ခင်ဘုန်းမို့။ ။
စစ်အာဏာသိမ်းမှုတစ်နှစ်ခွဲခန့်ရှိလာခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့နေရာတော်တော်များများမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒ ပြလှုပ်ရှားမှုတွေက ယနေ့တိုင်ရှိနေဆဲပါ။
အာဏာသိမ်းခါစ ကာလလောက်ကလို အင်နဲ့အားနဲ့မဟုတ်တော့ပေမယ့် ပြောက်ကျားသပိတ်တွေက ခပ်စိပ်စိပ်ရှိနေတုန်း ပါပဲ။
စစ်ကောင်စီဘက်ကလည်း ပြောက်ကျားလှုပ်ရှားမှုတွေကို နှိမ်နင်းဖို့ သပိတ်တွေကိုကားနဲ့တိုက်ဖြိုခွင်းတာ၊ အကြမ်းဖက် ဖမ်းဆီးတာတွေအပြင် ဧည့်စာရင်းအကြောင်းပြဖမ်းဆီးတာတွေပြုလုပ်လာပါတယ်။
သပိတ်တိုက်ပွဲဝင်လူငယ်တွေအနေနဲ့လည်း ဒလန်သတင်းပေးတွေကိုသတိထားရတာ၊ ရှောင်တိမ်းနေထိုင်ဖို့ အိမ်ငှားရ ခက်ခဲတာစတဲ့ အထွေထွေအခက်အခဲတွေရှိလာပါတယ်။
ပြီးခဲ့တဲ့ဇွန်လလယ်ခန့်က မြို့ပြပြောက်ကျားသပိတ်မှာပါဝင်တဲ့ လူငယ်တွေအများဆုံးအသုံးပြုငှားစီးတဲ့ အငှားယာဉ်မောင်း ကို စစ်ကောင်စီကဖမ်းဆီးပြီးတဲ့နောက် ရန်ကုန်ကသပိတ်တိုက်ပွဲဝင် လူငယ်အယောက် ၃၀ နီးပါး ဖမ်းဆီးခံခဲ့ရတဲ့ အခြေ အနေတွေလည်း ရှိခဲ့ပါတယ်။
ဒီလိုအထွေထွေအကျပ်အတည်းတွေကကြားကပဲ မြို့ပြပြောက်ကျားသပိတ်မှာပါဝင်တဲ့ လူငယ်တွေဟာ လူထုကို နိူးဆော်ဖို့ စစ်ကောင်စီကို ဆက်လှန်တွန်းလှန်ဖို့ မဖြစ်ဖြစ်တဲ့နည်းနဲ့ သပိတ်တိုက်ပွဲတွေ ဆက်လက်ဆင်နွှဲနေတုန်းပါပဲ။ ဒီအထဲမှာ အမျိုးသမီးတွေလည်းပါဝင်ပါတယ်။
စစ်ကောင်စီဘက် နည်းလမ်းမျိုးစုံပုံစံမျိုးစုံနဲ့ ဖြိုခွင်းနေပေမယ့်လည်း အကြမ်းမဖက်လှုပ်ရှားမှုဖြစ်တဲ့ သပိတ်တွေကို စွန့်စား ပြီး ထွက်နေရတယ်လို့ မချောဝတ်ရည်အေးကပြောပါတယ်။
မချောဝတ်ရည်အေးဟာ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါ ဝင်ခဲ့ပြီး လက်ရှိအချိန်အထိတင်းကျပ်လာတဲ့ အခြေအနေတွေကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း မြို့ပြပြောက်ကျားသပိတ်တွေမှာ ပါဝင်နေသူပါ။ ဖမ်းဆီးခံရလုနီးပါးအခြေအနေတွေနဲ့ကြုံရပေမယ့် သပိတ်တွေမှာပါဝင်နေဆဲဖြစ်ပါတယ်။
“ အခက်အခဲကတော့ နေရေးထိုင်ရေးပါပဲ။ တင်းကျပ်လာတဲ့အခြေအနေ ရန်သူကဖိလွန်းတဲ့အခြေအနေမှာ ရန်သူ့လက်ထဲ မရောက်အောင်တော့ ကြိုးစားပြီးရှင်သန်ရတာပါပဲ”လို့မချောဝတ်ရည်အေးကဆိုပါတယ်။
အစပိုင်းကပြောက်ကျားသပိတ်တွေမှာ လူအင်အားကောင်းကောင်းနဲ့ပါဝင်နိုင်ကြပေမယ့် အခုအခါမှာတော့ လွတ်မြောက် နယ်မြေကို သွားကြတာ၊ ဖမ်းဆီးခံရပြီး အကျဉ်းထောင်ထဲရောက်ကုန်တာ၊ တင်းကျပ်လာတဲ့အခြအနေတွေကြောင့် သပိတ် တိုက်ပွဲဝင် လူအင်အားနည်းလာပါတယ်။
ဒါ့အပြင်စစ်ကောင်စီဘက်ကလည်း ပြောက်ကျားသပိတ်ပြုလုပ်သွားတဲ့နေရာတွေကို အစစ်အဆေးတင်းကြပ်တာ၊ တခြား အကြမ်းဖက်တဲ့ နည်းလမ်းတွေသုံးတာကြောင့် ပြည်သူတွေအနေနဲ့သပိတ်တွေမှာပါဝင်မှုလျော့နည်းလာပါတယ်။
“ ပြည်သူတွေက အခြေအနေအမျိုးမျိုးကြောင့် သပိတ်တွေမှာပါဝင်ဖို့ ခက်ခဲမယ်ဆိုတာသိပါတယ်။ မပါဝင်နိုင်တာကို အပြစ် မပြောပါဘူး။ ဒါပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာသပိတ်တွေကို တွေ့တဲ့အခါတော့ ကူညီစောင့်ရှောက်ပေးစေချင်တယ်”လို့ မချောဝတ်ရည်အေးကတိုက်တွန်းပါတယ်။
မချောဝတ်ရည်အေးတစ်ယောက် အခက်အခဲတွေကြောင့် စိတ်ဓာတ်ကျတဲ့အချိန်မှာ ကိုယ့်ထက်ပိုခက်ခဲ့တဲ့ လူတွေ အကြောင်းတွေးရင်း ကိုယ့်အခက်အခဲက ဘာမှမဟုတ်သေးဘူးဆိုပြီး ပြန်အားတင်းရင်းရှေ့ဆက်နေပါတယ်။
မချောဝတ်ရည်အေးနည်းတူ မြို့ပြပြောက်ကျားသပိတ်တွေမှာ ပါဝင်နေသူကတော့ မန္တလေးမှာ နေထိုင်တဲ့မမလေးပါ။ မမလေးဟာ စစ်အာဏာသိမ်းမှုစတင်တဲ့အချိန်ကနေ လက်ရှိအချိန်ထိ လမ်းမပေါ်သပိတ်တိုက်ပွဲတွေမှာဆင်နွှဲနေသူပါ။
“ ပြောက်ကြားသပိတ်တွေ စစချင်းပါဝင်တုန်းကရင်ခုန်ရတယ်။ အဲ့အချိန်တုန်းက သပိတ်အဖွဲ့အစည်းများတယ်။ တစ်နေ့ ထဲကို လေးငါးခြောက်ကြောင်းဆိုတော့ တစ်နေကုန်လမ်းပေါ်မှာပဲ”လို့ ပြောက်ကျားသပိတ်မှာပါဝင်တုန်းက အခြေအနေကို မမလေးကပြောပါတယ်။
အစပိုင်းကနေ လက်ရှိအချိန်အထိ ပစ်ခတ်မှုတွေရှိပေမယ့်လည်း လမ်းကြောင်းစီစဉ်တဲ့သူတွေက သေချာစီစဉ်ကြတဲ့ အတွက် ပြောက်ကျားသပိတ်တွေ အစီအစဉ်တကျထွက်နိုင်ခဲ့တယ်လို့ မမလေးကပြောပါတယ်။ အခုနောက်ပိုင်းမှာတော့ ဖမ်းဆီးခံရသူတွေလည်းများလာသလို သပိတ်လုပ်မယ့်နေရာတွေမှာ ဒလန်တွေ၊ ကင်းပုန်းတွေရှိတဲ့အတွက် ပြောက်ကျား သပိတ်တစ်ခုလုပ်ဖို့အတော်လေးခက်ခဲတယ်လို့ မမလေးကဖွင့်ဟပါတယ်။
စစ်ကောင်စီဘက်ကလည်း သပိတ်တွေကိုအရပ်ဝတ်တွေ အိမ်စီးကားတွေနဲ့ဖြိုခွင်းတာကြောင့် သပိတ်တိုက်ပွဲဝင် လူငယ် အမျိုးသမီးတွေဟာ စွန့်စားရတဲ့အခြေအနေပါပဲ။
အဓိကအခက်အခဲကတော့ ရှောင်တိမ်းနေထိုင်ရတာပိုခက်ခဲလာတာပဲဖြစ်ပါတယ်။ ဘယ်နေရာမှ မလုံခြုံလို့ တစ်နေရာထဲ အထိုင်မနေပဲ တစ်နေရာစီပြောင်းနေနေရတဲ့ အနေထားပါ။
“ အိမ်ဌားနေရင်လည်းဧည့်စာရင်းစစ်မှာစိုးရတယ် ။ နေစရာရှိတော့လည်းဘယ်ချိန် ကိုယ်အိမ်နားရောက်လာမလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့နေရပါတယ်” လို့ မမလေးကဖွင့်ဟပါတယ်။
ကိုယ်တိုင်လည်းသပိတ်တွေထွက်တိုင်း ဖမ်းဆီးခံရလုနီးပါးအခြေအနေတွေနဲ့ မကြာခဏကြုံတွေ့ရပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း အရင်ကဆို သပိတ်တွေတွေ့တာနဲ့ လက်သုံးချောင်းထောင်တာ၊ လက်ခုပ်တွေ ဝိုင်းတီးပေးတာ၊ ကားဟွန်းတီးပေးတာတွေ လုပ်ပေးကြပေမယ့်လက်ရှိမှာတော့ သပိတ်တွေတွေ့ရင် ရှောင်ကွင်းသွားကြ တာ၊ အရင်လို လက်သုံးချောင်းထောင်တာတွေ မတွေ့ရတော့ဘူးလို့ မမလေးကပြောပါတယ်။
“ဒါကလည်းအပြစ်ပြောလို့တော့မရပါဘူး။ ရက်စက်ယုတ်မာမှုတွေကလည်းပိုဆိုးလာတာကိုး”လို့မမလေးက ဆိုပါတယ်။
မန္တလေးမှာလည်းပြောက်ကျားသပိတ်ဝင်တွေ ဖမ်းဆီးခံရတာတွေရှိတဲ့အတွက် လူအင်အားလျော့နည်းသွားပြီး နောက်ပိုင်း မှာရှိနေတဲ့ရဲဘော်တွေထပ်မလျော့သွားဖို့ လုံခြုံရေးကိုအဓိကဦးစားပေးပါတယ်လို့ မမလေးကပြောပါတယ်။
မမလေးတစ်ယောက် စိတ်ဓာတ်ကျတဲ့အချိန်တွေမှာ တော်လှန်ရေးသမားကသူများထက် ပိုပြီးစိတ်ဓာတ်ကြံ့ခိုင်နေဖို့လို တယ်ဆိုတဲ့ စိတ်နဲ့အားတင်းပြီးနေပါတယ်။
မချောဝတ်ရည်အေးနဲ့ မမလေးနည်းတူ ပြောက်ကျားသပိတ်တွေဆင်နွှဲနေသူကတော့ စစ်ကိုင်းကမနွယ်ချိုပါ။
မနွယ်ချိုဟာ CDMပြုလုပ်ထားသူတစ်ဦးဖြစ်ပြီး လမ်းမပေါ်သပိတ်တွေစရှိကတည်းကနေ လက်ရှိအချိန်ထိ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်နေသူပါ။
“ ပြောက်ကျားသပိတ်တွေဟာ စိန်ခေါ်မှုအင်မတန်များပြားပါတယ်။ ဒါပေမယ့်လည်း လမ်းမထက်သပိတ်တွေ လိုအပ်နေ သေးတာကို နားလည်ထားတဲ့အတွက်အခက်အခဲတွေကြားက ရအောင်ထွက်ဖြစ်ခဲ့တယ်”လို့မနွယ်ချိုကပြောပါတယ်။
ပြောက်ကျားသပိတ်တွေထွက်ရတဲ့အခါ လုံခြုံရေးကိုအထူးသတိပြုရပြီး စစ်ကောင်စီဘက်က လူမဆန်စွာ ဖြိုခွင်းမှုတွေနဲ့ လည်းရင်ဆိုင်ရပါတယ်။
သပိတ်တွေမှာပါဝင်ရင်း ဖမ်းဆီးခံရလုနီးပါးအခြေအနေတွေ ဖမ်းဆီးခံရတဲ့ အခြေအနေတွေနဲ့လည်းကြုံတွေ့ခဲ့ရပါတယ်။
“ မိပြီးမှ ပြန်လွတ်လာတာမျိုး၊ မမိအောင်ပြေးခဲ့ရတာမျိုးတွေ ကြုံဖူးတယ်။ ဒါပေမယ့်လည်း ဒီနေ့ပြန်လွတ်နောက်နေ့ ဆက် သပိတ်မှောက်တာပါပဲ ရပ်လိုက်လို့မှမဖြစ်သေးတာ”လို့မနွယ်ချိုကပြောပါတယ်။
ကျေးလက်ပြောက်ကျားသပိတ်တွေမှာပါဝင်တဲ့အတွက် လုံခြုံရေးအရကိုယ့်အိမ်မှာကိုယ်မနေရဘဲ သူတပါး အိမ်မှာမှီခိုနေ ရတာပါပဲ။
ကျေးလက်ဒေသဖြစ်တဲ့အတွက် ဧည့်စာရင်းစစ်တာမျိုးတွေ၊ အိမ်ငှားနေရတဲ့အခက်အခဲတွေ မရှိပေမယ့် ဒလန်တွေကိုတော့ သတိထားနေရတယ်လို့ဆိုပါတယ်။
“ လုံခြုံရေးကတော့ မြို့ပြထက် ကျေးလက်က အနည်းငယ်ပိုလုံခြုံတယ်လို့ ဆိုရမှာပေါ့။ စစ်ကြောင်းထိုးလာရင်တော့ အသက်လုပြေးကြရတာပါပဲ”လို့မနွယ်ချိုကဖွင့်ဟပါတယ်။
စိတ်ဓာတ်ကျတဲ့အချိန်မှာလည်း ကျပ်တည်းမှုတွေကြားကနေလွတ်မြောက်ဖို့ အားတင်းရင်းဆက်လက်တော်လှန်နေတယ် လို့ဆိုပါတယ်။
၂၀၂၁ခုနှစ်ဖေဖော်ဝါရီလမှ ၂၀၂၂ ဇူလိုင် ၄ အထိ စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်တာကြောင့် ဖမ်းဆီးခံထားရသူစုစုပေါင်း ၁၁,၃၉၃ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPကထုတ်ပြန် ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၃၀ ညပိုင်းကလည်း ကမာရွတ်မြို့နယ်၊ လှည်းတန်းပေ ၅၀ လမ်းက အများပြည်သူပိုင်ဈေးနဲ့ ပြည်သူပိုင်ပစ္စည်း တွေကို အကြမ်းဖက်မီးရှို့ကာ ဈေးသူဈေးသားတွေကို ရိုက်နှက်တာတွေပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီဈေးကပြည်သူတွေဟာ မြေပြင်သပိတ်တစ်ခုကိုဝန်းရံအားပေးမှုပြုလုပ်တာကြောင့် အခုလိုအကြမ်းဖက်၊ မီးရှို့တာတွေ ပြုလုပ်တာဖြစ်တယ်လို့ သပိတ်မှာပါဝင်သူတွေကပြောဆိုထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ ကျေးလက်တောရွာဒေသတွေက သူတို့ကိုခုခံဆန့်ကျင်သူတွေရဲ့ အိုးအိမ်ပစ္စည်းတွေကို မီး လောင်တိုက်သွင်းခဲ့သလို ရန်ကုန်မြို့လယ်အချက်အချာကျတဲ့နေရာတွေမှာပါ လက်နက်အားကိုးနဲ့ မီးရှို့ရမ်းကားနေတာ ဖြစ်ပြီး ဒီလုပ်ရပ်ကိုအပြင်းအထန်ရှုတ်ချကြောင်းနဲ့ ရန်ကုန်ပြည်သူလူထုအနေနဲ့ နွေဦးတော်လှန်ရေးမှာ အစဉ်အလာမရိုင်း ခဲ့တဲ့ လှည်းတန်းပြည်သူလူထုကိုဝန်းရံကြဖို့၊ စစ်တပ်ရဲ့ဖိနှိပ်မှုဒဏ်ကို အတူတကွရင်ဆိုင်တွန်းလှကြဖို့၊သွေးမအေးကြဖို့ စစ် အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုက တိုက်တွန်းနိူးဆော်ထားပါတယ်။
စစ်ကောင်စီဘက်က လမ်းမပေါ်လူထုသပိတ်တိုက်ပွဲတွေကို ကြောက်ရွံ့တာကြောင့် သပိတ်မှာပါဝင်သူတွေ ဝန်းရံသူတွေ ကို အကြောက်တရားသွင်းတာ၊ ပြည်သူတွေနဲ့သပိတ်ရဲဘော်တွေကို သွေးကွဲအောင်နည်းအမျိုးမျိုးနဲ့ ခြောက်လန့်တာတွေ ပြုလုပ်ဦးမှာပဲဖြစ်တယ်လို့ သပိတ်မှာပါဝင်သူတွေကဆိုပါတယ်။
ဘယ်လိုအခက်အခဲတွေပဲရှိရှိ သပိတ်တိုက်ပွဲဝင်အမျိုးသမီးတွေကတော့ ပြောက်ကျားသပိတ်တွေမှာအဆုံးထိပါဝင်သွားဖို့ ဆုံးဖြတ်ထားကြပါတယ်။
“မြေပြင်သပိတ်တွေ ပျောက်ကွယ်မသွားအောင်မြို့ပေါ်မှာ ရနိုင်သလောက်တောင့်ခံနေဦးမှာပါ”လို့မမလေးကပြောပါတယ်။
မနွယ်ချိုကလည်း “ စစ်ကောင်စီဘက်ကတော့ သူ့အာဏာတည်မြဲရေးအတွက် အစွမ်းကုန်ယုတ်မာပြဦးမှာပဲ၊ ကြုံလာနိုင် သမျှ အကျပ်အတည်းတွေကို စည်းစည်းလုံးလုံးနဲ့ရင်ဆိုင်ဖြေရှင်းပြီး ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ်ပြန်လည်ရယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားကြရမှာပဲ။ ရှေ့လျှောက်တော်လှန်ရေး ခရီးကြမ်းကတော့ ပိုကြမ်းတမ်းလာဦးမှာပါ။ တော်လှန်ရေးလမ်း စဉ်မှန်သမျှကို အကုန်လုံးမလုပ်နိုင်ပေမယ့်လည်း ကိုယ်စွမ်းနိုင်သလောက်တောင့်ခံတော်လှန်နေမယ်”လို့ ဆိုပါတော့တယ်။