(မျိုး)။ ။
လူသူကင်းမဲ့ပြီး တိတ်ဆိတ်နေတဲ့ ရွာအဝင်လမ်းကနေ တဖြည်းဖြည်းဝင်လာချိန်မှာ အိမ်ခြေဆယ်အိမ်ကျော် လောက်ရောက်လာတဲ့အထိ လူသံမကြားရဘဲ တိတ်ဆိတ်ငြိမ်သက်နေပါတယ်။
ရွာအလယ်ရောက်တဲ့အချိန်မှာတော့ ကလေးတစ်ယောက်စ၊ နှစ်ယောက်စ ကစားနေတာကို တွေ့လိုက်ပါတယ်။
အဲဒီကလေးတွေအနားမှာတော့ နွားတွေကို ကြိုးနဲ့ချည်ပြီးဆွဲလာတဲ့ အမျိုးသမီးသုံးယောက်ကို တွေ့ရပါတယ်။ သူတို့ကတော့ လယ်မြေအငြင်းပွားမှုကြောင့် စစ်တပ်နဲ့ တရားရင်ဆိုင်နေရတဲ့ ဒေါဆိုရှေးကျေးရွာက ရွာသူတွေ ဖြစ်ကြပါတယ်။
တစ်ရွာလုံးက အရွယ်ရောက်ယောကျာ်းသားတွေ အားလုံးနီးပါးက လယ်မြေအငြင်းပွားမှုနဲ့ ဖမ်းဆီးခံထားရတာ ကြောင့် ယောက်ျားတွေ လုပ်ကိုင်နေတဲ့ တောင်ယာလုပ်ငန်းတွေကို မိန်းမတွေက ဝင်ရောက်လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။
အခုလို စစ်တပ်နဲ့ လယ်မြေအငြင်းပွားမှုကြောင့် ခင်ပွန်းသည်တွေ ဖမ်းဆီးခံထားရသူတွေထဲမှာ ဒေါ်ပါစကြွီးနန့် တစ်ယောက်လည်း ပါဝင်ပါတယ်။
“ကျမတို့ကို သတ်ပစ်လိုက်တာ ပိုနားအေးတယ်လို့ထင်တာဘဲ။ ကျမတို့အကုန်လုံးကို သတ်ပစ်လိုက်” ဆိုပြီး စစ် တပ်မှ တရားစွဲဆိုခြင်းကို ရင်ဆိုင်နေရတဲ့ ကယားပြည်နယ်၊ ဒီမောဆိုးမြို့နယ်၊ ဒေါဆိုရှေးရွာမှ တောင်သူအမျိုး သမီး ဒေါ်ပါစကြွီးနန့်က စိတ်လှုပ်ရှားနေတဲ့မျက်နှာနဲ့ ခပ်ကျယ်ကျယ်ပြောလိုက်ပါတယ်။
ခင်ပွန်းဖြစ်သူနဲ့သား(၃)ယောက်ဟာ လယ်မြေအငြင်းပွားမှုကြောင့် စစ်တပ်က တရားစွဲဆိုတာကိုခံရပြီး ဖမ်းဆီး ခံထားရတာ နှစ်လနီးပါးရှိပါပြီ။
ဒီလိုဖမ်းဆီးခံထားရတာကြောင့် တောင်ယာအလုပ်နဲ့ မိသားစုစားဝတ်နေရေးကိစ္စတွေမှာ ဒေါ်ပါစကြွီးနန့်ဟာ တစ်ယောက်တည်း ရုန်းကန်နေရပါတယ်။
“တောင်ယာတွေဝင်ရတာ။ စပါးရိတ်ရတာ။ အိမ်မှာဦးစီးဆိုတော့ သူနဲ့ဘဲ ခိုလှုံရတယ်။ သူမရှိတော့ အလုပ် လုပ်ဖို့ လူဌားဖို့လည်း မရှိဘူး” လို့ ဒေါ်ပါစကြွီးနန့်က ပြောလိုက်တာပါ။
ဒီလိုအခက်အခဲတွေရှိနေတဲ့အပြင် ဒေါဆိုရှေးကျေးရွာက တောင်သူတွေ စိုက်ပျိုးထားတဲ့ သီးနှံတွေကို နိုဝင်ဘာ လ(၇)ရက်ကနေ (၈)ရက်နေ့အထိ နှစ်ရက်အတွင်းမှာ အပြီးရိတ်သိမ်းဖို့ စစ်တပ်က ဖိအားပေးခဲ့တာကြောင့် အိမ်ထောင်ဦးစီးမရှိပေမယ့် ဆွေမျိုးတွေရဲ့ အကူအညီနဲ့ ရိတ်သိမ်းခဲ့ရတယ်လို့ တောင်သူတွေက ပြောပြပါ တယ်။
“ ရွာထဲမှာလည်း အားလုံးက ရုန်းကန်နေရတာနဲ့ အကူအညီတောင်းလို့ မရနိုင်ဘူး။ သူတို့လည်း ခံနေရတယ်။ ကိုယ်တွေလည်း ခံနေရတယ်။ ဒါကြောင့် ကိုယ့်ဆွေမျိုးတွေနဲ့ဘဲ ခေါ်လုပ်လိုက်တယ်။ ဒါပေမယ့် လုပ်အားခ ပေးစရာတော့ မရှိဘူး” လို့ ဒေါ်ပါစကြွီးနန့်က ပြောပါတယ်။
ဒီလို စစ်တပ်က နှစ်ရက်အတွင်းမှာ အပြီးရိတ်သိမ်းဖို့ ဖိအားပေးတာကြောင့် ခင်ပွန်းတွေ၊ သားတွေ၊ ဖမ်းဆီးခံ ထားရတဲ့ တောင်သူအမျိုးသမီးတွေဟာ မိမိတို့ဆွေမျိုးသားချင်းတွေရဲ့ အကူအညီနဲ့ အမြန်ရိတ်သိမ်းခဲ့ရပြီး စက် ပစ္စည်းတွေကိုလည်း အမြန်ငှားရမ်းရိတ်သိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်တပ်က တောင်ယာရိတ်သိမ်းတဲ့အချိန်မှာ ယောက်ျားများကို မခေါ်လာဖို့လည်း ပြောဆိုခဲ့တယ်လို့ တောင်သူ အမျိုးသမီးတွေက ပြောပြပါတယ်။
ဒီလို ဖိအားပေးခဲ့ပေမယ့် သူတို့ဟာ တောင်ယာရိတ်သိမ်းတဲ့အခါမှာ အခြားအမျိုးသား(ယောက်ျား) တွေကို ခေါ် ပြီးရိတ်သိမ်းခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဒီလိုဖိအားပေးရိတ်သိမ်းခိုင်းခဲ့တာကြောင့် တောင်ယာတွေမှာ ပေါင်း ကောင်းကောင်းမလိုက်ခဲ့ရလို့ နောက်ရာသီတွေမှာ သီးနှံကောင်းကောင်းမရနိုင်တော့ဘူးလို့ မိခင်နဲ့ ညီဖြစ်သူ အဖမ်းခံထားရတဲ့ ကိုပါးရ်က ရှင်းပြပါတယ်။
ပြီးတော့ တောင်ယာရိတ်သိမ်းရာမှာ နှစ်ရက်တည်းနဲ့ အမြန်ရိတ်သိမ်းခဲ့ရတာကြောင့် သီးနှံတွေ အကုန်လုံး မရိတ်သိမ်းနိုင်ခဲ့ကြပါဘူး။ ဒီလို အကုန်လုံးမရိတ်သိမ်းနိုင်ခဲ့သလို မရင့်မှည့်မီ ရိတ်သိမ်းခဲ့ရတာတွေကြောင့် ဒီနှစ် စားဝတ်နေရေးအတွက် အခက်အခဲရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
ဒီလိုအခက်အခဲတွေဟာ ကိုပါးရ်နဲ့ ဒေါ်ပါစကြွီးနန့်တို့ နှစ်ဦးထဲ ကြုံနေရတာတော့ မဟုတ်ပါဘူး။ သူတို့နဲ့အတူ ဒေါဆိုရှေးရွာက တောင်သူတွေအားလုံး ကြုံတွေ့နေရတာပါ။
သူတို့ဟာ အရင်နှစ်တွေတုန်းကလည်း စားဝတ်နေရေးက အရမ်းဖူလုံလှတယ်လို့မဟုတ်ပါဘူး။ ဒီနှစ်မှာတော့ မရင့်မှည့်သေးတဲ့သီးနှံတွေကို အမြန်ရိတ်သိမ်းလိုက်ရတာတွေကြောင့် ဒီနှစ်အတွက် လုံလောက်တဲ့စပါးမရမှာ ကို ပိုပြီးစိတ်ပူနေကြတာဖြစ်ပါတယ်။
တရားစွဲခံထားရတဲ့ မုဆိုးမတစ်ဦးဖြစ်သူ တောင်သူဒေါ်ရှမ်းမကလည်း တရားရုံးသွားရတာတစ်ဖက် အိမ်နဲ့ တောင်ယာအလုပ်ကတစ်ဖက် ဗျာများပြီး စိတ်ဓာတ်ကျနေပါတယ်။
“တရားရင်ဆိုင်ရတဲ့အချိန်မှာ စိတ်ပင်ပန်းတယ်။ စိုးရိမ်တယ်။ ဘယ်အချိန် ဒီအမှုပြီးမလဲ။ အခုက ရုံးချိန်းခဏ ခဏချိန်းတော့ အချိန်တအားပေးပြီး သွားရတယ်။ အမှုဘယ်အချိန်မှပြီးမလဲ စိုးရိမ်တယ်။ ကြောက်တယ်” လို့ ဒေါ်ရှမ်းမက ရင်ဖွင့်ပါတယ်။
“အခုက တရားရုံးချိန်းလည်း သွားရတယ်။ စားဝတ်နေရေးအတွက်လည်းလုပ်ရတော့ အိမ်မှာလိုအပ်တဲ့ အလုပ် တွေ ကူပေးမယ့်သူလည်း မရှိဘူး။ ဝက်စာတို့ ဘာတို့လုပ်ကူပေးမယ့်သူ မရှိဘူး။ အားလုံးကိုယ်တစ်ယောက် တည်း လုပ်ရတော့ အခက်အခဲရှိတယ်” လို့ ဒေါ်ရှမ်းမက ရင်ဖွင့်ပါတယ်။
ဒေါ်ရှမ်းမဟာ မြန်မာစကားကို ကောင်းကောင်းမပြောတတ်တာကြောင့် တရားရင်ဆိုင်ရတဲ့အချိန်တွေမှာ စိုးရိမ် သောကနဲ့ စိတ်ဖိစီးမှုတွေရှိနေပြီး တရားရုံးမှာလည်း ဘာမှနားမလည်ဘဲ သူများနောက်ကလိုက်နေရတယ်လို့ ဆိုပါတယ်။
သူ့အနေနဲ့ ဘိုးဘွားလက်ထက်ကတည်းက ပိုင်ဆိုင်လာတဲ့တောင်ယာတွေကို စစ်တပ်ဆီက ပြန်လည်ရယူလို ပြီး တောင်ယာတွေ မရှိတော့ရင် လုပ်ကိုင်စားသောက်စရာ မရှိတော့ဘဲ သူတို့ရဲ့ ဘဝတွေပါ ပျောက်သွားနိုင် တယ်လို့ ဒေါ်ရှမ်းမက အနာဂတ်မျှော်လင့်ချက်မဲ့နေတဲ့အကြောင်းကို ဖွင့်ဟလိုက်တာပါ။
“တောင်ယာတွေပြန်ပေးစေချင်တယ်။ တသက်လုံး ဒီတောင်ယာနဲ့ အသက်ရှင်လာတာပါ။ သူတို့အခုလိုမျိုးလာ လုပ်လိုက်ရင် ကျမတို့ဘာနဲ့စားမလဲ။ ဘယ်လိုလုပ်ကိုင်စားသောက်မလဲ။ ဒါက ကျမတို့ ဘိုးဘွားလက်ထက်က တည်းက အမွေပေးထားတဲ့ တောင်ယာတွေဖြစ်တယ်။ ကျမတို့ပိုင်တာတွေဖြစ်တယ်”လို့ ဒေါ်ရှမ်းမက တောင် ယာတွေ ပြန်ရလိုကြောင်း ပြင်းပြင်းထန်ထန်ပြောပါတယ်။
ဒေါ်ရှမ်းမဟာ စစ်တပ်နဲ့ လယ်မြေကိစ္စတွေ ပဋိပက္ခဖြစ်နေရတာကို နားမလည်နိုင်ဘူးဖြစ်နေပါတယ်။
“သူတို့ဥစ္စာမှ မဟုတ်တာ။ စစ်သားဆိုတာက နိုင်ငံတော်ကာကွယ်ရမယ်။ လူထုနဲ့ ပဋိပက္ခဖြစ်ဖို့မဟုတ်ဘူး။ ဒါက ကျမတို့ တောင်ယာတွေဖြစ်တယ်။ ပြန်ပေးမှအဆင်ပြေမယ်”လို့ သူကပြောခဲ့တာပါ။
သူတို့တောင်သူတွေအနေနဲ့ ဥပဒေတွေ၊ ပုဒ်မတွေကို နားမလည်သလို ၂၀၁၂ ခုနှစ်မှာ ပြဌာန်းလိုက်တဲ့ မြေ လွှတ်မြေရိုင်း ဥပဒေကိုလည်း သေချာနားမလည်ကြပါဘူး။
“သူတို့မြေသိမ်းလိုက်ခြင်းဖြင့် ဥပဒေနားမလည်ဘူး၊ ပြန်မပြောတတ်ဘူးဆိုပြီး အနိုင်ကျင့်တာ။ ဘယ်လိုဘဲ ဥပဒေနားမလည်ပါစေ။ ဗမာစကားမတတ်ပါစေ။ ကိုယ်တသက်လုံးလုပ်စားလာတဲ့ ကိုယ်ရဲ့မြေကိုတော့ပြန်ပေး ပါလို့ ပြောချင်တယ်” လို့ ဒေါ်ရှမ်းမက ထပ်ပြောပါတယ်။
မြေလွှတ်မြေရိုင်းဥပဒေဟာ မြန်မာဘာသာနဲ့သာရှိပြီး တိုင်းရင်းသားဘာသာများနဲ့ ပြန်ဆိုထားတာမရှိတာ ကြောင့် ဒီဥပဒေကို တိုင်းရင်းသားများအနေနဲ့ နားလည်မှု မရှိဘူးလို့ ဆိုကြပါတယ်။
“မြေလွှတ်မြေရိုင်းဥပဒေကို ကျွန်တော်တို့နားမလည်ဘူး။ ပြန်ရှင်းပြမဲ့သူလည်းမရှိဘူး။ ကယားဘာသာနဲ့ ပြန် ထားတာလည်းမရှိဘူး။ သူတို့က စာပေနဲ့ယဉ်ကျေးမှုအဖွဲ့တွေလည်းရှိတော့ လယ်ယာမြေဥပဒေကို နားလည် တဲ့ဘာသာစကားနဲ့ ထွက်ပေးနိုင်တယ်ဆိုရင် အကုန်လုံးသိမှာပါ။ အခုက ဗမာစကားမတတ်၊ ဗမာစာလည်း မရေးတတ်၊ မဖတ်တတ်တဲ့ ကျွန်တော်တို့က ဒီဥပဒေတွေကို ဘယ်လိုမှ လက်လှမ်းမမီနိုင်ဘူး”လို့ ကိုပါးရ်က ပြောလိုက်တာဖြစ်ပါတယ်။
လွိုင်ကော်မြို့အခြေစိုက်၊ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ၊ ဥက္ကဌခူးတူရယ်ကလည်း “တရားဥပဒေ စိုး မိုးရေးဆိုရင် ရိုးရာဓလေ့ယဉ်ကျေးမှုကို အသိအမှတ်ပြုပါတယ်၊ နိုင်ငံတော်က ဖွဲ့စည်းပုံထဲမှာ ရေးထားတယ်လို့ ရှေ့နေက ကျွန်တော်တို့ကို ရှင်းပြတယ်။ ဒါကြောင့် ကျွန်တော်တို့ ရိုးရာဓလေ့ကို ကာကွယ်စောင့်ရှောက်ပေးပါ လို့ ပြောချင်တယ်” လို့ ပြောပါတယ်။
မြေလွှတ်မြေရိုင်းဥပဒေကို လက်တလုံးခြားလုပ်တဲ့ စီးပွားရေးသမားတွေကြောင့် တောင်သူတွေ ဒုက္ခရောက်နေ ရတာတွေလည်း အများကြီးရှိတယ်လို့လည်း သူကဆိုပါတယ်။
“ဥပဒေအသက်ဝင်တော့ လက်တစ်လုံးခြားလုပ်မယ့်သူတွေ အများကြီးရှိတယ်။ မြေလွှတ်မြေရိုင်းတွေကို လျှောက်လို့ရတယ်ဆိုတော့ တခြားနေရာမှာ သွားလျှောက်ရင် အဲဒီက လူတွေလက်ခံမလား။ တိုင်းရင်းသား တွေရဲ့ ဖြစ်တည်ရှင်သန်မှုကို မေ့နေတယ်။ ဒါကြောင့် ဒီဥပဒေကို ထုတ်တယ်လို့ ယူဆတယ်။ ဒါက တိုင်းရင်း သားတွေရဲ့ ဖြစ်တည်မှုကို နစ်နာစေတဲ့ဥပဒေဖြစ်တယ်။ ဒီဥပဒေကြောင့် တိုင်းရင်းသားတွေ ငိုကြွေးနေရပြီ”လို့ ခူးတူရယ်က ဆက်ပြောပါတယ်။
အခုဆိုရင် ဒီမော့ဆိုမြို့နယ်အခြေစိုက်၊ အမြောက်တပ်ရင်း အမှတ်(၃၆၀)မှ သိမ်းယူထားတဲ့ မြေပေါ်မှာ သွား ရောက်ထွန်ယက်စိုက်ပျိုးလို့ တရားစွဲခံထားရတဲ့ တောင်သူတွေဟာ တရားရုံးမှာ ရုံးချိန်းအကြိမ်(၂၀)အထိ တက်ရောက်ခဲ့ပြီးဖြစ်ပေမယ့် ဘယ်အချိန်မှာ အမှုပြီးစီးမယ်ဆိုတာကို မသိနိုင်လို့ စိတ်ဖိစီးမှုတွေများနေပါတယ်။
စစ်တပ်က တရားစွဲဆိုခံထားရတဲ့ တောင်သူစုစုပေါင်း(၁၅)ဦးရှိပြီး အဲဒီထဲက (၅)ဦးဟာ အမျိုးသမီးတွေဖြစ်ကြ ပါတယ်။ တောင်သူ(၁၅)ဦးရဲ့လယ်မြေ(၃၆၉)ဧကကို သိမ်းဆည်းထားပြီး ဒီရွာသားတွေကို ရာဇသတ်ကြီးပုဒ်မ (၄၄၇)၊ ပိုင်နက်ကျူးလွန်မှုနှင့် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေပုဒ်မ(၆၁)တို့နဲ့ တရားစွဲဆိုထားပါ တယ်။ တရားစွဲဆိုခံထားရသူ (၁၅)ဦးထဲက (၉)ဦးကို ဖမ်းဆီးထားကာ ဖမ်းဆီးခံထားသူတွေထဲမှာ အမျိုးသမီး (၁)ဦးလည်း ပါဝင်နေပါတယ်။
“ဒီလိုအမှုရင်ဆိုင်ရတာကို မကြုံဖူးဘူးလေ။ ကိုယ့်တောင်ယာနဲ့ကိုယ်လုပ်စားတာကို တခါမှလည်း ကိုယ့်ကို မတ ရားလာဖမ်းဆီးပြီး အချုပ်ထဲထည့်တာ မကြုံဖူးဘူး။ အခုကြုံရတော့ အရမ်းတုန်လှုပ်ခြောက်ခြားသွားတာပေ့ါ။ အရမ်းစိုးရိမ်တယ်။ ကြောက်လည်းကြောက်ပါတယ်”လို့ ဒေါ်ပါစကြွီးနန့်က ပြောပါတယ်။
တောင်သူအမျိုးသမီးတွေဟာ အခုလိုတရားရင်ဆိုင်နေရတဲ့အချိန်၊ ဖမ်းဆီးခြင်းခံထားရတဲ့အချိန်မှာ ကြောက်ရွံ့ ထိတ်လန့်မှုတွေအပြင် မိသားစုစားဝတ်နေရေးတွေအတွက်ပါ ပူပန်သောကရောက်နေကြတာဖြစ်ပါတယ်။
အခုလို ရင်ဆိုင်နေရတဲ့တောင်သူအမျိုးသမီးတွေကို ကယားပြည်နယ်အခြေစိုက် အမျိုးသမီးအဖွဲ့တစ်ခုဖြစ်တဲ့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) က စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်မှုတွေ ပြုလုပ် ပေးနေတယ်လို့ အဖွဲ့ရဲ့ တာဝန်ရှိသူ မော်ဖရေမြာက ပြောပါတယ်။
‘ကျမတို့ တစ်ပတ်တစ်ခါ ထောင်ဝင်စာ ပုံမှန်သွားတွေ့မယ်။ အခုလည်းတွေ့နေတယ်။ ပြီးရင် ထောင်ထဲမှာ စိတ် အားမငယ်အောင် စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေ လုပ်ပေးတယ်။ အစားအသောက်တွေ ယူသွားပေးတယ်။ မလွှတ်မချင်းတစ်ပတ်တစ်ကြိမ်ထောင်ဝင်စာတွေ့မယ်”
ကူညီနေတဲ့ အမျိုးသမီးအဖွဲ့တွေအနေနဲ့ အာဏာပိုင်တွေဖက်က ဒီတောင်သူတွေကို ဘယ်လိုပုဒ်မတွေနဲ့ ထပ် မံတရားစွဲဆိုဦးမလဲဆိုတဲ့ စိုးရိမ်ပူပန်မှုတွေရှိတယ်လို့ ဆိုပါတယ်။
“ကျမတို့ ထောင်ဝင်စာတွေ့ရင် စကားပြောခွင့်ရတယ်။ ဗမာစကားနားမလည်တာက သူတို့အတွက် စိမ်ခေါ်မှုဖြစ် နေတယ်။ ဘယ်အချိန်ထိ ဒီလိုမျိုးနေသွားရမလဲ။ ဘယ်လောက်အထိ အချုပ်ထဲမှာ ဆက်ပြီးထိန်းသိမ်းခံရမလဲ ဆိုတဲ့ စိမ်ခေါ်မှုတွေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိ အစိုးရလက်ထက်မှာဘဲပြောပြော၊ ပြီးခဲ့တဲ့ အစိုးရတွေလက်ထက်မှာဘဲပြောပြော ပုဒ်မက သူတို့လိုချင်တဲ့အချိန် လိုသလိုစွဲတယ်။ တပ်ချင်တဲ့ ပုဒ်မကို တပ် ပြီးစွဲနေတာ ကျမတို့အတွက် ခြိမ်းခြောက်မှုတစ်ခုပါ” လို့ မော်ဖရေမြာက ပြောပါတယ်။
တောင်သူတွေအနေနဲ့ တရားစွဲဆိုခံရတဲ့အချိန်ကတည်းက ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နဲ့ တွေဆုံရန် စာပို့ ထားပေမယ့် လက်ရှိအချိန်ထိ အကြောင်းပြန်ကြားခြင်းမရှိတဲ့အတွက် ပါဝင်ဖြေရှင်းပေးလိုတဲ့ဆန္ဒမရှိဘူးလို့ ယူဆနေကြပါတယ်။
“ဒီပြည်နယ်အစိုးရကလည်း ဖြေရှင်းဖို့လိုတယ်။ မဖြေရှင်းရင် စိတ္တဇဖြစ်နိုင်တယ်။ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို လည်း အများကြီးထိခိုက်နိုင်တယ်လို့ ကျွန်တော်ယုံကြည်တယ်။ ပြဿနာမဖြစ်ခင် ဝန်ကြီးချုပ်နဲ့တွေ့ဖို့ တောင်း ဆိုခဲ့ပေမယ့် အကြောင်းမပြန်လာဘူး” လို့ ခူးတူရယ်က ပြောပါတယ်။
ကရင်နီတောင်သူလယ်သမားသမဂ္ဂမှ အခုလိုတောင်သူများလယ်မြေအငြင်းပွားမှုကို တရားဥပဒေလမ်းကြောင်း အရ ဘယ်လိုပြန်လည်တုန့်ပြန်နိုင်မလဲဆိုတဲ့နည်းလမ်းတွေကို ရှေ့နေတွေနဲ့ တိုင်ပင်နေပါတယ်။
၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ (၁၅)ရက်နေ့မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ကယားပြည် နယ်၊ လွိုင်ကော်မြို့ကို ရောက်ရှိလာပြီး ကရင်နီပြည်လူငယ်အင်အားစုများနဲ့ တွေ့ဆုံခဲ့ရာမှာ တောင်သူလယ်သ မားအရေး ဆောင်ရွက်သူများလည်းပါဝင်ခဲ့ပါတယ်။
“ကျွန်တော်တို့တွေ့ဆုံတဲ့အချိန်မှာ တောင်သူအရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒါကအရေးကြီးတယ်။ ဒါက မဖြစ်မနေလုပ်ပေးရမယ်ဆိုတာတွေ ပြောပါတယ်။ တရားစွဲဆိုခံထားရတာနဲ့ ပတ်သက်ပြီးတော့ နေပြည်တော် မှာရှိတဲ့ ပြည်ထောင်စုအဆင့် တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီးတော့ ပြန်တိုင်ပင်ပေးမယ်။ အမြန်ဆုံးနည်းနဲ့ ဖြေရှင်း ပေးမယ်လို့တော့ပြောတယ်။ သဘောတူညီမှုရတယ်ပေါ့” လို့ ခူးတူရယ်က ရှင်းပြတာပါ။
ဒီလိုတောင်သူလယ်သမားသမဂ္ဂက တရားဥပဒေလမ်းကြောင်းအရ ပြန်လည်တုန်ပြန်နိုင်မယ့်နည်းလမ်းတွေကို ရှာဖွေနေသလို တောင်သူတွေအနေနဲ့လည်း သူတို့ရဲ့ လယ်ယာတွေကိုသာ အမြန်ဆုံးပြန်လိုချင်နေကြပါတယ်။
“ကိုယ်တစ်သက်လုံးလုပ်စားလာတဲ့ ကိုယ်ရဲ့မြေကိုတော့ ပြန်ပေးလို့ပဲ ပြောချင်တယ်”လို့ တရားစွဲခံထားရတဲ့ မုဆိုးမတစ်ဦးဖြစ်သူ ဒေါ်ရှမ်းမက ပြောပါတယ်။
ဒေါဆိုရှေးကျေးရွာမှာ အိမ်ခြေ(၂၈)လုံးရှိပြီး ယောက်ျားသားတွေအကုန်လုံးနီးပါး တရားစွဲဆိုခံထားရတာကြောင့် ရွာမှာ ယောက်ျား(၂)ယောက် (၃)ယောက်လောက်ပဲကျန်ပါတယ်။
ဒီရွာမှာ စပါးနဲ့ ပြောင်းကို အဓိကစိုက်ပျိုးပြီး ရိုးရာအတိုင်း ဝက်မွေးမြူရေးလုပ်ကြပါတယ်။ ဒါပေမယ့် ဝက်မွေး မြူရေးကလည်း နယ်စပ်က မွေးမြူရေးဝက်တွေ ဝင်လာတာကြောင့် ဈေးမရတော့ဘူးလို့ တောင်သူ အမျိုးသမီး တွေက ဆိုပါတယ်။
“ဝက်စာစရိတ်တောင် မကာမိတော့ဘူး။ ဝက်ကရောင်းလည်း ဝယ်မဲ့သူမရှိတော့ဘူး”လို့ ဒေါ်ပါစကြွီးနန့်က ပြော ပြတာပါ။
ဒါတွေအပြင် ဒီရွာမှာ ရေတွင်းမရှိတာကြောင့် မိုးရေကို တံလျှပ်နဲ့ခံပြီး ရေကန်ထဲဖြည့်ထားတဲ့စနစ်နဲ့ သုံးရပါ တယ်။ ရေသုံးစွဲမှုအတွက် အခက်အခဲရှိပြီး ဒီနှစ်မှာ ရေကန်ကြီးတစ်ခုဆောက်ဖို့ စီစဉ်ထားပေမယ့် တရား ရင်ဆိုင်လိုက်ရတာကြောင့် ငွေကြေးတွေ ကုန်ဆုံးပြီး မစီစဉ်နိုင်တော့ဘူးလို့လည်း ဆိုပါတယ်။
ရွာမှာနေထိုင်ကြတဲ့တောင်သူတွေဟာ စားဝတ်နေရေးအခက်အခဲအပြင် သောက်သုံးရေအခက်အခဲနဲ့ပါ ရင်ဆိုင် လာရတော့မှာ ဖြစ်ပါတယ်။ ဒီလို တောင်ယာအမှုအခင်းအပြင် စားဝတ်နေရေးနဲ့ ရေရှားပါးတဲ့ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ပြီး ဘယ်အချိန်မှာ ဘယ်လိုအဆုံးသတ်မလဲဆိုတာ နေ့စဉ်တွေးပူနေကြတာပါ။
မြေယာတွေပြန်ရနိုး မျှော်လင့်ရင်း ကျီးလန့်စာစားဘဝနဲ့ ဆက်လက်နေထိုင်သွားကြရမယ့်သူတွေကတော့ ဒေါ ဆိုရှေးရွာက တောင်သူတွေပဲဖြစ်ပါတော့တယ်။