Home ဆောင်းပါး ကျားမရေးရာအမြင်များ ဖွံံဖြိုးတိုးတက်ခြင်းဖြင့် ကာတွန်းလောက ထွန်းကားပါစေ

ကျားမရေးရာအမြင်များ ဖွံံဖြိုးတိုးတက်ခြင်းဖြင့် ကာတွန်းလောက ထွန်းကားပါစေ

သွေး (စစ်ကိုင်း)။ ။
ဖြတ်သန်းနေရတဲ့ ခေတ်ကို ထင်ဟပ်စေတဲ့ အနုပညာတင်ပြမှုထဲမှာ “ကာတွန်း” လည်း ပါဝင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်အစိုးအရ လက်ထက်မှာပဲဖြစ်ဖြစ် ကာတွန်းဆရာတွေဟာ အဲဒီအစိုးရတွေရဲ့ အားသာချက်၊ အားနည်းချက်တွကို ကာတွန်း တွေ ရေးဆွဲတင်ပြကြလို့ပါပဲ။ “ကာတွန်း” လို့ ကြားမိတာနဲ့ ချက်ချင်းသတိရမိလိုက်တာက ဆရာကြီးဦးဘဂျမ်း၊ ဦးဖေသိန်း၊ ဦးစိန်၊ ဦးဘကလေး၊ ဦးဘထွေး၊ ဦးဟိန်စွန်းစတဲ့ ကာတွန်းဆရာကြီးများကို ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကာတွန်း ခေါ် ရုပ်ပြောင်ရေးဆွဲတဲ့ အတတ်ပညာဟာ နှစ်ပေါင်း(၁၀၀)ခန့်ရှိပြီဖြစ်ပြီး ပုံနှိပ်လုပ်ငန်းကို အ ကြောင်းပြု၍ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ ပေါ်ထွန်းလာသလို ကာတွန်းပညာလည်း တိုးတက်ထွန်းကားလာကြောင်း၊ သ တင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများမှာ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကာတွန်းများ သူ့ကဏ္ဍနဲ့သူ ပါရှိကြသလို ကာတွန်း ဇာတ်လမ်းနဲ့ ကာတွန်းညွန့်ပေါင်းသဘောမျိုး သီးခြားပုံနှိပ်ထုတ်ဝေတဲ့ ကာတွန်းစာအုပ်တွေလည်း ရှိကြောင်း၊ သီးခြား ပုံနှိပ် ထုတ်ဝေတဲ့ ကာတွန်းနဲ့ စီးပွားရေးဆိုင်ရာ ကြော်ငြာကာတွန်းများကို ဖယ်ထုတ်လိုက်ပါက လူမှုရေးနဲ့ နိုင်ငံရေး သရုပ်ဖော် ကာတွန်းနှစ်မျိုး ကွဲထွက်လာကြောင်း လူမှုရေးကာတွန်းများက မဂ္ဂဇင်း၊ ဂျာနယ်များအတွက်ဖြစ်ပြီး နိုင်ငံရေးကာတွန်းများကို နေ့စဉ်ထုတ်သတင်းစာအတွက် ဖော်ပြလေ့ရှိကြောင်း မြန်မာ့စွယ်စုံကျမ်းမှာ ဖော်ပြထားပါတယ်။

ကျမငယ်စဉ်ကတည်းက နှစ်သက်ခဲ့ရတဲ့ ကာတွန်းတွေထဲမှာဆိုရင်လည်း ဆရာမောင်ဝဏ္ဏရဲ့ သမိန်ပေါသွပ်၊ ဆရာကြီးအောင် ရှိန်ရဲ့ ဦးရှံစားနဲ့ ဦးဒိန်းဒေါင်၊ ဦးကပ်စီးနဲ့ ခင်မောင်သိန်းထွန်းဝင်း၊ ဆရာသော်ကရဲ့ အရိုင်း စတဲ့ ဇာတ်ကောင်တွေနဲ့ ဖန်တီးထားတဲ့ ကာတွန်းလက်ရာတွေ ပါဝင်ပါတယ်။ သာမန်အားဖြင့်တော့ ရယ်ရွှင်ဖွယ်ရာ ကာတွန်းတွေလို့ ထင်ရပေမယ့် ကာတွန်းဆရာ ကြီးတွေက လူ့သဘောလူ့မနော၊ လူ့သဘာဝကို ကာတွန်းတွေအဖြစ် ရေးဆွဲပညာပေးခဲ့ကြတာပါလားလို့ နားလည်လာရပါတယ်။

ဟိုးအရင် ပုံနှိပ်မဂ္ဂဇင်းတွေ ဝေေ၀ဆာဆာထုတ်ဝေခဲ့ကြချိန်က မြဝတီ၊ သွေးသောက်၊ ရှုမ၀ စတဲ့ မဂ္ဂဇင်းတွေမှာ ကာတွန်းတွေကို နေရာပေးပြီး ဖော်ပြခဲ့ကြပါတယ်။ ကာတွန်းဆရာတွေရဲ့ အတွေး၊ အရေးကောင်းတာနဲ့အမျှ သူတို့ ဖန်တီးထားတဲ့ ဇာတ်ကောင် တွေကိုပါ ပရိတ်သတ်ရဲ့ စိတ်ထဲမှာ စွဲမြဲစွာ မှတ်မိနေပါတယ်။ ဥပမာအားဖြင့် ကာတွန်းအောင်အောင်ရဲ့ ရွှေဂေါင်းပြောင်၊ ကာတွန်း တင်အောင်နီရဲ့ ပြာလောင်၊ ပြာဂလောင်၊ ပြာလချောင် တို့ဆိုရင် ပရိတ်သတ်တွေ သတိရမှတ်မိနေဆဲပါ။

တကယ်တော့ ကာတွန်းရေးဆွဲတာဟာ ထင်သလောက်လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘဲ စာဖတ်အားကောင်းမှ၊ ဝမ်းစာ ပြည့်ဝမှသာ ကာတွန်းကောင်းတွေ ထွက်ပေါ်လာနိုင်တာပါ။ ကာတွန်းကို တစိုက်မတ်မတ်ရေးဆွဲပြီး ရပ်တည်နေသူ ကာတွန်း ဆရာတွေရှိသလို တခါတရံမှ ကာတွန်းရေးဆွဲသူ ကာတွန်းဆရာတွေလည်း ရှိပါတယ်။ ကျမ သတိပြုမိသလောက် ကာတွန်းရေး ဆွဲသူတွေထဲမှာ အမျိုးသားကာတွန်းဆရာတွေ အများအပြားရှိပေမယ့် အမျိုးသမီးကာတွန်းဆရာအရေအတွက်က လက် တစ်ဖက်စာ မပြည့်တဲ့အနေအထားဖြစ်ပါတယ်။

ဆရာမသက်စု၊ ဆရာမထိပ်ထားလေး၊ ဆရာမဂဏန်းတို့လောက်ပဲ တွေ့ရတာ အံ့သြစရာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသမီး ကာတွန်းဆရာမတွေအနေနဲ့ ကိုယ်ယုံကြည်ရာအတိုင်း ဆက်လက်လျှောက်လှမ်းနေတာကတော့ တကယ့်ကို ချီးကျူးစရာကောင်း ပါတယ်။ အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုကို တွဲမလုပ်ရင် ကာတွန်းရေးဆွဲတာတစ်ခုတည်းနဲ့ ရပ်တည်ဖို့ မလွယ်ကူတာကို လည်း လေ့လာတွေ့ရှိရပါတယ်။

လက်ရှိအချိန်ထိ ကာတွန်းရေးဆွဲခြင်းကို တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့ ဆရာမ “ထိပ်ထားလေး” ကို အမျိုးသမီးကာတွန်း ဆရာ ဘာကြောင့်နည်းရတာလဲလို့ မေးမြန်းဖြစ်ခဲ့ပါတယ်။

“ပန်းချီလောကက ကာတွန်းလောကထက် ပိုပြီးဖွံ့ဖြိုးလာတယ်လို့ ညီမမြင်ပါတယ်။ ပန်းချီရေးဆွဲနည်း သင်တန်းတွေဆိုရင်လည်း ဝါသနာပါရင် လွယ်လွယ်ကူကူတက်လို့ ရတယ်လေ။ ဒါပေမယ့် ကာတွန်းကျတော့ အဲဒီလိုမဟုတ်ဘူး၊ ကာတွန်းရေးတာ ဝါသနာပါ တယ်လို့ဆိုရင်တောင် ကာတွန်းရေးဆွဲနည်းသင်တန်းက တော်တော်လေးနည်းပါတယ်။ အမျိုးသမီးတွေအနေနဲ့ ကာတွန်းရေးတာ တစ်ခုတည်းနဲ့ ဘဝကို ရပ်တည်ဖို့လည်း ခဲယဉ်းတယ်လေ။ ဒါကြောင့် အမျိုးသမီး ကာတွန်းရေးဆွဲသူ နည်းတာလို့ ထင်ပါတယ်။ ညီမကိုယ်တိုင်လည်း အရမ်းကြိုးစားခဲ့ရတာပါ”

ကာတွန်းရေးဆွဲသူတစ်ယောက်အနေနဲ့ လက်ရှိအချိန်မှာ ဘယ်လိုဖြတ်သန်းလုပ်ကိုင်နေရသလဲဆိုတာကလည်း စိတ်ဝင်စားစရာ ပါ။ ဘာဖြစ်လို့လဲဆိုတော့ နေ့စဉ်ထုတ် သတင်းစာနဲ့ ဂျာနယ်တချို့ကလွဲလို့ ကာတွန်းဖော်ပြတဲ့နေရာတွေ နည်းပါးလာနေလို့ပါပဲ။ ဆရာမ ထိပ်ထားလေးက အခုလို ဆက်ပြောပါတယ်။

“ညီမက တစ်ကွက်ကာတွန်း ရေးဆွဲတာများတယ်။ ဂျာနယ်တွေ၊ သတင်းစာတွေမှာပါ့။ ကာတွန်းလောကထဲ ရောက်လာတာက ၂၀၁၁ ခုနှစ်ကဆိုတော့ (၉)နှစ်ရှိပြီ။ မှုခင်းမဂ္ဂဇင်းမှာ တစ်ကွက်ကာတွန်းဆွဲရာကနေ ရောက်လာခဲ့တာပါ။ ကာတွန်းရေးဆွဲတာ တစ်ခုတည်းနဲ့ ရပ်တည်ဖို့က မလွယ်ပါဘူး။ ကလေးလေးတွေဖတ်တဲ့ စာစောင်တွေမှာလည်း ညီမက ဇာတ်လမ်းတွဲလေးရေးတယ်။ Comic လို့ ခေါ်တဲ့ ရုပ်ပြဇာတ်လမ်းတွေ ရေးဆွဲထုတ်ဝေဖို့က အဆက်အသွယ်ရှိမှ ဖြစ်မှာလေ။ အခုလက်ရှိမှာတော့ ကလေး စာပေတွေ သီးသန့်ထုတ်တဲ့ Third Story ပရောဂျက် အတွက် ဇာတ်လမ်းတိုလုံးချင်းတွေ ရေးနေပါတယ်။ ဒါအပြင် Mother and Genius ကနေထုတ်ဝေတဲ့ သင်ထောက်ကူစာအုပ်မှာ သရုပ်ဖော်ပုံတွေ ရေးနေပါတယ်”

ကျမတို့ဆီမှာ ကာတွန်းရေးဆွဲသူအများစုဟာ အမျိုးသားတွေဖြစ်လို့ ကျား/မ တန်းတူရေး ကိစ္စတွေ၊ အမျိုးသမီးတွေအပေါ် တဖက်သတ်ခွဲခြားဆက်ဆံမှုဆိုတာတွေကို သေသေချာချာမသိကြ၊ နားမလည်ကြဘဲ ရေးဆွဲနေကြတာလည်း တွေ့ရပါတယ်။ အထင်ရှားဆုံးသာဓကအားဖြင့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဇူလိုင် (၂၀)ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ ရန်ကုန်တက္ကသိုလ်ကို လာရောက်ခဲ့ပါတယ်။ ဒီလိုလာရောက်ချိန်မှာ ကျောင်းသားသမဂ္ဂအဖွဲ့နှစ်ဖွဲ့က သူတို့ရဲ့ လိုလားချက်တွေကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ကျောင်းသားတွေရဲ့ တောင်းဆိုချက် တစ်ခုကတော့ “ကျောင်းဝင်း ထဲမှာ ကျောင်းသူတွေ လိင်အကြမ်းဖက်ခံရတာ ဘယ်လို ဖြေရှင်းပေးကြမှာလဲ” ဆိုတဲ့ တောင်းဆိုချက်ပါပဲ။

ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ်နယ်မြေတချို့မှာ ကျောင်းသူတွေအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားတာတွေ ရှိနေခဲ့လို့… အတိုင်ပင်ခံပုဂ္ဂိုလ်ရောက်လာချိန်မှာ ထည့်သွင်းဖော်ပြတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

“ကျောင်းသူတွေ လိင်အကြမ်းဖက်ခံရတာ ဘယ်လိုဖြေရှင်းမှာလဲ” လို့ ဆန္ဒထုတ်ဖော်ခဲ့တဲ့အထဲမှာ ကျောင်းသူတစ်ဦးဖြစ်တဲ့ မအိ သီရိကျော်လည်း ပါဝင်ခဲ့တာပါ။ အဲဒီအပေါ်မှာ အမျိုးသားကာတွန်းဆရာတစ်ယောက်က “ဟဲ့… နင့်ဆန္ဒမပါဘဲနဲ့ နင့်လိုဟာကို ဘယ်သူက အကြမ်းဖက်မှာလဲ” လို့ ပုံတူကာတွန်းရေးဆွဲခဲ့တဲ့အတွက် ကျောင်းသားထုကြားမှာရော၊ အမျိုးသမီးရေးနဲ့ လူ့အခွင့်အ ရေးဆိုင်ရာ လုပ်ဆောင်နေတဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေ ကြားထဲမှာပါ ဝေဖန်မှုတွေ အများကြီးထွက်ပေါ်ခဲ့ပါတယ်။

ကာတွန်းဆရာဟာ အမျိုးသမီးတစ်ဦးရဲ့ရုပ်ရည်အပေါ်အခြေခံတဲ့ လှောင်ပြောင်စော်ကားမှုသာမက အမျိုးသမီးတွေဖက်ကသာ အနေအထိုင်တတ်ရင် လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုနဲ့ လိင်အကြမ်းဖက်မှုဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုလိုလိုက်တဲ့ ဒီကာ တွန်းဟာ အမျိုးသမီးတွေကို လိင်အခြေပြုရှုမြင်တဲ့ လူ့အဖွဲ့အစည်း(အမျိုးသားတွေရဲ့)ရဲ့ အမြင်ကို ကိုယ်စားပြုနေပါတယ်။ တပြိုင်နက်တည်းမှာ အမျိုးသမီးတွေကို လိင်မှုဆိုင်ရာအကြမ်းဖက်မှုတွေအပေါ် အားပေးအားမြှောက်ပြုလိုက်တာလည်းဖြစ် ပါတယ်။

ကျောင်းသားဆန္ဒပြပွဲတွေနဲ့ဆက်စပ်ပြီး နောက်ထပ်တွေ့ရတဲ့ကာတွန်းကတော့ ကျောင်းသူတစ်ဦးက ကျောင်းကိုသိမ်းလိုက်ပြီလို့ ပြောခဲ့တဲ့အပေါ် သရော်ထားတဲ့ကာတွန်းပါ။ ကျောင်းသိမ်းပြီးရင် ရလာမယ့်အကျိုးအမြတ်ကတော့ တည်းခိုခန်းခသက်သာသွား တာပေါ့ဆိုပြီး လှောင်ပြောင်ထားတာဖြစ်ပါတယ်။ ဒီကာတွန်းကလည်း မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာအမြင်နဲ့ စော်ကားမှုပြု လိုက်တဲ့ ကာတွန်းတစ်ခုပါ။

နောက်ထပ်အလားတူကာတွန်းများလည်းရှိပါသေးတယ်။ ရေကျော်သတင်းကျွတ်ပွဲစည်ကားလွန်းတဲ့အကြောင်း လူတိုးလို့ လိင်ပိုင်း ဆိုင်ရာထိပါးနှောက်ယှက်မှုခံရတဲ့မိန်းကလေးက ပျော်ရွှင်ဝမ်းသာပြီး သူငယ်ချင်းတွေကို ဖုန်းဆက်ကြွားဝါနေတဲ့ ကာတွန်းမျိုးပါ။ ဒါကတော့ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုတွေအပေါ် သဘောကျတယ်၊ သာယာတယ်လို့ ဆိုလိုတာဖြစ် ပြီး လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်တတ်တဲ့ယောကျာ်းတွေကို အားပေးအားမြှောက်ပြုလိုက်တဲ့ကာတွန်းဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်က ကျောင်းသူများ လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုဆိုင်ရာ အကာအကွယ်ပေးဖို့ တောင်းဆိုတဲ့အပေါ် လှောင်ပြောင်တဲ့ကာတွန်းရေးဆွဲခဲ့တဲ့အတွက် ဇူလိုင် (၂၆)ရက်နေ့မှာတော့ ကာယကံရှင် ကာတွန်းဆရာက မြန်မာနိုင်ငံကာတွန်း ဆရာများအသင်းရုံးခန်း၊ ကာတွန်းဆရာများရှေ့မှောက်မှာ တောင်းပန်ခဲ့သလို ကျောင်းသူတစ်ဦးဖြစ်တဲ့ မအိသီရိကျော်ကလည်း ခွင့်လွှတ်ကျေအေးကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံကာတွန်းဆရာများအသင်းကလည်း အသင်းဝင်ကာတွန်း ဆရာတွေကို စာနယ်ဇင်းဆိုင်ရာ ကျင့်ဝတ်စည်းကမ်းနဲ့အညီ ရေးဆွဲကြဖို့ တိုက်တွန်းခဲ့တာလည်း တွေ့ခဲ့ရပါတယ်။

ဒီဖြစ်ရပ်ကြောင့် ကာတွန်းဆရာတွေဟာ အမျိုးသမီးတွေနဲ့ပါတ်သက်ပြီး ကာတွန်းရေးဆွဲမှုတွေအပေါ် သတိထားလာကြမယ်လို့ မျှော်လင့်ရပေမယ့်လည်း ကျားမရေးရာဆိုင်ရာ အယူအဆတွေကို နားလည်ဖို့နဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအရ ေ၀ ဖန်သရော်လိုတဲ့အမူအကျင့်တွေကိုတော့ အများကြီးပြင်ဆင်ဖို့လိုအပ်နေပါသေးတယ်။ ဒီနေ့ကာလဟာ ကျားမရေးရာ အလေး အနက်ရှိမှုနဲ့ လူသားများရဲ့အတွေးအခေါ်ဖွံ့ဖြိုးမှုကို သက်သေပြလာကြတဲ့အချိန်ကာလဖြစ်ပါတယ်။ ကာတွန်းအနုပညာဟာ လူ့အဖွဲ့အစည်းပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးတဲ့နယ်ပယ်တစ်ခုဖြစ်တာနဲ့အညီ ကာတွန်းဆရာများဟာ ကျားမရေးရာ တွေးခေါ်မှုပုံစံ မှန်ကန်ဖို့လိုပါတယ်၊

ဒီလို ကျား/မ ရေးရာ တန်းတူညီမျှမှုကို နားမလည်ဘဲ ကာတွန်းရေးဆွဲတာနဲ့ ပတ်သက်ပြီး ကာတွန်းထိန်သာက အခုလို မှတ် ချက်ပြုပြောဆိုပါတယ်။ “အဓိကကတော့ တချို့ကာတွန်းဆရာတွေမှာ စာဖတ်အားနည်းတယ်၊ ဝမ်းစာပိုင်းအားနည်းတဲ့အခါ ဒီလို ကာတွန်းမျိုးကို ဆွဲသင့်/ မဆွဲသင့် နားမလည်တော့ဘူး”

တဖန် ကာတွန်း ဝေယံ (တောင်ကြီး) ကလည်း အခုလို ပြောဆိုပါတယ် – “တချို့ကာတွန်းဆရာတွေက လေ့လာအားနည်းတော့ အထွေထွေဗဟုသုတလည်း သိပ်မရှိဘူး။ ပညာရေးအခံလည်း ပါတာပေါ့ဗျာ။ ကျား/မ တန်းတူညီမျှရေးကိစ္စကို သေချာသိတဲ့သူ ကလည်း နည်းတယ်။ ဒီလိုကာတွန်းဆွဲတာက ကျောင်းသူတွေကို ခွဲခြားဆက်ဆံရာရောက်တယ်ဆိုတာ မသိတဲ့သူက များတယ်။ နောက်တစ်ခုက အတွေးအခေါ် လွတ်လပ်မှုပေါ့ဗျာ။ လေ့လာအားနည်းပြီး အတွေးအခေါ် မလွတ်လပ်တာရဲ့ အကျိုးဆက်ပါ”

အထက်ပါ ကာတွန်းဆရာနှစ်ဦး သုံးသပ်သလိုပါပဲ။ ကိုယ်ရေးဆွဲလိုက်တဲ့ကာတွန်းဟာ တဖက်သားကို နစ်နာမှုမရှိအောင် အထူး သတိပြုရမှာ ဖြစ်သလို ကာတွန်းရေးဆွဲတော့မယ်ဆိုရင် ဖြစ်စဉ်တစ်ခုကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ရမှာပါ။ ဘယ်လိုနယ်ပယ်မှာပဲ ဖြစ်ဖြစ် စာဖတ်အားကောင်းဖို့ လိုအပ်သလို ကျား/မ ဆိုင်ရာ တန်းတူညီမျှရေးကိစ္စအပေါ်လည်း နားလည်အောင် လေ့လာထားဖို့ လည်း လိုအပ်ပါတယ်။

အနာဂတ်မြန်မာနိုင်ငံမှာ အမျိုးသမီးကာတွန်းဆရာတွေ နောက်ထပ်အများအပြားပေါ်ထွက်လာဖို့၊ အမျိုးသားကာတွန်းဆရာတွေ အနေနဲ့လည်း အမျိုးသမီးတွေအပေါ် လေးစားမှုရှိပြီး မိမိတို့ရဲ့စိတ်တံခါးကို ဖွင့်လှစ်ပြလိုက်တဲ့ လိင်အခြေပြု ချိုးနှိမ်မှုများနှင့် လိင်အကြမ်းဖက်မှုများကို အားပေးခြင်း မပြုဘဲ မိမိတို့ အနုပညာလက်ရာများကို တန်ဖိုးရှိစွာ ဖော်ထုတ်နိုင်ဖို့ မျှော်လင့်မိပါကြောင်း တင်ပြလိုက်ရပါတယ်။

Author:

Related Articles