Home ဆောင်းပါး တွန်းဖို့ တိုက်ဖို့ အဆင်သင့်ရှိနေကြတဲ့ တော်လှန်ရေးမေမေတွေ

တွန်းဖို့ တိုက်ဖို့ အဆင်သင့်ရှိနေကြတဲ့ တော်လှန်ရေးမေမေတွေ

Honest Information (HI)
“ CDM လုပ်တဲ့ ပညာရေးဝန်ထမ်းတွေ ဖမ်းမယ်ဆိုလို့ မိသားစုနဲ့ခွဲပြီး တစ်ယောက်ထဲရှောင်နေရတယ်။ သူများအိမ်ဆို တော့ စားသောက်နေထိုင်ရတာ သိပ်အဆင်မပြေဘူးပေါ့။ ကိုယ်ဝန်နဲ့ဆိုတော့ပိုဆိုးတယ်” လို့ CDM လုပ်ထားတဲ့ ကျောင်း ဆရာမ မထိုးမြှာက ရှင်းပြပါတယ်။

သူဟာ ကယားပြည်နယ်၊ ဘော်လခဲခရိုင်မှာ လုပ်သက် တစ်နှစ်သာရှိသေးတဲ့ မူလတန်းပြဆရာမဖြစ်ပြီး စစ်အာဏာသိမ်း ပြီး ၁၀ ရက်နေ့ကတည်းက ကျောင်းမသွားတော့ဘဲ CDM လုပ်ထားတဲ့ မိခင်လောင်းတယောက်ပါ။

စစ်အစိုးရဟာ CDM လှုပ်ရှားမှုပျက်သွားစေဖို့ ရည်ရွယ်ပြီး နိုင်ငံဝန်ထမ်းတွေ စိတ်ခံစားချက်ဦးစားမပေးဘဲ ပြန်ဝင်ရောက်ဖို့ ပထမပိုင်းမှာ ခေါ်ယူခဲ့ပေမယ့် နောက်ပိုင်းမှာတော့ CDM လုပ်တဲ့သူတွေကို လက်ခံထားရင် အရေးယူမယ်ဆိုတဲ့အထိ ခြိမ်းခြောက်လာတာပါ။

လက်ရှိမှာ အာဏာသိမ်းစစ်အစိုးရက ပညာရေးဌာနမှ CDM လုပ်သူတွေကို အကြပ်ကိုင်ဖိအားပေးပြီး အလုပ်ပြန်ဝင်ခိုင်း တာတွေ ရှိသလို မတရားဖမ်းဆီးနှိပ်စက်တာတွေလည်း ပြုလုပ်လျှက်ရှိပါတယ်။

စစ်အစိုးရဟာ သူတို့ရဲ့အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ဆန္ဒပြပြည်သူတွေ သွေးမြေကျနေရတဲ့အချိန်မှာ ကျောင်းတွေ ပြန်ဖွင့် နိုင်ဖို့အတွက် ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

ဒါကြောင့် CDM လုပ်ထားတဲ့အတွက် အဖမ်းခံရမှာစိုးလို့ တိမ်းရှောင်နေရတဲ့သူတွေ ရှိသလို အဖမ်းခံထားရသူတွေလည်း ရှိနေပါတယ်။ ဒီထဲမှာ ကိုယ်ဝန်ဆောင်ထားရတဲ့ မထိုးမြှာတို့လို မိခင်လောင်းတွေလည်း အခက်အခဲ အကြပ်အတည်းတွေနဲ့ ကြုံတွေ့နေကြရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အဓမ္မအာဏာသိမ်းအုပ်ချုပ်တဲ့အပေါ် လက်မခံတဲ့ ဝန်ထမ်းတွေဟာ စစ်အုပ်ချုပ်မှု ယန္တရားရပ်သွားဖို့ ရည်ရွယ်ကာ ရုံးမတက်နဲ့ရုန်းထွက်ကြဆိုတဲ့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွေ လုပ်လာကြတာ ဖြစ်ပါတယ်။

ပြည်သူတွေရဲ့ လှုံဆော်မှုအားကောင်းတာကြောင့် စစ်တပ်မှ ဗိုလ်ကြီး၊ရဲတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကအစ ဌာနတိုင်း လိုလိုက အစိုးရဝန်ထမ်းတွေဟာ CDM လှုပ်ရှားမှုထဲမှာ အင်တိုက်အားတိုက်ပါဝင်လာတယ်။ ဒီလို CDM လုပ်တဲ့သူတွေ ထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်း ပါလာခဲ့ကြတာပါ။

CDM လုပ်ကြတဲ့ ဝန်ထမ်းတိုင်းမှာတော့ သူ့သတ်မှတ်ချက်နဲ့သူ စွန့်လွှတ်စွန့်စားရတာတွေ ရှိပါတယ်။ စစ်သားတို့၊ ရဲတို့ ဆိုရင် သူတို့ရဲ့စည်းကမ်းတွေအရ ဖမ်းဆီးထောင်ကျခံရနိုင်သလို ကျန်းမာရေးဝန်ထမ်းဆိုလည်း လိုင်စင်အသိမ်းခံရတဲ့ အထိ ဖြစ်နိုင်ပါတယ်။

ဒီလိုပဲ မထိုးမြှာတို့လို ပညာရေးဝန်ထမ်းတွေလည်း တခြားဝန်ထမ်းတွေနည်းတူ အလုပ်ဖြုတ်ခံရတာ၊ လိုင်းခန်းကနေ ဆင်း ပေးရတာမျိုး အလားတူကြုံကြပေမယ့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက်ကတော့ မီးဖွားနိုင်ခွင့်အပူပါ ထပ်တိုးလာ ခဲ့တယ်။

စစ်အာဏာမသိမ်းမီကဆိုရင် မထိုးမြှာတို့လို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ အစိုးရရဲ့ ထောက်ပံ့မှုတွေကြောင့် မပူမပင်မကြောင့်မကြနဲ့ အဆင်ပြေပြေ မီးဖွားခွင့်ရကြတယ်။

လူမူဝန်ထမ်းဦးစီးဌာနကလည်း ကိုဗစ်ကာလမှာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မွေးလာတဲ့ ကလေး အသက် ၂ နှစ် အထိ ကိုယ်ဝန်ဆောင်တယောက်ကို တလလျှင် ငွေကျပ် ၃ သောင်းထောက်ပံ့ပေးတဲ့ ငွေဗိုက်အစီအစဉ် လုပ်ပေးခဲ့တယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဝန်ထမ်း ဖြစ်ရင်လည်း လူမူဖူလုံရေးကနေ လုပ်သက်အလိုက် မွေးဖွားစရိတ်နဲ့ မွေးဖွားခွင့်ရက်တွေ ခံစားရသေးပါတယ်။ ဒီလိုစီစဉ်ပေးမှုတွေကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေကလည်း သူတို့အဆင်ပြေ ပြေမွေးနိုင်ဖို့ မျှော်လင့်ချက်ရှိခဲ့ကြပါတယ်။

ဒါပေမယ့် သူတို့မျှော်လင့်ချက်တွေဟာ စစ်အာဏာသိမ်းလိုက်တဲ့အချိန်မှာတော့ အားလုံးပျက်ပြယ်သွားခဲ့ရတယ်။

မထိုးမြှာလိုပဲ ခင်ပွန်းဖြစ်သူက ပညာရေးဝန်ထမ်းတဦးဖြစ်တာကြောင့် တစ်ယောက်တစ်နေရာစီ တိမ်းရှောင်နေကြရတဲ့ အတွက် ကူကယ်ရာမဲ့ အခက်တွေ့နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်ကတော့ မထက်ထက်မိုးပါ။

မထက်ထက်မိုးရဲ့ အမျိုးသားက လွိုင်ကော်မြို့နယ်၊ အစိုးရနည်းပညာအထက်တန်းကျောင်းက လုပ်သက်သုံးနှစ်နီးပါးရှိပြီ ဖြစ်တဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး စစ်အာဏာသိမ်းပြီး ၈ ရက်မြောက်နေ့မှာ CDM လုပ်ခဲ့တာ ဖြစ်ပါတယ်။

သူတို့တွေအနေနဲ့ဘဝတွေကိုရင်းကာ တိုင်းပြည်ရှေ့ရေးနဲ့ရင်သွေးတွေရဲ့ အနာဂတ်အတွက် CDM လုပ်ကြတာဖြစ်ပေမယ့် လက်တွေ့မှာ သူတို့ရဲ့နေထိုင်စားသောက်မှု ပျက်သွားရပြီး မိသားစုတွေတကွဲတပြားနဲ့ မီးဖွားဖို့အတွက်ပါ စိုးရိမ်သောက ရောက်ကြရပါတယ်။

လိုင်းခန်းမှာနေပြီး ဆရာမလစာ တစ်သိန်းကျော်နဲ့ တစ်လ၊ တစ်လ လုံးလည်ချာလည် ရိုက်နေတဲ့အချိန်မှာ CDM ကြောင့် ရုတ်တရက် လိုင်းခန်းက ဖယ်ပေးလိုက်ရတဲ့အတွက် ကိုယ်ဝန်ဆောင်နေရတဲ့ ဝန်ထမ်းတွေအတွက်တော့ တစ်ပူပေါ် နှစ်ပူ ဆင့်သလို ဒုက္ခရောက်ခဲ့ရပါတယ်။

စားသောက်နေထိုင်ဖို့ ပူပန်ရသလို တဖက်မှာလည်း ကိုယ်ဝန်အတွက် လိုအပ်တဲ့ဆေး၊ ဆေးခန်းပြဖို့၊ မွေးဖွားဖို့စတာတွေ အတွက်လည်း နေ့စဉ်ပူပန်နေရတာကြောင့် ကိုယ်ဝန်ပျက်ကျမှာတောင် စိုးရိမ်နေရတယ်လို့ မထိုးမြှာက သူရဲ့သောကကို ရင်ဖွင့်ပါတယ်။

မပလျားမြှာကလည်း“အရင်က လစာပုံမှန်ရတယ်။ လစာရှိတော့ တလနဲ့ တလ မလောက်ငရင်တောင်မှ ထိန်းပြီး စားလို့ ရနေသေးတယ်။ ခုက လစာလည်း မရတော့ဘူး။ အမျိုးသားက တောင်ယာလုပ်တယ်ဆိုတော့ သူ ရှာတာနဲ့ စားနေရ တာပဲ”လို့ ပြောပါတယ်။

မပလျားမြှာက ကယားပြည်နယ်၊ ဒီမောဆိုးမြို့နယ်ဆေးရုံက ရုံးပိုင်းဆိုင်ရာမှာ လုပ်သက်လေးနှစ်ရှိပြီဖြစ်တဲ့ ဝန်ထမ်း တစ်ယောက်ဖြစ်ပြီး သူဟာ ဖေဖော်ဝါရီ ၈ ရက်ကစပြီး ကိုယ်ဝန်ဆောင်ရင်း CDM လုပ်ခဲ့တဲ့ မိခင်လောင်း တစ်ယောက်ပါ။

သူလိုပဲ လွိုင်ကော်ဆေးရုံကြီးရဲ့ ရုံးပိုင်းဆိုင်ရာမှာ လုပ်သက် သုံးနှစ်ထိအောင် အလုပ်လုပ်ခဲ့သူကလည်း ကိုယ်ဝန်ဆောင် ထားတဲ့ မသင်းသင်းပဲ ဖြစ်ပါတယ်။

မသင်းသင်းကတော့“လာမယ့် ရက်ပိုင်းလေးမှာ မွေးတော့မှာပါ။ မွေးဖွားဖို့ ငွေကြေးမရှိနေတာပေါ့။ အခုလောလောဆယ် တော့ ဂရုဏာဆေးခန်းမှာ ဗိုက်အပ်ထားတယ်။ ကလေးမွေးရတာ၊ သွားလာရေး အဆင်မပြေမှာ ကြောက်ရတယ်”လို့ ဆိုပါတယ်။

သူတို့တွေအနေနဲ့ စရိတ်သက်သာတဲ့ အစိုးရဆေးရုံတွေမှာ မွေးဖွားနိုင်ပေမယ့် အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အနေနဲ့ အစိုးရဆေးရုံမှာ မမွေးကြဖို့ ဆုံးဖြတ်ထားတဲ့အထိ သူတို့စိတ်ဓါတ်တွေက ခိုင်မာနေတာပါ။

အမျိုးသားညီညွတ်ရေး(NUG)အစိုးရအဖွဲ့မှ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဂျာထွယ်ပန်ကလည်း NUG အစိုးရ အနေနဲ့ CDMတွေကို ကူညီဖို့ အကူအညီတွေ အစွမ်းကုန် ရှာဖွေနေပါတယ်လို့ သူရဲ့လူမူကွန်ရက် စာမျက်နှာမှာ အားပေးစကား ပြောကြားထားပါတယ်။

ကယားပြည်နယ်တွင်း CDMလုပ်ရင်း အခက်အခဲဖြစ်တဲ့ အမျိုးသမီးတွေနဲ့ မိခင်လောင်းတွေ အပါအဝင် စုစုပေါင်း ၂၉ ယောက်ကို အမျိုးသမီးအဖွဲ့အစည်းတခုကလည်း ဧပြီလကစပြီး ထောက်ပံ့ကူညီပေးနေတာဖြစ်ပါတယ်။

လက်ရှိမှာ အဆိုပါအမျိုးသမီးအဖွဲ့အစည်းက ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ရှိ ကျေးရွာတချို့ကိုပဲ ထောက်ပံ့ပေးနိုင် သေးတာဖြစ်ပြီး ထောက်ပံ့မှုမရသေးတဲ့ လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာတချို့ကိုလည်း ထပ်မံထောက်ပံ့ ကူညီ ပေးသွားဖို့ ရှိပါသေးတယ်။

အဆိုပါအမျိုးသမီးအဖွဲ့ရဲ့တာဝန်ခံက“တချို့ဆို ကိုယ်ဝန် ၇ လထဲရောက်နေပြီ ဗိုက်မအပ် ရသေးဘူး။ အဲဒါက ကျေးရွာဆေးပေးခန်းမရှိတာ၊ ပြဖို့အတွက် သားဖွားဆရာမတွေ CDM ဝင်နေလို့ ရှောင်နေရတော့ မပြရတာနဲ့ သွားလာဖို့ စရိတ်မရှိတာစတဲ့ ခက်ခဲတာတွေကြောင့် မပြသေးတာတွေ ရှိတယ်”လို့ ဆိုပါတယ်။

ကယားပြည်နယ်မှာ စစ်တပ်က ဖမ်းဆီးပိတ်ပင်မှုတွေ ရှိနေပေမယ့် ဆန္ဒပြစစ်ကြောင်းတွေ နေ့စဉ်လိုလို ရှိနေပြီး စစ်အာ ဏာရှင်ကို ဆန့်ကျင်တဲ့ သပိတ်တွေလည်း ဆက်လက်လုပ်နေကြဆဲ ဖြစ်ပါတယ်။

မထိုးမြှာတို့ မသင်းသင်းတို့လို ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ နေထိုင်စားသောက်ဖို့နဲ့ကလေးမွေးဖို့အတွက် စိုးရိမ် သော ကရောက်နေပေမယ့်လို့ စစ်အာဏာရှင်ကို တော်လှန်ဆန့်ကျင်တဲ့ နေရာမှာတော့ ကြောက်ရွံ့စိုးရိမ်မှု လုံးဝမရှိကြတဲ့ တော်လှန်ရေး မေမေတွေပါ။

“ ကလေးမွေးရင်း ဖမ်းမယ်ဆိုလည်း ဖမ်းပေါ့။ အဆိုးဆုံးတော့ တွေးထားပြီးသားပါ။ ကျမတို့လို ကိုယ်ဝန်ဆောင် တွေအနေ နဲ့ သူများတွေလို လမ်းပေါ်ထွက်ဆန္ဒပြလို့ မရတော့ ကိုယ်လုပ်နိုင်တဲ့ နေရာကနေ ဆက်ပြီး အာဏာရှင်ကို တော်လှန်သွား မှာပါ ”လို့ မထိုးမြှာက ပြောရင်း “အရေးတော်ပုံအောင်ရမည်”သင်္ကေတဖြစ်တဲ့ လက်သုံးချောင်းကိုထောင်ပြသွားပါတယ်။

Related Articles