Home ဆောင်းပါး မိခင်နို့ရည်ကို စနစ်တကျသန့်စင်ထုပ်ပိုးကာ မျှဝေနေသူ အမျိုးသမီး

မိခင်နို့ရည်ကို စနစ်တကျသန့်စင်ထုပ်ပိုးကာ မျှဝေနေသူ အမျိုးသမီး

မေ

အဖြူရောင်မကျ အဝါရောင်မကျတဲ့အရည်တွေကို အိတ်လေးတွေနဲ့ထည့်ကာ အထုပ်ငယ်လေးတွေကို ရေခဲသေတ္တာရဲ့အအေးခန်းထဲထည့်ကာ အမျိုးသမီးတစ်ဦးအလုပ်များနေပါတယ်။ အထုပ်ငယ်လေးတွေ‌ပေါ်မှာရက်စွဲနဲ့ အချိန်ကိုစနစ်တကျရေးထားပါသေးတယ်။

အထုပ်ငယ်လေးတွေဟာ နို့အနံသင်းသင်းလေးနဲ့ ပုံစံလေးကလည်းချစ်စဖွယ်ပါပဲ။ သူမစနစ်တကျထုပ်ပိုး အေးခဲနေတဲ့အထုပ်ငယ်လေးတွေက ထူးခြားနေပါတယ်။ အဲ့ဒီအထုပ်ငယ်လေးတွေဟာ မိခင်နို့ရည်အစစ်ကိုစနစ်တကျသန့်စင်ပြီးအေးခဲဖို့ အသင့်ထုတ်ထားတဲ့အထုပ်လေးတွေပါ။

မိခင်နို့ရည်ကိုအေးခဲထားကာ မွေးကင်းစကလေးတွေ တိုက်ကျွေးဖို့အတွက် စိတ်ကူးရခဲ့တာကတော့ ဧပြီလက သားလေးကိုမွေးဖွားကာစဖြစ်တဲ့ အသက်(၃၃)နှစ်အရွယ် မအိလို့ခေါ်တဲ့ မနှင်းရီအောင်ပါ။

“ကျွန်မနို့ကိုခဲရတဲ့ရည်ရွယ်ချက်က လုပ်ငန်းခွင်ပြန်ဝင်တဲ့အခါမှာ သားသားအတွက် နို့မပူပင်ရအောင် ကြိုတင်ခဲထားတာပါ၊ နို့မှုန့်မတိုက်ဘဲ မိခင်နို့ပဲတိုက်ချင်လို့ပါ”လို့ မအိကသူ့ရည်ရွယ်ချက်ကိုပြောပါတယ်။

မအိကလေးမွေးတဲ့အချိန်ဆေးရုံမှာတုန်းကလည်း နို့မထွက်တဲ့မိခင်တွေကိုမြင်ခဲ့ရပါတယ်။ ငွေကြေးတတ်နိုင်တဲ့ မိခင်တွေအတွက် နို့မှုန့်တိုက်ဖို့အဆင်ပြေပေမယ့် မတတ်နိုင်တဲ့မိခင်တွေက  မအိဆီကို သူတို့ကလေးလေးတွေကို နို့တိုက်ပေးဖို့ အကူအညီလာတောင်းကြတာကိုကြုံခဲ့ရပါတယ်။

ကိုယ်တိုင်ကလည်းကူညီချင်တဲ့အတွက် ဆေးရုံကမဆင်းမချင်း ကလေး(၄)ယောက်ကို သူတို့ဆာတိုင်းနို့တိုက်ပေးခဲ့တယ်လို့ဆိုပါတယ်။                                                  

အဲ့ဒီလိုကလေးလေးတွေကိုတက်နိုင်သလောက် မိခင်နို့ကို မျှဝေပေးချင်တဲ့အတွက် နို့ရည်ခဲတဲ့ စိတ်ကူးလေးကို အကောင်အထည် ဖော်ဖြစ်ခဲ့တာလို့ဆိုပါတယ်။

မိခင်နို့ကသာလျှင်ကလေးတွေအတွက် အာဟာရအဖြစ်ဆုံးနဲ့ ဘေးဥပါဒ်အကင်းဆုံးဖြစ်တဲ့အတွက် မအိတစ်ယောက် ဆေးရုံကဆင်းတဲ့နေ့ကတည်းကစညှစ်ပြီး စနစ်တကျသိမ်းဖြစ်ခဲ့တာပါ။

မိခင်နို့ရည်ကိုခဲပြီးသိမ်းဖို့ဆိုတာ ထင်သလောက်တော့မလွယ်ကူပါဘူး။ အချိန်ပေးရသလို သန့်ရှင်းမှုရှိအောင်လည်းဂရုစိုက်ရပါတယ်။ ကလေးမွေးဖွားပြီးစ မိခင်တစ်ဦးအနေနဲ့ ကလေးဝေယျာဝေစ္စတွေအပြင် တကူးတက အချိန်ပေးရတဲ့အလုပ်ဖြစ်ပါတယ်။

မအိက ကိုယ့်ကလေးအတွက်ရော တခြားမိခင်နို့ရည်လိုအပ်တဲ့ကလေးတွေအတွက်ရော စဉ်းစားပြီးအပင်ပန်းခံကာ နို့ခဲထုတ်လေးတွေဖြစ်လာဖို့အထိ ဇွဲမလျော့ပဲလုပ်ဆောင်ခဲ့ပါတယ်။

မိခင်နို့ရည်ခဲတဲ့လုပ်ငန်းစဉ်မှာ ပထဦးစွာ နို့မညှစ်ခင်လက်ကိုဆပ်ပြာနဲ့စင်ကြယ်အောင်ဆေးရပါတယ်။ နို့ကိုလည်း သန့်ရှင်းရေးလုပ်ရတယ်။

နို့ညှစ်ကိရိယာတွေကိုလည်း သေချာအောင်ဆေးကြောသန့်စင် ပိုးသတ်ရပါတယ်။ ကိရိယာတွေကို ဆေးကြောပြီးနောက် ရေနွေးပွက်ပွက်ဆူထဲ ဆယ်မိနစ်ကနေ မိနစ်နှစ်ဆယ်ကြာအောင်ပြုတ်လို့ရသလို နို့ဗူးပေါင်းစက်သုံးပြီး ဆယ့်ငါးမိနစ်ကြာအောင်ပေါင်းလို့ရပါတယ်။ နို့ကိုလက်နဲ့ညှစ်လို့ရသလိုစက်နဲ့ညှစ်လို့လည်းရတယ်လို့ပြောပါတယ်။

“လက်နဲ့ညှစ်တာကမိမိကိုယ်တိုင်ညှစ်တဲ့အတွက် နာကျင်မှုနည်းတယ်။ အချိန်ပိုပေးရတယ်။ တစ်ဖက်ညှစ်ပြီးမှနောက်တစ်ဖက်ညှစ်ရတော့ အချိန်ကနှစ်ဆကုန်တယ်။ စက်နဲ့ညှစ်မယ်ဆိုရင် ဆေးရုံသုံးအဆင့် hospital grade ရှိတဲ့နို့ ညှစ်စက်ကို အသုံးပြုသင့်တယ်”လို့မအိက အကြံပြုပါတယ်။

Hospital grade ကိရိယာတွေက ညှစ်တဲ့မော်တာစက်အပိုင်းနဲ့ နို့ခံယူတဲ့ခွက်အပိုင်းသီးခြားဖြစ်ပြီးတော့ အလွယ်တကူဖြုတ်နိုင် ဆေးကြောနိုင်ပြီး ပိုးသတ်သန့်စင်နိုင်တဲ့အပြင် အပူဓာတ်ခံနိုင်တဲ့ Bisphenol A (BPA-ပလတ်စတစ်ကို အပူပေးလျှင်ထွက်သော ကင်ဆာဖြစ်စေသည့်ပစ္စည်း)မထွက်တဲ့ ကိရိယာဖြစ်တယ်လို့ ဆိုပါတယ်။

ညှစ်တဲ့အခါပြင်းအား ထိန်းညှိနိုင်ပြီး စညှစ်စမှာ ခပ်ပျော့ပျော့သာသုံးသင့်ပါတယ်။ လက်နဲ့ညှစ်တာထက်စာရင် ပိုနာပေမယ့် အချိန်ပေးရသက်သာတာ၊ သန့်ရှင်းမှုပိုရှိတယ်လို့ သူ့ထင်မြင်ချက်ကိုပြောပါတယ်။

“ကျွန်မကတော့ စက်နဲ့ညှစ်တယ်။ တခါညှစ်ရင် အနည်းဆုံး တစ်နာရီအချိန်ပေးပြီး ညှစ်ရတယ်။ အချိန်မှန်မှန် ညှစ်ပေးရင် နို့ပိုထွက်နိုင်တယ်”လို့ မအိကသူ့တွေ့အကြုံကိုဆက်ပြောပြပါတယ်။

ညှစ်ပြီးရလာတဲ့နို့တွေကိုကလေးတစ်နေ့တာတိုက်ဖို့အတွက်ဖယ်ပြီး ကျန်တာကိုနို့သိမ်းအိတ်ထဲထည့်၊ အိတ်မှာရက်စွဲနဲ့ အချိန်ကိုရေးကာ ရေခဲသေတ္တာခဲခန်းထဲမှာထည့်ခဲ့ပါတယ်။ နို့ခဲမယ့် ရေခဲ့သေတ္တာအကန့်ထဲမှာ  အသားငါးကို ရောပြီးမသိမ်းဘူးလို့ သူကပြောပါတယ်။

အသုံးပြုထားတဲ့ နို့ညှစ်ကိရိယာတွေကို ဆေးကြောသန့်စင်ပြီး ပေါင်းခံပိုးသတ်တာတွေ လုပ်ပါတယ်။ လေးနာရီခြား တစ်ခါ နို့ညှစ်ရတယ်ဆိုပေမယ့် နို့ညှစ်တာနဲ့သန့်ရှင်းရေးလုပ်တာက နှစ်နာရီလောက် အချိန်ပေးရတော့ နောက်နှစ်နာရီကြာရင်တစ်ခါနို့ပြန်ညှစ်ရ‌ပြန်ပါတယ်။ မအိတစ်ယောက်နေ့ခင်းဘက်တွေဆို အိမ်မှုကိစ္စကိုမလုပ်နိုင်သလိုက လေးနဲ့အတူရှိတဲ့အချိန်ကို အချိန်နည်းနည်းပဲပေးနိုင်ပါတယ်။

“ညဘက်ဆိုလည်း အိပ်ရေးအရမ်းပျက်တယ်။ တခါတလေ အရမ်းအိပ်ချင်လာရင် ဆက်မညှစ်ဘဲ အိပ်လိုက်ရသလို နို့ညှစ်နေရင်းနဲ့ အိပ်ပျော်သွားတက်တယ်။       အချိန်တန်လို့ နို့မညှစ်ရင်လည်း နို့ကအရမ်းတင်းပြီး နေရခက်လာတော့ ထပြီးညှစ်ရပြန်ရော၊ နို့ညှစ်ရတဲ့အကြိမ်ရေများတော့ ဗိုက်လည်းခဏခဏဆာတယ်”လို့ မအိကဖွင့်ဟပါတယ်။

ဒါ့အပြင်အသုံးပြုရတဲ့အကြိမ်ရေများလာတော့ လက်ရှိသုံးနေတဲ့နို့ညှစ်စက်ရဲ့မော်တာက အလုပ်သိပ်မလုပ်တော့ အသစ်ထပ်ဝယ်ရမယ့်အခြေအနေလည်းရှိနေပါတယ်။နို့ညှစ်စက်တွေရဲ့တန်ဖိုးကသောင်းဂဏန်းကနေသိန်းဂဏန်း အထိရှိပြီး Quality နဲ့ Brand ပေါ်မူတည်ပါတယ်။ သူစုံစမ်းထားတဲ့စက်ဆိုရင် တစ်စုံကိုလေးသိန်းဝန်းကျင်ရှိပါတယ်။

ထားသိုနိုင်တဲ့နည်းလမ်းတွေကတော့ အေးမြခြောက်သွေ့တဲ့အပူချိန် (၂၅)ဒီဂရီစင်တီဂရိတ်အောက်၊ နေရောင်ခြည် တိုက်ရိုက်မထိတဲ့နေရာတွေမှာ ၄ နာရီမှ ၆ နာရီအထိထားနိုင်ပါတယ်။ သောက်သုံးပြီးနို့အကျန် ဒါမှမဟုတ်ခဲတဲ့ နို့ကို ဖျော်ပြီးရင်တော့ ၁ နာရီမှ ၂ နာရီအတွင်းသာထားနိုင်ပါတယ်။

ရေခဲသေတ္တာအေးပြီး၊ မခဲတဲ့အခန်းမှာ (၄ဒီဂရီ စင်တီဂရိတ်) ၂၄ နာရီမှလေးရက်အထိ၊ ခဲပြီးဖျော်ထားတဲ့နို့ဆိုရင် (၂၄)နာရီအထိသာထားနိုင်ပါတယ်။ ရေခဲသေတ္တာအေးခဲတဲ့အခန်းမှာ (၁၈ဒီဂရီ စင်တီဂရိတ်အောက်)အေးခဲပြီး သိမ်းရင် အနည်းဆုံးခြောက်လမှ တစ်နှစ်အထိ သိမ်းဆည်းနိုင်တယ်လို့ မအိက သူရဲ့လေ့လာထားချက်တွေကို ပြောပြပါ တယ်။ သတိပြုရမှာကတော့ အေးခဲပြီးပြန်‌ဖျော်ထားတဲ့နို့ကို ထပ်မံအေးခဲတာမျိုးမပြုလုပ်ရပါဘူး။

ရေခဲသေတ္တာထဲထားတဲ့အခါမှာလည်း အအေးဆုံးအနောက်ဖက်နံရံမှာကပ်ထားသင့်ပြီး တံခါးနားမှာထားရင် ဖွင့်လိုက်ပိတ်လိုက်လုပ်တဲ့အခါ အပူချိန်အတက်အကျများပြီး နို့သက်တမ်းကိုထိခိုက်နိုင်တယ်လို့ဆိုပါတယ်။

တခါတိုက်အရွယ်အစား၊ အိတ်၊ခွက်တွေနဲ့ခွဲပြီးသိုလှောင်ရင်အလေအလွင့်နည်းပါးနိုင်ပါတယ်။ နို့ထုပ်ထဲကိုနို့အပြည့် မဖြည့်ဘဲ တစ်လက်မခန့် နေရာလွတ်ချန်ထားပေးရင်လည်း ခဲပြီးပွလာတဲ့အခါ နို့ဖိတ်စင်ခြင်းကို နည်းပါးစေမှာပါ။ ခရီးသွားတဲ့အခါ သယ်ဆောင်ရာမှာလည်း ရေခဲပုံးထဲကိုရေခဲထည့်သယ်နိုင်သလို အပူကာအိတ်အသန့်၊ အဝတ်အသန့်တွေနဲ့ပတ်ပြီးသယ်ကာ (၂၄)နာရီအတွင်းအသုံးပြုလို့ရတယ်လို့ မအိက အသေးစိတ်ရှင်းပြပါတယ်။

အေးခဲ့နို့ကိုဖျော်ရာမှာ သက်တမ်းအများဆုံး သက်တမ်းမကုန်သောနို့ကိုအရင်ဖျော်သင့်ပါတယ်။ ဖျော်တဲ့အခါ ရေကြက်သီးနွေးထဲစိမ်တာဖြစ်ဖြစ်၊ နို့ခဲအိတ်ပေါ်ကို ရေကြက်သီးနွေးလောင်းချတာဖြစ်ဖြစ်၊ ရေခဲသေတ္တာ အခဲ ခန်းကနေ အအေးခန်းပြောင်းပြီးဖြစ်ဖြစ် ဖျော်လို့ရပါတယ်။ နို့အာဟာရပျက်စီးစေနိုင်တဲ့အတွက် ကျိုချက်ခြင်း တော့ မပြုလုပ်သင့်ပါဘူး။

လျှပ်စစ်မီးအရမ်းပျက်တဲ့နေရာတွေမှာ နို့ခဲ့ရတာအဆင်မပြေပေမယ့် (၄၊၅) နာရီလောက်ရေခဲသေတ္တာရဲ့အအေးဆုံးအခန်းမှာခဲထားရင်တော့ ခဲနိုင်ပါတယ်။ မီးပြတ်နေချိန် ရေခဲသေတ္တာကို ခဏခဏ မဖွင့်ပဲ သူ့အအေးချိန်လေးနဲ့သူထားရင် အရည်မပျော်ဘူးလို့ သူကဆက်ပြောပါတယ်။

နို့ညှစ်ပုံနည်းလမ်းတွေနဲ့ နို့ရည်ခဲတဲ့နည်းလမ်းတွေ ထားသိုပုံတွေကိုမအိဟာ ဒေါက်တာထူး(မိခင်နှင့်ကလေး ကျန်း မာ)ရေးသားထားတဲ့နည်းလမ်းတွေကိုအသုံးပြုပြီး လက်တွေ့ကျင့်သုံးနေတာပဲဖြစ်ပါတယ်။

“ဒီနေ့ခေတ် မိခင်တော်တော်များများက အပြင်အလုပ်၊ ရုံးအလုပ်လုပ်ကြတာများလာတဲ့အတွက် ကလေးနဲအတူနေရတဲ့အချိန်လေးမှာ နို့ညှစ်ပြီးခဲရတာအလုပ်ရှုပ် အချိန်ကုန်တယ်ဆိုပေမယ့် ကိုယ်အလုပ်ပြန်လုပ်ချိန်မှာ ကိုယ့်ကလေးကိုနို့မှုန့်တိုက်စရာမလိုဘဲ မိခင်နို့ကို အပြည့်အဝတိုက်ကျွေးနိုင်မှာဖြစ်လို့ ကြိုးစားပြီး လုပ်စေချင်ပါတယ်။ နို့ မှုန့်မတိုက်ရတဲ့အတွက် နို့မှုန့်ဖိုးလည်းမကုန်တော့ အိမ်အတွက်အသုံးစရိတ်ပိုထွက်တာပေါ့”လို့ မအိက တိုက်တွန်းပါတယ်။

ကလေးကမိခင်နို့တစ်ခုထဲကိုအပြည့်အဝစို့တဲ့အတွက် ရောဂါကင်းတယ်လို့ဆိုပါတယ်။ မိခင်ကိုယ်တိုင်လည်း အစားစုံအောင်စားရပါတယ်။ ပူလွန်းစပ်လွန်းတာတွေ၊ အချိုအရမ်းများတာတွေ၊ သွေးတတ်စာတွေကိုရှောင်ပြီး အသီးအရွက်၊ အသားငါးနဲ့ရေပိုသောက်ဖြစ်တယ်လို့ဆိုပါတယ်။

မအိဟာ နို့ရည်တွေကို မိမိသားလေးအတွက်သာမက တခြားမိခင်နို့မစို့ရတဲ့ ကလေးတွေကိုပါ ဝေမျှဖို့လည်းဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့်မအိရဲ့ လူမှုကွန်ရက်မှာ မိခင်နို့ရည်ခဲတဲ့လုပ်ငန်းစဉ်နဲ့ နို့လိုအပ်တဲ့ကလေးတွေကို လှူမယ်ဆိုတဲ့အကြောင်းရေးသားခဲ့ပါတယ်။

“ပိုက်ဆံရှိပေမယ့် ဝယ်လို့မရတဲ့ အထဲမှာ မိခင်နို့လည်းပါတယ်။ မိခင်နို့လှူခြင်းက ကိုယ့်ရဲ့အသွေးသားကိုလှူတာနဲ့ အတူတူပါပဲ”လို့ မအိက သူ့ခံယူချက်ကိုပြောပါတယ်။

နို့အလှူလာခံတဲ့ မိခင်တွေကို နို့လာယူဖို့အရင်မပြောဘဲ အခက်အခဲတွေကိုအရင်မေးကာ အချိန်ပေးပြီး နို့ညှစ်နိုင်မယ့် နည်းလမ်းတွေ နို့များများထွက်နိုင်မယ့်နည်းလမ်းတွေကို အရင်ဆုံးအကြံပေးပါတယ်။

“ခုလိုအကြံပေးရတာက ကျွန်မရဲ့နို့ကိုမလှူချင်လို့မဟုတ်ကြောင်း၊ ဘယ်မိခင်မဆို ကိုယ့်သားသမီးကို ကိုယ့်ရဲ့ နို့ ရည်ပဲတိုက်ကျွေးချင်တာကို ကိုယ်ချင်းစာမိကြောင်း၊ ခုအခြေအနေက နို့မှုန့်တွေက စျေးအဆမတန်ကြီးကြောင်း  သေချာရှင်းပြပြီး စာများများဖတ်ဖို့ အကြံပေးဖြစ်တယ်”လို့မအိကသူအကြံပေးပုံကိုပြောပြပါတယ်။ မိခင်တွေကို အရင်ဆုံးကြိုးစားကြည့်ဖို့တိုက်တွန်းပြီး အရမ်းခက်ခဲတဲ့မိခင်တွေကိုတော့ နို့ရည်လှူပေးဖြစ်ပါတယ်။

တစ်ယောက်ကို နို့ရည် (၈)ထုတ်၊ (၉)ထုတ်ပေးဖြစ်ပြီး တချို့ကိုတော့ (၅)ထုတ်ပေးပါတယ်။ ကလေးသုံးဦးလောက်ကို လှူပေးနိုင်ခဲ့ပြီး အဲ့ဒီအထဲက အရမ်းခက်ခဲတဲ့ ကလေးတစ်ဦးကိုတော့ ‌ရေရှည်လှူပေးနိုင်အောင် ကြိုးစားမယ်လို့ မအိကဆုံးဖြတ်ထားပါတယ်။

ကလေးပြုစုစောင့်ရှောက်ရေးစာအုပ်တွေ ကိုယ်ဝန်ဆောင်စဉ်တည်းကဖတ်သလို အွန်လိုင်းကနေလည်း အမြဲလေ့လာခဲ့တယ်။

“မိခင်တစ်ယောက်ဖြစ်လာရတဲ့အတွက် အခက်ခဲတွေရှိတယ်ဆိုတာထက် လေ့လာရတာတွေ ပိုများလာတယ်ဆိုရင်ပိုမှန်မယ်။ ကိုယ့်အတွက် ကိုယ်ပိုင်အချိန် နည်းလာတယ်။ ဒါကလည်း ကလေးကြောင့်မဟုတ်ပဲ ကိုယ့်ရဲ့ ကလေး အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့်ပါ”လို့မအိကဖွင့်ဟပါတယ်။

ကလေးမီးဖွားပြီးစအချိန်တွေဟာ မိခင်တစ်ယောက်အမျိုးသမီးတစ်‌‌ယောက်အတွက် ကိုယ်ရောစိတ်ပါ ပင်ပန်းရတဲ့ အချိန်တွေပါပဲ။

ကိုယ့်ရဲ့မီးဖွားပြီး စနာကျင်မှုထက် ကလေးငယ်ရဲ့လိုအပ်ချက်အခြေအနေတွေကို ပိုသိအောင်ကြိုးစားရတာ ၊မွေးခါစ ကလေးတွေက နှစ်နာရီခြားတစ်ခါနို့ဆာတဲ့အတွက် နေ့ရောညပါပင်ပန်းတာ၊ အိပ်ရေးပျက်တဲ့ညတွေများလာတော့ ပင်ပန်းမှုတွေကနေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လွယ်တဲ့အနေအခြေအတွေ၊ အလိုလိုနေရင်းဝမ်းနည်းတာ၊ စိတ်ဓာတ်ကျတာ၊ အားငယ်တာ စတာတွေရင်ဆိုင်ရပါတယ်။

“ဒီအချိန်မှာ ခင်ပွန်းဖြစ်သူရဲ့ ဖေးမကူညီမှု အရမ်းလိုအပ်သလို ပတ်ဝန်းကျင်ကလည်း  ကလေးအမေဖြစ်နေပြီဆိုပြီး  ချန်မထား၊ ပစ်ပယ်မထားပဲ နွေးထွေးမှု ပိုပေးသင့်ပါတယ်”လို့မအိကပြောပါတယ်။

သူ့ရဲ့ခင်ပွန်းကိုယ်တိုင်ကကိုယ်ဝန်စရှိကတည်းက အစစဂရုစိုက်ပေးပါတယ်။ ကလေးမွေးဖွားပြီးချိန်မှာလည်း ကလေးရဲ့ဝေယျာဝစ္စတွေ၊ နို့တိုက်ပြီး လေထုတ်ပေးတာကအစ  ဒိုက်ဘာလဲပေးတာအထိ ကူလုပ်ပေးတယ်။ နို့ ညှစ်ပြီးချိန် နို့ဘူးဆေးကြော ပိုးသတ်ပေးတာကိုလည်း ခင်ပွန်းဖြစ်သူကလုပ်ပေးတော့ မအိအတွက် နားချိန်ပိုရပါတယ်။

ကလေးမွေးဖွားပြီးပြုစုစောင့်ရှောက်ရတဲ့တာဝန်ကို မိခင်ရော ဖခင်မှာရှိတယ်လို့ လက်ခံယုံကြည်ထားတဲ့သူတွေ ဖြစ်တဲ့အတွက် တာဝန်တွေကို ကျား၊ မခွဲခြားမှုမရှိပဲ ညီတူညီမျှထမ်းဆောင်ကြပါတယ်။

“အိမ်ထောင်ရှင်အမျိုးသားတိုင်း ဇနီးသည် ကိုယ်ဝန်ရှိချိန်နဲ့ မီးဖွားပြီးချိန်မှာ အရင်ထက်ပိုဂရုစိုက်၊ ကိုယ်ချင်းစာနားလည်ပေးဖို့ အရမ်းအရေးကြီးပါတယ်”လို့ မအိကထောက်ပြပါတယ်။

ဒါ့အပြင်တိုးတက်လာတဲ့ခေတ်နဲ့အညီအမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့တန်းတူအပြင်အလုပ်ထွက်လုပ်၊ ကိုယ်ပိုင်ဝင်ငွေရှာဖွေလာကြတာဖြစ်တဲ့အခါ ကလေးမွေးပြီးလုပ်ငန်းခွင်ပြန်ဝင်တဲ့ မိခင အမျိုးသမီးရဲ့ပင်ပန်းမှုကတော့ ပိုလို့တောင်များပါတယ်။

ရုံးအလုပ်ချိန်၊ အိမ်မှုကိစ္စချိန်၊ ကလေးပြုစုချိန် စတာတွေနဲ့ မအားမလပ်အောင်ပါပဲ။ ဒီအချိန်မှာလည်း မိသားစု၊ ပတ်ဝန်းကျင်ရဲ့ ကူညီဖေးမမှုက အရမ်းအ‌ရေးကြီးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်လူမှုပတ်ဝန်းကျင်မှာသတ်မှတ်ပြောစမှတ်ပြုကြတဲ့ ရှေးရိုးစွဲအယူအဆတွေကို ကိုယ်ဝန်ဆောင်စဉ်မှာ ကိုယ်တိုင်လည်းကြုံတွေ့ခဲ့ရပါသေးတယ်။

“ကိုယ်ဝန်၄လမှာ သားအတွက်လိုအပ်တဲ့ အသုံးဆောင်ပစ္စည်းတွေကို စဝယ်တော့ မိဘတွေက မဝယ်စေချင်ဘူး (ကြိုမဝယ်ကောင်းဘူး၊ ကလေးအဖတ်မတင်ဖြစ်တတ်တယ်)ဆိုပြီးပြောကြတယ်။ ကျွန်မသေချာမေးတယ် ဘယ် အချက်ကမကောင်းတာလဲရှင်းပြပေးပါဆိုတော့ တိကျတဲ့အဖြေမရဘူး။ ရှေးလူကြီးတွေ ပြောလို့ဆိုတာပဲရှိတာ။ အဲ့တော့ မိဘတွေ စိတ်မပူအောင် ကျွန်မပြန်ရှင်းပြတယ်။ မနေ့ကနဲ့ ဒီနေ့တောင် စျေးကမတူ အဆမတန်တက်နေတာ ကြိုဝယ်စုမှ အဆင်ပြေမယ့်အကြောင်း၊ ကိုယ်ဝန်မရင့်ခင် ကြိုဝယ်တော့ ကိုယ့်စိတ်ကြိုက်ဆိုင်သွားပြီး ရွေးချယ်ဝယ်ယူလို့ ရကြောင်း၊ ကြိုတင်စဉ်းစားပြီး ဝယ်ထားတဲ့အတွက်  မလိုအပ်တာတွေ မဝယ်ဖြစ်တော့ဘူး အဲ့လို ပြန်ရှင်းပြပြီး ကြိုစုခဲ့တယ်”လို့မအိက သူ့အတွေ့အကြုံကိုဝေမျှပါတယ်။

ကလေးမွေးပြီး‌ကလေးကိုရေတိုက်ဖို့ပြောကြတဲ့အခါမှာလည်း မိခင်နို့ထဲမှာရေဓာတ် (၈၀)ရာခိုင်နှုန်းပါတဲ့အတွက် ရေတိုက်ဖို့မလိုကြောင်းရှင်းပြခဲ့ရတယ်လို့ဆိုပါတယ်။

လူတွေကိုကူညီရတာနှစ်သက်တဲ့ မအိဟာ တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်ပါတယ်။

သိတတ်စအရွယ်ထဲကပရဟိတတွေလုပ်ခဲ့တယ်။ Covid တုန်းကလည်း ပရိဟတိအသင်းတစ်ခုရဲ့ camp တခုမှာဝင်ပြီး တစ်နှစ်ကျော်အိမ်မပြန်ပဲ ပရဟိတတွေလုပ်ခဲ့ပါတယ်။ သွေးဆိုလည်းအလျင်းသင့်သလိုလှူခဲ့သူတစ်ဦးပါ။

ရှေ့ဆက်ပြီးလည်း တတ်နိုင်တဲ့အင်အားနဲ့ ပရဟိတအလုပ်တွေဆက်လုပ်သွားမယ်လို့မအိတစ်ယောက် ဆုံးဖြတ်ထားပါတယ်။

“အတ္တနဲ့ပရကို မျှအောင်လုပ်ပြီး ပျော်ရွှင်တဲ့မိသားစုဘဝကိုတည်ဆောက်မယ်။ ကျွန်မရဲ့သားလေးကို ပရဟိတ စိတ်ရှိတဲ့ လူကောင်းလူတော်လေးဖြစ်အောင် ပြုစုပျိုးထောင်ပေးမယ်။ သားလေးဖြစ်ချင်တာတွေကို ပံ့ပိုးပေးမယ်”လို့ ဆိုပါတော့တယ်။

Author:

Related Articles