ခက်ဆစ်။ ။
ကယန်းအမျိုးသမီးတွေကို ပဒေါင်လို့လည်း လူသိများပါတယ်။
အမျိုးသမီးတွေ လည်တိုင်မှာ ကြေးကွင်းအထပ်ထပ်ကို မြတ်မြတ်နိုးနိုးဝတ်ဆင်တတ်ကြတဲ့ ကယန်းလူမျိုးတို့ရဲ့ နေထိုင်ရာ ကယန်းဒေသတွေမှာ မုဒိန်းမှုတစ်ခုဖြစ်လာပြီဆိုရင် ကျင့်သုံးလေ့ရှိတဲ့ ရိုးရာဓလေ့နည်းလမ်းတစ်ခု ရှိပါတယ်။
အဲ့ဒါတော့ ဝက်ထိုးတာပဲဖြစ်ပါတယ်။ ရွာဆေးတာလို့လည်း ခေါ်ကြပါတယ်။
အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို အလိုမတူပဲ ကာမရယူတာ၊ လိမ်လည်ကာမ ရယူတာဆို ရင် တရားဥပဒေအရ မဖြေရှင်းပဲ ရှေးတုန်းကတည်းက အသုံးပြုလာကြတဲ့ ရိုးရာဓလေ့နည်းလမ်းတွေအရ ဖြေ ရှင်းကြတာပဲဖြစ်ပါတယ်။
ရွာရဲ့စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်မိတဲ့အတွက် အမျိုးသားဖြစ်သူရော အမျိုးသမီးဖြစ်သူရော ဝက်တစ် ကောင်စီသတ်ပြီး ရွာထဲက အိမ်တွေကို တစ်အိမ်တစ်ပိဿာကျ လိုက်လံပေးဝေရတာပဲဖြစ်ပါတယ်။
“ကိုယ်က အကြမ်းဖက်လိုက်တယ်။ လိမ်လည်ကာမရယူတယ်။ အလိုမတူပဲ အဓမ္မပြုကျင့်တယ်ဆိုရင် ကယန်း ဓလေ့လို့တော့ ပြောလို့မရဘူး။ ကယန်းတိုင်းတော့ မကျင့်သုံးဘူး။ ဒါပေမယ့် တချို့အလယ်ကယန်းကျေးရွာ အုပ်စုမှာတော့ အဲဒီလို ဖြေရှင်းတဲ့နည်းကို ကျင့်သုံးနေသေးတယ်ပေါ့။ ဒါကတော့ ကျမတို့အနေနဲ့ တော်တော် ဆိုးတယ်လို့မြင်တယ်” လို့ ကယန်းအမျိုးသမီးအစည်းအရုံးက မူအန်ဂျလာက သူမရဲ့အမြင်ကို ပြောပါတယ်။
အခုလို ဝက်ထိုးပြီးရွာဆေးတာတင်မဟုတ်ပဲ ဒဏ်ကြေးလည်း ပေးဆောင်ရတယ်လို့ ဆိုပါတယ်။ ရွာကို ဒဏ် ကြေးပေးဆောင်ရသလို အဓမ္မပြုကျင့်ခံရတဲ့မိန်းကလေးဟာ ဘာသာရေးအသင်းအဖွဲ့ဖြစ်တဲ့ မယ်တော်သမီး ဖြစ်ပါက အသင်းအဖွဲ့ရဲ့စည်းကမ်းကို ချိုးဖောက်တဲ့အတွက် အသင်းအဖွဲ့ကိုလည်း ဒဏ်ကြေးပေးဆောင်ရ ပါတယ်။
ဒါကြောင့် အမျိုးသမီးတွေဟာ အဓမ္မပြုကျင့် အကြမ်းဖက်ခြင်းခံရသလို ဝက်သတ်ဖို့၊ ဒဏ်ကြေးဆောင်ဖို့လည်း ငွေကြေးအကုန်အကျခံရပါသေးတယ်။ ဒါဟာ အမျိုးသမီးတွေအတွက် တရားမျှတမှုမရှိပဲ နစ်နာဆုံးရှုံးမှုတွေ သာ ဆက်ဖြစ်နေပါတယ်။ တချို့ကယန်းဒေသတွေကတော့ ဝက်သတ်တာမဟုတ်ပဲ ကြက်သတ်ပြီး ရပ်ရွာလူ ကြီးတွေကို ချက်ကျွေးတာ ခေါင်ရည်တိုက်တာတွေနဲ့ ရွာဆေးတဲ့ဓလေ့ကို ကျင့်သုံးကြပါတယ်။
”ခေါင်တစ်အိုးနဲ့ဝက်တစ်ကောင်ရှိရင် ဘယ်မိန်းကလေးမဆို မုဒိန်းကျင့်လို့ရသလို ဖြစ်သွားတယ်။ အကြမ်းဖက် မှုကို ပိုပြီးတော့ အားပေးသလို ဖြစ်နေတယ်။ ဝက်တစ်ကောင်ရှိတာနဲ့ အမျိုးသမီးတစ်ယောက်ကို အနိုင်ကျင့် လို့ရတယ်။ ပိုက်ဆံ(၃)သိန်းရှိတာနဲ့ အမျိုးသမီးတစ်ယောက်ကို အနိုင်ကျင့်လို့ရတယ်ဆိုတဲ့ အခွင့်အလမ်းပေး ထားသလို ဖြစ်နေတယ်” လို့ အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေ ခိုလှုံရာဂေဟာဖြစ်တဲ့ Women Safe House ရဲ့ ဒါရိုက်တာဖြစ်သူ ရိုစီကျော်ကပြောပါတယ်။
ပြီးတော့ အလိုမတူပဲ အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်ရရှိလာရင်လည်း တစုံတရာ ဖြေရှင်းဆောင်ရွက်ပေးမှု မရှိပဲ လျော်ကြေးနဲ့သာ အဆုံးသတ်လိုက်ကြပါတယ်။ ရွာလူကြီးတွေရဲ့အဆုံးအဖြတ်နဲ့ ကိုယ်ဝန်အတွက် လျော် ကြေး(၁)သိန်းမှ အများဆုံး(၃)သိန်းအထိသာပေးပြီး တာဝန်မဲ့စွာ ဖြေရှင်းနေကြတာပဲဖြစ်ပါတယ်။
ဒီမောဆိုမြို့က ဆယ်တန်းကျောင်းသူတစ်ဦးကတော့ ကျောင်းတက်ဖို့ ဝေးလံခေါင်ဖျားတဲ့ မိဘတွေရဲ့ရွာကနေ အဒေါ်နဲ့ဦးလေးတွေရှိတဲ့ မြို့ပေါ်ကို ပြောင်းရွေ့လာသူဖြစ်ပါတယ်။ သူမရဲ့မိသားစုနဲ့ ရင်းနှီးကျွမ်းဝင်သူတစ်ဦး က ကျောင်းစာအုပ်ဝယ်ပေးမယ်လို့ လိမ်လည်ခေါ်ဆောင်ကာ အလိုမတူပဲ အဓမ္မပြုကျင့်ခဲ့ပါတယ်။
“သူက အမေတို့၊ ဦးလေးတို့နဲ့လည်း သိတယ်။ စာအုပ်ဝယ်ပေးမယ်ဆိုပြီး စာအုပ်မဝယ်ပေးပဲ ရွာအစွန်က ဝါးရုံ တောထဲကို ခေါ်သွားတယ်။ မလိုက်ရင် တုတ်နဲ့ရိုက်မယ်၊ ခဲနဲ့ပစ်ပေါက်မယ်လို့ပြောတယ်။ အဲဒီမှာ ကျမကို အဓမ္မပြုကျင့်တယ်” လို့ အဓမ္မပြုကျင့်ခံရပြီး ကလေးတစ်ယောက်ရရှိခဲ့တဲ့ ကလေးအမေ အမျိုးသမီးငယ်က ပြောပါတယ်။
အဲဒီ အဓမ္မပြုကျင့်ခဲ့မှုကြောင့် ကိုယ်ဝန်ရလာတဲ့အခါမှာ ကိုယ်ဝန်ကို ဖျက်ချခိုင်းပေမယ့် မိန်းကလေးက မဖျက် ချဘဲ ကလေးကို မွေးခဲ့ပါတယ်။
“ကျောင်းတက်နေရင်းနဲ့ နေမကောင်းသလို ဖြစ်လာတာနဲ့ အမေ့ဆီပြန်သွားပြီး ဆေးခန်းပြတော့ ကိုယ်ဝန်ရှိနေ တာ သိလိုက်ရတယ်။ သူ့ကိုပြောတော့ သူဖျက်ချခိုင်းတယ်။ ကျမကလေးလည်း မထိန်းတတ်သေးဘူး။ ကျမ ကျောင်းပဲဆက်တက်ချင်သေးတယ်။ အဲဒါရွာမိရွာဖတွေက လျော်ကြေးနဲ့ ကျေအေးဖို့ပြောတယ်။ မတရားသ လို ခံစားရတယ်”
အကြမ်းဖက်ခံရတဲ့အမျိုးသမီးထဲမှာ ဆွေကြီးမျိုးကြီး အာဏာတစုံတရာရှိတဲ့ အမျိုးသမီးတွေဆိုရင်တော့ လျော် ကြေးပိုမိုရရှိပြီး ဆွေမျိုးနည်းပါးပြီး ဆင်းရဲနွမ်းပါးသူများမှာတော့ လျော်ကြေးပမာဏရရှိမှုမှာ နည်းပါးလှပါတယ်။
“မိန်းကလေးရဲ့ဆွေမျိုးမိဘက တောင့်တင်းတယ်၊ အာဏာတစုံတရာရှိတယ်ဆိုရင်တော့ လျော်ကြေးအများကြီး ပေးရတယ်။ မိန်းကလေးမှာက ဆွေမျိုးသားချင်း သိပ်မရှိဘူး၊ နောက်ခံမရှိဘူးဆိုရင် လျော်ကြေးကို သောင်းဂ ဏန်းပဲပေးတယ်။ (၅)သောင်းလား အများဆုံးတစ်သိန်းလားပေါ့။ ဒီမိန်းကလေးက ဗိုက်ကြီးပြီး ဗိုက်တစ်လုံး ကျန်ခဲ့ပြီဆိုရင် (၁)သိန်းလား၊ (၂)သိန်းလား၊ (၃)သိန်းလား အဲဒီလောက်ပဲ အဲဒီထက် ပိုတာရှားတယ်။ ဒဏ် ကြေးကတော့ ဒီမိန်းကလေးရဲ့ အသိုင်းအဝိုင်းပေါ်မူတည်တယ်။ မိန်းကလေးက ဆင်းရဲရင်တော့ ငွေနည်းတာ ပေါ့” လို့ ကယန်းအမျိုးသမီးလည်းဖြစ်သူ မူအိန်ဂျလာကပြောပါတယ်။
အခုလို ရိုးရာဓလေ့နည်းလမ်းတွေနဲ့ ဖြေရှင်းတာဟာ လွန်ခဲ့နှစ်ပေါင်းများစွာကတည်းက ကျင့်သုံးလာတဲ့ အယူ အဆဖြစ်တာကြောင့် အခုမြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ကိုတော့ ကျေးရွာက ဒေသခံတွေ တော်တော်များများက လက်မခံနိုင်ကြသေးပါဘူး။
ဒါ့အပြင် ဝေးလံခေါင်ဖျားတဲ့ ကယန်းဒေသတွေမှာ အမှုတစ်ခုဖြစ်လာရင် ကျေးရွာရပ်မိရပ်ဖတွေကပဲ ဆုံးဖြတ်ရ တာဟာလည်း အကြောင်းပြချက်တစ်ခု ရှိနေပါတယ်။ ဒါကတော့ ကျေးရွာတွေမှာ ပြစ်မှုကျူးလွန်သူတွေကို ဖမ်း ဆီးအရေးယူဖို့အတွက် ရဲမရှိတာရယ်၊ ဆုံးဖြတ်ချက်ချဖို့ တရားရုံးတွေ ရှိမနေတာကလည်း ဓလေ့ထုံးတမ်း တွေကို ဆက်လက်ကျင့်သုံးဖို့ တွန်းအားတွေ ဖြစ်နေတာပါ။
လက်နက်ကိုင်တပ်ဖွဲ့တွေရှိတဲ့ ဒေသတွေမှာဆိုရင်တော့ အကြမ်းဖက်မှုကျူးလွန်တဲ့ အမျိုးသားတွေကို လက် နက်ကိုင်အဖွဲ့ကို အပ်ပြီး ချုပ်နှောင်ထားတာတွေရှိပေမယ့် ပြစ်မှုကျူးလွန်သူကို နှောင်ကျဉ်အောင် ပြုလုပ်ခြင်း မရှိတာကိုလည်း တွေ့ရပါတယ်။
တချို့ကျတော့ ကယန်းပြည်သစ်ကို အပ်တယ်။ ပြစ်မှုကျူးလွန်တဲ့ ယောကျ်ားလေးကို ကယန်းပြည်သစ်ဆိုတာ လက်နက်ကိုင်အဖွဲ့ပေါ့နော်။ သူတို့မှာက ရဲတွေလည်း မရှိဘူးလေ။ တရားရုံးလည်း မရှိတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပဲရှိတယ်။ အဲဒီမှာအပ်တယ်။ တစ်ပါတ်လားနှစ်ပါတ်လားပေါ့။ အဲဒီလိုမျိုး ခြောက်ပေါက်ထိပ် တုံးထဲထည့်တယ်။ ပြီးရင်ပြန်လွှတ်လိုက်တယ်။ ဆုံးမတယ်၊ ပြန်လွှတ်လိုက်တယ်၊ အဲဒီလောက်ပဲလို့ မူအန်ဂျ လာက ပြောပါတယ်။
အကြမ်းဖက်ခံရတဲ့အမျိုးသားကို ထိထိရောက်ရောက်အရေးယူခြင်း မရှိသလို အကြမ်းဖက်ခံရတဲ့အမျိုးသမီးအ တွက် နောက်ဆက်တွဲဖြစ်လာမယ့်ကိစ္စရပ်တွေအပေါ် ထည့်သွင်းစဉ်းစားခြင်း မပြုတာတွေဟာ အမျိုးသမီးတွေ အတွက် ဆက်လက်ရပ်တည်ဖို့ အခက်အခဲတွေဖြစ်စေပါတယ်။
အမှုတွေကို ဖြေရှင်းပေးတဲ့ရပ်ရွာလူကြီးဆိုတာတွေကလည်း အမျိုးသားတွေပဲ ဖြစ်တာကြောင့် အမျိုးသမီးတွေ အတွက် စဉ်းစားဆုံးဖြတ်ပေးနိုင်စွမ်း မရှိတာကိုလည်း တွေ့ရပါတယ်။
“အထူးသဖြင့် စီမံတာကတော့ အုပ်ချုပ်ရေးမှူးနဲ့ ရွာနာယကတွေပေါနော်။ အဲဒီလိုဓလေ့အတိုင်း ဖြေရှင်းသွား တော့ပြီးရင် ဒီမိန်းကလေးက တသက်လုံးအမဲစက်ကျန်ခဲ့တယ်။ ဒီမိန်းကလေးက ဝက်ထိုးဖူးတာလေဆိုပြီး တော့ မသန့်စင်တော့တဲ့သူတစ်ယောက်၊ အစွန်းအထင်းဖြစ်သွားတဲ့သူတစ်ယောက်၊ တစ်သက်လုံး အဲဒီလိုပဲ သတ်မှတ်ကြတယ်။ ယောကျာ်းလေးတွေကလည်း အထင်သေးတယ်။ အိမ်ထောင်ကျပြီဆိုလည်း ယောကျ်ား လေး မိဘတွေက သူကမကောင်းဘူး။ မသန့်တော့ဘူး အဲဒီလိုမျိုး နောက်ဆက်တွဲအနေနဲ့က ယောကျ်ားက အဲဒီအပေါ်အခြေခံပြီးမှ ခဏခဏလင်မယားစကားများတယ်။ နင်ကဝက်ထိုးဖူးတဲ့သူ အရင်တုန်းက သိသိကြီးနဲ့ လည်း ယူတယ်။ ယူပြီးလည်း အဲဒီဟာနဲ့ပဲ အမြဲတမ်းထိုးနှက်တယ်။ အဲဒီလိုမျိုး နောက်ဆက်တွဲတွေလည်း တော်တော်များများခံရတယ်” လို့ ကယန်းဒေသတစ်ခုဖြစ်တဲ့ ဖယ်ခုံဒေသခံ မူအန်ဂျလာက ပြောပါတယ်။
ရိုးရာဓလေ့နည်းလမ်းတွေနဲ့ဖြေရှင်းတာဟာ တရားမျှတမှုမရှိဘူးလို့ ခံစားလာရတဲ့ အမျိုးသမီးတချို့ကတော့ ဒီ ဓလေ့တွေအောက်က ရုန်းထွက်ဖို့ ထွက်ပေါက်ရှာကြပါတယ်။ ဒါကတော့ တရားဥပဒေနည်းလမ်းအရ ဖြေရှင်း ပေးဖို့တောင်းဆိုလာကြတာပဲဖြစ်ပါတယ်။
အခုလို တရားဥပဒေနည်းလမ်းနဲ့ဖြေရှင်းဖို့တိုင်ကြားတဲ့အခါ အမျိုးသမီးတွေကို ရပ်ရွာထဲမှာ အမြင်မကြည်တာ တွေ၊ ဖယ်ကျဉ်တာတွေရှိနေတယ်လို့ ဖယ်ခုံဒေသခံအမျိုးသမီးတစ်ဦးဖြစ်သူ မမိုးက ပြောပါတယ်။
“တရားဥပဒေအတိုင်း သွားချင်တယ်ဆိုရင် ကျမတို့က သူတို့နဲ့သွားညှိနှိုင်းတယ်။ အဲဒီခါကျရင် သူတို့က ဒီ အမျိုးသမီးကို လုံးဝအမြင်မကြည်တော့ဘူး။ သူတို့ရဲ့အမိန့်ကို လွန်ဆန်တယ်။ သူတို့ဆုံးဖြတ်တဲ့အတိုင်း လက်ခံရမှာကို ဘာလို့တဆင့်ထပ်တက်လဲ စသဖြင့်ပေါ့။ သူတို့က ကာယကံရှင်ရဲ့ စိတ်ဆန္ဒကို မမေးဘူးလေ။ ဒီအတိုင်း ဆုံးဖြတ်လိုက်တော့ ကာကယံရှင်အတွက်က တရားမျှတမှု မရှိလို့ တဆင့်တိုင်ကြားချင်လည်း ဒီမိန်း ကလေးကို အမြင်မကြည်တော့ဘူး။ ဖယ်ကျဉ်ချင်ကြတယ်”
ဒါပေမယ့် အလှမ်းဝေးတဲ့ဒေသတွေအတွက် ဥပဒေရဲ့အကာအကွယ်ကိုလည်း လက်လှမ်းမမှီကြသေးပါဘူး။ တ ဖက်က အကြမ်းဖက်တဲ့အမျိုးသားဟာ ငွေကြေးအာဏာတစုံတရာ ရှိခဲ့မယ်ဆိုရင်တော့ တိုင်ကြားတဲ့ အမျိုးသ မီးအတွက် အခက်အခဲပိုဖြစ်စေပါတယ်။
တရားရုံးရောက်သွားတဲ့အမှုတွေက အချိန်ကြန့်ကြာတာတွေရှိသလို တရားစွဲဆိုတာက အကြမ်းဖက်ခံရတဲ့ အ မျိုးသမီးဖြစ်နေပေမယ့် တရားခံအမျိုးသားက ငွေကြေးအင်အားတောင့်တင်းတဲ့အခါ အယူခံအဆင့်ဆင့်ဝင်တာ တွေကြောင့် အမှုကို ဆက်သွားဖို့အတွက် အမျိုးသမီးတွေမှာ အချိန်တွေ ငွေကြေးတွေ ကုန်ကျခံရပြန်ပါတယ်။
အမှုကို ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း အမှုတခုတည်းကို အချိန်ကြာကြာနဲ့ ငွေ ကြေးများစွာ ထောက်ပံပေးဖို့ အခက်အခဲတွေရှိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကယန်းဒေသမှာဖြစ်တဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေဟာ တရားဥပဒေနဲ့ ဖြေရှင်းဖို့အ တွက် အတားအဆီးတွေရှိနေသလို ရိုးရာဓလေ့နည်းလမ်းတွေနဲ့ ဖြေရှင်းမှုတွေအပေါ် လိုက်နာကျင့်သုံးနေတာ တွေကို ပပျောက်ဖို့အတွက် အချိန်များစွာ စောင့်ဆိုင်းရဦးမှာပဲ ဖြစ်ပါတယ်။
ဓလေ့ဆိုကတည်းက အမျိုးသမီးတွေကို တဆင့်နိမ့်ခွဲခြားထားတဲ့ အယူအဆတွေသာဖြစ်ပြီး ကယန်းဒေသမှာ လက်ရှိအချိန်ထိ ကျင့်သုံးလေ့ရှိတဲ့ ခေတ်နဲ့မလျော်ညီတော့တဲ့ အမျိုးသမီးတွေအပေါ် တရားမျှတမှု မရှိတဲ့ ဓလေ့အစွဲအလမ်းတွေ ပပျောက်ဖို့အတွက် ကယန်းအမျိုးသမီးထုတွေကလည်း ဆက်လက်ကြိုးစားသွားမှာ ဖြစ် တယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံးရဲ့ တွဲဖက်အတွင်းရေးမှူး မူအန်ဂျလာက ပြောပါတယ်။
“ကျမတို့အနေနဲ့ကတော့ အမျိုးသမီးတွေကိုလည်း လူလို့ပဲမြင်ဖို့ပေါ့။ ပြီးတော့တရားမျှတမှုအပေါ် အခြေခံပြီး တော့ တချို့ဓလေ့တွေကို ပြင်ဆင်သင့်တယ်လို့မြင်တယ်။ သူတို့က နှစ်ရာနဲ့ချီပြီး ဒီဓလေ့ကို ကျင့်သုံးလာပြီး တော့မှ လက်ခံထားတဲ့အတွက်ကြောင့်မို့လို့ သူတို့အနေနဲ့ အရမ်းလည်း ယုံကြည်မှုတော့ ပြင်းထန်နေမှာပဲ။ အကုန်လုံး ဓလေ့အားလုံးကို မဆိုလိုဘူး။ အမျိုးသမီးတွေအပေါ်ခွဲခြားထားတဲ့ ဓလေ့တွေကိုပဲပေါ့။ ပြင်ဆင်နိုင် ဖို့အတွက်ကလည်း ကျမတို့အများကြီး ဆက်ကြိုးစားကြရမယ်..”
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021