နန်းဆိုင်နွမ်။ ။
“အရင်ကတော့ ခြံထဲမှာ စိုက်ထားတဲ့စားပင်တွေဆို ဝေခွဲစားတတ်သလို၊ အချင်းချင်းလည်း တောင်းယူတတ်ကြတယ်။ ခြံတွေထဲလည်း ဒီတိုင်းဝင်ထွက်သွားလာနေကြပါ” လို့ တအာင်းလူမျိုး လွေးအေးတယောက် အတိတ်က အကြောင်းကို ပြော ပြလာပါတယ်။
တချိန်တခါက တောင်ပေါ်ဒေသဓလေ့အရ မိမိခြံထဲမှာ စိုက်ပျိုးတဲ့သီးနှံစားပင်ဟာ အိမ်နီးနားချင်းတွေ လာရောက် ခူးယူစား သုံးရင်လည်း ပြဿနာတစုံတရာမရှိကြဘဲ ကြည်ကြည်ဖြူဖြူ ဝေငှစားသောက်ကြပါတယ်။
လွေးအေးတို့ နေထိုင်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ပန်လုံကျေးရွာမှာ ၂၀၁၆ ခုနှစ်ကစပြီး တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
ပန်လုံကျေးရွာမှာ တအာင်းလူမျိုးနဲ့ ရှမ်းလူမျိုးတွေ အတူယှဥ်တွဲနေထိုင်လာခဲ့ကြတာ နှစ်ပေါင်းများစွာရှိခဲ့ကြပြီး အချင်းချင်း ကြားမှာ ပြဿနာတစုံတရာမရှိကြပေမယ့် တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ကြား တိုက်ပွဲဖြစ်ပြီး နောက်ပိုင်းမှာတော့ ချစ် စရာကောင်းတဲ့ ဓလေ့ဟာ တဖြည်းဖြည်းနဲ့ မှေးမှိန်လာခဲ့ပါတယ်။
၂၀၁၄ ခုနှစ်ရဲ့ သန်းခေါင်စာရင်းအရ သီပေါမြို့နယ်မှာ လူဦးရေ ၁၇၆,၁၅၈ ဦးရှိတဲ့အထဲမှာ ရှမ်းလူမျိုးစုဟာ အများစုဖြစ်ပြီး တအာင်းလူမျိုးကတော့ ဒုတိယအများဆုံးဖြစ်တယ်လို့ စစ်တမ်းအရ သိရပါတယ်။
“အခုရော ကိုယ်ခြံထဲ သူလာခူးရင်၊ တောင်းရင် ပြဿနာတော့မရှိဘူး။ ဒါပေမယ့် အရင်လိုတော့ မဟုတ်တော့ဘူး။ မေး၊ ထူး၊ ခေါ်ပြောလောက်တောင် သိပ်မရှိကြတော့ဘူး” လို့ လွေးအေးတယောက် လက်ရှိ အခြေအနေကို ပြောပါတယ်။
ဒီလို တစ်ဦးနဲ့တစ်ဦး၊ လူမျိုး ၂ ခုကြား တဖြည်းဖြည်းသွေးအေးလာပြီး၊ စိမ်းကားလာကာ တခါတလေ အချင်းချင်းကြား ယုံ ကြည်မှုပြဿနာ ရှိလာကြတယ်လို့ လွေးအေးက ဆိုပါတယ်။
ပန်လုံကျေးရွာနေ ရှမ်းအမျိုးသမီး နန်းခမ်းက “ကျမတို့ အမျိုးသမီးတွေကြားမှာတော့ ကြီးမားတဲ့ ရန်ဖြစ်မှုတွေ၊ ပြဿနာ တွေမရှိပေမယ့် အချင်းချင်းမှာ မယုံသင်္ကာတွေ ဖြစ်လာကြတယ်။ သူက ရှမ်းမို့လို့ ရှမ်းတပ်ဘက်က။ သူက ပလောင်မို့ လို့ ပလောင်တပ်ကဆိုတာတွေ ဖြစ်လာတယ်” လို့ စိတ်မကောင်းစွာ ပြောပြလာပါတယ်။
လူမျိုးစု အချင်းချင်းကြားမှာ သံသယစိတ်တွေကြောင့် စိတ်ဝမ်းကွဲမှုတွေဖြစ်လာကာ ပြောဆိုကူးလူးဆက်ဆံမှုတွေလည်း ကျဲတောက်လာပြီး အရင်လို အိမ်နီးချင်း၊ ရွာသားချင်း ရိုင်းပင်းကူညီစိတ်တွေဟာ တဖြည်းဖြည်းနဲ့လျော့လာတယ်လို့ နန်းခမ်း က ပြောပါတယ်။
လက်ရှိမှာတော့ အိမ်နီးချင်း လူမျိုးမတူညီတဲ့ သူတွေကြားမှာ မေး၊ ထူး၊ ခေါ်ပြောမှုတောင် မရှိတော့ကြောင်းလည်း သူမက ရှမ်းဘာသာစကားနဲ့ ပြောပါတယ်။
ဒီလို လူမျိုးရေး ၂ ခုကြား အေးစက်တင်းမာလာမှုဟာ သီပေါမြို့နယ်၊ ပန်လုံကျေးရွာတခုတည်း မဟုတ်ဘဲ ရှမ်းပြည်မြောက် ပိုင်း TNLA နဲ့ RCSS တို့ တိုက်ပွဲဖြစ်ပွားတဲ့ နယ်မြေတွေဖြစ်တဲ့ ကျောက်မဲမြို့နယ်တွေမှာလည်း သက်ရောက်မှု ရှိနေပါတယ်။
TNLA နဲ့ RCSS ကြားဖြစ်ပွားတဲ့ တိုက်ပွဲဟာ ၂၀၁၆ ခုနှစ်ကနေ စပြီး ၂၀၂၁ ခုနှစ် နှောင်းပိုင်းထိ ဖြစ်ပွားကာ အဆိုပါ တိုက်ပွဲ တွေကြောင့် နမ္မတူမြို့နယ် မန်လီကျေးရွာ၊ မန်ကျန်းကျေးရွာ၊ မန်ဆာကျေးရွာ၊ ရေအိုးကျေးရွာနဲ့ သီပေါမြို့နယ် ပန်လုံကျေးရွာ က အိမ်ခြေ ၁၂၀ ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။
အဲ့ဒီ မီးလောင်ပျက်စီးသွားတဲ့ အရပ်သားနေအိမ်တွေဟာ ရှမ်းလူမျိုးတွေပါသလို တအာင်းလူမျိုးတွေရဲ့ နေအိမ်လည်း အများ အပြား ပါဝင်ပါတယ်။
ဒီမီးရှို့မှုကိစ္စမှာလည်း ပါဝင်ပတ်သက်နေတဲ့ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက တာဝန်ယူ ဖြေရှင်းမှု မရှိတဲ့အပြင် အချင်းချင်းကြားမှာ အပြန်အလှန် အပြစ်ပုံချနေကြဆဲပါ။
ဒီလိုကိစ္စရပ်တွေ ဖြစ်ပွားပြီးနောက်မှာတော့ လူမျိုး ၂ ခုကြားမှာ စိတ်အခန့်မသင့်မှုတွေဟာ တဖြည်းဖြည်းနဲ့ ပိုမိုကိန်းအောင်း လာကြပါတယ်။
လက်နက်ကိုင် တပ်ဖွဲ့တွေကြား ပဋိပက္ခမီးစ တရိပ်ရိပ်တွေကြောင့် အမျိုးသမီးတွေကြားမှာ စိတ်ဝမ်းကွဲမှုတွေဟာ ထင်သာ မြင်သာ သိပ်မရှိလှပေမယ့် အမျိုးသားတွေကြားမှာတော့ မခေါ်မပြောမှုတွေ၊ မသင်္ကာတဲ့ အပြုအမူတွေကတော့ အလွန်ပင် ကြီးမားလာကြောင်း နယ်မြေခံတွေက ပြောပြပါတယ်။
“အမျိုးသားတွေကြားမှာက ပိုဆိုးတယ်။ သူက အာစီ (RCSS/SSA) လား။ သူက TNLA ဘက်တော်သားတွေလားဆိုပြီး မယုံ သင်္ကာစိတ်တွေ ဖြစ်ကြတယ်။ အရင်တုန်းဆိုရင် ပလောင်ဘက်ကလုပ်တဲ့ပွဲမှာ ရှမ်းတွေသွားသလို ရှမ်းတွေလုပ်တဲ့ပွဲလည်း ပလောင်တွေ လာကြတယ်။ အခုနောက်ပိုင်း ဒါတွေကတော့ မရှိတော့ဘူး” လို့ ကျောက်မဲမြို့နယ်က အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ နန်းလှရီက အခြေအေနကို ရှင်းပြပါတယ်။
လူမျိုးစုတွေကြား စတင်ဖြစ်ပေါ်လာတဲ့ တင်းမာမှုတွေကြောင့် အထူးသဖြင့် ကျေးလက်ဘက်ကို ခရီးသွားလာရာမှာလည်း လုံခြုံမှုမရှိတော့ဘူးလို့ သိရပါတယ်။
နန်းလှရီက “ဒီလိုဖြစ်တာက ကျေးရွာတွေမှာပိုဖြစ်တယ်။ လမ်းသွားရင် တအာင်းတပ်နဲ့တွေ့ချိန်ဆို ရှမ်းလူမျိုးမလို့ဆိုပြီး ပိုစစ် ဆေးတာတွေ လုပ်တယ်။ မသင်္ကာရင်ဖမ်းတယ်။ ပလောင်လူမျိုးက ရှမ်းတပ်နဲ့တွေ့ရင်လည်း ပိုစစ်ဆေးတာတွေ လုပ်ပြန် ရော” လို့ ဆိုပါတယ်။
လက်နက်ကိုင်တပ်တွေ စတင်တဲ့ မီးကြောင့် အရပ်သားတွေပေါ်ရိုက်ခတ်လာမယ့်လို တကြိမ်တခါမှ မစဥ်းစားခဲ့ပေမယ့် လက်နက်ကိုင်တွေရဲ့ လူမျိုးစွဲ ကိုယ်ကျိုးစီးပွားတွေကြောင့် လူမျိုးရေးပဋိပက္ခမဖြစ်ပွားဖို့ တားဆီးကာကွယ်ဖို့ လိုအပ် ကြောင်းလည်း နန်းလှရီက မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။
“တကယ်တော့ လက်နက်ကိုင်တွေ အချင်းချင်းဖြစ်တဲ့ပြဿနာပါ။ အရပ်သားတွေ မထိခိုက်ဘူးလို့ ထင်ကောင်းထင်မယ်။ အခုဆိုရင် ကျမတို့တွေ အချင်းချင်း အိမ်နီးချင်းတောင်မခေါ်မပြော ဖာသိဖာသာတွေနေကြတာ ” လို့ နန်းလှရီက ပြောပါ တယ်။
ယခုနှစ် ဇန်နဝါရီ ၁၀ ရက်မှာ တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) ဥက္ကဌ မိုင်းနုမ်ဟန်နဲ့ သူ့ရဲ့ ဇနီးဖြစ်သူနဲ့အတူ အသက် (၇) လအရွယ် သမီးတို့ဟာ မိခင်ရဲ့ နာရေးကနေအပြန် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာနားမှာ ပျောက်ဆုံးခဲ့ပြီး ၂ လနီးပါးအကြာမှာတော့ သေနတ်ဒဏ်ရာနဲ့ မိသားစုဝင် ၃ ဦးရဲ့အလောင်းကို တောတွင်းတစ်နေရာက ကျင်းကြီးတစ်ခုမှာ တွေ့ ခဲ့ရပါတယ်။
မိုင်းနုမ်ဟန်ပျောက်ဆုံးသွားတဲ့နေရာဟာ RCSS တပ်လှုပ်ရှားတဲ့နေရာဖြစ်တဲ့အတွက် RCSS မှာ တာဝန်ရှိတယ်လို့လည်း တအာင်းလူမှုအဖွဲ့အစည်းက ပြောဆိုခဲ့ပါတယ်။
အဲ့ဒီကိစ္စက လက်ရှိအချိန်ထိ လက်သည်မပေါ်တဲ့အတွက် တအာင်းနဲ့ ရှမ်းလူမျိုးတွေကြားမှာ ကြီးမားတဲ့ ပဋိပက္ခတွေ ဖြစ် လာမှာကို သျှမ်းမြောက်အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက စိုးရိမ်နေကြပါတယ်။
“တပ် ၂ တပ်ဖြစ်တဲ့ကိစ္စဆိုတာတော့ ပြည်သူတွေသိရင် ကောင်းတာပေါ့။ နောက် ကျမတို့လူမျိုးတွေရဲ့ အရပ်ဘက်အဖွဲ့ အစည်းတွေကြား လူမျိုးရေးပဋိပက္ခ မကြီးလာအောင် တိုင်ပင်ပြီးတော့ အတူယှဥ်တွဲနေထိုင်ရေးအတွက် စည်းရုံးလှုံ့ဆော် တာတွေ လုပ်သင့်တယ်” လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က လွေးချီးဆငါးက ပြောပါတယ်။
လူမှုအဖွဲ့အစည်းတွေအနေနဲ့ လူမျိုးရေးပဋိပက္ခ မဖြစ်ပွားလာအောင် ပညာပေးမှုတွေ ရေရှည်တည်တံ့နေထိုင်ရန်အတွက် ကြားခံဝင်ရောက် ဖြေရှင်းပေးနိုင်ပေမယ့်လည်း ပဋိပက္ခမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ နှစ်ဖက်တိုင်းရင်းသားတပ်ဖွဲ့ ခေါင်းဆောင်တွေ ညှိနှိုင်းမဖြေရှင်းသရွေ့ ထိရောက်မှုမရှိနိုင်ဘူးလို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။
လွေးချီးဆငါးက “စစ်မီးတွေ၊ လူမျိုးရေးတွေ၊ လူထုတွေ ပူးပေါင်းတဲ့တိုင်အောင် သက်ဆိုင်ရာ ခေါင်းဆောင်တွေလည်း ပူး ပေါင်းမှု အားကောင်းဖို့လိုတယ်။ တကယ်လို့ ခေါင်းဆောင်ပိုင်း ပူးပေါင်းမှု အားနည်းရင်လည်း အဆင်မပြေဘူးလေ” လို့ ထောက်ပြ ပြောဆိုလိုက်ပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ဟာ ရှမ်းလူထုတွေပေါ် ကျူးလွန်မိတာတွေရှိနိုင်တဲ့အတွက် ရှမ်းလူ ထုတွေရဲ့ စိတ်တွေမှာလည်း နာကျင်မှုတွေ ကိန်းအောင်းနိုင်ကြောင်းလည်း သူမက ပြောပြပါတယ်။
“လူထုတွေရဲ့ စိတ်ဒဏ်ရာတွေကို ချုပ်ငြိမ်းဖို့က ကျူးလွန်နေတဲ့တပ်ဖွဲ့တွေက တာဝန်ယူပြီးလုပ်ဆောင်ရင်တော့ တဖြည်း ဖြည်း ချုပ်ငြိမ်းသွားနိုင်ပါတယ်။ အဲ့လိုမှမဟုတ်ပဲ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေလုပ်ရင် သူတို့ခံစားရတာတွေ ရင်ထဲပေါ့ သွားတာပဲရှိမယ်” လို့လည်း တအာင်းအမျိုးသမီးအဖွဲ့အစည်းက လွေးချီးဆငါးက မှတ်ချက်ပြုပါတယ်။
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်၊ သီပေါမြို့နယ်နဲ့ ကျောက်မဲမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ကြား လက်ရှိစစ်မီးဟာ ငြိမ်သက်နေပေမယ့် စစ်ရေးကို မျက်နှာချင်းဆိုင်ဖြေရှင်းမှု မရှိသေးတဲ့အတွက် စစ်ရေးတင်းမာမှုက ရှိနေ ဆဲဖြစ်ပြီး လက်ရှိမှာတော့ လူမျိုးစုကြား အပြန်အလှန် ပြစ်တင်မှုတွေ စွပ်စွဲမှုတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်း ပြည်တပ်မတော် (RCSS/SSA) တို့ တပ်ဖွဲ့ (၂) ဖွဲ့ရဲ့ ခေါင်းဆောင်တွေဟာ တွေ့ဆုံမှုအတွက် အပြန်အလှန် ဖိတ်ခေါ် တံခါး ဖွင့်ထားကြပေမယ့် ယနေ့ထိတိုင် စစ်ရေးကိစ္စနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုမရှိသေးပါဘူး။
“ ကျမကတော့ အရင်လို အချင်းချင်းကြား ဘာသံသယမှ မရှိကြဘဲ တယောက်ကိုတယောက် ချစ်ချစ်ခင်ခင်နဲ့ သူခြံကိုယ့်ခြံ ဟင်းရွက်တွေ ခူးယူစားသောက်တာတွေ ပြန်ဖြစ်ချင်တယ်။ ကိုယ်မှာ ဘာရှိရှိ ဝေငှစားသောက်တာတွေပေါ့” ဟု ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် ပန်လုံကျေးရွာက တအာင်းလူမျိုး လွေးအေးကလည်း သူမရဲ့ စိတ်ဆန္ဒကို ပြောပြလာပါတယ်။
ဒါ့အပြင် သျှမ်းလူမျိုး နန်းခမ်းတယောက်လည်း အရင်ကလို တအာင်းရဲ့ ဘုန်းကြီးကျောင်း အလှူပွဲကိုလည်း ရှမ်းတွေပျော် ပျော်ရွှင်ရွှင်နဲ့ ကြောက်စိတ်မရှိဘဲ သွားလာ ဝင်ထွက်ချင်တယ်လို့ ရင်ဖွင့်ပြောဆိုလာပါတယ်။
“ကျမတို့ ဘိုးဘွားခေတ်တုန်းကလို ချစ်ချစ်ခင်ခင် ပြန်နေချင်တယ်။ ဒီလိုမယုံကြည်တာတွေ၊ မခေါ်မပြောတာတွေ နေရတာ စိတ်ထဲမကောင်းဘူး” လို့ နန်းခမ်းက ပြောပါတယ်။