Home ဆောင်းပါး ပုံစံခွက်ထဲက ရုန်းထွက်ဖို့လိုနေတဲ့ ပညာရေး

ပုံစံခွက်ထဲက ရုန်းထွက်ဖို့လိုနေတဲ့ ပညာရေး

Photo Credit:Kibae Park/UN Photo

ကချင်မလေး။                 ။

လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတခု ပြန့်နှံ့နေတယ်။

စင်ဒရဲလားဇာတ်လမ်းလေးကို မင်းသမီးဇာတ်ကောင်နေရာမှာ စင်ဒရဲလာဖဲလ်လားဆိုတဲ့ အမျိုးသားဇာတ် ကောင်လေးကို ထည့်သွင်းထားတယ်။

စင်ဒရဲလာဖဲလ်လားက ပထွေးနဲ့နေရတယ်။ ပထွေးမှာက သားအရင်းနှစ်ယောက်ရှိတယ်။ အဲဒီတော့ စင်ဒရာ ဖဲလ်လားက အိမ်မှာ ခိုင်းဖတ်၊ အနှိမ်ခံ၊ ရုပ်ရည်ကတော့ ချောတယ်။

တနေ့ နန်းတော်က ဖိတ်စာရောက်လာတယ်။ မင်းသမီးလေးက ကြင်ယာတော်ရွေးမယ်ပေါ့။ သားအရင်းနှစ် ယောက်က စင်ဒရဲလာဖဲလ်လားရဲ့ အဝတ်အစားတွေကို ဆုတ်ဖြဲပစ်တယ်။ စင်ဒရဲလာဖဲလ်လားက ငိုတာပေါ့။ ဒီမှာ အဖိုးအိုတယောက်ရောက်လာတယ်။ အဝတ်အစားသစ်တွေနဲ့ ဖန်ဖိနပ်တစုံဖန်ဆင်းပေးပြီး ည(၁၂)နာရီ အမှီ ပြန်လာဖို့ သတိပေးလိုက်တယ်။

ကျန်တာကတော့ စင်ဒရဲလားဇာတ်လမ်းအတိုင်းပါပဲ။ နောက်ဆုံးမှာတော့ ဘုရင့်သမီးတော်က စင်ဒရဲလာဖဲလ် လားကို ကြင်ယာတော်အဖြစ် သိမ်းပိုက်လိုက်တာနဲ့ ဇာတ်သိမ်းထားပါတယ်။

ဒီဇာတ်လမ်းလေးကို ဖန်တီးထားတဲ့ အဖွဲ့အစည်းက အမျိုးသမီးနဲ့ အမျိုးသား၊ ကျားမကွဲပြားမှုအပေါ် လူတွေက ပုံဖော်ကြတဲ့ပုံစံနဲ့ ငယ်ရွယ်စဉ်ကလေးဘဝမှာကတည်းက ပုံစံခွက်ထဲကို ဝင်ရောက်သွားကြရပုံကို ရှင်းပြထားပါ တယ်။

ဇာတ်လမ်းတွေထဲမှာ ပုံပြင်တွေထဲမှာ မိန်းကလေးတွေဟာ မင်းသားတွေ၊ ရှင်ဘုရင်တွေ၊ သူဌေးသားတွေရဲ့ မှီခိုသူတွေအဖြစ် ပုံဖော်ခံကြရတဲ့အကြောင်းကို ပြောပြထားတယ်။ ဒါကြောင့် မူလတန်းအရွယ်ရောက်လာတဲ့ မိန်းကလေးတွေကို ကိုယ့်ကိုယ်ကို အားကိုးလိုတဲ့စိတ်ထက် တယောက်ယောက်အပေါ် မှီခိုလိုစိတ် ပိုပြီးကြီး စိုးလာစေတယ်လို့ ထောက်ပြထားပါတယ်။

ဒါဟာ လူ့ဘောင်ပတ်ဝန်းကျင်ရဲ့ ကျားမရေးရာ (gender ဆိုင်ရာ) ပုံသွင်းပြဌာန်းမှုတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့စာသင်ကျောင်းတွေမှာ ပြဌာန်းထားတဲ့ ပြဌာန်းစာအုပ်တွေထဲက ကျား-မရေးရာ(Gender) ပုံသွင်း မှုတွေနဲ့ပတ်သက်ပြီး Rainfall ဆိုတဲ့အဖွဲ့က မကြာသေးခင်က သုတေသနပြုလုပ်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ထဲမှာ ကျား၊ မနဲ့ ပတ်သက်ပြီး နားလည်မှုလေးတွေက ဒီလိုလေးတွေ ရှိနေတယ်ဆို တာကို လေ့လာတာပါ..လို့ Rainfall အဖွဲ့ကို တည်ထောင်ခဲ့ပြီး ဒါရိုက်တာဘုတ်အဖွဲ့ဝင်နေဖြစ်တဲ့ မပျိုးလက် ဟန်က ပြောပြခဲ့ပါတယ်။

သူတို့အဖွဲ့က ၂၀၁၆ ခုနှစ်၊ ဇူလိုင်လကစပြီး (၆)လကြာ  သုတေသနပြုလုပ်ပြီး “Gender Fairness in Curri-culum in Myanmar” (မြန်မာ့သင်ရိုးညွှန်းတမ်းထဲမှ ကျား-မရေးရာမျှတမှု) ဆိုတဲ့ စာတမ်းအနှစ်ချုပ်ကို အခုနှစ် ဇန်နဝါရီလထဲမှာ ထုတ်ဝေခဲ့ပါတယ်။

ဒီစာတမ်းအတွက် သုတေသနကို ရန်ကုန်၊ နေပြည်တော်နဲ့ မွန်ပြည်နယ်ရှိ ကျောင်း(၂)ကျောင်းစီမှ (၈)တန်း၊ (၉)တန်း၊ (၁၀)တန်းကျောင်းသူ/သား(၅၀)ဦးစီ၊ စုစုပေါင်း (၃၀၀)ကို (မှန်/မှား) မေးခွန်းတွေ ရွေးချယ်ခိုင်းပြီး လုပ်ထားခဲ့တာလို့ မပျိုးလက်ဟန်က ပြောပြပါတယ်။

မြန်မာစာ၊ သမိုင်း၊ ပထဝီဝင် ကျောင်းသင်ရိုးညွှန်းတမ်းတွေနဲ့ ပတ်သက်ပြီး ကျား၊ မရေးရာ မျှတမှုရှိရဲ့လားဆိုတာ အပြင် (Hidden curriculum) သင်ရိုးညွှန်းတမ်းနောက်ကွယ်က ကျောင်းစာသင်ခန်းထဲမှာ ဆရာ/ဆရာမတွေ ဘယ်လို အမြင်တွေနဲ့ သင်ကြားပေးနေလဲဆိုတာကို အဓိကထားလေ့လာတာပါ

ပညာရေးစနစ်ထဲမှာ ရှိနေပြီး အဓိကအရေးပါတဲ့ မူဝါဒရေးဆွဲသူ၊ (ပြည်နယ်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူး) အဆင့်ဆင့်နှင့် လက်တွေ့ကောင်အထည်ဖော်နေတဲ့ ကျောင်းတွေက ကျောင်းအုပ်ဆရာ/မ ကြီး၊ ကျောင်းဆရာ/မတွေနဲ့ ကျောင်းသား/သူတွေကိုတော့ သုတေသနမှာ အဓိက ပစ်မှတ်အုပ်စုအဖြစ် မေး မြန်းခဲ့တယ်လို့ သုတေသနမှူး ကိုနိုင်မင်းက ပြောပြပါတယ်။

သူတို့နဲ့တွေ့ပြီး သင်ရိုးညွှန်းတမ်းတွေကို ဘယ်လိုယူဆလဲ၊ သင်ရတာဘယ်လိုလဲ၊ သူတို့ရဲ့ ဂျန်ဒါ (ကျား/မ) အ မြင်သဘောထား ဘယ်လိုရှိသလဲဆိုတာ ဆန်းစစ်လေ့လာတယ်..

တပြိုင်နက်ထဲမှာ ကျားမရေးရာအမြင်တွေကို အနောက်နိုင်ငံတွေက အယူအဆတွေနဲ့လည်း နှိုင်းယှဉ်ခဲ့တယ် လို့ ကိုနိုင်မင်းက ပြောပါတယ်။

အနောက်နိုင်ငံတွေမှာ လက်ခံထားတဲ့ ကျားမရေးရာ အယူအဆ (Gender Notions) အသိအမြင်တွေ သူတို့မှာ မရှိဘူး၊  မြန်မာနိုင်ငံမှာက ယောက်ျားနဲ့ မိန်းမဆိုပြီး အရမ်းပြတ်ပြတ်သားသားရှိတယ်

ဆိုလိုတာကတော့ အမျိုးသမီးဆိုရင် ဘာလုပ်ရမယ်၊ အမျိုးသားဆိုရင် ဘာလုပ်ရမယ်ဆိုတဲ့ ပုံစံခွက်တွေက မြန် မာနိုင်ငံက ပြဌာန်းစာအုပ်တွေထဲမှာ ခွဲခွဲခြားခြားရှိနေတယ်ဆိုတာပါ။

ယောက်ျားလေး၊ မိန်းကလေး ခွဲပြီးသား၊ အသေစွဲပြီးသား၊ ပိုဆိုးတာက ပြီးခဲ့တဲ့ အတိတ်ကံကြောင့်ဖြစ်နေတာ စသဖြင့် မိန်းကလေးက ဘုရားဖြစ်ချင်ရင် ယောကျ်ားလေးဘဝကို အရင်ပြောင်းရမယ်၊ ယောက်ျားလေးက ဘုရားတန်းဖြစ်တယ်ဆိုတာတွေက မြန်မာ့အသိုင်းအဝိုင်းမှာ အမျိုးသမီးတွေ တဆင့်နိမ့်နေတယ်ဆိုတဲ့ ယုံကြည် ချက်တွေရှိနေတာ ပြသနေတယ်.. လို့ တွေ့ရှိချက်တွေကို ရှင်းပြခဲ့တယ်။

ဒီယူဆချက်တွေကို သင်ရိုးညွှန်းတမ်းတွေမှာ စာသားတွေ၊ ဇာတ်လမ်းတွေ၊ ကဗျာတွေ၊ စာသင်ကြားမှုပုံစံအနေ နဲ့ ထောက်ပံ့ပေးနေတာ တွေ့ရပါတယ်လို့လည်း ပြောပါတယ်။

သမိုင်းမှာဆိုလည်း ဘုရင်တွေ၊ သူရဲကောင်းတွေကို အရမ်းဂုဏ်ဖော်လွန်းတယ်..

သမိုင်းတွေထဲက ဦးအောင်ဇေယျဆိုရင် ထိုင်းအယုဒွယကို တိုက်ယူနိုင်သူ၊ အောင်နိုင်ခဲ့သူဆိုပြီး သူရဲကောင်း အဖြစ် အလွန်အမင်းမြှောက်ပင့်ရေးသားမှုတွေရှိတော့ သင်ယူရသူတွေအနေနဲ့ သူတပါးကို တိုက်ခိုက်ချင်စိတ် တွေ ဖြစ်ပေါ်လာစေနိုင်သလို၊ ဆရာစံသူပုန်ထတဲ့အကြောင်းဆိုရင်လည်း ထိုခေတ်အချိန်အခါက မလွဲသာ မရှောင်သာလို့ သူပုန်ထခဲ့ပေမယ့် အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်သူ၊ ဓါးပြီးတုတ်ပြီးသူ စသဖြင့် ရေးသားမှု တွေက လမ်းမှားကို ပို့နေသလိုဖြစ်ကြောင်း၊ ဖိုဆန်ခြင်း(ဖိုဝါဒ)ကို ကြီးထွားစေတဲ့အချက်တွေ တွေ့ရှိတယ်လို့ ဆို ထားပါတယ်။

အမျိုးသမီးငြိမ်းချမ်းရေးစွမ်းဆောင်သူ၊ သူရဲကောင်းအကြောင်းတွေ ထည့်သွင်းရေးသားမှုအပိုင်းမှာလည်း စာ ဖတ်သူတွေကို တွေးခေါ်စေတာမျိုးမဟုတ်ပဲ တသမတ်ထဲ အမျိုးသမီးဖြစ်ခြင်းကို ပုံစံခွက်ထဲ ဘောင်ခတ်ပေး လိုက်တဲ့သဘောမျိုး သက်ရောက်နေကြောင်းကို မပျိုးလက်ဟန်က ရှင်းပြပါတယ်။

အမျိုးသမီးခေါင်းဆောင်တွေ သမိုင်းစာအုပ်ထဲမှာ မပါဘူး

ပါတဲ့သူတွေကိုလည်း ပြဌာန်းစာအုပ်တွေက ပုံစံခွက်ထဲမှာ ထည့်သွင်းဖော်ပြထားတယ်လို့ ပြောပါတယ်။

ဥပမာပြောရရင် မိဖုရားဖွားစော၊ သိင်္ဃသူ့သမီးကျောက်စာလိုမျိုးက ကျမတို့ကို အပြီးမှတ်သားသွားအောင်  တခါတည်းရိုက်သွင်းပေးလိုက်တာကတော့ ဝေဖန်ပိုင်းခြားတတ်ဖို့ထက် သိင်္ဃသူ့သမီးလို အမျိုးသမီးတွေသာ ကောင်းတယ်၊ အမျိုးသမီးဟာ နိမ့်ချရမယ်၊ မိခင်ဆန်ရမယ်၊ အားလုံးအတွက် စတေးရမယ်၊ ဒါမှ မြန်မာအမျိုး သမီးပီသတယ်

ကဗျာမှာဆိုလည်း ဦးဖိုးကျားရေးသားခဲ့တဲ့ မင်းကတော်မိတဆိုးရှင်ပြုစတာတွေမှာ ကျေးလက်နေ အမျိုး သမီးတွေဘဝကို ပုံဖော်ထားပြီး အမျိုးသမီးတွေဟာ ဘယ်လိုနေထိုင်ရမယ်ဆိုတာတွေသာ ဖော်ပြထားတယ်လို့ ပြောပြပါတယ်။

ပင်ရင်းမြန်မာစာတွေကို ခြုံပြီးကြည့်လိုက်မယ်ဆိုရင်လည်း အပုဒ်ရေ (၁၆)ပုဒ်လောက်မှာ အမျိုးသမီး စာရေးသူ ရေးသားထားတဲ့စာ (၂)ပုဒ်သာ ပါရှိတာကို ထောက်ပြခဲ့တယ်။

သင်ရိုးညွှန်းတမ်းမှာ ကျားနဲ့မကို ခွဲခြားထားတဲ့ပုံစံထဲ သွတ်သွင်းနေတာမျိုးက ထပ်တလဲလဲပါနေပြီး အဲဒါမှ အ မှန်ဖြစ်တယ် ဆိုတဲ့လမ်းညွှန်မှုမျိုးနဲ့ သင်နေကြတဲ့အတွက်အကြောင့် အကျိုးဆက်တွေဟာလည်း ငြိမ်းချမ်းရေး သည် သာမန်လူတွေရဲ့ကိစ္စ မဟုတ်ဘူး၊ ဘုရင်တွေရဲ့ကိစ္စ၊ အုပ်ချုပ်သူတွေရဲ့ကိစ္စလို့နားလည်သွားစေတယ် လို့ မပျိုးလက်ဟန်က ပြောပြပါတယ်။

မြန်မာ့သင်ရိုးညွှန်းတမ်းထဲမှာ ကျား၊မရေးရာ မျှတမှုတွေ ရှိနေဖို့သာမက ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာ၊ အ ယူအဆ၊ အဆိုအမိန့်၊ ဘာသာတရား အဆုံးအမတွေနဲ့ ရောနှောပြီး ဆုံးမသွန်သင်တဲ့အလေ့အထနဲ့ ကြီးပြင်း လာကြရတဲ့ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှုပုံစံ၊ ဆရာတပည့်ဆက်ဆံရေးတွေဟာလည်း အင်မတန်အရေး ကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။

ဆရာမတွေကိုယ်တိုင်ကလည်း အဖွားကနေအမေ၊ အမေကနေသမီး၊ အစဉ်အဆက်သင်ယူလာရတဲ့ အမျိုးသမီး ဆိုရင် ဒီလိုနေ၊ ဒီလိုထိုင်ဆိုတာမျိုးက စိတ်ထဲမှာရှိနေတော့ သင်ရိုးညွှန်းတန်းတွေထဲမှာ ပါနေတာတွေကို ပြန် သင်ရာမှာလည်း ဒီလိုစံနှုန်းသတ်မှတ်ချက်တွေကို အမှန်ဆိုတဲ့ပုံစံနဲ့ တရားသေသင်နေတယ်၊ တကယ်လည်း ယုံကြည်နေကြတယ်လို့ ထောက်ပြခဲ့ပါတယ်။

ကျောင်းသူဆိုလို့ရှိရင် ပြောရဆိုရတာ မခက်ဘူး၊ နာခံတယ်၊ ဒါကြောင့် ကျောင်းသူတွေကို သင်ရတာ ပိုပြီး သ ဘောကျတယ်၊ ကျောင်းသားတွေကတော့ ငပျင်းတွေ၊ ဒါပေမယ့်လည်း မိန်းကလေးတွေထက် ယောက်ျားလေး တွေက ပိုပြီးဉာဏ်ကောင်းတယ် ဆိုတဲ့ ဆရာ၊ ဆရာမတွေရဲ့ ကျား၊ မ ခွဲခြားသတ်မှတ်ထားတဲ့ ပုံစံခွက်၊ ပုံသေ ကားချပ်တွေကလည်း အရိပ်ပမာ လွှမ်းမိုးခံထားရတယ်လို့ မပျိုးလက်ဟန်က ဆိုပါတယ်။

သမိုင်းစာအုပ်တွေထဲမှာ အမျိုးသမီးတွေနဲ့ပါတ်သက်တဲ့ သမိုင်းကြောင်းတွေ ထည့်သွင်းဖို့ အစီအစဉ်ရှိလားလို့ မေးတဲ့အပေါ်မှာ ထည့်သွင်းစဉ်းစားချင်သော်ငြားလည်း အတားအဆီးတွေရှိနေတဲ့ သဘောမျိုးတွေပြောတယ်

ဒါပေမယ့်လည်း ဒီလိုပုံစံခွက်တွေထဲက ရုန်းထွက်မယ့် အလားအလာတွေ မြန်မာ့ပညာရေးမှာ အနည်းငယ် မြင် နေရပြီလို့တော့ မပျိုးလက်ဟန်က ပြောပါတယ်။

ကျားမရေးရာနဲ့ပတ်သက်ပြီး သင်လာဖို့ အရိပ်အယောင်တွေ့ရတယ်

အချို့ လူငယ်ဆရာ၊ ဆရာမအသစ်လေးတွေမှာ အဲဒီလို တရားသေယုံကြည်ချက်မျိုးတွေရှိမနေတာ၊ လျော့နည်း လာတာကို တွေ့လာရတာက ပြောင်းလဲဖို့ အလားအလာကောင်းပါလို့ စိတ်အားထက်သန်စွာ ပြောပြတယ်။

တိုးတက်မှုရှိလာနိုင်တယ်၊ သင်ရိုးညွှန်းတမ်းပြင်ဆင်မှုတွေရှိတယ် တစိတ်တပိုင်းတော့ ပြောင်းနိုင်ပေမယ့် ဘယ်လောက်အတိုင်းအတာအထိ ပြောင်းနိုင်မလဲဆိုတာတော့ ပြောရခက်တယ်၊ လုံးဝရာနှုန်းပြည့် ပြောင်းနိုင်ဦး မယ်လို့တော့ မထင်ဘူး

တဖက်တွင်လည်း ကျား၊ မရေးရာ (ဂျန်ဒါ) လို့ ပြောရင် မြန်မာနိုင်ငံ လူမှုအသိုင်းအဝိုင်းမှာ ကျား၊မ တန်းတူညီမျှ ရေးလို့သာ မြင်လေ့ရှိပြီး ဒီထက်ပိုပြီး နက်ရှိုင်းစွာမြင်ဖို့ လိုအပ်နေကြောင်း၊ အခွင့်အရေး၊ အခွင့်အလမ်း တန်းတူ ညီမျှရေးတွေနဲ့ တပြိုင်တည်းတွဲမြင်ဖို့လည်း အရေးကြီးကြောင်း၊ ကျားမရေးရာနဲ့ ပတ်သက်ပြီး သေချာ နားလည် သဘောပေါက်ဖို့ လိုအပ်ပါတယ်လို့ မပျိုးလက်ဟန်က ပြောပြပါတယ်။

 

Related Articles