ဒေဝီ။ ။
ဝေးဝေးက သေနတ်ပစ်ဖောက်သံကြားတာနဲ့ အနီးမှာထားတဲ့ ချိုင်းထောက်ကိုယူလို့ တကိုယ်စာဆေးဝါးနဲ့ အသုံးအဆောင်ပစ္စည်းတွေထည့်ထားတဲ့ အိတ်အသေးလေးကို လွယ်ပြီး ပြေးလွှားဖို့ အဆင်သင့်အနေအထားနဲ့ မစုစု(အမည်လွှဲ) ပြင်ဆင်ထားရတယ်။
မိနစ်အနည်းငယ်အကြာမှာပဲ ‘စစ်ကြောင်းက ရွာကိုမဝင်ဘူး။ တခြားနေရာကိုသွားတာ’ ဆိုတဲ့ သတင်းစကားကြောင့် စိတ်အနည်းငယ်အေးပြီး လွယ်ထားတဲ့အိတ်လေးကိုပြန်ထားလို့ လုပ်မြဲဝေယျာဝစ္စတွေ ပြန်လုပ်ဆောင် ရပါတယ်။
သေနတ်သံတွေ လက်နက်ကြီးပစ်ခတ်မှုတွေကြားထဲ ပုံမှန်သွားလာလှုပ်ရှားနေသူတွေတောင် ထိတ်လန့်မှုတွေနဲ့ ရင်ဆိုင်နေရချိန် မသန်စွမ်းသူတွေမှာ အသက်အန္တရာယ်တွေ ဘယ်နေ့ကြုံမလဲဆိုတဲ့ စိုးရိမ်သောကအပြည့်နဲ့ပါ။
မြန်မာနိုင်ငံဒေသအနှံ့အပြားမှာ တိုက်ပွဲဧရိယာ တစ်စတစ်စ ကျယ်ပြန့်လာသလို စစ်ဘေးသင့်ဒေသတွေမှာရှိတဲ့ မသန်စွမ်းသူတွေမှာလည်း ဘယ်အချိန် အဖမ်းဆီးခံရ၊ သတ်ဖြတ်ခံရမလဲ၊တိုက်ပွဲအကြား ထိခိုက်မိမလားဆိုတဲ့ ပူပန်မှုတွေနဲ့ နေထိုင်နေရတယ်။
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာမသန်စွမ်းဦးရေ ၂ ဒသမ ၃သန်း၊ ရာခိုင်နှုန်းအားဖြင့် ၄.၆ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားပေမယ့်၊ ပဋိပက္ခအခြေအနေနဲ့ကြုံတဲ့အခါ မသန်စွမ်းတွေအတွက် ထည့်သွင်း စဉ်းစားမှုကနည်းပါတယ်။
စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ စစ်ဘေးရှောင်ရတဲ့ မသန်စွမ်းတွေနဲ့ သတ်ဖြတ်ခံရတဲ့မသန်စွမ်းဦးရေ အရေအတွက်တိုးလာပေမယ့် မြေပြင်အခြေအနေတွေကြောင့် အတိအကျသိနိုင်ခြင်းမရှိဘူးလို့ မသန်စွမ်းအရေးဆောင်ရွက်သူ တွေကပြောပါ တယ်။
အာဏာသိမ်းပြီးတာကို ဆန့်ကျင်တာကြောင့် ဖမ်းဆီးခံရတဲ့ မသန်စွမ်း ၅၀ ခန့်ရှိပြီး ၃၀၀ ခန့်ဟာလည်း သေဆုံးခဲ့ရတယ်လို့ မသန်စွမ်းအရေး လှုပ်ရှားသူတွေကို ကိုးကားပြီး ဘီဘီစီ(မြန်မာပိုင်း) သတင်းဌာနက ၂၀၂၂ မတ်လအတွင်းက ရေးသားပါတယ်။
“နေ့တိုင်းစိုးရိမ်မှုတွေနဲ့နေရတာ၊ ဘယ်ရွာမှာဒေသခံတွေ ဖမ်းသွားတယ်၊ အသတ်ခံရတယ်ဆိုတိုင်း ဘယ်နေ့ကိုယ့်အလှည့်ရောက်မလဲဆိုတဲ့ ခံစားချက်ကြီးနဲ့၊ အိမ်ကနေရှောင်ရတဲ့ အချိန်တိုင်း မျက်ရည်ကျရတယ်” လို့ စစ်ကိုင်းတိုင်းဒေသကြီး လက်ပတောင်းတောင်ဒေသက ကိုယ်အင်္ဂါမသန်စွမ်းသူ တစ်ဦးဖြစ်သူ မစုစုကပြောပါတယ်။
မစုစုတို့နေတဲ့ ရွာနဲ့မိုင်အနည်းငယ်သာဝေးတဲ့ စစ်တပ်ထဲက စစ်သားတွေ တပ်ရင်းထဲကနေ ထွက်ပြီဆိုတာနဲ့ သေနတ်ပစ်ဖောက်ထွက်လေ့ရှိပြီး သူတို့ရွာအပါအဝင် အနီးဝန်းကျင်ကရွာတွေဆီ မကြာခဏစစ်ကြောင်းထိုး ဝင်ရောက်တာ နေအိမ်တွေမီးရှို့ဖျက်စီးတာတွေ ပြုလုပ်လေ့ရှိပါတယ်။
စစ်ကြောင်းက သူတို့ရွာ ဒါမှမဟုတ် ဘေးအနီးက ရွာကိုဝင်လို့ရှောင်ဖို့လိုပြီဆို ဖခင်ဖြစ်သူ (ဒါမှမဟုတ်) အကိုဖြစ်သူက မစုစုနဲ့ အခြားမောင်နှမတွေကို ဆိုင်ကယ်ပေါ်တင်ဆောင်လို့ ဘေးလွတ်ရာကို ရှောင်ရှားရပြီး၊ငြိမ်သက်တဲ့ အချိန်မှ ရွာထဲပြန်နေရတယ်။
“ဒီလိုဖြစ်နေတာကြာပါပြီ။ ပြေးလိုက်လွှားလိုက် ပြန်လာလိုက်နဲ့၊ ကိုယ်ကသူများလို မပြေးနိုင်တဲ့သူဆိုတော့ ဘယ်အချိန်ကျန်ခဲ့လို့ အသတ်ခံရမလဲဆိုတာ တွေးတိုင်းကြောက်ရတယ်”လို့ မစုစုကပြောပါတယ်။
“ပထမဆုံး ရွာထဲစစ်ကြောင်းဝင်တယ်ဆိုတဲ့ အချိန်တုန်းကဆို လမ်းမှာရောက်နေတာ အိမ်ကိုအမြန်ပြန်ဆိုလို့ ချိုင်းထောက်ကြီးနဲ့ ငိုပြီးပြေးလာရတာ၊ လမ်းမှာအဒေါ်ဝမ်းကွဲတို့က မပြေးနဲ့တော့ငါတို့နဲ့ လိုက်ခဲ့ဆိုပြီး ဘုန်းကြီးကျောင်းကိုခေါ်သွားတာ ကျောင်းကိုရောက်တဲ့အထိ အကြောက်မပြေသေးဘူး”လို့ မစုစုကပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးက သပိတ်စစ်ကြောင်းတွေ အားကောင်းတဲ့အပြင် စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်နေတာကြောင့် စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား မကြာခဏတိုက်ပွဲဖြစ်ပွားနေတာပါ။
စစ်ကောင်စီက ရွာတွေထဲဝင်ပြီး မီးရှို့တာ ပစ္စည်းတွေလုယက်တာ ဒေသခံတွေကိုသတ်ဖြတ်တာတွေ အမြဲတစ်စေကြားနေရပြီး သူတို့ရွာလေးကတော့ မီးရှို့ဖျက်စီးတာမခံရသေးပေရသေးပေမယ့် စစ်ကြောင်းဝင်လို့ အကြိမ်ရေများစွာ ပြေးလွှားတိမ်းရှောင်ရဆဲဖြစ်တယ်လို့ မစုစုကဆက်ပြောပါတယ်။
“အရင်တုန်းကတော့ စစ်အတွက်ပြင်ဆင်ပါဆိုတာ တွေ့နေပေမယ့် အဲ့ဒီလောက်ကြီးလို့မထင်ဘူး။ ကိုယ့်ဒေသမှာ ကြုံတော့မှပဲ ခံစားမိတော့တယ်။ ကိုယ်တိုင်က မသန်စွမ်းသူတစ်ယောက်ဖြစ်တော့ ဒီအခြေအနေမှာအရမ်း ကြောက်မိတယ်” လို့ ဆက်ပြောပါတယ်။
စစ်ကြောင်းဝင်လာလို့ ပြေးလွှားရတဲ့အခါ သူ့ကိုကူညီစောင့်ရှောက်ပေးမယ့် မိသားစုရှိတာကြောင့် လက်ရှိအချိန်ထိ အဆင်ပြေပြေ ဘေးလွတ်ရာတိမ်းရှောင်နိုင်ပေမယ့် ရုတ်တရတ်ဖြစ်လာတဲ့ အခြေအနေတွေကြုံတဲ့အခါ မပြေးနိုင်ဘဲ ကျန်ရစ်ခဲ့မှာကို တွေးကြောက်နေတုန်းပဲလို့ ဆိုတယ်။
“အခုဆိုအရင်လို ရွာထဲတောင်မသွားရဲတော့ဘူး၊ တကယ်ထွက်ပြေးချိန်ကျန်ခဲ့မှာစိုးလို့၊ ပြေးတဲ့အချိန် လွယ်အောင် အကိုတွေကလည်း အမြဲ အသင့်အနေအထားနဲ့ နေနေရတယ်၊”လို့ဆိုတယ်။
သွားလာလှုပ်ရှားနိုင်တဲ့သူတွေတောင် အသတ်ဖြတ်ခံရ ဖမ်းဆီးနှိပ်စက်ခံရပြီး ကူကယ်ရာမဲ့နေချိန်မှာ ကိုယ်အင်္ဂါမသန်စွမ်းသူ၊ အမြင်အာရုံမသန်စွမ်းသူ၊ အကြားအာရုံမသန်စွမ်းသူ၊ ဉာဏ်ရည်မသန်စွမ်းသူတွေက အရေးပေါ်အခြေအနေကြား ဘေးကနေကူညီမယ့်သူမရှိရင်အကူအညီမပါရင် နေထိုင်ရပ်တည်ဖို့ ခက်ခဲတာ အမှန်ပဲလို့ဆို တယ်။
“သာမန်လူတစ်ယောက်ထက် မသန်စွမ်းတွေပြေးလွှားရတဲ့အခါ အရမ်းခက်ခဲတယ်” လို့ ကယားပြည်နယ်၊ဖရူဆိုမြို့နယ် မှာနေထိုင်တဲ့ကိုယ်အင်္ဂါ မသန်စွမ်း ဖြစ်သူ မနိုနို(အမည်လွှဲ)ကပြောပါတယ်။
မနိုနိုတို့ဒေသမှာ တိုက်ပွဲက ရုတ်တရတ်ဖြစ်တာကြောင့် အိမ်နီးနားချင်းတွေက ပစ္စည်းပစ္စယတွေ သယ်ဆောင်လို့ တိမ်းရှောင်ကြစဉ် သူတို့ကမိသားစုတွေက အိမ်ကနေမစွန့်ခွာချင်တဲ့အတွက် မတိမ်းရှောင်ခဲ့။
ဒါပေမယ့်ရပ်ရွာက လူငယ်တွေက ရှောင်ရှားပြီး အခြေအနေအေးမှပြန်လာဖို့ ပြောဆိုတာကြောင့် အရေးကြီး ပစ္စည်းအနည်း အကျဉ်းယူဆောင်လို့ မိသားစုတွေတိမ်းရှောင်ခဲ့ကြတယ်။
“မပြေးနိုင်လို့ကျန်ခဲ့တဲ့အဖွားအိုတွေ အိမ်စောင့်ကျန်နေခဲ့တဲ့ လူငယ်လူရွယ်ယောက်ျားလေးတွေကို သတ်တာတွေရှိတယ်။ အများကြီးပဲ။ တချို့ကရုပ်အလောင်း ဘယ်သူဘယ်ဝါဆိုတာတောင် မသိလောက်အောင်နှိပ်စက် သတ်ဖြတ်ခံရတယ်”လို့ မနိုနိုက ပြောပါတယ်။
မိသားစုတွေ သိုက်သိုက်ဝန်းဝန်းနဲ့ နှစ်ပေါင်းများစွာ နေထိုင်လာတဲ့ နေရပ်ကနေ စွန့်ခွာရတာက သူ့အတွက် လွယ်ကူတာတော့မဟုတ် ၊ဘယ်နေရာကိုမှမတိမ်းရှောင်ဘဲ နေအိမ်မှာ အသေခံပြီးနေထိုင်ဖို့ အထိတွေးတော ထားပေမယ့် အသက်ရှင်ဖို့က အရေးကြီးတာကြောင့် နေရပ်စွန့်ခွာခဲ့ရတယ်လို့ ဆက်ပြောပါတယ်။
“ကိုယ်တိုင်မသန်စွမ်းသူ တစ်ယောက်အနေနဲ့ အပွင့်လင်းဆုံးပြောရရင် ဒီဒဏ်တွေကိုမခံနိုင်ပါဘူး။ ဒါပေမဲ့ခံနေရ တယ်။ဘယ်ချိန်ထိတောင့်ခံနိုင်ပါ့မလဲလည်း သေချာမသိပါဘူး။ ကိုယ့်ကိုယ်ကိုတောင် မနည်းကိုအားတင်းပြီး နေနေရတဲ့အခြေအနေပါ”လို့မနိုနိုကပြောပါတယ်။
ကိုယ်တိုင်မသန်စွမ်းသူတစ်ဦးဖြစ်တဲ့အပြင် ကလေးငယ်တွေလည်းရှိတဲ့ သူတို့မိသားစုအတွက် ပြေးလွှားတိမ်းရှောင်နေရတာ အခက်အခဲတွေ အများကြီးကြုံရပါတယ်။ တောထဲတောင်ထဲမှာ နေထိုင်ရတဲ့အခါ ခြင်ကိုက် ဖြုတ်ကိုက်တာ၊ နေရေးစားရေး အဆင်မပြေ တာ၊ကျန်းမာရေးအတွက် ဆေးဝါးအလွယ်တကူမရတာ တွေကြောင့် လွိုင်ကော်မြို့ ပေါ်မှာ စစ်ရှောင်နေထိုင်ခဲ့တယ်။
မြို့ပေါ်ရောက်လာပေမယ့် စစ်မီးက မြို့အထိကူးလာပြန်တာကြောင့် ရန်ကုန်ဘက်ကို တိမ်းရှောင်ခဲ့ရပြန်တယ်။
ရန်ကုန်မြို့တော်ကလည်း လူနေမှုစရိတ်ကြီးမြင့်တဲ့အခါ ရေရှည်နေထိုင်ဖို့ အဆင်မပြေတဲ့အတွက် လွိုင်ကော် မြို့ပေါ်ကိုပဲပြန်လည်ရွှေ့ပြောင်းခဲ့ရတယ်လို့ဆိုတယ်။
“မြို့ပေါ်မှာတော့ လူတွေတစ်ဖြည်းဖြည်းနဲ့ ပြန်နေလာပြီး ဆိုင်တွေလည်း ပြန်ဖွင့်လာကြပါပြီ။ တိုက်ပွဲကတော့ လွိုင်ကော်မြို့ပြင်ဖြစ်တဲ့ ဒီးမော့ဆိုတို့မိုးဗြဲတို့ဘက်မှာ မဖြစ်တဲ့ရက်ကိုမရှိပါဘူး။ ရွာကတော့ လုံးဝပြန်လို့မရတော့ဘူး။ အိမ်အခြေအနေလည်း မသိရတော့ပါဘူး”လို့ မနိုနိုက ပြောတယ်။
မသန်စွမ်းသူတွေအတွက် ရပ်ရွာနဲ့မိသားစုဝင်တွေရဲ့ကူညီမှုတွေက အရေးကြီးပြီး ကိုယ်တိုင်မသန်စွမ်းတစ်ဦးဖြစ်တဲ့အပြင် ကလေးငယ်တွေလည်းရှိတဲ့ သူတို့မိသားစုတွေကို ရပ်ရွာကကူညီစောင့်ရှောက်တာ၊ လုံးဝမသွားမလာနိုင်တဲ့ မသန်စွမ်းသူတွေကိုလည်း ရပ်ရွာကလူတွေက ထမ်းပိုးပေးပြီး တောင်ပေါ်အထိ ကူညီပို့ဆောင် ပေးတာတွေ ရှိတယ်လို့ ဆိုတယ်။
၂၀၂၁ဖေဖော်ဝါရီကနေ ၂၀၂၂ မေလအထိ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာတဲ့ စစ်ဘေးရှောင်အရေအတွက်က တစ်သန်းကျော် ရှိလာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တို့က စစ်ဘေးရှောင် ဦးရေအများဆုံးဖြစ်ကာ၊ အာဏာသိမ်းပြီးနောက်ဖြစ်ပွားခဲ့တဲ နောက်ဆက်တွဲ ဖြစ်စဉ်တွေကြောင့် အရပ်သား သေဆုံးမှုက ၅၆၀၀ကျော်ရှိခဲ့ တယ်လို့မြန်မာ့ဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု့ (ISP-Myanmar) ကဖော်ပြထားပါတယ်။
စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ရာ ဒေသအချို့မှာလည်း တိုက်ပွဲဖြစ်တဲ့အချိန် မသန်စွမ်းသူတွေမှာ အများသူငှာလို မပြေးလွှားနိုင်ဘဲ ကျန်ခဲ့တာ၊ တိုက်ပွဲအတွင်းသေဆုံးတာ၊ နှိပ်စက်သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကလည်း ချင်းပြည်နယ် ဖလမ်းမြို့ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းက အသက်၆၀ကျော်အရွယ် ဆွံ့အနားမကြား အမျိုးသမီးတစ်ဦးနဲ့ ကိုယ်အင်္ဂါမသန်စွမ်းအမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကယားပြည်နယ် ဒီးမော့ဆိုက ရွာတစ်ရွာမှာ စစ်ကြောင်းဝင်လာတဲ့အချိန် မပြေးနိုင်ဘဲ နေအိမ်မှာ ကျန်ခဲ့တဲ့ မသန်စွမ်းတစ်ဦးကို စစ်တပ်က သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။
“သူကခြေတုနဲ့ လမ်းလျှောက်နေရတဲ့သူပဲ ပြေးဖို့အချိန်မမှီတော့သူကျန်ခဲ့တယ်၊ ကျန်ခဲ့တဲ့အချိန်မှာ ပစ်သတ် ခံခဲ့ရတယ်၊PDF တွေအဲ့ဒီရွာကိုပြန်သွားလို့ရတဲ့အချိန်မှာ အရိုးနဲ့ခြေတုနဲ့ပဲကျန်တယ်။လို့ ကယားပြည်နယ် ဒီးမော့ဆိုမှာနေထိုင်တဲ့ ကိုယ်အင်္ဂါမသန်စွမ်း တစ်ဦးဖြစ်သူ ကိုမိုး(အမည်လွှဲ)ကပြောပါတယ်။
ပဋိပက္ခတွေကြုံလာရင် ကလေးသူငယ်တွေသက်ကြီးရွယ်အိုတွေမသန်စွမ်းသူတွေက အများနည်းတူ မပြေးလွှားနိုင်တဲ့အတွက် အခြားသူတွေထက် အန္တရာယ်ကျရောက်နိုင်ခြေ များသူတွေဖြစ်တယ်လို့ ကိုမိုးကပြော ပါတယ်။
သူကိုယ်တိုင်လည်း ဂျိုင်းထောက်နဲ့သွားလာရတဲ့အပြင် လသားအရွယ်ကလေးငယ်လေးလည်း ရှိတာကြောင့် သူတို့ဒေသမှာ တိုက်ပွဲတွေဖြစ်ပွားတဲ့အခါ သူတို့မောင်နှံမှာ အခက်အခဲဖြစ်ရတယ်၊ ရွာအနီးမှာတိုက်ပွဲဖြစ်တော့ လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံတွေကြား အမြဲတစ်စေစိုးရိမ် ထိတ်လန့်မှု တွေနဲ့နေရတယ် လို့ဆိုပါတယ်။
“တခုခုဆို ထွက်ဖို့လမ်းကြောင်းကအစ ဘယ်လမ်းကြောင်းဘယ်ကိုပြေးရမလဲပေါ့ ကျွန်တော့အခြေအနေနဲ့ တောထဲတောင်ထဲပြေးဖို့လွှားဖို့ဆိုအဆင်မပြေဘူး တောင်ထဲဂူထဲတွေဆိုရင်လည်း ချိုင်းထောက်ကြီးနဲ့အဆင် မပြေဘူးလေ” လို့ကိုမိုးကပြောပါတယ်။
ရွာမှာနေလို့မရတာကြောင့် တစ်နေရာပြီးတစ်နေရာရွေ့ပြောင်းရတဲ့အခါ သူ့အခြေအနေနဲ့ဆို အဆင်မပြေ တာကြောင့် စစ်ရှောင်စခန်းတွေကနေ အခြားနေရပ်ကို ပြောင်းရွေ့နေထိုင်ခဲ့ရတယ်လို့ ဆက်ပြောတယ်။
“စစ်ရှောင်စခန်းမှာလည်းနေဖို့အဆင်မပြေဘူး၊တစ်နေရာပြီးတစ်နေရာရှောင်ဖို့ကလည်းမလွယ်ဘူးလေ ရွှေ့ပြောင်းတယ်ဆို ကားငှား ရတယ်၊ကားတိုင်းလည်းမလာရဲဘူး၊အဲ့ဒါကြောင် အခုနေတဲ့နေရာကို ရွေ့ဖို့ဆုံးဖြတ် လိုက်တာ” လို့ဆိုတယ်။
စစ်ဖြစ်တဲ့နေရာတွေက တဖြည်းဖြည်းနဲ့များလာသလို စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကလည်း ပိုမိုဆိုးရွားလာတဲ့အတွက် စစ်ဘေးသင့်ဒေသတွေမှာ နေထိုင်တဲ့ မသန်စွမ်းတွေရဲ့အခက်အခဲကို စာနာမိတယ်လို့ ကချင်ပြည်နယ် မိုးမောက်မြို့က စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ဒေါ်နန်ခေါင်(အမည်လွှဲ)ကပြောပါတယ်။
“ရွာမှာစစ်ဖြစ်လို့ ပြေးတုန်းကဆို ကျွန်မက ပြေးလိုက်လဲလိုက်ပေါ့၊ အကြာကြီး မလျှောက် နိုင်ဘူး၊ နည်းနည်း လျှောက်ပြီး လဲလိုက်ပြန်ထလိုက်ပေါ့၊ သူသူငါငါလွတ်အောင်ပြေးကြတာဆိုတော့ ကူညီတဲ့သူကမရှိပါဘူး”လို့ ဒေါ်နန်ခေါင် ကပြောတယ်။
သူနေထိုင်ရာရွာမှာ စစ်တပ်နဲ့ KIAတို့ဖြစ်တဲ့တိုက်ပွဲတွေကြောင့် မိုးမောက်မြို့နယ်က စစ်ဘေးရှောင်စခန်းကို ၂၀၁၀ကတည်းကရောက်လာတာပါ။အဲ့ဒီကာလတုန်းက တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာဆီ မကြာခဏ တောထဲပုန်းရှောင်လိုက် ရွာပြန်နေလိုက်နဲ့ အတော်ခက်ခဲတဲ့အချိန်ပဲလို့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က အဖြစ်ကို ပြောပါတယ်။
“တော်တော် ဒုက္ခရောက်တယ်။သေနတ်သံတွေကြားရင် တောဘက်ကိုပြေးလိုက်ပေါ့၊ နောက်ဆုံးတစ်ခေါက် ပြေးတုန်းကဆိုမပြေးနိုင်လို့လမ်းတစ်ဝက်မှာ မောင်တစ်ဦးက သူ့ဆိုင်ကယ်နဲ့တင်ခေါ်လာလို့ စစ်ရှောင်စခန်းကို ရောက်လာတာ”လို့ ဒေါ်နန်ခေါင်ကပြောပါတယ်။
လက်ရှိအချိန်ထိ မိုးမောက်မြို့နယ်က စစ်ဘေးရှောင်စခန်းမှာနေထိုင်နေပြီး ရွာကသူတစ်ချို့က စစ်ရှောင် စခန်းနဲ့ရွာကိုသွားလိုက်လာလိုက်လုပ်နေကြပေမယ့်သူကတော့ မတည်ငြိမ်တဲ့ အခြေအနေ ကြောင့် မပြန်ဖြစ်သေး ဘူး လို့ဆိုတယ်။
ကချင်ပြည်နယ်သာမက အခြားပြည်နယ်တွေမှာပါ မငြိမ်မသက်ဖြစ်နေတဲ့ အခြေအနေတွေကြားသိရပြီး ယင်းဒေသတွေမှာ တိုက်ပွဲတွေအရှိန်မြှင့်လာသလို ထောင်သောင်းချီတဲ့လူတွေက ဘေးလွတ်ရာရှောင်ရှားနေရတာ၊ စစ်ဘေးရှောင်နေသူတွေထဲ မသန်စွမ်းတွေပါဝင်နေတာ၊ မသန်စွမ်းတွေ အသတ်ခံရတဲ့သတင်း တွေ့မြင်ရတိုင်း သူတို့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ဒေါ်နန်ခေါင်ကဆိုတယ်။
“ကိုယ်ကလည်းပြေးခဲ့ရတာဆိုတော့ သနားတယ်။ တချို့ဆိုပိုဆိုးတယ်။ နည်းနည်းလျှောက်နိုင်တဲ့သူဆို တော်သေးတယ် တချို့ဆိုတအားမလျှောက်နိုင်ဘူး၊” လို့ ဒေါ်နန်ခေါင်က ပြောပါတယ်။
အရေးပေါ်အခြေအနေ ကြုံလာတဲ့အခါ မသန်စွမ်းတွေက ကူညီမယ့်သူ လိုအပ်တာကြောင့် နီးစပ်တဲ့ ရပ်ရွာတွေ အမျိုးတွေက ကူညီစောင့်ရှောက်ဖို့ လိုတယ်လို့ ဆက်ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းထိုးတာကြောင့် ရွာလုံးကျွတ်ရှောင်ရှားရတဲ့အခါ မသန်စွမ်းတွေရော၊ အသက် အရွယ် ကြီးသူတွေရော နာမကျန်းသူတွေရောမှာ အလွယ်တကူမပြေးလွှားနိုင်ဘဲ ဒုက္ခရောက်ကြရတယ်လို့ လက်ပ တောင်းတောင်ဒေသခံတစ်ဦးကပြောပါတယ်။
“ပြေးဖို့အချိန်ရရင် ခေါ်သွားတယ် ပစ်တော့မထားပါဘူး၊စစ်ကြောင်းက ရုတ်တရတ် ကားတွေနဲ့ ဝင်လာတယ် ဆိုရင်တော့ ခေါ်ချိန်မရတော့ဘူး၊ ပြေးလမ်းကလည်းမရှိဘူး။”လို့ယင်းဒေသခံကဆိုတယ်။
အကြိမ်ပေါင်းများစွာ စစ်ကြောင်းထိုးခံနေရတဲ့သူတို့ရွာမှာ ဒေသခံတွေကလည်း စစ်တပ်ရွာထဲဝင်ရင် ဘေးလွတ်ရာ ပြေးလွှားပုန်းရှောင်လိုက်၊ စစ်ကြောင်းမရှိတော့ရင် ပြန်လာလိုက်နဲ့ နေ့စဉ်ရက်ဆက် စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်နေရတယ်လို့ ဆိုပါတယ်။
စစ်ကြောင်းလာမယ်ဆိုတာ ကြိုသိတဲ့အခါ လူတွေရော ကျွဲနွားတွေရော ဘေးလွတ်ရာကို ရွေ့ပြောင်း ထားနိုင်ပေမယ့် ရုတ်တရတ်ဝင်လာတဲ့အခါမှာတော့ အကုန်ဘေးလွတ်ရာကို ပြေးရတဲ့အခါ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းသူတစ်ချို့ကို ထားခဲ့ရတာရှိတယ်လို့ ဆိုတယ်။
ဘေးလွတ်ရာပြေးနိုင်တဲ့သူတွေမှာလည်း အသက်ရှင်သန်နိုင်ဖို့ ဘာမှဂရုမစိုက်အားပဲ ပြေးရလွှားရတိမ်းရှောင်ရလို့ ယင်းကဆက်ပြောတယ်။
“မသန်စွမ်းတဲ့သူတွေရော ဝှီးချဲတွေနဲ့ရောခေါ်ပြီး ဘေးလွတ်ရာပို့ထားရတာပေါ့၊ မျက်စိကုထားတဲ့အဘိုး အဘွားတွေဆိုလည်း မျက်လုံးရေမထိနဲ့လို့ ဆရာမတွေက မှာထားပေမယ့် မိုးရေထဲပြေးလွှားရတော့ တစ်ကိုယ်လုံးရေတွေရွှဲနေတာ”လို့ ယင်းကဆိုတယ်။
မပြေးလွှားနိုင်လို့ ကျန်ခဲ့တဲ့သူတစ်ချို့မှာ အသတ်ရန်ရှာမခံရပေမယ့် စစ်တပ်ရွာထဲဝင်တဲ့အချိန် ပစ္စည်းတွေဖျက်စီးတာ တန်ဖိုးကြီးပစ္စည်းတွေ လုယက်ယူငင်တာတွေကို မျက်မြင်တွေ့တဲ့အခါ စိတ်ပိုင်းဆိုင်ရာထိခိုက်တာတွေ ကြုံရတယ်လို့ ဆိုတယ်။
စစ်ကြောင်းမကြာခဏ ဝင်လေ့ရှိတဲ့ သူတို့ရွာမှာ ကလေးသူငယ်၊ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေကို ဘေးလွတ်ရာဆီ ရှောင်ရှားဖို့အစီအစဉ်တွေ ချမှတ်ထားပေမယ့် ရုတ်တရတ်ဖြစ်လာတဲ့ အခြေအနေမှာ စနစ်မကျတာ အကောင်အထည် မဖော်နိုင်တာတွေတော့ ရှိတယ်လို့ဆက်ပြောပါတယ်။
‘မသန်စွမ်းတွေကို ဘယ်လိုကယ်မယ် ကျန်းမာရေးအတွက် ဘယ်လိုလုပ်မယ်ဆိုပြီး လုပ်ပေမယ့် ရုတ်တရပ်ဖြစ်လာတဲ့အခါ စနစ်မကျတာမျိုးတော့ရှိတာပေါ့။ အထမ်းပစ္စည်းတွေလည်း ရုတ်တရပ်ဆိုမရှိ တာတွေကြုံရတယ်။ လမ်းမှာတင် အမောဖောက်ပြီး သေတဲ့သူကရှိတော့ တချို့တွေကလည်း မပြေးချင်တော့ဘူး” လို့ယင်းကဆို တယ်။
တိုင်းနဲ့ပြည်နယ်အသီးသီးမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့မှုများလာသလို စစ်ဧရိယာတွေလည်း ကျယ်ပြန့်ပြီး စစ်ဘေးဒုက္ခသည်တွေလည်း တဖြည်းဖြည်းများလာတဲ့အခါ အထူးလိုအပ် ချက်ရှိသူတွေအတွက် အကူအညီပေးနိုင်မယ့် အစီအစဉ်တွေ ထည့်သွင်းစဉ်းစား ပေးသင့်တယ်လို့ မသန်စွမ်းတွေနဲ့ မသန်စွမ်းအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။
အရေးပေါ်အခြေအနေတွေမှာ ကြိုတင်ပြင်ဆင်မှုနဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်ထား တာတွေရှိပေမယ့် မသန်စွမ်းတွေအတွက်က ထည့်သွင်းစဉ်းစားတာမျိုးတွေ နည်းသေးတယ်လို့ဆိုတယ်။
တိုက်ပွဲတွေဖြစ်တဲ့အခါ ပြည်သူတွေအားလုံးဒုက္ခရောက်တာမှန်ပေမယ့် မသန်စွမ်းသူတွေအတွက် ဘေးလွတ် ရာကိုတိမ်းရှောင် ခိုလှုံဖို့အစီအစဉ် တွေ၊သင့်လျော်တဲ့နေရာထိုင်ခင်းနေရာမျိုးတွေ ဖန်တီးပေးဖို့ မျှော်လင့်မိ တယ်လို့ ယင်းတို့ကဆိုပါတယ်။