(ကောကော်)
ရန်ကုန်မြို့နဲ့ ၂၁မိုင်လောက် ကွာဝေးတဲ့ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ကို ကားလေးစီးလာခဲ့ပြီး မင်္ဂလာဒုံ စစ်သင်္ချုင်းအနီးက ခြံတခြံထဲကို ဝင်လာခဲ့ပါတယ်။ ခြံဝင်းထဲက လူသွားလမ်းတွေ တနေရာပြီးတနေရာ ဖြတ်လာခဲ့ရပါတယ်။ အဆောင်တွေလိုမျိုး ဆောက်ထားပြီး စာသင်ဆောင်၊ ထမင်းစားဆောင်၊ အိပ်ခန်း စသည်ဖြင့် သပ်ရပ်စွာ ဆောက်လုပ်ထားတဲ့ အဆောက်အဦးလေးကို နောက်ဆုံး ရောက်လာပါတယ်။ အခန်းထဲကို ချောင်းကြည့်လိုက်တဲ့ အခါမှာ မင်္ဂလာပါ ဆရာမ ဆိုတဲ့ ညီညာတဲ့ နှုတ်ဆက်သံကို ကြားရပါတယ်။ လာတဲ့ဧည့်သည်ကို နှုတ်ဆက်နေကျပဲ ထင်ပါရဲ့။
လက်ကလေးပိုက်ပြီး နှုတ်ဆက်နေကြတဲ့ သူတွေကတော့ အသက် ၆နှစ်မှ ၁၀နှစ်ကျော်အထိ အမျိူးသမီးငယ်လေးတွေပဲ ဖြစ်ကြပါတယ်။ သူတို့လေးတွေဟာ လမ်းပေါ်မှာ အခြေအနေမဲ့နေတဲ့မိန်းကလေးများ ဖြစ်ကြပြီး နိုင်ငံတော်က ကာကွယ်စောင့်ရှောက်မှု လိုအပ်နေတဲ့ သူတွေများဖြစ်ကြကြောင်း ထောက်ကြန့် အမျိုးသမီးကလေးများ သင်တန်းကျောင်း မှ ကျောင်းအုပ်ကြီး ဒေါ်သိန်းသိန်းထွေးက ပြောပါတယ်။
“အမတို့က ၆နှစ်အထက် ၁၆နှစ်အောက် အမျိုးသမီးကလေးတွေကို လက်ခံစောင့်ရှောက် ပေးရတယ်။ အဓိကက ပြင်ပမှာ သူတို့ ရပ်တည်ရတော့မဲ့ အချိန်ကျရင် အသက်မွေးဝမ်းကျောင်းရှိရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် အသက်မွေးဝမ်းကြောင်းသင်ပေးရမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်ထားတာပါ”
ယခင်က ထိုနေရာတွင် ၃နှစ်မှ ၅နှစ်အထိ လက်ခံပြီး၊ မွေးစမှ ၃နှစ်အထိကို ရွှေဂုံတိုင် ပြုစုရေးဌာမှာ လက်ခံထားပါတယ်။ ပြင်ပ၊လမ်းဘေးမှာ၊ဆေးရုံမှာ၊ နည်းအမျိုးမျိုးနဲ့ စွန့်ပစ်ထားခဲ့တဲ့ ကလေးတွေကို လက်ခံထားပြီး ၅နှစ်ပြည့်သွားခဲ့သော် ယောကျ်ားလေးနှင့် မိန်းကလေးဆိုပြီး ခွဲထားလိုက်ကာ ကျောင်းပြောင်းထားပေးကြောင်း ထိုမှတဆင့် စာသင်ကျောင်းကို ဆက်တက်ရကြောင်း ဆရာမကြီးက ပြောပါတယ်။
လမ်းပေါ်မှာ လေလွင့်သော ကလေး၊လူကြီးများကို စည်ပင်က ဖမ်းဆီးပြီး ဝါးနက်ချောင်းလူမှု ဂရုဏာ စောင့်ရှောက်ရေး ဌာနကို ပို့ပေးရကြောင်း ဒေါ်သိန်းသိန်းထွေးက ပြောပါတယ်။
“အမတို့ဖက်က အဲဒီဌာနကို အသက်မွေးဝမ်းကြောင်း အတွက် အထောက်အကူဖြစ်စေမဲ့ စက်ချူပ်တို့သင်ပေးသလို လူမှုဆက်ဆံရေးအတွက်လဲ သွားလုပ်ပေးရတယ်။ကျမတို့ ဌာနပိုင်မဟုတ်ပေမဲ့ လုပ်ငန်း(၈) ရပ်ထဲမှာပါတဲ့ လူမှုဂရုဏာ စောင့်ရှောက်ရေးလုပ်ငန်းကို အကောင်အထည်ဖော်တဲ့ အနေနဲ့ ဒီက ဆရာမတွေ အလှည့်ကျသွားပေးရတယ်”
အမျိုးသမီးငယ်လေးများတို့ နားခိုရန်အတွက် ပုဂ္ဂလိကဂေဟာတွင်မှာ ဖြစ်ဖြစ် အစိုးရဌာနတွေမှာ ဖြစ်ဖြစ် စောင့်ရှောက်ဖို့လိုအပ်ကြောင်း သမီးငယ်လေးများတို့ရဲ့ မိခင်ကျောင်းအုပ်ကြီးက ဆက်ပြောပါတယ်။
“အမျိုးသမီးငယ်လေးတွေ လမ်းပေါ်ရောက်နေတာထက် ဒီမှာက အများကြီး အဆင်ပြေပါတယ်။အိမ်မှာ မနေချင်ဘူး၊ လမ်းပေါ်မှာ အခြေမဲ့တာထက် တနေရာမှာ နားခိုနေတာဟာ သူတို့အတွက် အကောင်းဆုံးပဲ၊ အလုံခြုံဆုံးပဲလို့ အမက မြင်တယ်”
အမျိုးသမီးငယ်လေးများသည် နားခိုရာမရှိပဲ လမ်းပေါ်မှာ လေလွင့်နေခဲ့ပါက သက်ရောက်နိုင်သော ဆိုးကျိုးကို ဆရာမကြီးက “ဆိုးကျိုးကတော့ ၉၀ရာခိုင်နှုန်းကတော့ ကျိန်းသေတယ်။၁၀ ရာခိုင်နှုန်းဆိုတာက သူတော်ကောင်း မရှိတဲ့နေရာက မရှိဘူးလေ။တယောက်တလေက ပေါ်အုံးမှာမို့လို့။ ဒါကြောင့်မလို့ ကျိန်းသေတာ ဆိုးကျိုးက များနေတယ်”
သို့သော် စောင့်ရှောက်ရေး ဂေဟာရောက်သွားသောအခါတွင် ၁၀၀ ရာခိုင်နှုန်း လုံခြုံမှု ရှိနေဖို့သည် အုပ်ချုပ်သော လူကြီးတွေ အပေါ်မှာ လိုအပ်မှု ရှိနေသေးကြောင်း သူမကပြောပါတယ်။ မြန်မာနိုင်ငံ အစိုးရက တရားဝင်ပြထားတဲ့ ကလေးသူငယ်နည်းဥပဒေ ၅၁မှာ ပြထားသော ဘယ်သူမဆို ကာကွယ်စောင့်ရှောက်မှု လိုအပ်နေသော ကလေးသူငယ်များအတွက် ဂေဟာများ ဖွင့်လှစ်စောင့်ရှောက်နိုင်ကြောင်း ပြဌာန်းထားခြင်းကို ဆရာမကြီးက ပြင်ပအဖွဲ့အစည်းများအတွက် ပြောပြပါတယ်။
ဂေဟာကိုရောက်ရှိလာသော အမျိုးသမီးငယ်လေးများသည် ယခင်က ဈေးဝယ်စင်တာများတွင် လည်းကောင်း၊ ဘတ်စ်ကားပေါ်များတွင် လည်းကောင်း ခါးပိုက်နှိုက် အလုပ်ကို ကျင်လည်ကျက်စားနေကြသူတွေများ ဖြစ်ကြောင်း ကျောင်းအုပ်ကြီးက ပြောပြပါသည်။
“သူတို့လေးတွေကို ဘယ်လို ခါးပိုက်နှိုက်ရမလဲဆိုတာ သင်ပေးထားတာ၊ ခိုင်းစားထားတာ။ သူတို့ကဘာပြောလဲဆိုတော့ သမီးတို့က အိတ်ကိုဓါးနဲ့ ခွဲ ပိုက်ဆံကိုဆွဲထုတ်ပြီး ပြေးတာ နောက်မလှည့်ကြည့်တော့ဘူး၊ မိမှာစိုးလို့တဲ့” ဆိုပြီး လမ်းပေါ်က အမျိုးသမီးငယ်လေးများရဲ့ ကျင်လည်နေခဲ့သော အဖြစ်အပျက်များကို ပြန်ပြောပြပါတယ်။
အမျိုးသမီးငယ်လေးများ အချို့ထဲတွင် ဆရာမများမသိအောင် အိမ်ကိုပြန်ဖို့အတွက် ထွက်ပြေးရင်း တဖန် ဂေဟာကိုပြန်လာတဲ့ လမ်းပေါ်မှာ အဓမ္မကျင့်ခံရဖူးကြောင်း ဆရာမက ကိုယ်တွေ့ပြောပြပါတယ်။ အမျိုးသမီးငယ်လေးမှာ အသက်၁၄နှစ်ဝန်းကျင်သာ ရှိသေးကြောင်း၊ သူမအဆောင်ကိုပြန်ရောက်လာချိန်တွင် မိန်းမကိုယ်နာနေကြောင်း သိရသောအချိန်တွင် ဆရာမကြီးက “သူက သွားနေတဲ့ လမ်းမကြီးမှာ လူတွေရှိနေရက်သားနဲ့၊ နောက်တချက်က အရင်တုန်းကလည်း အဓမ္မအကျင့်ခံဖူးတယ်။အဲဒီတော့ အမှုအတွက် အရေးယူဖို့ ဘယ်သူကိုတိုင်ရမလဲ ဘယ်လိုလုပ်မလဲ” ဆိုတဲ့ အခက်အခဲကို ပြောပြပြီး ကလေးမလေးရဲ့ မိသားစုဝင်တွေဆီ ပြန်ထည့်ရန်အလွန်ပင် ပူပင်မိကြောင်း ကလေးများတို့ရဲ့ မိခင် ဒေါ်သိန်းသိန်းထွေးက ပြောပါတယ်။
ဂေဟာထဲတွင် ကျန်းမာရေးစောင့်ရှောက်ဖို့အတွက် ကျန်းမာရေးဆရာမများ ထားရှိပေးပြီး မနက်ည အနီးကပ်စောင့်ရှောက်ပေးထားကြောင်း ၊ ဌာနဆရာဝန်လဲ အပတ်စဉ်လာကြောင်း ပြောပါတယ်။ “တချို့ပြည့်တန်ဆာအလုပ်ကို အရွယ်နဲ့ မလိုက်အောင် လုပ်နေတဲ့အမျိုးသမီးငယ်လေးတွေ ပါလာတတ်ပါတယ်။ အဲဒီခါမှာဆိုရင် လိုအပ်တဲ့ ဆေးစစ်ချက်တွေလဲ ပြုလုပ်ပေးပြီး ၊ဆေးမှုးများကိုတော့ နားလည်အောင် ပြောပြထားရပါတယ်”
အရွယ်မရောက်သေးသော ပြည့်တန်ဆာအမျိုးသမီးငယ်လေးများအတွက် ဆရာမကြီးက “ဒီလိုမျိုးဖြစ်တိုင်း ဒီလိုပဲခံနေရမှာလား မိန်းမတွေက၊ အဲလိုဟာတွေ ဖြစ်ခဲ့ရင်ရော ဘယ်လိုဥပဒေနဲ့ ဘယ်လိုတွေ ထိထိရောက်ရောက် နမူနာပြ ဆိုပြီး အဲလိုတွေ လုပ်ဖို့ လိုနေပြီ ၊ဖြစ်တိုင်းလည်း ဒီလိုပဲ လိုက်ကုနေရမှာလား၊ ” ဆိုသော ဒေါသသံပါတဲ့ အသံနဲ့ ပြောပြီး သူမရှိနေသရွေ့ အမျိုးသမီးငယ်လေးတွေ နောက်ထပ် ပြည့်တန်ဆာ ကျေးကျွန်ထဲမရောက်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အားတက်သရော ပြောနေပုံကတော့ အမျိုးသမီးငယ်လေးများအတွက် ဂုဏ်ယူချင်စရာကောင်းနေလှပါတယ်။
အမျိုးသမီးငယ် ၈၇ဦးထဲတွင် ၃၀ကျော်မှာ ဉာဏ်ရည်မမှီတဲ့ အတွက်ကြောင့် အတန်းကို သီးသန့်ခွဲထားပေးရကြောင်း ဆရာမကြီးက ပြောပါတယ်။
ကျန်သော ဉာဏ်ရည်မှီသော အမျိုးသမီးငယ်လေးများကို အခြေခံပညာကျောင်း တက်ရောက်ရန်အတွက် သီးသန့်အခြေခံသင်ပေးရပါသည်။ တချို့သော အမျိုးသမီးငယ်မှာ အစိုးရအခြေခံပညာသင်ကျောင်းကိုဆက်ရောက်နေပြီး အသက်မွေးဝမ်းကြောင်းအတွက် အပြင်က စက်ရုံအလုပ်ရုံတွင် အလုပ်ဝင်နေပြီး ဂေဟာမှလည်း လုပ်အားခကို စုပေးထားကြောင်း အမျိုးသမီးငယ်လေးများတို့ရဲ့ အမေဒေါ်သိန်းသိန်းထွေးက ပြောပါတယ်။
ဂေဟာမှ အမျိုးသမီးငယ်လေးများရဲ့ ဘဝအသက်မွေးဝမ်းကြောင်းနှင့် အနာဂတ်အလားအလာအတွက် အလှပြင်သင်တန်း၊ စက်ချုပ်သင်တန်းတို့ကို စီစဉ်ထားရှိကြောင်း ဆရာမကြီးက ပြောပါတယ်။“ အခြေမဲ့နေတဲ့ အမျိုးသမီးငယ်လေးများအတွက်လဲ အပြင်မှာဂေဟာပဲဖြစ်ဖြစ် အစိုးရဂေဟာပဲဖြစ်ဖြစ် ရောက်သွားရင် လုံခြုံသွားတဲ့ အပြင် အသက်မွေးဝမ်းကြောင်းအတွက်လဲ ရသွားစေရမယ်။ အတတ်နိုင်ဆုံးတော့ လမ်းပေါ်ကို မရောက်သွားပဲနဲ့ ကောင်းမွန်တဲ့ အသက်မွေးဝမ်းကြောင်းနဲ့ လုပ်နိုင်အောင်လိ”ု့ ထိုအတွက်လဲ ရပ်ကွက် ၊ လူမှုဝန်းကျင်မှာ အသိပညာတွေ ပေးသင့်ကြောင်း သူမက ပြောပါတယ်။
ထောက်ကြန့်အမျိုးသမီးငယ်လေးများ စောင့်ရှောက်ရေးဂေဟာတွင် ရောက်ရှိလာသော ကလေးများကို တလအတွင်း မိဘများဖက်မှ သတင်းရရှိပါက လာခေါ်ခွင့်ပြုထားကြောင်းလဲ သူမကပြောပါတယ်။
“ဘာလို့လဲဆိုတော့ ကျမတို့တွေက ကလေးတွေဟာ မိသားစု၊ မိဘတွေနဲ့သာနေသင့်တယ်လို့ သုံးသပ်ထားပါတယ်။ ကျကိုလဲ စည်ပင်ကလာအပ်ကတည်းက တလအထိထိန်းသိမ်းစောင့်ရှောက်ထားရန်လို့ ပါပါတယ်။ တကယ်လို့ လာခေါ်တဲ့အခါမှာ လာခေါ်တဲ့ သူရဲ့ အကျင့်စာရိတ္ထကောင်းမွန်ကြောင်း၊ ကလေး၏သန်းခေါင်းစာရင်း၊ အကျင့်စာရိတ္ထကောင်းမွန်ကြောင်း၊ မှတ်ပုံတင်မိတ္ထူ၊ အဲဒီ၄ ချက်ပြည့်စုံပြီဆိုရင် သူတို့က လွယ်လွယ်ကူကူပြန်ထုတ်ကြတယ်”
မိဘအရင်းတွေက လွယ်လွယ်နဲ့ ပြန်ထုတ်လို့ရတဲ့အတွက် တောင်းစားဖို့ရန် အတွက်သာ ခိုင်းကြကြောင်းပြောပါတယ်။ ပြန်ထုတ်ရာတွင်လည်း ဝန်ခံကတိထိုးသော်လည်း တိတိကျကျ ဥပဒေနှင့် အရေးယူမှု မရှိခြင်းကြောင့်လည်း ခုလိုမျိုးပြန်အပ်၊ ပြန်ခေါ်ထုတ်ပြုလုပ်နေကြောင်း ဆရာမကြီးက ပြောပြပါတယ်။
အသက်၁၄နှစ်အထက် အမျိုးသမီးငယ်လေးများအတွက် ခြေနင်းစက်၊ မော်တာစက် ထားရှိပေးပြီး စက်ချုပ်သင်ပေးကာ သူမတို့ရဲ့ အလုပ်အကိုင်အတွက်လဲ အထည်ချုပ်စက်ရုံများနှင့် ဆက်သွယ်ထားရှိပေးတယ်လို့ ဆရာမကြီးကပြောပါတယ်။
“ကျမက ဘယ်လိုရည်ရွယ်ထားသေးလဲဆိုတော့ အထည်ညှပ်နိုင်တဲ့အထိ သင်ခိုင်းပြီး ကိုယ်ပိုင်ဆိုင်ဖွင့်နိုင်တဲ့ အထိပါ စဉ်းစားထားပေးတယ်။ဒါကလဲ ကျမတဦးတယောက်အနေနဲ့ မဟုတ်ပဲနဲ့ ဌာနကိုပဲဖြစ်ဖြစ်၊ အပြင်ကအဖွဲ့အစည်းကိုပဲ ဖြစ်ဖြစ် တင်ပြသွားမှာပါ”
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021