Home ဆောင်းပါး အမေ့ခံ CDM ဆိုသော်လည်း သူတို့ ရှင်သန်ဆဲ

အမေ့ခံ CDM ဆိုသော်လည်း သူတို့ ရှင်သန်ဆဲ

ရှင်ငြိမ်း

“တကယ်တော့ CDM လုပ်ဖို့ ပြည်သူလူထုတစ်ရပ်လုံးက တိုက်တွန်းခဲ့တာ တကယ်အမေ့ခံဖြစ်ရတာလည်း CDM သမားတွေပဲ။ ဘာလို့ဆိုရင် ကျမတို့လိုလူငယ်တွေက ရုန်းထနိုင်ပေမယ့် အသက်ကြီးတဲ့ CDM သမားတွေအတွက် အချိန်ကြာလာ လေဒုက္ခများလေပဲ ”လို့ ထောက်ပြလာသူကတော့ ကယားတိုင်းရင်းသူဖြစ်တဲ့ မဧပရယ်ဖောပါ။

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဧပရယ်ဖောဟာ အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု(CDM) သမားဖြစ်သလို နေအိမ် မီးရှို့ခံလိုက်ရပြီးနောက် စစ်ရှောင်ဘဝကို ခက်ခဲစွာဖြတ်သန်းရင်း ရုန်းထခဲ့ရသူပါ။

သူဟာ စစ်အာဏာမသိမ်းမီက နိုင်ငံလက်ရွေးစင် ကရာတေးကစားသမားတစ်ဦးဖြစ်ပါတယ်။ အမျိုးသမီးဖြစ်ခြင်းဆိုတဲ့ ပုံစံ ခွက်ကနေ ကျော်လွန်ပြီး ကရာတေးကစားနည်းကို သဘောကျနှစ်ခြိုက်ခဲ့သူပါ။

အမျိုးသမီးဆိုရင် နူညံ့သိမ်မွေ့ရမယ်။ ပြေးလွှားခုန်ပေါက်တာတွေ မလုပ်ရဘူးစတဲ့ အယူအဆစွဲတွေ ရှိနေတဲ့မြန်မာနိုင်ငံမှာ ကရာတေးအားကစားဆိုရင် အများစုက သားယောကျာ်းလေးတွေကိုသာ မိဘတွေကကစားခိုင်းလေ့ရှိပါတယ်။

ဒါပေမဲ့ ၂၁ ရာစုနောက်ပိုင်းမှာတော့ အမျိုးသမီးတွေလည်း ကိုယ်ခံပညာသင်သင့်တယ်ဆိုတဲ့အတွေးနဲ့ ကရာတေး ကစားလာ ကြပါတယ်။ အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးလုယက်ခံရတဲ့ အခြေအနေတွေမှာ အမျိုးသမီးတွေ ကိုယ့်ကိုကိုယ်ကာကွယ်နိုင်အောင် တိုက်ခိုက်ရေးတွေသင်ယူလာခဲ့တယ်။ အဲဒီထဲမှာ ဧပရယ်ဖောလည်းပါဝင်ခဲ့ပါတယ်။

“ကရာတေးသင်တာကို မိဘတွေကကန့်ကွက်တာမရှိဘူး။ အားကစားဆိုတာလူတိုင်းလုပ်သင့်တဲ့အရာပေါ့။ အမျိုးသမီးတွေ လည်း ကိုယ်ခံပညာတစ်ရပ်အနေနဲ့ သင်ယူသင့်တယ်။ ဒါက ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်တယ်”လို့ သူက ပြောပါတယ်။

သူဟာ ၆ တန်းအရွယ်က ကရာတေးအားကစားစလုပ်ခဲ့ပြီး မြို့နယ်ပွဲတွေမှာလည်း ဆုတံဆိပ်များစွာရရှိခဲ့တာဖြစ်ပါတယ်။ ဆယ်တန်းနှစ်မှာတော့ ခဏနားလိုက်ပြီး ပြန်ကစားတဲ့အချိန်မှာလက်ရွေးစင်ဖြစ်လာခဲ့ပါတယ်။ သူရဲ့ အားကစားသက်တမ်း ၁၅ နှစ်မှာတော့ ပြည်တွင်း၊ ပြည်ပပွဲတွေနဲ့ ဖိတ်ခေါ်ပြိုင်ပွဲတွေကနေ ရရှိခဲ့တဲ့ဆုတံဆိပ်ပေါင်းက ၂၀၊ ၃၀ လောက်ရှိပြီ လို့ ဆိုပါတယ်။  

 “၂၀၂၀ မှာ ဖိလစ်ပိုင်ဆီးဂိမ်းက နောက်ဆုံးကစားခဲ့တာ။ အသက် ၂၈ ဝန်းကျင်ဖြစ်နေပြီဆိုတော့ အိမ်ထောင်ပြုမယ်ဆိုပြီး နား လိုက်တယ်။ ဒါပေမဲ့ မျိုးဆက်သစ်တွေမွေးထုတ်နိုင်အောင်ဆိုပြီး အား/ကာ (အားကစားနှင့်ကာယပညာသိပ္ပံ) ကျောင်းမှာ နည်းပြစနစ်မှူးအဖြစ်ဝင်လုပ်ခဲ့တယ်”လို့ ဧပရယ် ဖောက ရှင်းပြပါတယ်။

သူနည်းပြစနစ်မှူးလုပ်နေတဲ့အချိန်မှာစစ်တပ်က နိုင်ငံတော်အာဏာကိုမတရားသိမ်းယူသွားတာကို ဆန့်ကျင်တဲ့အနေနဲ့  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်မှာ CDM လုပ်ခဲ့တာဖြစ်ပါတယ်။

“အနုပညာအသိုင်းအဝိုင်း၊ ဆေး၊ ပညာရေးအသိုင်းအဝိုင်းတွေ အကုန်လုံးက CDM တွေပေါ်လာတယ်။ ဒါဆိုရင်တော့ ရေသန့် တဗူးလောက်မပါဝင်နိုင်ရင်တောင် ရေတစက်လောက်ပါဝင်ရင် ပြီးသွားနိုင်တယ်ဆိုတဲ့ခံစားချက်နဲ့ ပါဝင်ဖြစ်တာပါ။ အများ ကြီးမဟုတ်တောင် ငါပါဝင်လိုက်ရင် မြန်မြန်ပြီးသွားမယ်ဆိုတဲ့စိတ်နဲ့ CDM လုပ်ခဲ့တာ”လို့ သူက ဆိုပါတယ်။

CDM စလုပ်တဲ့ သုံး၊ လေးလလောက်မှာ ကိုယ့်အိုးကိုယ့်အိမ်နဲ့ လုပ်ကိုင်စားသောက်လို့ရမယ့် နေရာလည်းရှိတာကြောင့် သူ့ အနေနဲ့ များစွာမခက်ခဲ့ပါဘူး။ ဒါပေမဲ့ သူနေထိုင်တဲ့ ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှာ စစ်ရိပ်စတင်လာတော့ အစောဆုံး စစ်ရှောင်ခဲ့ရတဲ့သူတွေဖြစ်လာပါတယ်။

“စစ်ပွဲတွေစဖြစ်တော့ အိပ်မက်တွေ အကုန်လုံးချောက်ထဲကျသွားသလိုပါပဲ”လို့ သူက ရင်ဖွင့်ပါတယ်။

“တောထဲမှာ ကျန်းမာရေး၊စားဝတ်နေရေးရော အကုန်လုံးစပြီး ခက်ခဲလာတယ်။ စစ်ရှောင်တာက ပထမဆုံးဆို တော့ ဘယ်သူ့ အကူအညီမှလည်း မရဘူးလေ။ အဲဒီအချိန်မှာ ဖုန်း၊ အင်တာနက်လိုင်းတွေလည်း မရှိတဲ့အတွက် အွန်လိုင်းကနေ အကူအညီ တောင်းလို့ရမယ့်သူလည်း မရှိဘူး။ အရမ်းခက်ခဲခဲ့တယ်။ တောထဲမှာ ဆေးကုဖို့လည်း မရှိဘူး။ မြို့ပေါ် သွားရင်လည်း CDM တွေဖမ်းနေတယ်ပြောတော့ မြို့ပေါ်မရှောင်ရဲဘူး”လို့ ဧပရယ်ဖောက ပြောပါတယ်။

ပစ်ကွင်းရှင်းအောင်လို့ဆိုပြီး စစ်သားတွေက နေအိမ် ၁၄ လုံးကို စတင်မီးရှို့ရာမှာ သူ့အိမ်လေး ပါသွားခဲ့တာဖြစ်ပါတယ်။

အနှစ်နှစ် အလလ ခြိုးခြံချွေတာစားသောက်ပြီး စုထားတဲ့ငွေနဲ့ တည်ဆောက်ထားတဲ့ ဧပရယ်ဖောရဲ့ နှစ်ထပ်တိုက်ကြီးနဲ့ စပါး ကျီဟာချက်ခြင်းပြာပုံဖြစ်သွားခဲ့ပါတယ်။ လက်ထပ်စာချုပ်တွေ၊ သူရခဲ့တဲ့ ဆုတံဆိပ်တွေ၊ လက်မှတ်တွေကအစတန်ဖိုးကြီး ပစ္စည်းအားလုံး ဘာတစ်ခုမှ ပြန်မရခဲ့လို့ စိတ်ဓါတ်ပြိုလဲမတတ်ဖြစ်ခဲ့ရပါတယ်။

“အိမ်မီးလောင်သွားတာ မျက်မြင်တွေ့လိုက်ရတော့ အရမ်းဆုံးရှုံးမှုကြီးမားလွန်းတော့လေ ဘယ်လိုဝမ်းနည်းမှုဖြစ်လဲဆိုရင် ပြောတောင်မပြောပြတတ်ဘူး။ ကျမဆိုရင် အရမ်းသန်မာတဲ့ မိန်းမတစ်ယောက်ပဲ။ ဒါပေမဲ့အဲဒီအချိန်မှာ စိတ်ထိခိုက်လွန်းလို့ ရောဂါတောင်ဝင်ခဲ့တယ်”လို့ ပြောနေတဲ့ သူ့မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ပါ။

၂၀၂၁ ခုနှစ်မှာဖြစ်ခဲ့တာ ကြာပြီဆိုပေမယ့် အိမ်ကိုဆုံးရှုံးလိုက်ရတဲ့စိတ်ထိခိုက်မှုက ဘာနဲ့မှဖြေမရနိုင်ခဲ့ပါ။ စစ်ရှောင်ဘဝနဲ့ ပြေး နေရတဲ့အချိန်မှာ ပြန်စရာအိမ် မီးလောင်သွားတာက သူ့အတွက် ပိုလို့ စိတ်ဓါတ်ကျစရာဖြစ်စေခဲ့ပါတယ်။

ဒါပေမဲ့ ပြိုလဲသွားလို့ပြီးသွားမယ့် အရာမဟုတ်ဘူးဆိုတဲ့စိတ်နဲ့ သူပြန်ရပ်တည်နိုင်ခဲ့သလို ဘဝတူစစ်ဘေးရှောင်တွေကိုလည်း တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနိုင်ဖို့ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“တကယ်တော့ CDM သမားတွေက အမေ့ခံတွေပါ။ ကျမတို့လိုလူငယ်တွေက အလုပ်လုပ်လို့ရတော့ တော်သေးတယ်။ အလုပ်မလုပ်နိုင်တော့တဲ့ CDM သမားတွေကျတော့ တောင်ယာလယ်ယာပြန်လုပ်ဖို့လည်း အဆင်မပြေဘူး။ အရမ်းဒုက္ခ ရောက်ကြတယ်”လို့ သူက ဆက်ပြောပါတယ်။

အထူးသဖြင့် သက်ကြီးရွယ်အို CDM သမားတွေအနေနဲ့ စားဝတ်နေရေးအတွက် ပိုလို့ရုန်းကန်ရပါတယ်။ တိုက်ပွဲကြားမှာ အားလုံးခက်ခဲနေတာဆိုတော့ သူတို့က အမေ့ခံတွေလိုဖြစ်သွားရတာပါ။ ဒါပေမဲ့ သူတို့အခုထိတောင့်ခံနိုင်မှုကတော့လေး စားလောက်စရာပါပဲ။

အသက်အရွယ်ကြီးလာတဲ့အပြင် အကူအညီလည်းမရ၊ ဘာအထောက်အပံ့မှလည်းမရသလို ကိုယ်တိုင် အလုပ်လုပ်ဖို့ ကလည်း မစွမ်းသာတဲ့အခြေအနေတွေကြောင့် CDM လုပ်ကြတာ အတူတူအသက်ကြီးသူတွေက ပိုလို့အခက်အခဲကြုံရတာ ဖြစ်ပါတယ်။

အသက် ၅၄ နှစ်အရွယ် CDM ကျောင်းဆရာမတစ်ဦးဖြစ်တဲ့ ဒေါ်အဲအဲဆိုရင်လည်း အလှူရှင်တွေ၊ ထောက်ပံ့မှုတွေ ဘာတစ်ခု မှမရတာကြောင့် တောထဲမှာ ဖြစ်သလိုနေထိုင်ရင်း စစ်ရှောင်နေရတာဖြစ်ပါတယ်။

“ဟိုလူက ထမင်းပေးလိုက် မုန့်ပေးလိုက်နဲ့နေရတာပဲ။ ပထမတော့အဆင်ပြေပေမယ့် နောက်ပိုင်းတဖြေးဖြေးနဲ့ ပေးမယ့်လူ ကျွေးမယ့်လူမရှိတော့ဘူး။ အရွက်တွေ သစ်ဥတွေပြုတ်စားပြီးနေရတယ်။ အဝတ်တွေလည်း စုတ်ပြဲနေပြီ။ ကျန်းမာရေး လည်း မကောင်းတော့ အဆင်မပြေဘူး။ ဒါပေမဲ့ အများတောင့်ခံနိုင်ရင် ငါလည်းဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့နေတယ်”လို့ ဒေါ်အဲ အဲက ပြောပါတယ်။

ဒါ့ကြောင့် ဧပရယ်ဖောဟာ တတ်နိုင်တဲ့ဘက်ကနေ သက်ကြီးရွယ်အို CDM တွေ စစ်ရှောင်တွေကို ကူညီပေးနေနိုင်ဖို့ ကြိုးစား ချင်တယ်လို့ ဆိုပါတယ်။

ဧပရယ်ဖောရဲ့ အမျိုးသားက လူမှုအဖွဲ့အစည်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေတာကြောင့် မကြာခဏဆိုသလို ခရီးထွက်နေရ သူပါ။ ခရီးကနေ ပြန်ရောက်ရင်တော့ အမျိုးသမီးရဲ့ အလုပ်ကိစ္စတွေမှာ ဝိုင်းဝန်းကူလုပ်ပေးလေ့ရှိပါတယ်။

သူတို့မှာ သားဦးလေးရလာတော့ ကလေးရဲ့အသုံးစရိတ်၊ လိုအပ်ချက်တွေဖြည့်ပေးဖို့ လိုအပ်လာပြီဖြစ်ပါတယ်။

“စစ်ရှောင်ရင်း ဒီအတိုင်းနေလို့မရဘူး။ ဒီတော့ တပိုင်တနိုင်လေး ဘာလုပ်ရင်ကောင်းမလဲစဉ်းစားတော့ တောရွာသူရွာသား တွေလည်းစားချင်မယ်။ မြို့ကလာတဲ့သူလည်း ဒီကကြက်ကြော်ကို စားကြည့်ချင်မှာပဲဆိုပြီး ကြက်ကြော်ဆိုင်လေးဖွင့် ဖြစ် သွားတယ်”လို့ ဧပရယ်ဖောက ဆိုပါတယ်။

ကြက်ကြော်ဆိုင်ကို စစ်ရှောင်စခန်းထဲ ဖွင့်လို့ အဆင်မပြေတဲ့အတွက် ဆိုင်ကယ်နဲ့သွားရင် ၄၅ ကြာမောင်းရတဲ့ ရှမ်း ပြည် သွားတဲ့လမ်းမကြီးဘေးမှာ ဝါးတဲလေးထိုးပြီး ဖွင့်ခဲ့တာဖြစ်ပါတယ်။

“ဆိုင်စဖွင့်တဲ့နေ့မှာ ကြက်နှစ်ပိသာက နေ့လယ် ၁၂ နာရီခွဲလောက်ထဲက ကုန်သွားတယ်။ အရမ်းရောင်းရတော့ လူတောင် တုန်နေတယ်။ ဈေးလည်းတခါမှ မရောင်းဖူးတော့”လို့ သူက ပြောပါတယ်။

သူ့ဆိုင်လေးက မနက် ၈ နာရီကနေ ညနေ ၅ နာရီထိဖွင့်ပြီး ကြက်ကြော်၊ အဆာပြေ ထမင်းသုတ်နဲ့ ထမင်းဆီဆမ်းလည်း ရောင်းပြီး ဒီဝင်ငွေနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေတာဖြစ်ပါတယ်။

“သားသားကို ရွာမှာထားခဲ့တယ်။ ကိုယ်က ဆိုင်လာဖွင့်ရတယ်။ အဲဒီအချိန်ဆို သူက နို့အရမ်းသောက်ချင်မှာပဲလေ။ နို့ဖြတ် ထားတော့ ညဆိုအိပ်မပျော်ဘူး။ သူငိုနေမလား မသိဘူး။ သူဘာဖြစ်နေမလဲဆိုတဲ့စိုးရိမ်စိတ်နဲ့ ဖြတ်သန်းရတယ်”လို့ ဆိုပါ တယ်။

ဆိုင်စဖွင့်တဲ့အချိန်က ရောင်းအားသွက်တဲ့အတွက် ညပိုင်းဆိုင်မှာ အိပ်ရတာတွေလည်းရှိတတ်ပါတယ်။ ဒီအချိန်မှာ မိခင်နဲ့ ထားရစ်ခဲ့ရတဲ့သားအတွက် သူက စိုးရိမ်ပူပန်နေတာဖြစ်ပါတယ်။

အခုနောက်ပိုင်းတော့ ညမအိပ်တော့ဘဲ ဆိုင်ကယ်နဲ့အသွားအပြန်လုပ်ပါတယ်။ သူတို့စစ်ရှောင်ရတဲ့နေရာမှာ စစ်ကြောင်း ဝင်တာ၊ ထိုးတာမရှိတဲ့အတွက် လမ်းခရီးကအန္တရာယ်မရှိပါဘူး။ သို့ပေမဲ့ စစ်တပ်ကတော့ လေယာဉ်နဲ့ မကြာခဏဗုံးလာ ကြဲတာ၊ လက်နက်ကြီးကျတာတွေအတွက်တော့ စိုးရိမ်နေရဆဲပါ။

သားလေးမွေးလာပြီး စစ်ကြီးအမြန်ပြီးဆုံးဖို့ ဆုတစ်ခုထဲကို နေ့စဉ်တောင်းကြောင်း ဧပရယ်ဖောက အခုလိုပြောပါတယ်။

“သားသား ငါးနှစ်၊ ခြောက်နှစ်မရောက်ခင်မှာ စစ်ကြီးပြီးပါစေ။ နေ့တိုင်း ဆုတောင်းနေတာလည်း အဲဒီဆုတောင်းပေါ့။ ဘာလို့လဲဆို အာဏာမသိမ်းခင်က မြန်မာ့ပညာရေးစနစ်က အဆင့်မြင့်လာ ပြီဆိုတော့ နောက်ဆို မြန်မာနိုင်ငံမှာ ပညာ တတ် တွေပေါလာလေလေ ဒီနိုင်ငံက ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ယုံကြည်တယ်။ ပညာရေးအဆင့်မြင့်တာမျိုး ကိုယ့်သားသမီးကို လည်းထားချင်တာပေါ့”လို့ သူ့ရဲ့အနာဂတ်မျှော်မှန်းချက်ကို ပြောပြပါတယ်။

တော်လှန်ရေးပြီးသွားရင်တော့ သူဝါသနာပါ ချစ်မြတ်နိုးခဲ့တဲ့ ကရာတေးအားကစားမှာ အလုပ်ပြန်လုပ်ဖို့လည်း စဉ်းစား ထားတာဖြစ်ပါတယ်။

သူရဲ့အပြင်းပြဆုံးဆန္ဒက တော်လှန်ရေးကြီး အမြန်ပြီးဆုံးသွားတာကိုလိုချင်နေတာဖြစ်ပါတယ်။ အကြောင်းကတော့ ပုံစံ အမျိုးမျိုးနဲ့ စစ်ရှောင်ပြီးတောင့်ခံထားတဲ့ လူအကုန်ုလုံးက တော်လှန်ရေးကာလရှည်လာတာနဲ့အမျှ တစ်နေ့ထက် တစ်နေ့ စားဝတ်နေရေးခက်ခဲလာကြတာကြောင့်ဖြစ်ပါတယ်။

“စစ်အာဏာရှင်တော်လှန်ရေး သပိတ်မှာအော်ထားသလိုမျိုး “CDM သမားတွေ ဇိမ်နဲ့နေပါ ပြည်သူတွေကကျွေးထားမှာ” လို့ပြောခဲ့တဲ့ ပြည်သူတွေတောင် အခုဒုက္ခရောက်နေကြတာပဲလေ။ ကိုယ့်ဒူးကိုယ်ချွန် ကိုယ့်ဘာသာရှာစားပါပဲ”လို့ ဧပရယ် ဖောကဆိုပါတယ်။

CDM ဝင်လိုက်ရလို့ နောင်တရလားဆိုတော့ နောင်တရတာမျိုးတော့ မဟုတ်ပေမယ့် သူတို့ကိုဖေးမပေးစေချင်တဲ့ဆန္ဒတော့ သူ့မှာရှိနေခဲ့တာဖြစ်ပါတယ်။

ဘာပဲပြောပြော ဒီကာလအထိ တော်လှန်ရေးမှာပါဝင်ပေးကြတဲ့ တစ်ယောက်စီတိုင်း အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်ကြောင်းလည်း ဧပရယ်ဖောက ပြောခဲ့ပါတယ်။ သူရဲ့အဖြစ်ချင်ဆုံးဆန္ဒကိုလည်း အခုလိုဖွင့်ဟသွားပါတယ်။

“ကိုယ်တိုင်စစ်ဝင်မတိုက်နိုင်ပေမယ့် စစ်ကြီးတော့ အမြန်ပြီးသွားစေချင်တယ်။ ဒီကာလကြီးကို အမြန်ဆုံးပြီးဆုံးချင်တယ်”

Author:

Related Articles