Honest Information (HI)
“ အတွင်းခံဆိုတာ အမျိုးသားတွေအတွက်တော့ သာမာန်လိုအပ်မှုပါပဲ။ အမျိုးသမီးတွေကျတော့ မဖြစ်မနေလိုအပ်တာ။ ကျန်းမာရေးအရဆိုရင်လည်း အမျိုးသမီးတွေအတွက် တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ဆက်စပ်နေသလို သူ့အရှက်နဲ့ဂုဏ်သိက္ခာ ဖြစ်တာကြောင့် အင်မတန်မှအရေးပါပါတယ်”လို့ ပွင့်လင်းစွာထုတ်ပြောလာသူက မသဇင်မျိုးပါ။
နေရပ်ကိုစွန့်ခွာပြီး စစ်ဘေးရှောင်နေရတဲ့အမျိုးသမီးတွေနဲ့ တောထဲမှာ ခုခံစစ်ဆင်နွှဲဖို့ စစ်ရေးလေ့ကျင့်နေကြတဲ့ အမျိုး သမီးတွေအနေနဲ့ အတွင်းခံတွေလိုအပ်ချက်အရ အကူအညီတောင်းလာတဲ့အပေါ်မှာ ဝေဖန်လာတဲ့အတွက် သူက အခုလို ချေပပြောဆိုလိုက်တာ ဖြစ်တယ်။
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ဇာတိဖြစ်တဲ့ မသဇင်မျိုးဟာ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ပြီး ယခင်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်နေသူပါ။ လက်ရှိမှာ အလုပ်တွေရပ်နားထားရသလို စစ်တပ်ရဲ့ လိုက်လံဖမ်းဆီး မှုတွေကြောင့် တိမ်းရှောင်နေရင်းနဲ့ စစ်ရှောင်တွေကို အကူအညီပေးနေတာဖြစ်တယ်။
ဒီလိုကူညီနိုင်ဖို့အတွက် သူတစ်ယောက်ထဲအားနဲ့ မတတ်နိုင်တာကြောင့် သူငယ်ချင်းမိတ်ဆွေနဲ့ လုပ်ငန်းရှင်တချို့ထံမှ အကူအညီတွေယူကာ စစ်ရှောင်အမျိုးသမီးတွေကို တတ်နိုင်သမျှထောက်ပံ့မှုတွေပေးနေသူလည်း ဖြစ်ပါတယ်။
အမျိုးသမီးအတွင်းခံတွေ၊ လစဉ်သုံးပစ္စည်းတွေဆိုတာ အမျိုးသမီးတွေရဲ့စိတ်ခန္ဓာကို လုံခြုံစိတ်ချရမှုကို အပြည့်အဝပေးနိုင် တဲ့တစ်ခုထဲသော အဝတ်အထည်ပါ။ ဒါကိုပဲ အမြင်ကျဉ်းသူတချို့က အရေးမဟုတ်တာ အရာလုပ်တယ်ဆိုတဲ့သဘောနဲ့ ရှုတ်ချလှောင်ပြောင်နေကြတာတွေလည်းရှိပါတယ်။
တကယ်တော့ အမျိုးသမီးဝတ်အတွင်းခံနဲ့ လစဉ်သုံးပစ္စည်းတွေဟာ အထင်သေးစရာမဟုတ်သလို ကျန်းမာရေးအရလည်း ပေါ့ပေါ့ဆဆနေလို့မရပါဘူး။ အခုကာလမှာဆိုရင် စစ်ဘေးရှောင်တွေနဲ့ တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးရဲဘော်တွေအတွက် အတွင်းခံတွေ လိုအပ်နေတာဟာ အခက်အခဲတစ်ခုလိုဖြစ်နေတာပါ။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှာခိုလှုံနေတဲ့ မနွယ်ဆန်းဦးက“အတွင်းခံနဲ့ လစဉ်သုံးတွေကတော့ ကျမတို့အတွက် အရေးတကြီးလိုနေတာအမှန်ပဲ။ ဒါတွေမရှိတော့ ဖြစ်သလိုနေထိုင်ရတော့ ဆီးပိုး ဝင်တာ၊ အနာတွေလည်းဖြစ်လာတယ်”လို့ ဆိုပါတယ်။
အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ မနွယ်ဆန်းဦးကတော့ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှာ မိသားစုနဲ့အတူခိုလှုံနေတာ တစ်နှစ်ကျော်ရှိပါပြီ။ သူဆိုရင် ဒီစခန်းရောက်မှ ဓမ္မတာသွေးစဆင်းတာကြောင့် အခက်အခဲများစွာနဲ့ ကြုံနေရသူလည်း ဖြစ်တယ်။
မနွယ်ဆန်းဦးက“ရာသီသွေးစဆင်းတုန်းက ရှက်လည်းရှက်၊ ကြောက်လည်းကြောက်တယ်။ သူများမြင်မှာလည်း စိုးရတဲ့ အထဲ အတွင်းခံတွေက မရှိဘူး။ အမေကအဝတ်စုတ်တွေနဲ့ရှာလုပ်ပေးတော့ အတော်လေးအဆင်မပြေခဲ့ဘူး။ တခါတလေ အတွင်းခံအစိုတွေ ဝတ်ရတယ်”လို့ ပြောပြပါတယ်။
သူ့မှာအတွင်းခံဘောင်းဘီ လုံလောက်အောင်မရှိတာကြောင့် ဖခင်၊ အကိုနဲ့ မောင်ရှေ့မှာ မနေရဲသလို နာကျင်မှုကိုလည်း ချုပ်တည်းထားရတဲ့အတွက် ရာသီလာတဲ့ရက်ရောက်မှာကိုတောင် ကြောက်လာတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မဆန်းနွယ်ဦးက အမျိုးသမီးတစ်ယောက်မှာ ဘော်လီ၊ ဘရာစီယာတို့ကတော့ တစ်ယောက်ကို အနည်းဆုံးသုံးစုံ လောက်ရှိသင့်ပြီး ဘောင်းဘီကတော့ အနည်းဆုံးငါးထည်လောက်ရှိသင့်တယ်လို့ ထောက်ပြပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ကြား နှစ်နှစ်နီးပါးကြာအောင်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့ရာမှ ၂၀ ၂၀ ခုနှစ်၊ နိုဝင်ဘာမှစလို့ တိုက်ပွဲတွေရပ်ဆိုင်းသွားတာနဲ့အတူ ထောက်ပံ့မှုတွေကလည်း တဖြေးဖြေးလျော့နည်းလာရမှာ လက်ရှိမှာမရှိသလောက်ကို ဖြစ်သွားရပါပြီ။
ထောက်ပံ့မှုတွေ ရပ်ဆိုင်းသွားတာနဲ့အမျှ ဒီအပေါ်မှာ မှီခိုနေကြတဲ့ စစ်ဘေးရှောင်တွေအနေနဲ့ လိုအပ်ချက်များစွာ ရှိလာပြီး စစ်ရှောင်အမျိုးသမီးတွေအတွက်လည်း အတွင်းခံတွေနဲ့ လစဉ်သုံးပစ္စည်းတွေ ပြတ်လပ်သွားတဲ့အထိဖြစ်သွားခဲ့ရပါတယ်။
ယခင်ကတော့ သူတို့စစ်ရှောင်စခန်းက အမျိုးသမီးတွေအတွက် အတွင်းခံတွေနဲ့ လစဉ်သုံးပစ္စည်းတွေကို အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာလေ့လာရေးအဖွဲ့ (CDNH)က လစဉ်ပုံမှန်ပေးခဲ့ပေမယ့် အခုထောက်ပံ့မှုမရတာ လေးလခန့်ရှိပြီ ဖြစ်လို့ အခုလိုပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပဲဖြစ်တယ်။
အမျိုးသမီးတစ်ယောက်အနေနဲ့ ကျန်းမာရေးအတွက်လိုအပ်ချက်က အသေးစိတ်ကျလွန်းပါတယ်။ အတွင်းခံတွေပေးလှူရ မှာလည်း တစ်ယောက်နဲ့ တစ်ယောက်လိုအပ်ချက်မတူကြပါဘူး။ ဥပမာ အတွင်းခံဘော်လီဆိုရင်လည်း ဆိုဒ်ကအစ အသေးစိတ် ဂရုစိုက်လုပ်ပေးရမှာပါ။
လစဉ်သုံးပစ္စည်းတွေဆိုလည်း ခန္ဓာကိုယ်အကြီးအသေးအတွက် လစဉ်သုံးပစ္စည်းအထူအပါးစတဲ့အချက်တွေကအစ အဓိကကျတဲ့အတွက် သုံးဖို့ပစ္စည်းရှိရင်တောင်မှ အသုံးတည့်ဖို့ကလည်း လိုအပ်ပါသေးတယ်။
စစ်ရှောင်တွေကို အကူအညီပေးနေတဲ့ မသဇင်မျိုးကတော့“အတွင်းခံတွေကတော့ ဆိုဒ်အစုံပေးပါတယ်။ မတော်တာ၊ ဘာညာဖြစ်တာမျိုးတော့ မရှိသလောက်ပဲ။ သူတို့လည်းကြံဖန်သုံးနေလို့လားတော့ မသိဘူး။ ဘောင်းဘီဆိုရင် ကလေး ဝတ်ကအစ ဂိတ်ဆုံးဆိုဒ်အထိပါတယ်”လို့ ဆိုပါတယ်။
ကိုယ်တိုင်ဝယ်သုံးဖို့ဆိုတာကလည်း အပိုဝင်ငွေရနိုင်မယ့်နေ့စားအလုပ်တွေကလည်း ကိုဗစ်ကန့်သတ်ချက်တွေကြောင့် လုပ်ငန်းတွေရပ်ဆိုင်းထားတဲ့အတွက် အမျိုးသမီးတွေအနေနဲ့ သူတို့လိုအပ်ချက်ကို မဖြည့်နိုင်ခဲ့ကြပါဘူး။
အကြောင်းကတော့ အမျိုးသမီးအတွင်းခံတစ်စုံက အနည်းဆုံး ငွေကျပ်ငါးထောင်နီးပါးရှိတာမို့ ဒီငါးထောင်ဟာ မိသားစု ခြောက်ယောက် ချွေချွေတာတာစားမယ်ဆိုရင် နှစ်ရက်စာနဲ့ညီမျှတာမို့ ကျန်းမာရေးထက် ဝမ်းရေးကို ဦးစားပေးနေရလို့ပါ။
ဒါ့အပြင် သုံးရေရဖို့အတွက် မနွယ်ဆန်းဦးတို့စစ်ရှောင်စခန်းကနေ အသွားအပြန်တစ်နာရီနီးပါးလမ်းလျှောက်သွားရတာမို့ ရေကို ဖောဖောသီသီမသုံးနိုင်တာကလည်း တကိုယ်ရေသန့်ရှင်းမှုမှာ အားနည်းနေရခြင်းရဲ့အကြောင်းအရင်း တစ်ရပ် ဖြစ်နေပါတယ်။
ဒီလိုအချက်တွေကြောင့်ပဲ အမျိုးသမီးတွေအတွက် အတွင်းခံတွေနဲ့ လစဉ်သုံးပစ္စည်းဟာ အရေးပါနေတာပဲ ဖြစ်တယ်။ လက်ရှိမှာ ဒီပစ္စည်းတွေပြတ်လပ်သွားတော့ သူတို့တွေဟာ ဖြစ်သလိုနေထိုင်ဖြေရှင်းတာကြောင့်လည်း ဗိုက်အောင့်တာ၊ ဆီးပိုးဝင်တာစတဲ့အမျိုးသမီးရောဂါတွေကို ခံစားနေရတာပါ။
ယခင်ကတော့ စစ်ရှောင်တွေနေထိုင်စားသောက်မှုအပြင် အမျိုးသမီးတွေရဲ့လိုအပ်ချက်တွေကို အစိုးရ၊ NGOs တွေနဲ့ အမျိုးသမီးအဖွဲ့အစည်းတွေက ဝိုင်းဝန်းပံ့ပိုးကြတာကြောင့် အခုလောက်အထိ အခက်အခဲမဖြစ်ခဲ့ကြပါဘူး။ လက်ရ ဒီအဖွဲ့အစည်း တွေက စစ်တပ်ရဲ့ဖမ်းဆီးမှုကို တိမ်းရှောင်နေရလို့ အရင်လိုကူညီမှုတွေ မပေးနိုင်တာဖြစ်တယ်။
ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်စခန်း ၁၃၄ ခုရှိပြီး လူဦးရေ ၉၆,၀၀၀ကျော်ရှိတဲ့အနက် အမျိုးသမီးဦးရေမှာ ငါးသောင်း ကျော်ရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)ရဲ့ စာရင်းတွေမှာဖော်ပြထားပါတယ်။
ဒီလိုကိစ္စတွေဟာ ရခိုင်ပြည်နယ်တစ်ခုထဲမှာဖြစ်နေတာတော့ မဟုတ်ပါဘူး။ စစ်ပဋိပက္ခရှိတဲ့နယ်မြေတိုင်း၊ ဒေသတိုင်းမှာ စစ်ရှောင်နေရတဲ့အမျိုးသမီးတိုင်း ကြုံတွေ့နေရတဲ့အခက်အခဲတွေပဲ ဖြစ်တယ်။
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ဆိုရင်လည်း စစ်ရှောင်နေရသူ တစ်သောင်းနီးပါးရှိတဲ့အနက် အမျိုးသမီးဦးရေ သုံးထောင်ကျော်ဟာ အလားတူလိုအပ်ချက်တွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
စစ်ရှောင်အမျိုးသမီးတွေကိုသီးသန့်ကူညီပေးနေတဲ့ ဒေါ်မိုင်သန်းလှက“လက်ရှိစခန်းမှာ အတွင်းခံတွေ၊ လစဉ်သုံးပစ္စည်း တွေနဲ့ သန္ဓေတားဆေးတွေလည်း အရေးပေါ်လိုအပ်နေတယ်။ နောက်ပုံမှန်သုံးလ၊တခါပို့ပေးနေတဲ့သန္ဓေတားဆေးတွေ ဟာ လေးလလောက်ပြတ်သွားတာလို့ ကလေးမွေးဖွားနှုန်းမြင့်လာတဲ့ ပြဿနာနဲ့ ကြုံနေရတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၈ရက်က ပလက်ဝမှာ ဗုံးပေါက်ကွဲမှုကြောင့် အဝင်အထွက်လမ်းကြောင်းတွေကို ကန့်သတ်ခဲ့သလို ဆမီးမြို့ ကနေ ပလက်ဝဝင်ခွင့်လမ်းကြောင်းကိုလည်း ပိတ်လိုက်တဲ့အတွက် ရန်ကုန်ကပို့လိုက်တဲ့ပစ္စည်းတွေဟာ ဆမီးမှာ သောင် တင် သွားခဲ့ပါတယ်။
ပုံမှန်အားဖြင့် ရန်ကုန်ကနေ ပလက်ဝကို အနည်းဆုံး ၄၅ ရက်၊ အများဆုံး နှစ်လလောက်ကြာအောင်သွားရတဲ့ခရီးဟာ ဒီလို ပိတ်ဆို့ဟန့်တားမှုတွေကြောင့် အချိန်လေးလလောက်ကြာမှရောက်သွားတဲ့အတွက် အခုလိုပြဿနာတွေဖြစ်ကုန်တာပါ။
ပလက်ဝမြို့ပေါ်က စစ်ရှောင်စခန်းတစ်ခုမှာခိုလှုံနေတဲ့ မမိုင်ယာက“ဘောင်းဘီတွေ၊ ဘော်လီတွေ၊ လစဉ်သုံးတွေ လုံးဝ ပြတ်သွားတော့ သစ်ရွက်တွေခူးပြီးခုထားရတယ်။ အဝတ်က လူတောင်ဝတ်ဖို့မလောက်ဘူး။ ခံစရာဘယ်ရှိမလဲ။ အရင်ထဲ က ဒီမှာနေရတာမလုံခြုံရတဲ့အထဲ အဲဒါတွေမရှိတော့ ပိုပြီးမလုံခြုံသလိုခံစားရတယ်”လို့ ပြောပါတယ်။
ဒီလိုတွေ့ရာပစ္စည်းတွေကို အသုံးပြုတာကြောင့် မိန်းမကိုယ်တွင်းပိုးဝင်ပြီး မိုင်ယာအနေနဲ့ အမြဲလိုလိုအဖြူဆင်းနေ တတ်တာကြောင့် နောက်ဆက်တွဲ မကြာခဏဖျားနာတာတွေလည်း ဖြစ်နေတယ်လို့ဆိုပါတယ်။
မမိုင်ယာတို့မိသားစု လေးယောက်ဟာ ပလက်ဝမြို့ပေါ်ရှိ စစ်ရှောင်စခန်းတခုမှာခိုလှုံနေထိုင်နေတာ နှစ်နှစ်နီးပါးကြာအောင် စခန်းအတွင်းမှာ မလုံမခြုံ၊ ထောက်ပံ့မှုမလောက်မငှနေနေရတာကြောင့် သူ့ရောဂါကို သေချာစွာကုသမှုမပြုနိုင်ကြပါဘူး။
စစ်ပြေးလာရသူအများစုဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာရတာကြောင့် အစစအရာရာ လိုအပ်ချက်တွေ ရှိ နေပြီး ဒီလိုအပ်ချက်တွေအတွက် အပိုဝင်ငွေဆိုတာ သူတို့မှာမရှိနေတာက သူတို့အတွက်အဓိကပြဿနာဖြစ်နေပါတယ်။ ပလက်ဝမှာလည်း ကိုဗစ်ကန့်သတ်ချက်တွေကြောင့် အလုပ်ထွက်လုပ်ဖို့ အခက်အခဲတွေရှိနေတာကလည်း သူတို့ကျန်းမာ ရေးကို ဂရုမစိုက်နိုင်တဲ့အချက်များစွာထဲက တစ်ချက်ဖြစ်ပါတယ်။
ဒေါ်မိုင်သန်းလှက“ကျမလည်း တတ်နိုင်သလောက်တော့ ကူပေးပါတယ်။ ဒါပေမယ့်တစ်ယောက်ထဲဆိုတော့ မနိုင်ဘူး။ အားလုံး လည်းမခြုံငုံမိနိုင်ဘူးလေ။ နောက်အရင်လိုလည်း အလှူတွေမရတော့ လုပ်ရတာပိုခက်ခဲလာတယ်။ အမျိုးသမီး လေးတွေ ဒီလိုဖြစ်နေတာ မကောင်းဘူး။ တာဝန်ရှိသူတွေက သေချာလုပ်ပေးသင့်တယ်”လို့ ထောက်ပြပါတယ်။
အလှူရှင်တွေအနေနဲ့ အများအားဖြင့်က စားနပ်ရိက္ခာတွေပဲလှူတာများတာကြောင့် အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေ၊ အခွင့်အရေးတွေဟာ အမေ့လျော့ခံတွေဖြစ်လို့နေပါတယ်။
ဒီလိုမျိုး လိုအပ်ချက်တွေများပြားနေတာကြောင့် တစ်နေ့ကို လေးနာရီလောက်ပဲသုံးသင့်တဲ့ လစဉ်သုံးပစ္စည်းတစ်ခုကို နှစ်ဆယ့်လေးနာရီလောက် သုံးစွဲမှုတွေပြုရတဲ့အခါ မလိုလားအပ်တဲ့အမျိုးသမီးရောဂါတွေဖြစ်နေကြတာပါ။
အလားတူ တောထဲမှာ စစ်အာဏာရှင်ကိုတော်လှန်ဖို့ စစ်သင်တန်းတက်ရောက်နေတဲ့ အမျိုးသမီးတွေလည်း အတွင်းခံနဲ့ လစဉ်သုံးပစ္စည်းတွေ လိုအပ်မှုပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ စစ်ရှောင်တွေအဖို့ကတော့ လှူပေးသူနဲ့ ဆက်သွယ် နိုင်တော့ အနည်းငယ်အဆင်ပြေနိုင်ပေမယ့် သူတို့ကတော့ ဆက်သွယ်ရေးခက်တာကြောင့် ပိုလို့ဒုက္ခတွေ့ကြရတယ်။
ချင်းပြည်နယ်မှ အမျိုးသမီးစစ်သည်တော် မအိဇင်က“ကျမတို့အတွက်က အတွင်းခံတွေ၊ လစဉ်သုံးပစ္စည်းတွေက ပိုလိုအပ် တယ်။ ဘာလို့ဆိုကုန်သွားရင် အလွယ်တကူသွားဝယ်လို့မရဘူး။နောက် ပစ္စည်းဝယ်ပို့တဲ့သူက အမျိုးသားဆိုတော့ သူ့ကို မှာဖို့က သိပ်အဆင်မပြေဘူး”လို့ ဆိုပါတယ်။
သူတို့အနေနဲ့ တိုက်ပွဲသွားတာဖြစ်ဖြစ်၊ စစ်ရေးလေ့ကျင့်တဲ့အခါမှာဖြစ်ဖြစ် အဲ့ဒီအချိန်တွေမှာ ရာသီသွေးဆင်းလို့ လစဉ်သုံး တွေမရှိပါက လုပ်အားလျော့သွားနိုင်တာမို့ သူတို့အတွက်တော့ ပိုလိုအပ်နေတာဖြစ်ပါတယ်။
မအိဇင်ကတော့ တောထဲရောက်နေတာ မတ်လကတည်းကဖြစ်ပြီး လက်ရှိမှာစစ်ရေးသင်တန်းဆင်းထားပြီးဖြစ်လို့ ကျရာ တာဝန်ထမ်းဆောင်နေပါတယ်။ သူတို့တိုက်ပွဲပြန်ရင်း လမ်းမှာရာသီသွေးဆင်းတဲ့ကိစ္စကို မှတ်မှတ်ရရအဖြစ် ရယ်ရယ်မော မောနဲ့ အခုလို ပြန်ပြောပြပါတယ်။
“ တိုက်ပွဲတစ်ခုကပြန်တော့ အမျိုးသမီးတစ်ယောက်က သွားရင်းသွေးဆင်းတော့ လစဉ်သုံးလည်းမပါ။ အတွင်းခံလည်းအပို မပါတော့ ဘောင်းဘီက တော်တော်စိုသွားတယ်။ ဒါကိုတွေ့တဲ့တပ်သားတယောက်က ဒဏ်ရာရလာတယ်ထင်ပြီး ငါထမ်း မယ်လုပ်လို့ မဟုတ်ဘူးလို့ မနည်းရှင်းပြရတယ်”
ဒါဟာ ရယ်စရာတစ်ခုလိုဖြစ်သွားပေမယ့် သွေးဆင်းတဲ့အမျိုးသမီးလေးမှာတော့ ရှက်ကြောက်ပြီး မျက်နှာချင်းမဆိုင်ရဲတာ ကြောင့် လုပ်ငန်းပိုင်းမှာ လစ်ဟာမှုဖြစ်သွားပါတယ်။
မအိဇင်က အမျိုးသမီးတစ်ယောက်အတွက် အတွင်းခံဆိုတာက သူ့အရှက်နဲ့ ဂုဏ်သိက္ခာဖြစ်သလို ကျန်းမာရေးအရလည်း အရေးပါပြီး ဒါကိုပေါ့ဆစွာနေပါက အသက်ဆုံးရှုံးနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်လို့ သတိပေးထားပါတယ်။
သူတို့စစ်စခန်းမှာ အမျိုးသမီးအတွင်းခံနဲ့ လစဉ်သုံးပစ္စည်းတွေ နည်းပါးလွန်းတာကြောင့် အမျိုးသမီးအများဟုဟာ ထပ်ခါတလဲလဲပြန်သုံးနေရပါတယ်။
တချို့ကတော့ အမျိုးသမီးလစဉ်သုံးပစ္စည်းတို့၊ အတွင်းခံဆိုတာ ရှက်စရာလို့ အမြင်ရှိကြတယ်။ အတွင်းခံဆိုတာ လူတိုင်း အတွက် လိုအပ်တဲ့အရာဖြစ်ပေမယ့် မြန်မာ့ယဉ်ကျေးမှုအရ အများသူငှာရှေ့မှာ အတွင်းခံအကြောင်းပြောရင် ရှက်စရာ၊ အရေးတယူပြောရမယ့်ကိစ္စမဟုတ်ဘူးလို့ မှတ်ယူကြတာများပါတယ်။
အထူးသဖြင့် အမျိုးသမီးတွေရဲ့အတွင်းခံအကြောင်းပြောရင် ပိုလို့အထင်အမြင်သေးတတ်ကြတယ်။ အကြောင်းကတော့ ခေတ်အဆက်ဆက်ကျင့်သုံးလာတဲ့ ရိုးရာယဉ်ကျေးမှုဓလေ့တွေအရ ကန့်သတ်ခံခဲ့ရလို့ပါ။
တလောက လူမူကွန်ရက်စာမျက်နှာပေါ်မှာ တော်လှန်ရေးတပ်သား(PDF)တစ်ယောက်ရေးထားတဲ့စာမှာဆိုရင် အမျိုးသမီး လစဉ်သုံးပစ္စည်းတွေဟာ နယ်မြေရှင်းလင်းရေးတွေ၊ ရှေ့တန်းစစ်မြေပြင်ကို မိုင်ပေါင်းများစွာ လမ်းလျှောက်နေရတဲ့သူတွေ အတွက်တော့ ဖေးကူပေးတဲ့အသုံးဝင်ပစ္စည်းတစ်ခုလို့တောင် ဆိုထားပါသေးတယ်။
ဒါဟာကောင်းတဲ့လက္ခဏာဖြစ်ပြီး အမျိုးသားတွေဟာ အမျိုးသမီးတွေအပေါ်မှာ ပိုမိုနားလည်စာနာပေးနိုင်မှာဖြစ်ပါတယ်။
မနွယ်ဆန်းဦးကတော့ အမျိုးသမီးအတွင်းခံနဲ့ လစဉ်သုံးပစ္စည်းတွေရဲ့တန်ဖိုးကို အခုလိုပဲသတ်မှတ်ပေးပါတယ်။
“ အမျိုးသမီးတွေအတွက်တော့ အတွင်းခံနဲ့ လစဉ်သုံးပစ္စည်းတွေဟာ ချစ်သူတစ်ယောက်လိုတန်ဖိုးထားပြီး ယုယသင့်တဲ့ အရာပါ။ အတွင်းခံဆိုတာ အိမ်ထဲမှာပဲ တစ်ယောက်ထဲနေလို့ မလိုအပ်သည့်တိုင် အများနဲ့နေထိုင်တဲ့အခါတွေမှာ ဝတ်ထား မှ ကိုယ့်ကိုကိုယ်ယုံကြည်မှုရစေမှာပါ”
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021