Home ဆောင်းပါး သားယောက်ျားလေးမလိုချင်တော့တဲ့ ရှမ်းပြည်အရှေ့ပိုင်းက ရန်ရှင်းရွာ….

သားယောက်ျားလေးမလိုချင်တော့တဲ့ ရှမ်းပြည်အရှေ့ပိုင်းက ရန်ရှင်းရွာ….

နန်းဆိုင်နွမ်။ ။

“ ယောကျ်ားလေးမွေးရင် သတ်ပစ်လိုက်ချင်တယ်”

ဒီအသံကတော့ ရှမ်းပြည်အရှေ့ပိုင်းက အမျိုးသမီးတွေရဲ့ နာကျင်စွာ ရင်ဖွင့်တဲ့အသံဖြစ်ပါတယ်။

တကယ်တော့ မိခင်တွေဟာ သားယောက်ျားလေးမွေးလာရင် မျှော်လင့်ချက်အပြည့်နဲ့ ယုံကြည်အားထားတဲ့ စိတ် တွေလည်း ရှိတတ်ကြပါတယ်။

ဒါပေမယ့်လည်း ရန်ရှင်းကျေးရွာက အိမ်ထောင်ရှင်အမျိုးသမီးတွေကတော့ သားဆိုတာကို လုံးဝမလိုချင်လောက် အောင် ကြောက်ရွံ့စိုးရိမ်နေကြတာကို တွေ့ရပါတယ်။

ရန်ရှင်းကျေးရွာဟာ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ (၄၅)မိနစ်ခန့် ကားစီးသွားရင် ရောက်ရှိနိုင်တဲ့ ရွာက လေးတစ်ရွာဖြစ်ပြီး လားဟူလူမျိုးစုများ အဓိကနေထိုင်ကြပါတယ်။

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ဝန်းကျင် ဒေသတလျှောက်က ကျေးရွာတွေမှာ ယောက်ျားတွေအားလုံးနီးပါး မူးယစ်ဆေးဝါးသုံးစွဲကြပါတယ်။ ဒီလိုမူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အမျိုးသမီးတွေအပေါ် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေဟာ တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာပါတယ်။

မူးယစ်ဆေးကြောင့် ကိုယ့်မိခင်ကိုဖြစ်စေ၊ ဇနီးကိုဖြစ်စေ၊ ရိုက်နှက်တာတွေ၊ ခြိမ်းခြောက်တာတွေဟာ အမျိုးသမီး တွေ နေ့စဉ်နဲ့အမျှခံစားနေရတဲ့ ပြဿနာကြီးတစ်ခုဖြစ်နေပါတယ်။ “မိန်းမတွေဟာ သားတွေမွေးဖွားလာမှာတောင် တော်တော်ကြောက်နေရတယ်” လို့ အသက်(၅၃)နှစ်အရွယ်ရှိ ဒေါ်နာမီးက လားဟူဘာသာစကားနဲ့ ပြောပါတယ်။

“ ကျမကို ကျမရဲ့သားတွေက နေ့တိုင်းနီးပါး ရိုက်တယ်။ မထနိုင်တဲ့အဆင့်ထိပါပဲ” ဒေါ်နာမီးက တိုးတိတ်ဆို့နစ်စွာ ဆက်ပြောပါတယ်။

ဒေါ်နာမီးဟာ သား(၄)ဦးရဲ့မိခင်ဖြစ်ပြီး သားအားလုံးဟာ မူးယစ်ဆေးဝါးသုံးစွဲနေသူတွေပါ။

“ သူတို့ရိုက်ရင် ကျမအိပ်ယာထဲကနေ ထလို့တောင် မရဘူး။ ခြေလက်တွေ ခန္ဓာကိုယ်တွေ ယောင်ကိုင်းနေတယ်။ အလုပ်လည်း လုပ်လို့မရ၊ ငွေလည်းမရတော့ သူတို့ကို ဘယ်လိုပေးရမှာလဲ” လို့ ဒေါ်နာမီးက သူရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဝမ်းနည်းစွာပြောပါတယ်။

သားတွေကို ငွေမပေးနိုင်တဲ့ရက်တွေမှာဆိုရင် ဒေါ်နာမီးတယောက် ပျာယာခတ်ပြီး သူတို့ပြန်လာမယ့်အချိန်ကို စိုး ရိမ်စိတ်တွေနဲ့ စောင့်စားနေရပါတယ်။

“ ကျမလည်း မူးယစ်ဆေးသုံးတဲ့သူတယောက်လိုပဲ အိပ်မပျော်ဘူး။ ပေးစရာငွေမရှိရင်ဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ပေါ့” လို့ ဒေါ်နာမီးက ပြောပြတယ်။

မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးဖွင့်တာနဲ့ စိုးရိမ်စိတ်တွေနဲ့အတူ အိပ်ယာက နှိုးထရတဲ့အတွက် အသက်ရှင်ရတာ အဓိပ္ပါယ်မရှိတော့ဘူးဆိုတဲ့ သူ့စကားသံတွေလည်း ဆက်ပြီး အန်ထွက်လာပြန်ပါတယ်။

ဒီရွာမှာ သားယောက်ျားလေးရှိတဲ့အိမ်တိုင်းက မူးယစ်ဆေးဝါးသုံးစွဲကြပြီး ဆေးအတွက် ငွေလိုတဲ့အခါ မိဘတွေ ထံမှာ ပြန်တောင်းရမ်းကြပါတယ်။

တောင်းရမ်းလို့မရတဲ့အခါ မိဘတွေကို မကြာခဏ ရိုက်နှက်ကြသလို အိမ်ကိုမီးရှို့ဖို့ကြိုးစားတာတွေ၊ အမြဲတမ်း ခြိမ်းခြောက်နေကြတာတွေ ရှိပါတယ်။

တချို့ဆိုရင်ဆေးကြောင်လာချိန်မှာ မိဘတွေကိုဓားနဲ့လိုက်ခုတ်တဲ့အထိဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ကျမဆေးသောက်ပြီးသေဖို့ ခဏခဏကြိုးစားခဲ့တယ်” လို့ မူးယစ်ဆေးသုံးစွဲတဲ့သား(၂)ဦးရဲ့ နှိပ်စက်မှုကို ခံစား နေရတဲ့ အသက်(၅၅)နှစ်အရွယ် ဒေါ်နားမူးကလည်း ပြောပြပါတယ်။

မူးယစ်ဆေးသုံးစွဲတဲ့သားတွေရဲ့ ရိုက်နှက်တာ မကြာခဏခံရလို့ သေဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မူးယစ်ဆေး မသုံးစွဲတဲ့ ခင်ပွန်းသည်ရဲ့နှစ်သိမ့်မှုကြောင့် သူ့အကြံအစည်တွေကို လက်လျော့ခဲ့ရတယ်လို့ ဒေါ်နားမူးက ဆက် ပြောပါတယ်။

“ တခါတလေတော့ ကျမသေချင်တာပဲ သိတော့တယ်။ ဘာဆက်လုပ်ရမှန်းမသိဘူး။ သူတို့ရိုက်တာလည်း ဆက် မခံနိုင်တော့ဘူး” လို့ ဒေါ်နားမူးက ပြောလိုက်တာပါ။

မူးယစ်ဆေးသုံးတဲ့သားတွေကို ဆေးဖြတ်စခန်းပို့ပြီး ဆေးဖြတ်ခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။

“ ဆေးဖြတ်တဲ့နေရာ(၂)ခါ ပို့တယ်။ သူတို့စိတ်ကို သူတို့မနိုင်ဘူး။ ဆေးတွေက အလွယ်တကူရနေတာဆိုတော့ ကျမလည်း ဘာဆက်လုပ်ရမှန်းမသိဘူး” လို့ ဒေါ်နားမူး စိတ်ပျက်လက်ပျက်နဲ့ ပြောပါတယ်။

နေ့စဉ်နဲ့အမျှ မူးယစ်ဆေးသုံးစွဲတဲ့သားတွေရဲ့ အိမ်တွင်းပစ္စည်း ခိုးယူမှုတွေ၊ မွေးမြူထားတဲ့ ကြက်၊ ဝက်တွေ ခိုးယူ ရောင်းစားမှုတွေလည်း ရင်ဆိုင်နေရကြောင်း ဒေါ်နားမူးက ဆိုပါတယ်။

“ အိမ်က ပစ္စည်းတွေ ခိုးလွန်းလို့ ဆန်အိုးတွေကိုတောင် သော့ခတ်ထားရတယ်။ ဒါလည်း မရဘူး၊ သော့ဖျက်ပြီး ယူသွားတာပဲ” လို့ ဒေါ်နားမူးက သူကြုံရတာတွေကို ဆက်ပြောပြနေပါတယ်။

“ မူးယစ်ဆေးတွေ ပျောက်သွားရင်တော့ ဒီလို လူမှုပြဿနာတွေ၊ ကျမတို့ကို အခုလိုရိုက်နှက်နေတာတွေလည်း မရှိနိုင်တော့ဘူးပေါ့” လို့ သား(၂)ယောက်မိခင်ဒေါ်နားမူးက သူ့ရဲ့မျှော်လင့်ချက်ကိုပြောလိုက်ပါသေးတယ်။

အရွယ်ကောင်းတဲ့ယောက်ျားသားတွေဟာ မူးယစ်နွံထဲရောက်နေပြီး သူတို့ရဲ့မိခင်တွေကို ရိုက်နှိက်မှုတွေက နေ့ စဉ်နဲ့အမျှ ရှိနေတယ်လို့ ရန်ရှင်းဒေသခံ အမျိုးသမီးတွေကလည်း တညီတညွတ်တည်း ပြောဆိုကြပါတယ်။

လွန်ခဲ့တဲ့(၁၀)နှစ်ဝန်းကျင်က ရန်ရှင်းကျေးရွာမှာ နေထိုင်တဲ့ယောက်ျားသားတွေဟာ အရက်သောက်သုံးမှုတွေရှိ ပေမယ့် အိမ်တွင်းအကြမ်းဖက်မှုကတော့ မရှိသလောက်နည်းပါးတယ်လို့ ရွာသူတွေက ပြောပြပါတယ်။

“ အရင်က ယောကျ်ားတွေက အရက်သောက်တယ်။ တခါတလေ အချင်းချင်းရန်ဖြစ်ကြတယ်။ အခုမူးယစ်ဆေး ခေတ်မှာတော့ ဆေးသုံးပြီး အမျိုးသမီးတိုင်းက အရိုက်ခံနေရတော့တာပဲ” လို့ ဒေါ်ရာမိုင်းက ရင်ဖွင့်ပါတယ်။

မူးယစ်ဆေးသုံးစွဲတဲ့ လင်ယောကျာ်းရဲ့ ရိုက်နှက်မှုကို နှစ်ပေါင်းများစွာ ခံလာခဲ့သူ ဒေါ်ရာမိုင်းက အိမ်ထောင်ကွဲမှာ စိုးရိမ်စိတ်ကြောင့် သည်းခံမြိုသိပ်ပြီး ပေါင်းသင်းလာခဲ့တယ်လို့ ပြောပြပါတယ်။

“ ကျမတို့အိမ်ထောင်သက် (၁၀)နှစ်ကျော်မှာ အမျိုးသားက မူးယစ်ဆေးစသုံးပြီး ကျမကို ရိုက်တော့တာပဲ။ အခု သား(၂)ယောက်လည်း မူးယစ်ဆေးသုံးတော့ သူတို့အဖေလိုဖြစ်လာမှာ အရမ်းကြောက်နေရတယ်” လို့ဒေါ်ရာမိုင်း က ဆိုပါတယ်။

လက်ရှိမှာတော့ ခင်ပွန်းဖြစ်သူ မရှိတော့ပေမယ့် သား(၂)ယောက်က သူ့တို့အဖေခြေရာနင်းပြီး ဇနီးမယားတွေကို ရိုက်နှက်မှာကို ဒေါ်ရာမိုင်းတစ်ယောက်စိုးရိမ်နေတာပါ။

“ သားတွေကို သူတို့အဖေလို ဖြစ်လာမှာ အရမ်းကြောက်တယ်။ သူတို့မှာ အိမ်ထောင်တွေရှိတော့ ခဏခဏသွားပြီး ကြည့်နေရတယ်” လို့ စိုးရိမ်ပူပန်တဲ့မျက်နှာနဲ့ ဒေါ်ရာမိုင်းတစ်ယောက် ပြောပြနေပါတယ်။

ရှမ်းပြည်အရှေ့ပိုင်းဒေသမှာ အမျိုးသမီးအများစုရင်ဆိုင်နေရတာကတော့ မူးယစ်ဆေးဝါးကြောင့် ဖြစ်နေတဲ့အိမ် တွင်း အကြမ်းဖက်မှုတွေဖြစ်ပါတယ်လို့ လားဟူအမျိုးသမီးအဖွဲ့က ဒေါ်မာလိရှဲက ပြောဆိုလိုက်ပါတယ်။

“ မူးယစ်ဆေး မရှိရင် အိမ်တွင်းအကြမ်းဖက်မှုကလည်း မရှိလောက်ဘူး” လို့ ဒေါ်မာလိရှဲက ဆိုပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းက ဒေသခံပြည်သူအများစုဟာ အခြေခံပညာသင်ကြားမှု အားနည်းတာကြောင့် အိမ်တွင်း အကြမ်းဖက်မှုများဖြစ်လာရင် တရားဥပဒေအရ ဖြေရှင်းဖို့ နားမလည်ကြတဲ့အတွက် ငြိမ်ခံနေရုံမှတပါး တုန့်ပြန်မှု တစုံတရာမရှိကြကြောင်း ဒေါ်မာလိရှဲက ပြောပါတယ်။

“ အိမ်တွင်းအကြမ်းဖက်မှုခံရရင် ဥပဒေတွေရှိသလို အမျိုးသားတွေကို ပြစ်ဒဏ်ပေးလို့ရတယ်ဆိုတာ သူတို့မသိကြ ဘူး။ ကျမတို့တိုင်းရင်းသူတွေက သည်းခံစိတ်တော်တော်ရှိကြတယ်” လို့ ဒေါ်မာလိရှဲက ဆိုပါတယ်။

ဥပဒေကို မသိတာထက် သူတို့ဟာ အကြမ်းဖက်ခံနေရတယ်ဆိုတာကိုတောင် နားမလည်ကြတဲ့အကြောင်းကို သူ က အခုလို ဆက်ပြောပြပါတယ်။

“ ဒီမှာရှိတဲ့ အမျိုးသမီးတွေက အကြမ်းဖက်ခံနေရတယ်ဆိုတာကို သူတို့ကိုယ်တိုင် မသိကြဘူး။ အမျိုးသမီးတွေ အကြမ်းဖက်ခံနေရတာ ဓလေ့အရလိုတောင် ဖြစ်နေတယ်”

ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ နေ့စဉ်နဲ့အမျှ မူးယစ်ဆေးဝါးဖမ်းဆီးမှုတွေရှိပေမယ့် မူးယစ်ဆေးဝါးလျော့ကျသွားခြင်း မရှိဘဲ ပိုများလာတယ်လို့လည်း ဒေသခံတွေက ပြောဆိုလိုက်ပါတယ်။

မူးယစ်ဆေးဝါးထိန်းချုပ်မှုကို သက်ဆိုင်ရာက ပြုလုပ်နေတာ တွေ့ရပေမယ့် မူးယစ်ဆေးဝါးတွေက ဈေးနှုန်းလျော့ ကျလာပြီး နေရာတကာမှာ ဝယ်ယူဖို့ ပိုလွယ်ကူလာတဲ့အတွက် သုံးစွဲသူတွေက ပိုများနေတယ်လို့ ရန်ရှင်းကျေးရွာ၊ ဘုရားကျောင်းမှ သင်းအုပ်ဆရာ ယုရီက ပြောပါတယ်။

ရန်ရှင်းရွာမှာ အဓိကသုံးစွဲနေကြတဲ့ မူးယစ်ဆေးဝါးကတော့ ယာမ(စိတ်ကြွဆေးပြား)ပါပဲလို့ သင်းအုပ်ဆရာယုရီက ဆိုပါတယ်။

လွန်ခဲ့တဲ့(၁၅)နှစ်ကျော်က စိတ်ကြွဆေးပြားတွေဟာ ရှမ်းအရှေ့ဒေသမှာ ပေါများပေမယ့် ဈေးကြီးပြီး အခုခေတ် မှာတော့ တဖြည်းဖြည်းနဲ့ ဈေးပေါလာပြီး နေရာတိုင်းမှာ ဝယ်ယူနိုင်သလိုဖြစ်လာတယ်လို့ ဆရာယုရီက ပြောပါ တယ်။

“ အခု ယာမက တစ်လုံးကို ထိုင်းငွေ(၅)ဘတ် (မြန်မာငွေ ၂၅၀-ကျပ်) လောက်ပဲရှိတယ်။ (၅)ဘတ်ဆိုတော့ ဈေး ပေါတယ်။ ဝယ်ရတာလည်း လွယ်တယ်လေ” လို့ ဆရာယုရီက ပြောပြပါတယ်။

မူးယစ်ဆေးဝါး ဈေးပေါတဲ့အတွက် ဆယ်ကျော်သက်လူငယ်တွေပါ သုံးစွဲလာကြပြီး မူးယစ်ဆေးစွဲမှုကြောင့် ကျေး ရွာထဲတွင် လူမှုရေးပြဿနာများ မကြာခဏ ဖြေရှင်းနေရကြောင်း ဆရာယုရီက ထပ်လောင်းပြောပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေက မူးယစ်ဆေးလုပ်ငန်းမှာ ပါဝင်ပတ်သက်နေ တဲ့အတွက် ထိန်းချုပ်ရခက်နေတယ်လို့ ရှမ်းအရှေ့ပြည်သူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

“ မူးယစ်ဆေးရောင်းဝယ်တဲ့နေရာမှာ လက်နက်ကိုင်တွေပါနေတော့ ခက်တယ်။ ကျွန်တော်သိရသလောက် ရဲတွေ ကအစ ပါနေတယ်” လို့ တာချီလိတ်ဒေသခံစိုင်းတစ်က ပြောပါတယ်။

မူးယစ်ဆေးပြဿနာဟာ ရှမ်းပြည်အရှေ့ပိုင်းဒေသမှာ ကြီးမားနေတဲ့ကိစ္စတရပ်ဖြစ်နေပြီး အိမ်တွင်းရေး၊ လူမှုရေး ထိခိုက်မှုတွေ များစွာရှိနေတယ်လို့လည်း စိုင်းတစ်က ထပ်မံအတည်ပြုပါတယ်။

“ ဒီမှာ ဆေးသုံးတဲ့ ယောက်ျားက မိန်းမကို ရိုက်တာများတယ်။ အမျိုးသမီးတွေမခံနိုင်တော့ ယောကျ်ားတွေနဲ့ဆေး လိုက်သုံးတာက စပြန်တယ်။ မူးယစ်ဆေး သံသရာလည်နေတဲ့သဘောပဲ” လို့ စိုင်းတစ်က ပြောပြပါတယ်။

ရှမ်းအရှေ့ဒေသ လူမှုဝန်းကျင်ပြန်လည်ရှင်သန်ဖို့ မူးယစ်ဆေးဝါးအမြန်ဆုံးပပျောက်နိုင်ရေးက အရေးကြီးဆုံးပါပဲလို့ ရန်ရှင်းရွာက လားဟူအမျိုးသမီးတွေက ပြောဆိုလိုက်ကြပါတယ်။

“ မူးယစ်ဆေးတွေ မပပျောက်သရွေ့တော့ သားတွေဆက်မမွေးချင်တော့ဘူး။ မူးယစ်ဆေးတွေ အမြန်ရှင်းပေးပါ” ဆိုပြီး ရန်ရှင်းရွာက အမျိုးသမီးတွေ အခုချိန်မှာ သံပြိုင်ပြောဆိုနေကြပြီဖြစ်ပါတယ်။

Author:

Related Articles