနှစ်ကျော်ကြာ ခံစားနေကြရသူများဖြစ်ကြလေ သည်။