လျှန်ကီခမ်း။ ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းမှုကို ဖီဆန်မှုပုံစံမျိုးစုံ၊ သပိတ်မျိုးစုံနဲ့ မြို့တိုင်းလိုလိုမှာ သုံးလ ကြာ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ကြပြီး ၂၀၂၁၊ မေလနောက်ပိုင်းမှာတော့ မြို့ပြတိုက်ပွဲတွေ မြို့တိုင်းလိုလို စတင်ပေါ် ပေါက်လာခဲ့ပါတယ်။
ထိုမြို့ပြတိုက်ပွဲတွေထဲ ကယားပြည်နယ်၊ ဒီမောဆိုးမြို့တို့အပြင် ရှမ်းကယားနယ်စပ် မိုးဗြဲမြို့၊ ဖယ်ခုံမြို့တို့မှာ ပြီးခဲ့တဲ့ ၂၀၂၁ ၊ မေ ၂၁ ကတည်းက စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်တွေအကြား အပြန်အလှန်ပစ်ခတ်ကြတာ ကြောင့် စစ်ရှောင်တစ်သိန်းကျော်နီးပါးအထိ ရှိခဲ့ပါတယ်။
၂၀၂၂၊ ဇန်နဝါရီလ အစောပိုင်းမှာတော့ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲ ဖြစ်တဲ့အခါ စစ်ကောင်စီတပ်ဖက်က တိုက်လေယာဉ်နဲ့ရဟတ်ယာဉ်တွေကို အသုံးပြုပြီး လွိုင်ကော်မြို့ကိုပါ ဗုံးကျဲတိုက်ခိုက် ခဲ့ပါတယ်။ ဇန်နဝါရီလ ၈ ရက်နေ့မှာပဲ စစ်ကောင်စီတပ်ဖက်က တိုက်လေယာဉ်နဲ့ခြောက်ကြိမ်၊ ရဟတ်ယာဉ်နဲ့ သုံးကြိမ်ထိ ပစ်ခတ်ခဲ့ပါတယ်။
လက်ရှိမှာ လွိုင်ကော်မြို့ အပါအဝင် ကယားပြည်နယ်၊ မြို့ခုနစ်ခုထဲက ဘောလခဲမြို့က လွဲ၍ ကျန်မြို့နယ်တွေမှာ ဒေသခံ ကာကွယ်ရေး လှုပ်ရှားဆောင်ရွက်မှုက ၉၀ ရာခိုင်နှုန်းထိ ရှိနေပါပြီ။ ကယားပြည်နယ်ဟာ မြို့နယ်ခုနစ်မြို့နယ်၊ ခရိုင်နှစ်ခုနဲ့ ဖွဲ့စည်းထားပြီး ပြည်နယ်တစ်ခုလုံး လူဦးရေလေးသိန်းကျော် ရှိပါတယ်။
စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်တို့ဟာ ပြည်နယ်တစ်ခုလုံးနီးပါးမှာ ပစ်ခတ်တာ၊ လှုပ်ရှားမှုတွေ ပြုလုပ်နေတာကြောင့် ဒေသခံအများစုဟာ ကြောက်လန့်တကြားနဲ့ နေရပ်ကိုစွန့်ခွာပြီး တောထဲတောင်ထဲ၊ တခြားမြို့ တစ်နေရာ စတဲ့ လုံခြုံတဲ့ နေရာအသီးသီးကို ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။
လူဦးရေ လေးသိန်းကျော်နီးပါးရှိတဲ့ ကယားပြည်နယ်ဟာ အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင် စစ်ရှောင်ဦးရေဟာ လူဦးရေ ထက်ဝက်ကျော်အထိ ရှိလာခဲ့ပါတယ်။ မြို့လုံးကျွတ်၊ ရွာလုံးကျွတ်နီးပါ ထွက်ပြေးတိမ်းရှောင်လာခဲ့တယ်လို့ ပြော ရင်လည်း မမှားပါဘူး။
ကယားပြည်နယ်ရှိ ဒေသခံပြည်သူအများစုဟာ နီးစပ်ရာမြို့တွေဖြစ်တဲ့ ရှမ်းပြည်နယ် တောင်ကြီး၊ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း၊ အင်းလေး၊ အောင်ပန်း၊ ညောင်ရွှေမြို့နယ်စတဲ့ နီးစပ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ တချို့သူတွေကလည်း တောင်ကြီးမှာ အိမ်ငှားနေထိုင်ကြပြီး တောင်ကြီးမြို့ရှိ ဒေသခံအိမ်ပိုင်ရှင်တစ်ချို့က အိမ်လခကို အဆမတန်တောင်းတာကြောင့် ဒုက္ခရောက်နေကြရတဲ့ သူတွေလည်း ရှိပါတယ်။
ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ပြီး နေစရာထိုင်အခင်းအတွက် ဗိုက်တစ်လုံးနဲ့တောင်ကြီးတစ်မြို့လုံး အိမ်ပတ်ရှာ ခဲ့ကာ နေထိုင်စရာမရှိဘဲ အခက်အခဲကြုံတွေ့နေရတဲ့အထဲ ကိုယ်ဝန်ခြောက်လလွယ်ထားတဲ့ မမိအေး(အမည်လွှဲ)တို့ လင်မယားလည်း ပါဝင်ပါတယ်။
မမိအေးဟာ လွိုင်ကော်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီအမြှောက်တပ် (အမှတ်-၂၆၁) နဲ့ နေအိမ်ကပ်ရပ်မှာ နေထိုင်တာပါ။ ဇန်နဝါရီ ၆ မှာ စစ်ကောင်စီတပ်က ကရင်နီအမျိုးသားကာကွယ်ရေးအဖွဲ့တွေကို အမြှောက်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ လက်နက်ကြီးအမြှောက်ပစ်တဲ့အခါတိုင်းမှာ ထွက်လာတဲ့ ဒုန်းဆိုတဲ့အသံဟာ မမိအေးတို့ နားစည်ကွဲထွက်မတတ်ပါပဲ။
တစ်ခါတစ်ခါ အမြှောက်က ထွက်လာတဲ့ မီးအလင်းရောင်ကလည်း အိမ်တစ်ခုလုံး လင်းထိန်သွားတော့တာပါပဲ။ ဒါတင် မကပါဘူး။ ဒုန်းဆိုတဲ့ အသံထွက်တာနဲ့ တစ်ဆက်တည်းမှာပဲ မြေပြင်ဟာ မြေငလျင်လှုပ်သွားသလို တုန်ခါနေပါတယ်။
လက်နက်ကြီးတွေနဲ့ ဟိုဖက်ဒီဖက် အပြန်အလှန် ပစ်ခတ်နေတာတွေကြောင့် အိမ်အနီးရှိ အမြောက်လက်နက်က အိမ်ကို မထိနိုင်ဘူးဆိုတာကို သိပေမယ့် ဟိုဖက်မှလာတဲ့ လက်နက်တွေက အိမ်ထိပြီး မီးလောင်သွားမှာလားဆိုတဲ့ သောကစိတ်၊ စိတ်ပူပန်မှုတွေကတော့ နေ့နေ့ညည စိုးရိမ်ခံစားနေရပါတယ်။
“ နေ့တိုင်း ညတိုင်းပစ်တယ်”လို့ မမိအေးက ဆိုပါတယ်။
နေ့တိုင်းညတိုင်း ပစ်နေတာကြောင့် သေနတ်သံ၊ ရဟတ်ယာဉ်နဲ့ လက်နက်ကြီးတွေ ပစ်ချတဲ့အသံတွေ ကြားတိုင်း ကိုယ်ဝန် တစ်ဖက်နဲ့ အိမ်အောက်မှာရှိတဲ့ မြေအောက်ခန်းကို ကြောက်ကြောက်နဲ့ ပြေးလိုက်လွှားလိုက်နဲ့ လုပ်နေရပါတယ်။ အဝေး ကြီးကို ပြေးရအောင်လည်း ကိုယ်ဝန်ကတစ်ဖက်မို့ ပြေးလည်းမပြေးနိုင်ခဲ့ဘူးလို့ မမိအေးက ဆိုပါတယ်။
သေနတ်သံတွေကို ကြားရပြီး ကြောက်စိတ်၊ စိုးရိမ်စိတ်တွေ သောကတွေနဲ့ ရင်တုန်ပန်းတုန် နေထိုင်နေရတာကြောင့် အစာစားချင်စိတ်မရှိသလို အိပ်မပျော်တဲ့ညတွေနဲ့ ဖြတ်သန်းနေရပါတယ်။ ဒီလိုအခြေအနေတွေဆိုးလာတာကြောင့် နောက်နေ့မနက်မှာတော့ မမိအေးတို့ ရပ်ကွက်သူကြီးက ဇန်နဝါရီလ ၁၅ ရက်နေ့ကို နောက်ဆုံးထားပြီး ဘေးလွတ်ရာကို အမြန်ဆုံး ထွက်သွားခိုင်းပါတယ်။
၁၅ရက်နေ့ နောက်ဆုံးထားပြီး ထွက်သွားရမှာဖြစ်တာကြောင့် မမိအေးဟာ တောင်ကြီးမှာရှိတဲ့အဒေါ်ကို နေထိုင်ဖို့ အိမ် တစ်လုံးငှားပေးဖို့ အကူညီတောင်းခဲ့ပါတယ်။ အဒေါ်ကလည်း ရှစ်သောင်းတန်အိမ်လေးတစ်လုံး ငှားပေးခဲ့ပါတယ်။
၈ ရက်နေ့မှာတော့ မမိအေးတို့ လင်မယားနှစ်ယောက်ကလည်း လိုအပ်တဲ့ပစ္စည်း၊ ဆေး၊ ရိက္ခာအနည်းငယ်၊ စောင်တို့ကို ကမန်းကတန်း ပြင်ဆင်ခဲ့ပြီး ၉ ရက်နေ့ မနက်ပိုင်းအစောမှာတော့ နေအိမ်၊ ဆိုင်ကယ်၊ အိမ်သုံးပစ္စည်းတွေ၊ အိုးအိမ် နေအိမ်ကို စွန့်လွှတ်ထားခဲ့ပြီး ကားနဲ့ ဆီဆိုင်လမ်းကနေ တောင်ကြီးကို ထွက်လာခဲ့ပါတယ်။
တောင်ကြီးကို တက်လာဖို့ နေအိမ်ကနေ စထွက်လာကတည်းက လမ်းတစ်လျှောက်မှာ တစ်ခုခုဖြစ်နေမှာလား။ တောင်ကြီး ကိုမရောက်ဘဲ လမ်းတစ်ဝက်မှာတင် လူမသိသူမသိပျောက်ဆုံးနေမှာလား။ “ လမ်းတစ်ဝက်မှာပဲ သေနတ်ထိနေမှာလား” စတဲ့ အတွေးပေါင်းစုံနဲ့ ရင်ထဲမှာ လေးလေးပင်ပင်ကြီး ဖြစ်နေပါတယ်။
လွိုင်ကော်ကနေထွက်လာပြီး ကယားပြည်နယ်နဲ့ ဆီဆိုင်မြို့နယ် နယ်စပ်ရောက်တဲ့အချိန်မှာတော့ ဘယ်ကားမှ အလွတ် မပေးဘဲ အကုန်စစ်ဆေးတဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ စစ်ဆေးခံခဲ့ရပါတယ်။ ထိုနေ့မှာ မမိအေးတို့လို စစ်ရှောင်ကြတဲ့ ပြည်သူများကလည်း လမ်းတစ်လျှောက်မှာအပြည့်ပါပဲ။ စစ်ဆေးခံဖို့ နာရီဝက်လောက်ကြာတဲ့အထိ စောင့်ဆိုင်းခဲ့ရပါတယ်။
စစ်ဆေးရေးဂိတ်မှာလည်း လက်နက်တကားကားနဲ့ ဝတ်စုံအပြည့်ဝတ်ထားတဲ့ စစ်သားတစ်ဦးက “ ဘယ်သွားမှာလဲ။ ဘယ်ကနေလာတာလဲ” ဆိုပြီး မေးမြန်းခဲ့ပါတယ်။
မမိအေးတို့လင်မယားကလည်း တောင်ကြီးကိုသွားမှာဖြစ်ကြောင်း ပြန်ဖြေခဲ့ပါတယ်။ ထိုအချိန်မှာ အဲဒီစစ်သားက မုန့်ဖိုး လေးပေးပါလားဆိုပြီး မမိအေးတို့ကို တောင်းလိုက်တာကြောင့် မမိအေးတို့ တစ်ထောင်ပေးခဲ့လိုက်ရတယ်လို့ ဆိုပါတယ်။ တစ်ထောင်ဆိုတာ မများဘူးသိနေပေမယ့် ဟိုတောင်းဒီတောင်းလုပ်တော့ အရမ်းကြောက်နေခဲ့ရတယ်လို့ ပြန်ပြောပါတယ်။
စစ်ဆေးရေးဂိတ်ကို ဖြတ်လာခဲ့ပြီး ဆီဆိုင်မြို့နယ်ဖက်ကို ရောက်လာတဲ့အချိန်မှပဲ မမိအေးဟာ “ငါဘေးကင်းပြီး ငါ အန္တရာယ်ကင်းပြီး ငါအသက်ရှင်ပြီ” တွေးကာ လေးပင်နေတဲ့ ရင်ထဲကအလုံးကြီး ကျသွားခဲ့တယ်လို့ ဆိုပါတယ်။
နေ့လယ်ပိုင်း ၁၂နာရီလောက်မှာတော့ မမိအေးတို့ လင်မယားနှစ်ယောက် တောင်ကြီးကို ရောက်ရှိလာခဲ့ပါတယ်။ တောင်ကြီးမှာ အဒေါ်ငှားပေးထားတဲ့ တစ်လရှစ်သောင်းတန်အိမ်ကို နေဖို့သွားခဲ့ပါတယ်။ အိမ်ပိုင်ရှင်နဲ့တွေ့ပြီး အိမ်စာချုပ် မယ်လို့လုပ်တဲ့အချိန်မှာ အိမ်ပိုင်ရှင်က တစ်လရှစ်သောင်းတန်းအိမ်ကို တစ်သိန်းခွဲထိ ဈေးတင်လိုက်ပါတယ်။
အိမ်လခက နှစ်ဆလောက် ထိုးတက်သွားတာကြောင့် မမိအေးတို့ လင်မယားနှစ်ယောက် မငှားနိုင်တော့ပါဘူး။ မမိအေးရဲ့ အဒေါ်အိမ်ရှေ့မှာ အထုပ်အပိုးတွေကိုချပြီး အွန်လိုင်းပေါ်မှာ ဈေးသက်သာတဲ့အိမ်ကို လိုက်ရှာနေခဲ့ပါတယ်။ ထိုရက်မှာ လည်း စစ်ရှောင်တွေအရမ်းများပြားပြီး အိမ်တွေလည်းလုငှားနေကြတာကြောင့် အိမ်လခတွေဟာလည်း သောင်းဂဏန်းနဲ့ ရတဲ့ အိမ်ဆိုတာ မရှိသလောက်ပါပဲ။
အွန်လိုင်းပေါ်မှာ အိမ်လိုက်ရှာရင်းနဲ့ တစ်လတစ်သိန်းကျော်တန် အိမ်တစ်လုံးကိုတွေ့ပြီး ငှားခဲ့ပါတယ်။ ထိုညမှာ မမိအေး ဗိုက်တစ်ဖက်နဲ့ သန့်ရှင်းရေးတွေလုပ်ပြီး မနက်ကျရင် စစ်ရှောင်နေရတဲ့ အဒေါ်တွေလည်း လာနေမှာဖြစ်ကြောင်း သွားပြော တဲ့အချိန်မှာတော့ အိမ်ဌားပိုင်ရှင်က အုပ်ချုပ်ရေးမှူးက ကိုဗစ်- ၁၉ ကူးစက်မှုကြောင့် ထပ်မလက်ခံဘူး ပြောတယ်လို့ ဆိုကာ မမိအေးတို့အဒေါ် လာနေမယ့်ကိစ္စကို လက်မခံခဲ့ပါဘူး။
မမိအေးကလည်း ကိုယ်ဝန်တစ်ဖက်နဲ့ လင်မယားနှစ်ယောက်တည်းရှိတာကြောင့် တစ်ခုခုဆို ဘာမှမလုပ်နိုင်တာ အခက်ခဲ ဖြစ်တာမျိုးတွေရှိလာမှာ စိုးရိမ်စိတ်တွေကြောင့် အဒေါ်ကိုခေါ်ထားချင်ခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူးက လက်မခံတာတွေ ရှိတာကြောင့် သူ့အတွက် အဆင်မပြေခဲ့ပါဘူး။
ထိုညမှာပဲ မမိအေးတစ်ညလုံးမအိပ်ဘဲ နောက်ထပ် အဆင်ပြေမယ့်နေရာကိုရဖို့ အွန်လိုင်းမှာ တွေ့သမျှ အိမ်ငှားတွေ၊ အခကြေးငွေမယူဘဲ အခမဲ့ပေးနေတာမျိုးတွေ အကုန်ဖုန်းဆက် လိုက်ချိတ်ကြည့်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ တောင်ကြီးမြို့ ပေါ်မှာပဲ အခမဲ့ပေးနေတဲ့နေရာတစ်ခုကို သွားတွေ့ခဲ့ပြီး ၁၀ ရက်နေ့မှာတော့ ထိုနေရာကို ပြန်ပြောင်းနေခဲ့ရပါတယ်။
မမိအေးတို့ စစပြောင်းတဲ့နေ့မှာ လင်မယားနှစ်ယောက်တည်းရှိပါတယ်။ သုံးရက်လောက် နေပြီးတဲ့အချိန်မှာတော့ မမိအေး တို့လိုပဲ စစ်ရှောင်တွေ ထပ်ရောက်လာခဲ့ပါတယ်။ လက်ရှိမှာတော့ မမိအေးတို့နေထိုင်ရာ စစ်ရှောင်စခန်းမှာ လူဦးရေ ၂၀ နီးပါး ရှိနေပါပြီ။ ရေလည်းရ မီးလည်းရတာကြောင့် နေထိုင်စားသောက်ရတာ အဆင်ပြေတယ်လို့ မမိအေးက ပြောပါတယ်။
ဇန်နဝါရီလ ၁၉ ရက်နေ့အထိ ဆီဆိုင်မြို့ထဲမှာရှိတဲ့ စစ်ရှောင်ဦးရေဟာ တစ်သောင်းကျော်ထိရှိနေပြီး ယနေ့အချိန်ထိ ထပ်ရောက်လာတဲ့သူတွေလည်း ရှိတယ်လို့ ဆီဆိုင်မြို့မှာနေထိုင်ပြီး စစ်ရှောင်တွေကို အဓိကကူညီပေးနေသူ ကိုကျော်ရွှေ က ဆိုပါတယ်။
ပင်လောင်းမြို့ထဲမှာလည်း လက်ရှိအချိန်ထိ စစ်ရှောင်ဦးရေဟာ သုံးထောင်ကျော်နီးပါးအထိ ရှိလာခဲ့တယ်လို့လည်း သိရ ပါတယ်။ ဆီဆိုင်မြို့နယ်ဟာ တခြားဒေသတွေထက် စစ်ရှောင်လူဦးရေပိုများတယ်လို့ပဲ ဆိုရမှာပါ။
ဇန်နဝါရီလအစောပိုင်းမှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် မမိအေး တို့လို ပြေးရင်းလွှားရင်းနဲ့ စစ်ရှောင်ကြရပြီး အခက်အခဲ ကြုံတွေ့ရတဲ့အထဲမှာ လွိုင်ကော်မြို့မှာ နေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် မမျှားလည်း ပါတယ်။
သူဟာ အမျိုးသားရယ် ခြောက်နှစ်အရွယ်သားလေးနဲ့အတူ ဘယ်နေရာကို သွားမယ်ဆိုတာတော့ ကြိုတင်စဉ်းစားထားတာ မရှိပေမယ့် ဇန်နဝါရီလ ၉ ရက်နေ့မှာတော့ မိသားစုသုံးယောက်စာရဲ့ အဝတ်အစားနည်းငယ်ကို ဆာလာအိတ်ထဲ ထည့်ထားပြီး မနက်ရောက်ရင် သေနတ်ကျည်ဆံတွေ ကြားထဲက လွတ်အောင်ဘယ်လို ပြေးရမလဲ။ ဘေးကင်းတဲ့နေရာ တွေဆီကို ရောက်နိုင်ပါ့မှာလားဆိုတဲ့ စိုးရိမ်စိတ်၊ သောကစိတ်တွေနဲ့ တစ်ညလုံးအိပ်မပျော်ခဲ့ပါဘူး။
မနက်မှာ မမျှားတို့ မိသားစုဟာ လွိုင်ကော်ကနေ ဆိုင်ကယ်နဲ့ ထွက်လာခဲ့ပါတယ်။ ဘယ်ကိုသွားရမယ်ဆိုတာ မသိပေမယ့် လွိုင်ကော်မြို့ကနေ မောင်းလာပြီး ညနေ သုံးနာရီကျော်လောက်မှာတော့ ဆီဆိုင်မြို့ရှိ ပအိုဝ်းကျေးရွာအနီးက တောထဲ တစ်နေရာကို ရောက်ရှိလာခဲ့ပါတယ်။
မှောင်ရီပျိုးစအချိန်လည်းရောက်နေတာကြောင့် ဘယ်ကိုသွားရမယ်ဆိုတာ မသိခဲ့ဘဲလမ်းပျောက်နေခဲ့ပါတယ်။ အဲဒီညမှာပဲ မိသားစုသုံးယောက်လုံး တောထဲမှာစားပြီး တောထဲမှာပဲ အိပ်ခဲ့ရပါတယ်။
ထိုညမှာပဲ လမ်းမှာဝယ်လာတဲ့ ထမင်းလေးနဲ့ မိသားစု ဗိုက်ဖြည့်ခဲ့ကြရသလို တောထဲမှာ စောင်ပါးပါးလေးနှစ်ထည်နဲ့ အိပ်ခဲ့ ရပါတယ်။ အရမ်းအေးတာကြောင့် သစ်ကိုင်းခြောက်တွေကို လိုက်ကောက်ပြီး မီးဖိုကာ အိပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
မနက် ၆ နာရီလောက်မှာတော့ မီးလှုံရင်း လင်မယားနှစ်ယောက် ဘယ်ကိုသွားကြမှာလဲ ဘယ်လိုလုပ်ကြမှာလဲဆိုပြီး တိုင်ပင်ဆွေးနွေးရင်း ပင်လောင်းမြို့မှာရှိတဲ့အမျိုးတစ်ဦးကို သွားသတိရခဲ့ပါတယ်။ မမျှားလည်း မီးပုံကနေထပြီး သစ်ကိုင်း ပေါ်မှာ ချိတ်ဆွဲထားတဲ့ လွယ်အိတ်ထဲက ဖုန်းကိုယူကာ အမျိုးကိုဖုန်းခေါ်ပြီး အကူညီတောင်းခဲ့ပါတယ်။
ပင်လောင်းမြို့မှာရှိတဲ့ အမျိုးကလည်းမမျှားတို့မိသားစုကို စိတ်ပူတဲ့လေသံနဲ့ မြန်မြန်လာခဲ့ရန်ပြောပြီး ကူညီလက်ခံခဲ့ပါ တယ်။ အဲဒီနေ့မှာပဲ မမျှားတို့ပစ္စည်းတွေထည့်ပြီး မိသားစုသုံးယောက် ဆိုင်ကယ်နဲ့ပင်လောင်းမြို့ကို ခရီးနှင်ခဲ့ပါတယ်။
လက်ရှိမှာ မမျှားတို့ဟာ အမျိုးအိမ်ဘေးမှာ တဲလေးထိုးပြီး နေထိုင်နေကြပါတယ်။ ပြီးခဲ့တဲ့ရက်တွေမှာလဲ အလှူရှင်တွေက ဆန်၊ ဆီ၊ ဆား၊ ဖရုံသီးတွေ လာလှူထားတော့ “အရမ်းဝမ်းသာတယ် ပျော်မိတယ် ” လို့ ဆိုပါတယ်။
မမျှားကတော့ ဒီလိုစစ်ရှောင်နေနေရတာကို စိတ်ညစ်နေပြီး“ ငြိမ်းချမ်းရေးရချင်တယ်။ ကောင်းကောင်းမွန်မွန်နေချင်တယ်။ ဟိုပြေးဒီပြေးမလုပ်ချင်ဘူး”လို့ သူ့ဆန္ဒကို ဖွင့်ဟပါတယ်။
ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်အများစုဟာ စောင်၊ အခင်း၊ မိုးကာ၊ ဆန်၊ ဆီ၊ ဆား စတဲ့ စားသောက်ကုန်တွေ လိုအပ်နေ သေးကြောင်းနဲ့ ကလေးတွေအတွက် အားဆေး၊ အနွေးထည်တွေ၊ ဒိုက်ဘာ၊ နို့မှုန့်တွေလည်း လိုအပ်နေသေးတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေတဲ့ ကိုကျော်ရွှေက ဆိုပါတယ်။
ဒါ့အပြင် ပင်လောင်းမြို့နယ်မှာ ရာသီဥတုအရမ်းအေးလာတာကြောင့် စစ်ရှောင်သုံးထောင်ကျော်အတွက် စောင်၊ အနွေး ထည်တွေ အင်မတန် လိုအပ်နေကြောင်း စစ်ရှောင်အရေးကူညီနေသူတွေက ဆိုပါတယ်။
ဘုန်းကြီးကျောင်းမှာလည်း စစ်ရှောင်ကလေးတွေကို ကျောင်းပညာရေးနဲ့ မဝေးအောင် KG တန်းကနေ သတ္တမတန်းထိ စာသင်ပေးတာမျိုးတွေ ပြုလုပ်ပေးနေတာကြောင့် စာသင်ပေးမယ့် ဆရာ/ဆရာမနှစ်ဦး လိုအပ်နေသေးတယ်လို့ ကိုကျော် ရွှေကပြောပါတယ်။
ရှမ်း-ကယား နယ်စပ်ဖြစ်တဲ့ မိုးဗြဲမှာနေထိုင်တဲ့ မဇာဦးဆိုရင် စစ်ရှောင်ရင်း ဒုက္ခပေါင်းစုံနဲ့ကြုံတွေ့ရကာ အမွှာကလေးကိုပါ တောထဲမှာ မွေးခဲ့ရတယ်လို့ ဆိုပါတယ်။
မဇာဦးတို့ ရပ်ကွက်တွင်းမှာအပြန်လှန်ပစ်ခတ်တာ၊ လက်နက်ကြီးကျတာ၊ သေနတ်သံတွေ နေ့တိုင်းလိုလို ကြားနေရတာ တွေကြောင့် ဘုရားကျောင်းတွေမှာ သွားနေခဲ့ပါသေးတယ်။
ဘုရားကျောင်းတွေကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ချတာတွေ လုပ်နေတာကြောင့် လက်နက်ထိမှန်မှာ စိုးရိမ်ပြီး ဇန်နဝါရီလ ၈ ရက်နေ့ မတိုင်ခင် နေအိမ်ကိုစွန့်ခွာကာ ဆီဆိုင်မြို့ဖက်ကို ထွက်လာခဲ့ပါတယ်။ ထွက်သွားတဲ့အချိန်မှာလည်း မဇာဦးဟာ မွေးခါနီး ဖွားခါနီးဖြစ်တဲ့ ကိုးလသား အမွှာကိုယ်ဝန်ကို လွယ်ထားတာပါ။
ထိုထွက်သွားတဲ့ရက်မှာပဲ ရိက္ခာအနည်းငယ်၊ စောင်၊ ကလေးအနှီးတို့ကို ကားနဲ့ထည့်လာခဲ့ပြီး မဇာဦးတို့ လင်မယား နှစ်ယောက်ကတော့ ဆိုင်ကယ်နဲ့ လေးနာရီကျော်ကျော် မောင်းလာခဲ့ရာ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါဝ်ကျေးရွာ အရှေ့ဖက်ရှိ တောထဲကို ရောက်ခဲ့ပါတယ်။ တောထဲမှာတဲလေးထိုးပြီး အဆင်ပြေသလို နေထိုင်ခဲ့ပါတယ်။
ဇန်နဝါရီ ၂ ရက်မှာတော့ မဇာဦးဟာ ဆီဆိုင်မြို့မှာရှိတဲ့ အသိသားဖွားဆရာမအကူညီနဲ့ အမွှာသားလေးနှစ်ယောက်ကို အောင်အောင်မြင်မြင်နဲ့ တောထဲမှာပဲ မွေးဖွားနိုင်ခဲ့ပါတယ်။
မဇာဦးဟာ ကိုယ်ဝန်ဆောင်စဉ်ကာလမှာလည်း ဓာတ်မှန်လည်းမရိုက်ခဲ့ရတာကြောင့် ကလေးကိုတစ်ဦးလို့ပဲထင်ပြီး ကလေးအနှီးကို တစ်ယောက်စာပဲ ပြင်ဆင်လာခဲ့ပါတယ်။ မွေးဖွားလာတဲ့အချိန်မှာတော့ အမွှာလေးနှစ်ယောက် မွေးတာ ကြောင့် ကလေးအနှီးမလောက်တဲ့ အခက်အခဲကို ကြုံတွေ့ခဲ့ရပါတယ်။
“ လောက်တော့ မလောက်ဘူးပေါ့။ ပေသွားတဲ့အနှီးကိုလျော်လိုက် ခြောက်ရင်ပြန်လဲပေးလိုက် လုပ်ပေးရတာပေါ့”လို့ မဇာဦးက ဆိုပါတယ်။
ကလေးမွေးပြီး ထိုစစ်ရှောင်စခန်းမှာ တစ်ရက်လောက်နေပြီး ကလေးက ပေါင်မပြည့်တာကြောင့် ဆီဆိုင်မြို့ရှိဆေးရုံမှာ တစ်ပတ်လောက် တက်ခဲ့ရပါတယ်။ ကလေးနည်းနည်းပြည့်လာတဲ့အချိန်မှာတော့ မဇာဦးတို့ အစ်မတွေရှိရာ ဆီဆိုင်မြို့ နယ်ရှိ၊ ဘုရားဖြူရွာ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်တွေစုပြီး နေထိုင်သည်မှာ ယခုအချိန်ထိပါပဲ။
ဒါပေမယ့် ဇန်နဝါရီလ ၁၈ ရက်နေ့တုန်းက သားလေးအကြီးတစ်ယောက်က အနှီးထုပ်ပေးရင်းနဲ့ ခြေထောက်ကို တင်းကြပ် အောင် ထုပ်လိုက်မိတာကြောင့် ညာဖက်ခြေထောက်ရောင်ပြီး ဆေးရုံတက်လိုက်ရပါသေးတယ်။ လက်ရှိအချိန် မသက်သာ သေးတာကြောင့် ဆေးရုံကနေမဆင်းရသေးဘူးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ မဇာဦးတို့ စစ်ရှောင်နေတဲ့နေရာမှာတော့ အလှူရှင်တွေက ဆန်၊ ဆီ၊ ဆား၊ အသီးအရွက်တွေနှင့် တစ်ကိုယ်ရေသုံးပစ္စည်းတွေကို လာလှူထားတဲ့အပြင် ကလေးအတွက် နို့မှုန့်နဲ့ ဒိုက်ဘာတွေလည်း လာလှူထားတာကြောင့် တောထဲမှာ နေတာထက်စာရင် အဆင်ပြေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ရှောင်နေရတဲ့အတွက် ကိုယ့်အိမ်မှာ နေရသလိုတော့ အဆင်ပြေပြေမနေရတာကြောင့် အခြားစစ်ရှောင်တွေ နည်းတူ မဇာဦးမှာလည်း ဖြစ်ချင်တဲ့ဆန္ဒတစ်ခုရှိတယ်လို့ သူက ယခုလိုဖွင့်ဟပါတယ်။
“ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဒေသမှာပဲ အေးအေးချမ်းချမ်းနဲ့ အလုပ်လေးလုပ်ချင်တယ်”