Home ဆောင်းပါး သေနတ်သံကြား သားကိုပိုက်၍ ပြေးခဲ့သည်

သေနတ်သံကြား သားကိုပိုက်၍ ပြေးခဲ့သည်

နန်းဆိုင်နွမ်။ ။

မိုးရွာထားလို့ ဗွက်ထနေတဲ့ မြေနီလမ်းထက် တအိအိနဲ့သွားနေတဲ့ထော်လာဂျီပေါ် ထိုင်ရင်း အသက် ၃၀ အရွယ် နေ့စေ့လစေ့ ကိုယ်ဝန်သည် နန်းလတယောက် စိုးရိမ်မှုပေါင်းများစွာနဲ့ လိုက်လာခဲ့ရပါတယ်။

ထော်လာဂျီပေါ်မတက်ခင် မိနစ်ပိုင်းအလိုက သူ့အိမ်နား သေနတ်သံတွေတဖြေးဖြေး နီးလာခဲ့တဲ့ နောက်မှာတော့ တခြားသူတွေလိုဘဲ သူလဲရွာကိုစွန့်ပြီးပြေးဖို့ဆုံးဖြတ်ခဲ့တာပါ။

အဲဒီနေ့က ၂၀၂၀ ဇူလိုင် ၂၂ ရက် ညနေပိုင်း ဖြစ်ပြီး သေနတ်သံတွေကတော့ နန်းလတို့ နေထိုင်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် နားအုံရွာ အနီးတဝိုက်မှာ သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် (SSPP/SSA)နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားရာကနေ ထွက်လာတဲ့ အသံတွေပဲဖြစ်ပါတယ်။

သည်းသည်းမည်းမည်း ရွာနေတဲ့မိုးတွေကြားက ရာနဲ့ချီတဲ့ အရပ်သားတွေဟာ နန်းလတို့လိုဘဲ သေနတ်သံတွေနဲ့ဝေးရာဆီကို ထွက်ပြေးခဲ့ကြရပါတယ်။

ကိုးလလွယ် ဆယ်လဖွား ဗိုက်ထဲက သားယောက်ျားလေးကို မွေးဖို့ နေ့စေ့လစေ့ဖြစ်နေတဲ့ကိုယ်ဝန်သည် နန်းလဟာ ဗိုက်နာစပြုနေပြီဖြစ်ပေမယ့် မိုးရေတွေကြားထဲက ထော်လာဂျီပေါ်မှာတော့ သူ့ကလေးကို မမွေးချင်ဘူးလို့ဆိုပါတယ်။

“ အဲ့ချိန်မှာ ကျမ စိုးရိမ်မှုက မျိုးစုံပဲ။ ကလေးတခုခု ဖြစ်သွားမလား။ ရှေ့မှာ တိုက်ပွဲနဲ့တိုးမလား။ လမ်းမှာမွေးမလား” လို့ နန်းလကပြောပါတယ်။

မီးဖွားခါနီး စိတ်ရောကိုယ်ပါသက်တောင့်သက်သာရှိနေသင့်ပေမယ့် နန်းလဟာ မိုးရေတွေစိုနေတဲ့ ထော်လာဂျီပေါ်မှာ ပူပင်စိတ်တွေနဲ့ ငါးနာရီနီးပါး နေခဲ့ရပါတယ်။

နန်းလတို့ရဲ့ နားအုံကျေးရွာနဲ့ စစ်ရှောင်ဖို့အတွက် ဦးတည်ထွက်ပြေးခဲ့တဲ့ ဆောင်ကြဲကျေးရွာဟာ ခြောက်မိုင်လောက်သာရှိပေမယ့် မိုးတွင်း လမ်းဆိုးတာကြောင့် ထော်လာဂျီဘီးကိုသံကြိုးပတ်ပြီး ခက်ခဲစွာ သွားလာရတယ်လို့လည်း သူကဆိုပါတယ်။

သေနတ်သံကြားလို့ ကြောက်လန့်တကြားနဲ့ အိမ်ကထွက်လာတုန်းက ဘာပစ္စည်းမှ မသယ်နိုင်ခဲ့ဘဲ
ဗိုက်ထဲကကလေးကို ဂရုစိုက်ရင်းပြေးလာခဲ့ရတာလို့လည်း နန်းလကဆိုပါတယ်။

သူထွက်လာတုန်းက သူ့အမျိုးသားဟာလည်း အပြင်ထွက်ပြီးအလုပ်လုပ်နေခဲ့တာကြောင့် အဝတ်အစား အပိုတောင် မယူလိုက်ရဘဲ ထွက်ပြေးရကြောင်း ပြောပြလာပါတယ်။

“ အဲဒီနေ့က ကျမက အိမ်မှာ၊ အမျိုးသားက နေ့စားအလုပ်သွားလုပ်တယ်။ ထွက်ပြေးတော့ အဝတ်အပိုမပါဘူး။ ကြုံတဲ့ထော်လာဂျီပေါ် တက်ရတာ” လို့ နန်းလ က ဝမ်းနည်းစရာအဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။

ဗွက်တောထဲအားကုန်ရုန်းနေခဲ့ရတဲ့ ထော်လာဂျီရဲ့တုန်ခါမှုနဲ့ ဗိုက်ထဲကကလေးနဲ့ လင်ယောက်ျားအတွက် ပူပင်ရတဲ့ ရင်ထဲကတုန်ခါမှုတို့အကြား သောကပွေရင်း ညကိုးနာရီခွဲကျော်ကျော်လောက်မှာတော့ သေနတ်သံတွေနဲ့ဝေးရာ ဆောင်ကြဲကျေးရွားကို နန်းလတယောက် ဘေးမသီရန်မခဘဲ ရောက်ခဲ့ပါတယ်။

စစ်ရှောင်စခန်းရောက်တော့ အားလုံးကနားနေခဲ့တဲ့အချိန်မှာ နန်းလရဲ့ခရီးကမပြီးသေးပါဘူး။ နာကျင်နေတဲ့ ဗိုက်ဟာ မနေနိုင်မထိုင်နိုင်တော့ဘဲ ဆောင်ကြဲကျေးရွာ အုပ်စုရဲ့ ဆေးရုံဆီ ခရီးဆက်ရပြန်ပါတယ်။

ကံဆိုးတဲ့ ကြားထဲက နန်းလ တယောက် ကံကောင်းခဲ့ကြောင်း တလမ်းလုံးစိုးရိမ်ပူပန်မှုဟာ ဆောင်ကြဲကျေးရွာရောက်မှ စိတ်ချလက်ချ ဖြစ်ခဲ့ပေမယ့် မွေးဖို့အတွက် လက်ဗလာ ဖြစ်နေတဲ့အတွက်လည်း ထပ်ပြီး စိုးရိမ်ရပြန်ကြောင်း နန်းလရဲ့ အမျိုးသား က ပြောပြလာပါတယ်။

“ ရောက်ရောက်ချင်း မှာ ဆေးရုံးတန်းသွားတယ်။ ဆေးရုံရောက်တော့ နာရီပိုင်းမှာပဲ သားလေးကို မွေးတာ။ ထမီနဲ့ အဝတ်တောင် အပိုမပါတော့ ရွာကလူတွေပဲလာပေးပါတယ်” လို့ နန်းလရဲ့ အမျိုးသား က ဆိုပါတယ်။

အခုလို စစ်ပြေးတဲ့ထဲမှာ ကလေးရင်ခွင်ပိုက်ပြေးရတဲ့မိခင်ဆိုလို့ နန်းလတစ်ယောက်တည်း ရှိတာတော့မဟုတ်ပါဘူး။ နန်းလတို့ ရွာထဲက ကလေးသုံးယောက်မိခင် နန်းလုံတယောက်လည်း ထွက်ပြေးရတဲ့ထဲပါပါသေးတယ်။

တိုက်ပွဲကြောင့်စစ်ရှောင်လာသည့် အမျိုးသမီးနှင့် ကလေးငယ်များ/ Photo: နန်းလောဝ်

နန်းလုံ ကတော့ နန်းလတို့လို ရွာသားတွေနဲ့ ဆောင်ကြဲရွာဆီ မလိုက်ဘဲ ရက်သားကလေးကိုချီရင်း အကြီးနှစ်ယောက်ကို လက်ဆွဲကာ မိဘနဲ့ ယောင်္ကျားရှိရာ လယ်တဲဆီကိုသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။

“ ရွာသားတွေ နဲ့ မလိုက်တာက အပူမပေးချင်ဘူး။ ကလေး နှစ်ယောက်နဲ့ ရက်သားကလေးနဲ့ဆိုတော့ အားနာတယ်လေ။ လမ်းမှာ တခုခုမဖြစ်ဖို့တော့ အားတင်းရတာပေါ့” လို့ သူ့နဲ့ သူ့သားသမီးတွေ နှစ်နာရီ နီးပါး လမ်းလျှောက်ထွက်ပြေးခဲ့ရတဲ့အကြောင်းကို နန်းလုံ ကပြန်ပြောပြပါတယ်။

လမ်းတလျောက်တွင် တိုက်ပွဲ နဲ့ တိုးမှာကို ကြောက်ပေမယ့် ကလေးမျက်နှာကိုကြည့်ပြီးသာ အရဲစွန့်ပြီး မိုးရေထဲ အားတင်းကာ လျှောက်ခဲ့တယ်လို့လဲ သူကဆိုပါတယ်။

“ မိဘနဲ့ ယောက်ျားရှိတဲ့ တဲထဲရောက်ရော စိတ်ကို ဒုံးဒုံးချလို့ရသွားတယ်။ လမ်းလျှောက်တဲ့ ဒဏ်ကြောင့် အဲဒီညမှာပဲ ကျမ ခြေထောက်တွေ ရောင်တော့တာပဲ။ ကလေးကတော့ ဘာမှ မဖြစ်ဘူး” လို့ နန်းလုံ က ဖြစ်ပျက်ခဲ့တာတွေ ပြန်ပြောပြပါတယ်။

အသက်လုထွက်ပြေးကြရတဲ့ ရွာသားတွေဟာ နန်းလုံ မပါလာတာကို လမ်းတလျှောက် သတိမထားမိဘဲ ခိုလှုံရာနေရာရောက်မှ သတိထားမိခဲ့တယ်လို့လဲ နားအုံ ကျေးရွာမှ ကျောင်းဆရာမ နန်းလောဝ် က ပြောပြပါတယ်။

“ အဲဒီနေ့က ကျမတို့လည်း သူ့ကိုသတိမရကြဘူး။ ဆောင်ကြဲဘုန်းကြီးကျောင်းရောက်တော့ လူစာရင်းစစ်ကြည့်မှ နန်းလုံကို သတိရကြတယ်။ အဲမှာ သူ့အတွက် စိုးရိမ်မှုတွေ ဖြစ်ရတာပေါ့” လို့ နန်းလောဝ်က ဆိုပါတယ်။

နန်းလ နဲ့ နန်းလုံ တို့နေထိုင်ရာ ရှမ်းပြည်နယ် မြောက်ပိုင်းဟာ လက်နက်ကိုင်တပ်ဖွဲ့ အများအပြား လှုပ်ရှားတဲ့ ဒေသတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း တိုက်ပွဲတွေလဲမကြာခဏ ဖြစ်ပွားခဲ့ကြပါတယ်။

၂၀၂၀ ပထမခြောက်လအတွင်းမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ရှမ်းမြောက်မှာ တိုက်ပွဲ ၂၉ ကြိမ်ထက်မနည်း ဖြစ်ခဲ့တယ်လို့ မြန်မာ့ငြိမ်းချမ်းရေးကို လေ့လာနေတဲ့ Myanmar Peace Monitor ရဲ့ လစဉ်ထုတ်ပြန်တဲ့ သုတေသန အစီရင်ခံစာတွေကဆိုပါတယ်။
ရှမ်းမြောက်မှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်တဲ့ထဲမှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည် တပ်မတော်- မြောက်ပိုင်း (SSPP/SSA)၊ ကိုးကန့် ဒေသ အခြေစိုက် MNDAA နဲ့ တအောင်း တပ်ဖွဲ့ PSLF/TNLA စတဲ့တပ်ဖွဲ့တွေပါဝင်ပါတယ်။

မနှစ်ကဆိုရင်တိုက်ပွဲအရေအတွက်ဟာ ဒီထက်ပိုများခဲ့ပြီး အိမ်မပြန်နိုင်သေးတဲ့ အရပ်သားတွေထဲမှာ ထိခိုက်လွယ်ပြီး အားအနည်းဆုံးဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အများအပြားပါဝင်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပြည်တွင်း နေရပ်စွန့်ခွာစခန်း (IDP Camp) ၂၃ ခုရှိပြီး လူဦးရေအားဖြင့် ၇၅၀၀ နီးပါးရှိတယ်လို့ ရှမ်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင် ကိုကိုးကားပြီး Eleven သတင်းဌာနက ပြီးခဲ့တဲ့ ဧပြီလအတွင်းကရေးသားခဲ့ပါတယ်။

အဲ့ထဲက အရေအတွက်ဘယ်လောက်ဟာ ကိုယ်ဝန်ဆောင်မိခင်တွေဆိုတာတော့ Hi သတင်းဌာနအနေနဲ့ တိတိကျကျ စာရင်းမရသေးပါဘူး။ ဒါပေမယ့် လူမှုဝန်ထမ်းဦးစီးဌာနရဲ့ မေလအတွင်းက ထုတ်ပြန်ချက် တစ်ခုမှာတော့ ရှမ်းပြည်နယ်က IDPစခန်း (၁၁)ခုမှာ ကိုယ်ဝန်ဆောင်နဲ့ အသက် နှစ်နှစ်အောက်ကလေး (၁၁၇)ဦး ရှိတယ်ဆိုတာတွေ့ရပါတယ်။

ပျမ်းမျှအားဖြင့်ဆိုရင် စခန်းတစ်ခုမှာ ကိုယ်ဝန်ဆောင်နဲ့ အသက် နှစ်နှစ်အောက်ကလေး (၁၀)ဦး လောက်ရှိနေပြီး သူတို့တွေဟာ နန်းလတို့လို တိုက်ပွဲတွေကပေးတဲ့ ထိခိုက်မှုတွေကိုခံစားနေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက ဖြစ်ပွားခဲ့တဲ့ SSPP/SSA နဲ့ မြန်မာ့တပ်မတော်တို့ ကြားက နားအုံရွာနားတိုက်ပွဲက အဲဒီနေ့ တရက်တည်းနဲ့ အဆုံးသတ်သွားခဲ့ပေမယ့် ကလေးချီပြီး ပြေးခဲ့ရတဲ့ မိခင်နဲ့မိခင်လောင်းတွေရဲ့ စိုးရိမ်စိတ်တွေကတော့ အခုထိ အဆုံးမသတ်နိုင်ဖြစ်နေဆဲပါ။

“ သွေးနုသားနုချိန်၊ မွေးဖွားခါနီးချိန် အလန့်တကြားဖြစ်တော့ ကျမတောင် သူတို့ကို စိတ်ပူမိသေးတယ်။ ဒီလိုအချိန်ဟာ ထိလွယ်ရှလွယ်ချိန်ဆိုတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်မှာပဲ ကြောက်တာ” လို့ ဆရာမ နန်းလောဝ် က ဆိုပါတယ်။

စစ်မက်မရှိဘဲ အေးချမ်းလှတဲ့ ကမ္ဘာကြီးရဲ့ တနေရာရာက သားသည်မိခင်တွေဟာ မွေးခါနီး ဖွားခါနီး အချိန်မှာ စိတ်ဖိစီးမှုမရှိအောင် သက်တောင့်သက်သာနဲ့ ဆေးရုံကုတင်ပေါ်မှာ အနားယူအားမွေး နေကြပေမယ့် တိုက်ပွဲတွေကြား ညပ်နေခဲ့တဲ့ မိခင်တွေဘဝကတော့ ပြေးနေလွှားနေရဆဲပါ။

စစ်ပြေးရင်း ကလေးမွေးခဲ့ရတဲ့ နန်းလကတော့ အသက်လုပြေးနေရချိန်မှာ သူလုပ်ခဲ့တာကို အခုလိုပြောပြပါတယ်။

“ဘုရားတတာကလွှဲပြီး ကျမလည်း ဘာမှ မလုပ်တတ်ဘူး”

Author:

Related Articles