ဒေဝီ။ ။
နှစ်နှစ်ဆယ်ကျော် ဝတ်ဆင်လာခဲ့တဲ့ ရွှေနားကပ်ကိုချွတ်ပြီး ဒေါ်မိမိ(အမည်လွှဲ)က သူ့ရှေ့က ငွေဖလားထဲကို ထည့်လိုက် ပါတယ်။ သူ့ရဲ့ ရွှေနားကပ်လေးရောက်ရှိသွားရာ ငွေဖလားထဲမှာလည်း အမျိုးသမီးကြီးငယ်က ချွတ်လှူဒါန်းထားတဲ့ အမျိုး စုံသော ရွှေနားကပ်လေးတွေနဲ့ပါ။
ရွာကို စစ်ကြောင်းဝင်လာပြီး နေအိမ်တွေကိုမီးရှို့ဖျက်စီးတာကြောင့် အခြားရွာကို စစ်ဘေးခိုလှုံလာတဲ့ ဒေါ်မိမိက ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဆန္ဒပြဟောပြောပွဲအပြီး အခြားအမျိုးသမီးတွေနည်းတူ တော်လှန်ရေးအတွက် အထောက်အပံ့ ဖြစ်စေဖို့ သူပိုင်ဆိုင်တဲ့ ရွှေနားကပ်လေးတစ်ရံကို စိတ်အားထက်သန်စွာနဲ့ လှူဒါန်းခဲ့တာပါ။
နှစ်ပေါင်းများစွာ နားမှာပန်ဆင်ထားတာကြောင့် နားက နားပေါက်ဟောင်းလောင်းနဲ့ကျန်ခဲ့ပေမယ် ဒီထက်ပိုဆုံးရှုံးစရာ မရှိ တော့တဲ့ သူတို့အတွက် ရွှေနားကပ်မဝတ်ရလို့လည်းနှမြောစရာမရှိတော့။ တော်လှန်ရေးအတွက် အထောက်အပံ့နည်းနည်း လေးဖြစ်ရင်တောင် ကျေနပ်မိတယ်လို့ မြိုင်မြို့နယ်ကျေးရွာတစ်ရွာကအသက် ၄၂နှစ် အရွယ် ဒေါ်မိမိကပြောတယ်၊
” စစ်ကောင်စီကိုမုန်းလို့ ဒီဘက်မှာ(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)လည်း ခက်ခဲနေတော့ ကိုယ်က ပိုက်ဆံလည်းမတတ်နိုင် တော့ ပါတာလေးနားကပ်ချွတ်လှူခဲ့တာ”လို့ ဒေါ်မိမိကပြောပါတယ်၊
ဒေါ်မိမိတို့ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးတာကြောင့် အခြားရွာမှာခိုလှုံဖို့ရောက်ရှိခဲ့တာ ဇွန်လ ကတည်းကပါ။ သေနတ်ကျည်ဆံတွေ ကြားကနေ တောထဲကိုရှောင်တိမ်းရင်း မိသားစုတွေတကွဲတပြားနဲ့ အခြားရွာတစ်ခု မှာ စစ်ဘေးရှောင်အဖြစ် ခိုလှုံနေရတယ်။
” ရွာအခြေအနေကတော့ အိုးမဲ့အိမ်မဲ့ဖြစ်နေတာ ဒီဘက်ကလည်း ပြန်လည်ခုခံဖို့က လက်နက်အင်အားကလည်း မပြည့် စုံဘူး။ နားကပ်လှူတာကလည်း ကိုယ်က လုပ်အားကိုင်အားမရှိတော့တတ်နိုင်တဲ့ဟာကို လှူတာပါ။ အစကတည်းက သူတို့ နဲ့တွေ့ရင် လှူမယ်လို့စိတ်ကူးထားလို့လှူလိုက်တာ”လို့ဒေါ်မိမိကပြောပါတယ်။
တော်လှန်ရေးမှာ လက်နက်ကိုင်ပြီး ရှေ့တန်းကနေ ပါဝင်တိုက်ခိုက်နေကြတဲ့ အမျိုးသမီးတွေ ရှိကြသလို လက်နက်ကိုင်ပြီး မတိုက်ခိုက်နိုင်ပေမယ့် စစ်ကောင်စီကိုတော်လှန်နေတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအတွက် ချက်ပြုတ်ကျွေးမွေးတာ၊ ရိက္ခာ ထောက်ပံ့တာ၊ ကိုယ်ပိုင်ဆိုင်ရာပစ္စည်းဥစ္စာတွေကို စွန့်လွှတ်ရောင်းချကာ တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ် စေတဲ့ အမျိုးသမီးတွေလည်း အများအပြားပါ။
ဒီထဲမှာ ဒေါ်မိမိတို့လည်းအပါအဝင်ပါ။ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် သူတို့မှာ ပစ္စည်းဥစ္စာ နေထိုင်စရာ အားလုံးဆုံးရူံးခဲ့ရပြီး စစ်ရှောင်ဘဝရောက်နေတာတောင်မှ တော်လှန်ရေးအတွက် သူတို့ကိုယ်မှာ အမြတ်တနိုးဝင်ဆင်ထား တဲ့ ရှိမဲ့စုမဲ့ လက်ကျန်လတ်ဝတ်ရတနာတွေကိုပါမချန် ထောက်ပံ့လှူဒါန်းခဲ့ကြတာပါ။
သားသမီးလေးဦးမိခင် ဒေါ်မိမိကအခြားရွာမှာ မိသားစုတွေ တကွဲတပြားစီနဲ့ နေထိုင်ခိုလှုံနေရသလို ရွာမှာ စိုက်ပျိုးထား ခဲ့ရတဲ့ သီးနှံစိုက်ခင်းတွေလည်း ပြန်မကြည့်နိုင်၊ သားသမီးတွေရဲ့ပညာရေးလည်း သင်ကြားဖို့ မလုပ်နိုင်တော့။
သူတို့မိသားစုအပါအဝင် ရွာကဒေသခံတွေမှာ ဒုက္ခကိုယ်စီနဲ့ နေထိုင်ရတဲ့အတွက် တော်လှန်ရေးအောင်မြင်မှသာ ဒီဒုက္ခ တွေကနေ လွတ်ကင်းမယ်ဆိုတာ သဘောပေါက်မိတယ်လို့ဆိုတယ်။
” တော်လှန်ရေးအဆင်မပြေရင် ရှေ့ဆက်ပြီးတော့အဆင်ပြေမှာမဟုတ်ပါဘူး။ မောလည်းမောနေကြပြီ။ ဆင်းလည်း ဆင်းရဲ ကြပြီ။ ပြည်သူလူထုကို ဒုက္ခတွေအားလုံးမရောက်စေချင်ပါဘူး” လို့ ဒေါ်မိမိကပြောတယ်။
ဒီအတွက်ကြောင့် ငွေကြေးအားဖြင့် တန်ဖိုးမများပေမယ့် တော်လှန်ရေးအထောက်အပံ့အနေနဲ့ အများနည်းတူ ရွေနားကပ် လေး ချွတ်လှူဒါန်းခဲ့တာလို့ဆိုတယ်။
မိန်းကလေးတွေအတွက် နားဆွဲနားကပ်က အဆင်တန်ဆာပါ။ မိဘဘိုးဘွားတွေကသမီးမိန်းကလေးတွေဆိုရင် ငယ်စဉ်က တည်းက နားဖောက်ကာ ရွှေနားကပ်လေး ဆင်ယင်ပေးထားပြီး အခြားလက်ဝတ်တန်ဆာမရှိရင်တောင် ရွေနားကပ်လေး တစ်ရံတော့ပိုင်ဆိုင်ကြပါတယ်။
ဒါပေမယ့် ဒီလိုအဆင်တန်ဆာကို စွန့်လွတ်ဖို့မနှမြောဘဲ တော်လှန်ရေးအောင်မြင်စေဖို့ အရေးကြီးတာကြောင့် မြိုင်က ဒေသခံ အမျိုးသမီးတွေက နားကပ်ချွတ်လို့ တော်လှန်ရေးအတွက် ထောက်ပံ့ခဲ့ကြပါတယ်။
” စစ်အာဏာရှင်လက်ထက်မှာ ကျွန်မတို့အသက်ကိုတောင်မပိုင်ဘူး။ ဒီနေ့သေမလား နက်ဖြန်သေမလားတောင် မသိတဲ့ အခြေအနေမှာ ဘာမှအာမခံချက်မရှိဘူး။ ရွှေနားကပ်လေးက မိန်းကလေးတွေရဲ့ အလှလို့ပြောလို့ရတယ်။ ဒီအချိန်မှာ အလှတရားတွေကို မလိုအပ်တော့ဘူးထင်ပါတယ်။ စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေရဲ့ ဒုက္ခတွေနဲ့စာရင် ဒီအလှတရားက ဘာမှမပြောပလောက်ဘူး” လို့ မြိုင်မြို့နယ်က အသက်၂၁နှစ်အရွယ် မစုစု (အမည်လွှဲ)ကပြောပါတယ်။
ဇွန်လဆန်းက မြိုင်မြို့နယ်က အာဏာရှင်တော်လှန်ရေးသပိတ်စစ်ကြောင်းအပြီး တက်ရောက်လာကြတဲ့ မြိုင်ဒေသခံ တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ လက်နက်ခဲယမ်းဝယ်ယူနိုင်ဖို့ လှူဒါန်းကြတာကြောင့် မစုစုလည်း လှူဒါန်းခဲ့ ပါတယ်။
သူလှူဒါန်းခဲ့တဲ့ ရွှေနားကပ်လေးက ကိုးတန်းအရွယ်ကတည်းက အဘိုးအဘွားက ဆင်ယင်ပေးထားပြီး လက်ရှိမှာ အဘိုး အဘွားတွေလည်းမရှိတော့တာကြောင့် တန်ဖိုးမများပေမယ့် သူ့အတွက်ကအမှတ်တရဖြစ်တဲ့ ပစ္စည်းလေးတစ်ခုလို့ မစုစုက ပြောပါတယ်။
အသက်ငယ်ရွယ်သေးတဲ့ သူ့အတွက် ဝင်ငွေကောင်းတဲ့အလုပ်လည်းမရှိသေးတဲ့အပြင် စုဆောင်းထားတဲ့ ငွေကြေးလည်း မရှိတာကြောင့် တော်လှန်ရေးအတွက် မလှူဒါန်းနိုင်ခဲ့ပေမယ့် သပိတ်စစ်ကြောင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို လှူဒါန်းချင်စိတ်ဖြစ်ပေါ်လာတာကြောင့် တွေဝေမှုမရှိဘဲ နားကပ်ချွတ်လှူဖြစ်ခဲ့တာလို့ဆိုတယ်။
သူလှူဒါန်းခဲ့တဲ့နားကပ်လေးက လက်ရှိပေါက်ဈေးနဲ့ဆိုငွေနှစ်သိန်းကျော်ဝန်းကျင်လောက်ပဲတန်ဖိုးရှိပေမယ့် ဒေသခံပြည်သူ တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပေါ် ယုံကြည်အားကိုးမှုကို ဖော်ပြလိုတဲ့အတွက် လှူဒါန်းခဲ့တာလို့ ဆက်ပြော ပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရင်ဆိုင်ထိတွေ့မှုက များလာပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေအကျအဆုံးရှိသလို ဒေသခံနေအိမ်တွေမီးရှို့ဖျက်စီးခံရတာတွေလည်း မြိုင်မြို့နယ်က ရွာတွေမှာ ကြုံတွေ့ နေရပါတယ်။
မစုစုတို့ရွာကလည်း မလုံခြုံပါဘူး။ ပြီးခဲ့တဲ့လအနည်းငယ်ကတင် သူတို့ရွာလေးကိုစစ်ကြောင်းထိုးပြီး နေအိမ်ခုနှစ်လုံးခန့်ကို မီးရှို့သွားတဲ့အပြင် ဒေသခံရွာသားနှစ်ဦးကို သတ်ဖြတ်ခဲ့တာကြောင့်ရွာသားတွေ တောထဲရှောင်ရှားနေထိုင်ခဲ့ရပြီး ကိုယ့်ရွာ ထဲ ပြန်နေထိုင်တာ လပိုင်းသာရှိနေပါသေးတယ်။
လက်ရှိအချိန်မှာ စစ်ဘေးရှောင်မနေရပေမယ့်လည်း ဘယ်နေ့ထပ်မံ ထွက်ပြေးတိမ်းရှောင်ရမလဲဆိုတာ တွေးပူနေရပြီး သူတို့လည်းပိုင်ဆိုင်ရာပစ္စည်းအချို့ကို ရွာနဲ့အလှမ်းဝေးတဲ့ နေရာတစ်ခုမှာ ရွှေ့ပြောင်းသိမ်းဆည်းထားရတယ်လို့ ဆက် ပြောပါတယ်။
” အိမ်တွေဘာတွေမီးရှို့တော့ အိမ်မှာမထားရဲဘူး။ ရှိတာတွေကို မီးရှို့သွားမှာစိုးလို့ ကိုယ်ပိုင်တဲ့ပစ္စည်းဆိုပေမယ့် အခုကျ တော့စစ်အာဏာရှင်လက်ထပ်မှာ အကုန်လုံးကြောက်နေရတာ”လို့ မစုစုကပြောပါတယ်။
နှစ်ပေါင်းများစွာ အုပ်စိုးလာတဲ့စစ်တပ်ကို အပြီးတိုင်မောင်းထုတ်တဲ့တော်လှန်ရေးဖြစ်တာကြောင့် အလွယ်တကူ တိုက်ပွဲပြီး ဆုံးမှာ မဟုတ်တာကြောင့် ပြည်သူတွေအနေနဲ့တော်လှန်ရေးအောင်မြင်ဖို့ စိတ်ဓာတ်ခိုင်မာဖို့လိုတယ်လို့ မစုစုက ဆိုတယ်။
သူအပါအဝင်ရွာက အမျိုးသမီးတွေက လက်နက်ကိုင်တိုင်ပွဲမဝင်နိုင်ပေမယ့် စစ်ဘေးရှောင်တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအတွက် ချက်ပြုတ်ကျွေးမွေးတာကစလို့ စစ်ဘေးရှောင်တွေကို စာသင်ပေးတာ၊ ငွေကြေးတတ်နိုင်တဲ့သူတွေက ငွေကြေးထောက်ပံ့သလို မတတ်နိုင်သူတွေကလည်း ရှိတဲ့ပစ္စည်းရောင်းချလို့ တော်လှန်ရေးအတွက် နိုင်ရာဝန်ထမ်းပြီး လုပ် ဆောင်နေကြတာလို့ဆက်ပြောတယ်။
” လက်နက်ကိုင်ပြီး တိုက်ပွဲမဝင်နိုင်လို့စိတ်ဓာတ်မကျပါနဲ့။ ကျွန်မတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် လုပ်ဆောင်နိုင်ရင် လည်း စိတ်ကျေနပ်မှုရပါတယ်၊ ကျွန်မတို့အမျိုးသမီးတွေက ထောင့်ပေါင်းစုံကနေ ပါဝင်နေတယ်” လို့မစုစုက ပြောပါတယ်။
စစ်ကောင်စီက ကျေးရွာတွေကိုမီးရှို့ဖျက်စီးပြီး အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ကာ အကြောက်တရားတွေနဲ့ ဖိနှိပ် နေပေမယ့် မြိုင်ကအမျိုးသမီးတွေကတော့ ကြောက်ရွံ့မသွားဘဲတော်လှန်ရေး စိတ်ဓာတ်အပြည့်နဲ့ လှူဒါန်းခဲ့တာ နားကပ်၊ နားဆွဲနဲ့ ရွှေကလစ်စုစုပေါင်း ၂၁စုံနဲ့ငွေသားခြောက်သိန်း ရရှိခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ် ပြန်ထားပါတယ်။
ရွှေဆိုလို့ နားကနားကပ်လေးပဲရှိပေမယ့် ကိုယ့်စိတ်ဆန္ဒနဲ့ ပိုင်ဆိုင်တာကိုလှူဒါန်းခဲ့ပြီး နောင်တစ်ချိန် ခေတ်ကောင်း ရင် ပြန်ရှာဖွေနိုင်မယ့်ပစ္စည်းဖြစ်တာကြောင့် နှမြောစိတ်လည်းမရှိဘူးလို့ နားပ်ချွတ်လှူခဲ့တဲ့ မနုနုက ပြောပါတယ်။
” ညီမတို့က ပိုက်ဆံရှိတဲ့ထဲမပါဘူး။ လက်လုပ်လက်စားပဲ၊ ကိုယ်က ပိုက်ဆံမရှိတဲ့အခါကျတော့ လှူချင်တဲ့စိတ်ရှိပေမယ့် လည်း မလှူနိုင်ဘူး။ နည်းနည်းပါးပါးလောက်ပဲလှူနိုင်တယ်။ ခေတ်ကောင်းလို့ရှိရင် ပြန်လုပ်လို့ရတယ် လှူချင်တဲ့စိတ်ရှိ တော့ ချွတ်ပြီးလှူခဲ့တာ”လို့ မြိုင်မြို့နယ်က မနုနု(အမည်လွှဲ)ကပြောပါတယ်။
ပြည်သူတွေရဲ့တက်တက်ကြွကြွ လှူဒါန်းမှုတွေကြောင့် လက်နက်ခဲယမ်းမပြည့်မစုံနဲ့ ရင်ဆိုင်တော်လှန်ခဲ့ရာကနေ အခုချိန် မှာတော့ခုခံစစ်အနေအထားနဲ့ ပြန်လည်တိုက်ခိုက်နိုင်ပြီး ပြည်သူတွေက ဒီထက်ပိုထောက်ပံ့လှူဒါန်းမယ်ဆိုရင် တိုက်ပွဲ အမြန်ဆုံးအောင်မြင်နိုင်မယ်ဆိုတာ ယုံကြည်ထားတယ်လို့ မနုနုကဆိုတယ်။
ပြည်သူလူထုတွေက ကိုယ်တတ်နိုင်တဲ့အရာကို ဆက်လှူသွားမယ်ဆိုရင်ဒီတိုက်ပွဲကြီးက အမြန်ဆုံးအောင်နိုင်လိမ့်မယ်လို့ လည်း မနုနုကပြောပါတယ်။
လတ်တလောမှာသူတို့ရွာကို အခြားရွာကဒေသခံတွေ လာခိုလှုံနေပေမယ့် ဘယ်အချိန်သူတို့ရွာပါ စစ်ဘေးရှောင်ရတဲ့ အဖြစ်မျိုးရောက်မလဲဆိုတာစိတ်ပူနေရပါတယ်။ ဒါပေမယ့်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လုံခြုံရေးတာဝန်ယူစောင့်ရှောက် နေတဲ့အတွက် စိတ်ပူပန်မှုအနည်းငယ်လျော့တယ်လို့ဆိုတယ်။
” လုံခြုံရေးအဖွဲ့တွေကတော့ စိတ်မပူနဲ့ သူတို့စောင့်ရှောက်ပေးမယ်ပြောတယ်။ ညဆိုလည်းတနေကုန် စောင့်ရှောက်ပေး တယ်” လို့ မနုနုကပြောတယ်။
တော်လှန်ရေး ခရီးလမ်းတစ်ဝက်ရောက်ချိန်မှာ လက်နက်ခဲယမ်းကစလို့ စားနပ်ရိက္ခာဆေးဝါးပစ္စည်းတွေအထိ လိုအပ်ချက် တွေကလည်း တဖြည်းဖြည်းမြင့်မားလာပါတယ်။
ဒီလိုအချိန်ကာလမှာ ငွေကြေးလှူဒါန်းရုံသာမက ပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုစွန့်လွတ်ရောင်းချ လှူဒါန်းလို့ ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲဝင်တွေကိုထောက်ပံ့တာ၊ PDF ရဲဘော်ဖြစ်တဲ့သားသမီးကို လက်နက်ဝယ်ပေးဖို့ ခြံတွေ လယ်ယာမြေတွေ၊ နွား တွေ ရောင်းချပြီး ထောက်ပံ့ပေးနေတဲ့ မိခင်တွေလည်းရှိနေပါတယ်။
ကယားပြည်နယ်(ကရင်နီ) ဒီးမော့ဆိုမြို့နယ်က မယမုံ(အမည်လွှဲ)က” ဖက်ဒရယ်ဒီမိုကရေစီကြီးရသွားပြီးရင် ဒီထက်ပို ကောင်းမွန်တဲ့ဘဝရလိမ့်မယ်လို့မျှော်လင့်တယ်။ နောင်တချိန်ကျရင် ကျွန်မတို့ရင်းခဲ့တာတွေက မဖြစ်စလောက်လေး ဖြစ်ရင်ဖြစ်သွားမှာ” လို့ ပြောပါတယ်။
မယမုံက သူပိုင်ဆိုင်ရာဆိုင်ကယ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအသုံးပြုဖို့ လှူဒါန်းခဲ့သူပါ။
ပြီးခဲ့တဲ့နှစ်၊ ဇွန်လက ကယားပြည်နယ်မှာ စစ်ပွဲတွေစဖြစ်ချိန် ရွာတွေထဲလက်နက်ကြီးတွေကျတော့ မယမုံတို့လည်း စစ် ရှောင်ခဲ့ရတယ်။ အဲ့ဒီအချိန်က ကယားပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရယ်လို့မရှိသေးဘဲ လူငယ်တွေကရှိတဲ့ လက်နက်ကိုင်ဆွဲပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ စစ်ကောင်စီကို တော်လှန်နေချိန်ပါ။
ဒေသခံလူငယ်တွေက ရပ်ရွာကို ကာကွယ်စောင့်ရှောက်ရင်း စစ်ကောင်စီကို ရရနည်းလမ်းတွေနဲ့ တိုက်ခိုက်နေပေမယ့် ငွေကြေးလက်နက်အင်အား မပြည့်မစုံတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်တိုက်ပွဲဝင်နေရတယ်။
မယမုံကလည်း ဒေသခံလူငယ်တွေကို နိုင်ရာထောက်ပံ့နေရင်းစစ်ကောင်စီကိုရှေ့တန်းကနေ တော်လှန်နေတဲ့ လူငယ်တွေ သွားရေးလာရေး လွယ်ကူအောင် သူပိုင်ဆိုင်တဲ့ ၁၄သိန်းကျော်တန် ဆိုင်ကယ်လေးကို ပေးလှူခဲ့တယ်။
ဆိုင်ကယ်လေးက အာဏာမသိမ်းခင်အချိန်ကာလတွေမှာ ခရီးသွားလုပ်ငန်းဝန်ထမ်းအဖြစ်လုပ်ကိုင်စဉ်က ရရှိခဲ့တဲ့ လစာ လေးနဲ့စုဆောင်းပြီး ဝယ်ယူထားတာ တစ်နှစ်ကျော်လောက်ပဲရှိပါသေးတယ်။
” အဲ့ဒီအချိန်တိုက်ပွဲက နေရာတိုင်းလိုလိုဖြစ်တယ်။ ရှေ့တန်းသွားရင်လည်း အချိန်ပေးရတယ်။ သူတို့ပင်ပန်းတယ်။ စစ် လည်းတိုက်ရသေး လမ်းလျှောက်ရင်လည်းပင်ပန်းတယ်။ အဓိကက သူတို့သွားလာရေး အဆင်ပြေစေဖို့ပေါ့နော်။ ကျွန်မ နောက်တန်းမှာနေတဲ့သူက အသက်ဘေးက သူတို့ထက်ပိုဝေးတယ် “လို့ မယမုံကပြောပါတယ်။
သူတို့မိသားစုမှာ တစ်စီးသာရှိတဲ့ဆိုင်ကယ်လေးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ကိုပေးလှူလိုက်တာကြောင့် အိမ်က မိသား စုတွေ သွားရေးလာရေး အခက်အခဲတော့ရှိခဲ့ပါတယ်။ အဲ့ဒီအချိန်က မယမုံတို့မိသားစုတွေလည်း စစ်ဘေးရှောင်ရ တဲ့အချိန် ဖြစ်တာကြောင့် နေ့ခင်းဘက်တွေမှာ ရွာပြန်ပြီးနေအိမ်ကိုပြန်ပြီးကြည့်ရှု့ဖို့လာရတဲ့အခါ တစ်မိုင်ကျော်လောက်ရှိ တဲ့နေရာ ကို လမ်းလျှောက်ပြီးအသွားအပြန်လုပ်ရတယ်လို့ဆိုပါတယ်။
” တောင်ပေါ်မှာရှောင်ရတဲ့အချိန်ဆို နေ့ခင်းဘက်ရွာပြန်ပြီး အိမ်တွေကိုကြည့်ရတယ်။ ညဆို တောင်ပေါ်ပြန်တက်ရတာပေါ့ တစ်မိုင်ကျော်လောက်ရှိတဲ့ ခရီးကိုလမ်းလျှောက်ရတာပေါ့။ ဒါပေမယ့် စစ်ခွေးတွေကိုပိုတိုက်ထုတ်စေချင်တယ်။ အဓိက တိုက်နေတဲ့သူတွေစိတ်ဓာတ်မကျစေဖို့ တတ်နိုင်တဲ့ဘက်ကလုပ်ပေးတဲ့သဘောပဲ” လို့ မယမုံကပြောပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ပေးလှူထားတဲ့ ဆိုင်ကယ်လေးကလည်း တိုက်ပွဲတစ်ခုမှာကျန်ခဲ့ပြီး မီးရှို့ခံလိုက် ရလား စစ်ကောင်စီကသိမ်းဆည်းသွားလားဆိုတာနောက်ဆက်တွဲမသိတော့ဘူးလို့ပြောပါတယ်။
မယမုံက တော်လှန်ရေးအတွက် ငွေကြေးလှူဒါန်းတာ ရဲဘော်တွေအသုံးပြုဖို့ လက်ကိုင်ဖုန်းလှူဒါန်းတာတွေကို ကိုယ့်ချွေး နှဲစာထဲကနေ ထောက်ပံ့ပေးခဲ့ပြီး တော်လှန်ရေးအောင်မြင်ပြီး ဖက်ဒရယ်ဒီမိုကရေစီမရမချင်း တတ်နိုင်တဲ့ အရာတွေနဲ့ ထောက်ပံ့သွားမယ်လို့လည်း သူကဆက်ပြောပါတယ်။
တော်လှန်ရေးကာလအတွင်းမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုက အရေးကြီးတဲ့နေရာကနေပါဝင်နေပြီး တိုက်ခိုက်ရေးပိုင်း ကစ လို့ ထောက်ပံ့ရေး၊ ရိက္ခာပိုင်း စတဲ့နေရာတွေမှာ ပါဝင်နေတဲ့အပြင် ရှိတဲ့ပိုင်ဆိုင်မှုတွေကိုပါ စွန့်လွတ်ရောင်းချပြီး လှူဒါန်း ထောက်ပံ့တာတွေလည်း အမျိုးသမီးတွေကများတယ်လို့ ကရင်ပြည်နယ်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်မောင်ကောင်း (အမည်လွှဲ)က ပြောပါတယ်။
ကျွန်တော်တို့လိုအပ်တဲ့ ငွေကြေးတွေရှိတိုင်းနီးစပ်တဲ့ အမတွေညီမတွေဆီပဲ အပူကပ်တောင်းခံရတာ၊ သူတို့ကပဲ ရှာဖွေပြီး ထောက်ပံ့တာ၊ ကျွန်တော့်အမေဆိုရင် ခြံပါရောင်းပြီး လက်နက်ဝယ်ဖို့ထောက်ပံ့ခဲ့တာ” လို့မောင်ကောင်းက ပြောပါတယ်။
မောင်ကောင်း PDFထဲဝင်ဖို့ လွတ်မြောက်နယ်မြေထွက်လာစဉ်က စိတ်မချတာကြောင့်မိခင်ဖြစ်သူက တားမြစ်ခဲ့ပေမယ့် စစ်ပညာသင်တန်း တက်စဉ်ချိန်ကစလို့ လိုအပ်တဲ့ငွေကြေးရိက္ခာတွေထောက်ပံ့ပေးခဲ့ပြီး သူတို့အဖွဲ့ လက်နက်ဝယ်ဖို့ လိုအပ်တဲ့ငွေသိန်း ၁၀ ဂဏန်းခန့်ကိုလည်း မိခင်က ခြံရောင်းပြီးထောက်ပံ့ပေးခဲ့တာလို့ ပြောပါတယ်။
” အဲ့ဒီအချိန်တုန်းကဆို အရမ်းခံစားရတယ် ၊သူအိုစာမင်းစာဝယ်ထားတဲ့ ခြံလေးကိုရောင်းပြီး သားဖြစ်သူကို ထောက်ပံ့ခဲ့ တာ။ ကျွန်တော်ကတော့ ဘာမှမလုပ်ပေးနိုင်တော့ တာဝန်မကျေသလိုခံစားရတယ်။ စိတ်တော့မကောင်းဘူးပေါ့။ တော် လှန်ရေး အောင်မြင်ပြီးရင်တော့ မိသားစုနားပြန်ပြီးလုပ်ကျွေးချင်ပါတယ်။မသေရင်ပေါ့”လို့ မောင်ကောင်းက ပြောပါတယ်။
တော်လှန်ရေးအောင်မြင်ဖို့ ရှိတဲ့ငွေကြေးတွေ ပိုင်ဆိုင်ရာတွေကိုစွန့်လွှတ်လှူဒါန်းရောင်းချပြီး အထောက်အပံ့ပြုပေးတဲ့ သူ့ မိခင်အပါအဝင် မိတ်ဆွေသူငယ်ချင်းတွေကိုကျေးဇူးတင်ပြီး အမျိုးသမီးတွေသာမပါရင် တော်လှန်ရေးခရီးက ဒီလောက် ရောက်မှာမဟုတ်ဘူးလို့ ယင်းကဆိုပါတယ်။
တော်လှန်ရေးက လမ်းခရီးတစ်ဝက်ရောက်နေတဲ့အတွက် ရှေ့ဆက်အောင်မြင်ဖို့က ပြည်သူလူထုရဲ့ပါဝင်မှုက အရေးပါတာ ကြောင့် ငွေကြေးတတ်နိုင်တဲ့သူတွေအနေနဲ့ ပိုထောက်ပံ့စေချင်တယ်လို့ ယင်းတို့ကပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီက နေအိမ်တွေကိုမီးရှို့တာ ဒေသခံတွေကိုဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်နေတဲ့အတွက် ဒေသခံ တွေလည်း ရပ်ရွာမှာမနေနိုင်ဘဲ စွန့်ခွာထွက်ပြေးနေရကာ စားဝတ်နေရေးအတွက်လည်း မလုပ်ဆောင်နိုင်သလို စိုက်ပျိုးပြီး သားသီးနှံတွေလည်း လှည့်မကြည့်နိုင်တော့တဲ့အတွက် ရှေရည်ကြာနေရင် မလွယ်ကူတာကြောင့် တော်လှန်ရေးကြီး အမြန်ပြီး ဆုံးစေချင်တယ်လို့ ဒေါ်မိမိကပြောပါတယ်။
ဒါ့အပြင် တော်လှန်ရေးအတွက်လည်း သူက ယခုလို ဆုံးဖြတ်ထားပါသေးတယ်။
” နောက်ပိုင်းမှာဘယ်လိုရပ်တည်မလဲဆို တော်လှန်ရေးအောင်မြင်မှပဲ ရပ်တည်နိုင်တော့မယ်။ သူတို့(PDF)က အဆုံးထိ တိုက်သွားမယ်လို့ပြောတယ်။ ကျွန်မတို့လည်းအဆုံးထိ တတ်နိုင်တဲ့ဘက်ကကူညီသွားမယ်”
- ရှေ့တန်းစစ်မျက်နှာပြင်က အမျိုးသမီးဒရုန်းစစ်သည် - 24/12/2024
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 23/12/2024
- သစ်ပင်တက်ရင်းမိသားစုကိုစောင့်ရှောက်နေသူ မိန်းကလေး - 19/12/2024