Home သတင်း တပ်တွင်းစစ်ဆေးနေသည့် ဦးဂါရွာသူအမှု ၄လကျော်ကြာသည်အထိ အဖြေမသိရသေး

တပ်တွင်းစစ်ဆေးနေသည့် ဦးဂါရွာသူအမှု ၄လကျော်ကြာသည်အထိ အဖြေမသိရသေး

မိုးမိုး။ ။

လနှင့်ချီကြာမြင့်နေပြီဖြစ်သည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါရွာမှ ၃၆ နှစ်အရွယ် အမျိုးသမီး အဓမ္မပြုကျင့်ခံရမှုနှင့်ပတ်သက်ပြီး တပ်တွင်းစုံစမ်းစစ်ဆေးမှု၏ နောက်ဆုံး အခြေအနေကို သိရှိလိုကြောင်း တိုင်ကြားခဲ့သည့် အမျိုးသမီးဘက်မှ လိုက်ပါဆောင်ရွက်နေသူများကဆိုသည်။

အဆိုပါ အမှုသည် လွန်ခဲ့သည့် လေးလခွဲခန့် အကြာ ဇွန်လ ၂၉ တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဦးဂါကျေးရွာအတွင်းသို့ ရောက်ရှိနေခဲ့သည့် တပ်မတော်စစ်ကြောင်းမှ တပ်မတော်သားသုံးဦးသည် ထိုနေ့ညပိုင်းတွင် သူ့အား အဓမ္မပြုကျင့်ခဲ့သည်ဟု ကလေးလေးဦး၏ မိခင် တရားလိုအမျိုးသမီးက ထုတ်ဖော်ပြောကြားထားသည်။

ယင်းနောက် ပြီးခဲ့သည့် ဇူလိုင်လ ၁၀ရက်နေ့တွင် တပ်မတော်သား သုံးဦးကို အဆိုပါအမျိုးသမီးက စစ်တွေ မြို့မ ရဲစခန်းတွင်အမှုဖွင့်ခဲ့ပြီး မုဒိမ်းမှု ၊မတရားသဖြင့် ကာမယှက်စပ်မှု၊ ပူးပေါင်းပါဝင်မှု တို့ဖြင့် အမှုဖွင့်ခဲ့သည်။

အမှု စတင်တိုင်ကြားခဲ့စဉ်က ယင်းအမှုမှာ ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးပြီး မမှန် သတင်းဖော်ပြခဲ့ခြင်းသာ ဖြစ်ကြောင်း တပ်မတော်ဘက်မှ တုန့်ပြန်ခဲ့သော်လည်း သံသယရှိသူ တပ်မတော်သား ၃ဦးကို စစ်ခုံရုံး ၂ ကြိမ်ဖွဲ့ စစ်ဆေးပြီးနောက် ၁ ဦးမှ ဝန်ခံထွက်ဆိုသည့်အတွက် ယင်းအမှု မှန်ကန်ကြောင်း အတည်ပြု ပြောကြားလာခြင်း ဖြစ်သည်။

ထို့နောက် အဆိုပါအမှုကို စစ်တရားရုံးဖြင့် တပ်တွင်းစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု တပ်မတော်ဘက်က သတင်းမီဒီယာများထံ ပြောကြားထားသည်။

စုံစမ်းစစ်ဆေးမှုများသည် လနှင့်ချီကြာမြင့်နေပြီဖြစ်သော်လည်း အမှုနှင့်ပတ်သက်ပြီး အခြေအနေကို မသိရသေးဟု အဆိုပါ အမှုကိုကူညီပေးနေသူ Legal Clinic Myanmar (LCM) စစ်တွေရုံးခွဲမှ တရားလွှတ်တော် ရှေ့နေ ဒေါ်မြသူဇာက ပြောသည်။

“နစ်နာတဲ့ အမျိုးသမီးကလည်း ဒီအမှုနဲ့ ပတ်သက်ပြီးတော့ အရမ်းကို မျှော်လင့်နေတယ်။ တရားမျှတမှု ရရှိမယ်ဆိုပြီး မျှော်လင့်ပြီး အဖြေဘယ်လိုလာမလဲ ဆိုတာ သူကိုယ်တိုင်လည်းအရမ်း သိချင်နေတယ်” ဟု ၎င်းကပြောသည်။

အမှုကို စစ်တရားရုံးတွင် စစ်ဆေးနေသည်ဟု ဆိုသော်လည်း အရပ်ဘက်ဆိုင်ရာ တရားရုံးသို့ လွဲပြောင်းရန် လိုအပ်ကြောင်း နှင့် တပ်တွင်းစစ်ဆေးမှုရလာဒ်ကို သိရှိနိုင်ရန် Legal Clinic Myanmar (LCM) ဘက်ကကြိုးစားနေကြောင်းလည်း ၎င်းကပြောသည်။

“သူ့ကို ကျူးလွန်တဲ့ သူတွေက ကျူးလွန်တဲ့ အတိုင်းပြစ်ဒဏ်ပေးချင်တယ်။ အဲ့လိုမျိုး သူ အမြဲတမ်းပြောတယ်။ ကျမတို့က လည်း အကုန်လုံးက ဝိုင်းပြီးတော့ သူ့ကို စောင့်ရှောက်ပေးတယ်။ အားပေးတယ်၊ နှစ်သိမ့်ပေးတယ်။ သူ့ရဲ့ နေရပ်ကို ပြန်နိုင်ဖို့ ဆိုတာ စိတ်ပိုင်းဆိုင်ရာ အရမ်းကို ပြင်ဆင်ရဦးမယ့် အနေအထားမှာ ရှိပါတယ်” ဟု ဒေါ်မြသူဇာက ကာယကံရှင် အမျိုးသမီး၏ အခြေအနေကို ပြောပြသည်။

ဦးဂါရွာသူတိုင်ကြားထားသည့် အမှုသည် စစ်ဆေးဆဲဖြစ်ကြောင်း အောက်တိုဘာလ ၂၄ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်း ကသတင်းထောက်များအား ပြောကြားခဲ့သည်။

“အဲဒီ ဦးဂါရွာဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ စစ်တွေမှာ စစ်ဆေးလျှက်ရှိပါတယ်။ တပ်မတော် အက်ဥပဒေ အရပါ မကပါဘူး၊ နယ်ဘက် ဥပဒေ အရပါ အရေးယူသွားပါမယ်။ ကျနော်တို့ ပြောထားတဲ့အတိုင်း ပြင်းထန်ထန် အရေးယူပါမယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ၏ပြောကြားချက်ကို ဧရာဝတီသတင်းဌာနက ပြန်လည်ရေးသားထားသည်။

သို့သော်လည်း တိုင်ကြားထားသည့် အမျိုးသမီးဘက်မှ လိုက်ပါကူညီသူများ တောင်းဆိုနေသကဲ့သို့ အရပ်ဘက် တရားရုံးတွင် သီးခြားအမှုပြန်လည်စစ်ဆေးရန် အစီအစဉ်ရှိမရှိကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါ။

စွပ်စွဲခံရသည့် တပ်မတော်သားများ အဆိုပါအမှုတွင် ပါဝင်ပတ်သက်နေသည်ဟု စစ်ဆေးတွေ့ရှိကြောင်း တပ်မတော်ဘက်က ထုတ်ဖော်ပြောဆိုထားသည်မှာ အချိန် ၃ လကြာမြင့်နေပြီ ဖြစ်သော်လည်း အမှုအခြေအနေ မည်သည့်အဆင့်ရောက်နေသည်မှာ ပွင့်လင်းမြင်သာမှု မရှိကြောင်း ယင်းအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရခိုင်အမျိုးသမီးများ ကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက ပြောသည်။

“အရပ်ဘက် တရားရုံးမှာ စီရင်ဖို့ လွှဲပေးစေချင်တယ်။ အရပ်ဘက်တရားရုံးကို စီရင်ဖို့ မလွှဲပေးနိုင်တဲ့ အပြင် တပ်မတော် အနေနဲ့ ဘယ်လို စစ်ဆေး မေးမြန်းနေတယ်ဆိုတာကလည်း ပွင့်လင်း မြင်သာစွာ ဘာမှ မသိရဘူး” ဟု ဒေါ်ညိုအေးက ပြောသည်။

ထိုသို့ စစ်တရားရုံး၏ စစ်ဆေးနေသည့် အပေါ်မှာ အရပ်ဘက် အဖွဲ့အစည်းတွေ အနေဖြင့် ဘာမှမသိရှိရသည့် အတွက် ပွင့်လင်းမြင်သာမှု မရှိသည့် တရားစီရင်ရေး ဖြစ်သွားမည်ကို စိုးရိမ်သည့်အတွက် ကြေညာချက် တစ်စောင်ကို ယခု အပတ်ထဲတွင် ထုတ်သွားဖို့ ပြင်ဆင်နေကြောင်း ဒေါ်ညိုအေးက ဆိုသည်။

ကာယကံရှင် အမျိုးသမီး စိတ်ပိုင်းဆိုင်ရာ မြင့်မားစေရန်အတွက် သူ့ထံသွားရောက်၍ အမြဲတမ်းလိုလို စကားပြောဖြစ်ကြောင်း၊ နှစ်သိမ့်အားပေးစကားများ ပြောသည်ကို သူကိုယ်တိုင် လက်ခံသော်လည်း သူနေထိုင်တဲ့ နေရပ်ပြန်ဖို့ ကိစ္စ အတွက်တော့ တော်တော်လေး အချိန်ယူရဦးမည် ဖြစ်ကြောင်း ကာယကံရှင် အမျိုးသမီး၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို သူ၏ ရှေ့နေက ပြောပြသည်။

ရွေးကောက်ပွဲ ကာလ ဖြစ်သဖြင့် ဒီအမှုမှာ ကြန့်ကြာနေခြင်း ဖြစ်ကြောင်း ယခု ရွေးကောက်ပွဲလည်း ပြီးပြီ ဖြစ်သောကြောင့် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ၎င်းတို့ဘက်ကဆက်တိုက် ဆောင်ရွက်တော့မည် ဖြစ်ကြောင်း ဒေါ်ညိုအေးက ဆိုသည်။

Related Articles