ရှင်ငြိမ်း။ ။
“ ကျမတို့နေအိမ်တွေကို မီးရှို့လိုက်တာက ကျမတို့ရင်ထဲက စစ်တပ်ကိုမုန်းတီးနာကျဉ်းနေတဲ့ မီးစလာရှို့ပေးလိုက်တာပဲ။ ဘယ်လိုအခက်အခဲပဲကြုံကြုံ စစ်တပ်ကိုချေမှုန်းနိုင်ဖို့ဆို ဘာပဲဖြစ်ဖြစ်ရင်ဆိုင်သွားမယ်”လို့ ပြောနေတဲ့စကားလက်ရဲ့ မျက်ဝန်းမှာ ဒေါသခိုးတွေဝေသီနေပါတယ်။
အောက်တိုဘာ ၂၉ ရက်က စကားလက်နေထိုင်တဲ့ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ကို အာဏာသိမ်း စစ်တပ်က စီးနင်းတိုက်ခိုက်ခဲ့ပြီး နေအိမ်တွေကို မီးရှို့ဖျက်စီးခဲ့တဲ့အတွက် စကားလက်တို့မိသားစုအပါအဝင် တစ်မြို့လုံး နီးပါး စစ်ဘေးရှောင်ဘဝရောက်ခဲ့ရလို့ပါ။
အာဏာသိမ်းစစ်တပ်ရဲ့ရည်ရွယ်ချက်က သူတို့ကိုရိုးရာတူမီးလက်နက်တွေနဲ့ ပုန်ကန်နေတဲ့ ချင်းလူမျိုးတွေကို ငြိမ်ဝပ် သွားအောင်၊ ကြောက်သွားအောင် စစ်လေယာဉ်တွေ၊ လက်နက်ကြီးတွေသုံးပြီး အခုလိုမီးရှို့တိုက်ခိုက်တာလို့ ဒေသခံတွေ က သုံးသပ်နေပါတယ်။
အနှစ်နှစ်အလလက ခက်ခက်ခဲခဲနဲ့တည်ဆောက်ထားတဲ့ထန်တလန်မြို့က နေအိမ်လေးတွေဟာ စစ်တပ်ရဲ့လက်ချက်နဲ့ တစ်နေ့ထဲပြာပုံဘဝရောက်သွားရပေမယ့် ဒေသခံတွေရဲ့စိတ်ထဲမှာကြောက်ရွံ့ခြင်းအလျင်းမရှိဘဲ မခံချင်တဲ့အားမာန်တွေနဲ့ သာ ပြည့်နှက်လို့နေပါတယ်။
စကားလက်က “စစ်တပ်ကကြောက်အောင်လုပ်နေပေမယ့် ကျမတို့ထန်တလန်ပြည်သူရဲ့မုန်းတီးနာကျည်းချက်ကြောင့် ကြောက်မှာမဟုတ်ဘူး။ အားမတန်လို့ မာန်လျော့လိုက်တာအရှုံးပေးတာမှမဟုတ်တာ။ အခွင့်အရေးရရင် ပြန်တိုက်ကြ မှာ”လို့ ပြောပါတယ်။
အသက် ၂၃ နှစ်သာရှိသေးတဲ့စကားလက်ဟာ ဖခင်မရှိဘဲ အမေ၊ အဘွားတို့လက်ပေါ်မှာကြီးပြင်းခဲ့ရပြီး မိသားစုမများတဲ့ အတွက် သူ့မှာပူပန်စရာရယ်လို့လည်း အထူးအထွေမရှိခဲ့ပါဘူး။ သူဟာ ပိုးဟပ်၊ ခြင်၊ ယင်အကောင်လေးတွေတောင် မသတ်ရဲတဲ့အထိ နူညံ့တဲ့စိတ်ထားရှိသူလည်း ဖြစ်တယ်။
အခုလိုအပူအပင်ကင်းကင်းနဲ့နေထိုင်ရာကနေ ရုတ်တရက်အိုးမဲ့အိမ်မဲ့ဖြစ်သွားကာ ငွေကြေးကအစ အရာအားလုံးဆုံးရှုံး သွားရပြီး စစ်ရှောင်အဖြစ်နဲ့ ခက်ခဲပင်ပန်းစွာနေထိုင်ရတဲ့အပေါ်မှာ စကားလက်တယောက် မယုံနိုင်အောင် ဖြစ်နေရပါ တယ်။
“ မီးလောင်ပြီး အကုန်ပါသွားတော့ ခဏလေးအတွင်းမှာ ကျမတို့မိသားစုတွေ ဒုက္ခတွင်းထဲထိုးကျသွားတယ်။ ကျမဆုံးရှုံး ရတာတွေမှတ်ထားတယ်။ ဘယ်တော့မှမကျေဘူး။ အခွင့်အရေးရရင် ပြန်ချေမှာ”လို့ ပြောနေတဲ့စကားလက်ရဲ့အသံက ဒေါသကြောင့် တုန်ရီနေတယ်။
ဒီမီးလောင်မှုဓါတ်ပုံတွေဟာ လူမူကွန်ရက်စာမျက်နှာပေါ်ပျံ့န့ှံလာသလို ချင်းပြည်နယ်အခြေစိုက်သတင်းဌာနတွေ အပါ အဝင် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာတော်တော်များများမှာ ဖော်ပြခဲ့ကြကာ အဲ့ဒီနေ့ဟာ ထန်တလန်ဒေသခံတွေသာ မက နိုင်ငံတစ်ဝန်းကပြည်သူတွေအတွက်ပါ မမေ့နိုင်တဲ့နေ့တစ်နေ့ဖြစ်ခဲ့ရတယ်။
ထန်တလန်-(CDF)က“အဲ့ဒီနေ့က စစ်သားနှစ်ယောက် အိမ်တွေထဲဝင်ရောက်ဖျက်စီးနေချိန်မှာ CDF အဖွဲ့တွေလည်းရှိနေ တော့အပြန်အလှန်ပစ်ခတ်ရင်း စစ်သားတစ်ယောက်သေသွားတယ်။ အဲ့ကနေစပြီး သူတို့ကရော့ကတ်နဲ့ စပစ်လို့ မီးလောင် ရာကနေ နောက်ထပ်နေရာငါးခုကို တမင်တကာမီးရှို့ခဲ့တာ”လို့ ရှင်းပြပါတယ်။
ဒါနဲ့ပတ်သက်လို့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဆာဆာကလည်း စစ်အာဏာရှင်ကြောက် မက်ဖွယ်ကောင်း တဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို အဆုံးသတ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းတွေထံမှ ထိရောက်တဲ့အရေးယူ ဆောင်ရွက်မှုကို ချက်ချင်းလိုအပ်နေပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီလိုရက်စက်ကြမ်းကြုတ်မှုဆက်ပြီးဖြစ်ပွားနေရင် အပြစ်မဲ့အရပ်သားတွေ မလိုအပ်ဘဲ အသက်ဆုံးရှုံးတာပိုများလာပြီး နိုင်ငံ တကာအသိုင်းအဝိုင်းက ဝင်ရောက်စွက်ဖက်မှုနဲ့ ကူညီထောက်ပံ့မှုမပြုရင် လူသတ်အာဏာရှင်အုပ်စိုးမှုကြောင့် ချင်းပြည် နယ်မှစတင်တဲ့မီးစက တိုင်းပြည်တစ်ခုလုံးကို ပြာကျစေမယ်လို့လည်း သူကထောက်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် ဒေသခံသုံးသောင်းခွဲလောက်ဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲသို့ ဝင်ရောက်ခိုလှုံသွားခဲ့ရပြီး ကျန်တဲ့ဒေသခံတစ်သောင်းကျော်ဟာတောတောင်တွေထဲမှာနေကြရပါတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ စားရင်းတွေမှာ ဖော်ပြထားပါတယ်။
ထန်တလန်မြို့သူ၊ မြို့သားတွေဟာ စစ်အာဏာမသိမ်းမီက မြို့ရဲ့အဝင်ဝဆိုင်းဘုတ်လေးမှာရေးထားတဲ့“မချမ်းသာသော် လည်း ပျော်ပါသည်”ဆိုတဲ့အတိုင်း ငြိမ်းချမ်းပျော်ရွင်စွာနေထိုင်ရမှုကိုလိုလားတဲ့မြို့ငယ်လေးဖြစ်တယ်။
ဟားခါးမြို့အနောက်ဘက်ခြမ်း ကျေးရွာအုပ်စု ၃၈ ခုကို သီးခြားထန်တလန်မြို့နယ်အဖြစ် ၁၉၇၂ ခုနှစ်က သတ်မှတ် ဖွဲ့စည်းခဲ့ ပြီးအခုအခါရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၃၆ စုနဲ့ ကျေးရွာပေါင်း ၅၀ ကျော်ဖြင့်တိုးချဲ့ဖွဲ့စည်းထားပါတယ်။
မြို့တည်နှစ်သက်တမ်း ၅၀ နီးပါးသာရှိသေးတဲ့ထန်တလန်မြို့မှာရှိတဲ့နေအိမ်တွေဟာ ဆောက်လုပ်ထားတာမကြာသေး တဲ့ တိုက်တာအဆောက်အဦးအသစ်တွေ အများအပြားတည်ရှိနေတဲ့မြို့အဖြစ် ဓါတ်ပုံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။
ဒီတိုက်အိမ်အသစ်လေးတွေကို အကြမ်းဖက်စစ်တပ်ရဲ့ရှို့မီးက တစ်လုံးပြီးတစ်လုံးဝါးမြိုသွားတာကို လုံခြုံရေးအခြေအနေ အရ ဘာမှမလုပ်နိုင်ခဲ့တဲ့အပေါ်မှာလည်း ဒေသခံတွေအနေနဲ့ များစွာစိတ်မကောင်းဖြစ်နေကြရပါတယ်။
လူမူကွန်ရက်ပေါ်မှာ ထန်တလန်ဒေသခံတစ်ယောက်က “ထန်တလန်ကအိမ်ကို ၂၀၀၂ ခုနှစ်က ဘုရားသခင်ကပေးခဲ့ပြီး ၂၀၂၁ ခုနှစ်မှာပြန်ယူသွားခဲ့ပြီ။ နှစ် ၂၀နီးပါးငှားရမ်းပေးတဲ့အတွက်ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်”လို့ ရေးသားထား ပါတယ်။
စစ်ဘေးရှောင်လာရတဲ့ထန်တလန်ပြည်သူတွေဟာ ရုတ်တရက်ပြေးလာရတဲ့အတွက် ဘာတစ်ခုမှပါမလာဘဲ နေအိမ်အပြင် စုဆောင်းထားတဲ့ငွေကြေးပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေပါ ဆုံးရှုံးခဲ့ကြရပါတယ်။
နေအိမ်မီးလောင်ကျွမ်းခံရတဲ့အိမ်ပိုင်ရှင် မိုင်သီတာဝေက“မီးကအရမ်းကြီး၊ လောင်တာလည်း အရမ်းမြန်တော့ အရေးကြီး တာတွေတောင်မယူနိုင်ခဲ့ဘူး။ အဝတ်တစ်ထည်ကိုယ်တစ်ခုပဲ။ ပြေးဆိုလို့သာ ပြေးကြရတာ တကယ်တော့ဘယ်ပြေးရမှန်း တောင်မသိဘူး။ လူအုပ်စုကြီးသွားတဲ့နောက်လိုက်လာခဲ့တာ”လို့ ရှင်းပြပါတယ်။
မိုင်သီတာဝေမှာ မိဘနှစ်ပါးအပါအဝင်စုစုပေါင်း မိသားစုရှစ်ယောက်ရှိပြီး ၁၀ နှစ်အောက်ကလေး သုံးယောက်လည်း ပါ ဝင်လို့စစ်ပြေးရတဲ့အခါမှာ ခက်ခဲပင်ပန်းရသလို မိသားစုများတဲ့အတွက် စစ်ရှောင်အဖြစ်နဲ့နေထိုင်စားသောက်ရမှာလည်း အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။
နေ့စားအလုပ်သမားတွေဖြစ်တဲ့မိုင်သီတာဝေတို့အနေနဲ့ မရှိတဲ့ကြားကခက်ခဲစွာဆောက်ထားရတဲ့အိမ်လေး မီးလောင်ပျက် စီးသွားရတဲ့အပေါ်မှာ များစွာစိတ်မကောင်းဖြစ်နေပါတယ်။
အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ မိုင်သီတာဝေက“ကလေးငယ်တွေတစ်ဖက်၊ မိဘတွေတစ်ဖက်တွဲပြီး တောင်တွေကိုဖြတ်ကျော် သွားရတာ့ ခရီးကတော်တော်နဲ့ မရောက်တော့ဘူး။ ရှေ့လူတွေလည်း မျက်ခြေမပြတ်အောင်လျှောက်ရတော့ ကိုယ့်အိမ် လေးမီးလောင်တာတောင်လှည့်မကြည့်နိုင်ခဲ့ဘူး”လို့ နှမြောတသစွာ ဆိုပါတယ်။
ဒါ့အပြင် စစ်ရှောင်လာသူတွေထဲက အမျိုးသမီးအများစုဟာ လက်ဗလာနဲ့ပြေးလာခဲ့ရတာမို့ ဒီအမျိုးသမီးတွေအတွက် တစ်ကိုယ်ရေအခက်အခဲ၊ လိုအပ်ချက်တွေကြောင့် စိတ်ပင်ပန်းမှုတော့ရှိတယ်လို့လည်း သူကဆိုပါတယ်။
မိုင်သီတာဝေအနေနဲ့ လက်ရှိစစ်တပ်ရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး တန်ပြန်ဖို့သူတတ်နိုင်တဲ့နေရာ၊ သူလုပ်နိုင်တဲ့အင် အားနဲ့ လုပ်အားပေးချင်တယ်လို့ အားတက်သရော အခုလိုပြောပါတယ်။
“ချင်းပြည်နယ်က ဆက်သွယ်ရေးခက်တော့ မြို့နဲ့တောကအလှမ်းဝေးတယ်။ ဘာမှမသိရဘူး။ ကျမတို့ကိုယ့်ဘာသာအေး အေးချမ်းချမ်းနေတယ်။ စစ်တပ်ခဏခဏကျမတို့ရွာတွေဝင်လာပြီး အကြောင်းမဲ့နှိပ်စက်တတ်တယ်။ ဒါကိုကျမ မခံနိုင်နေတာ ကြာပြီလေ။ ဒါကြောင့်ကျမလုပ်လို့ရမယ်ဆို ဘယ်နေရာကနေဖြစ်ဖြစ်ဝင်ကူပေးချင်တယ်”
မိုင်သီတာဝေဟာ ထန်တလန်မှာလုပ်တဲ့စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးသပိတ်စစ်ကြောင်းတွေမှာလည်း အလုပ်ပျက်ခံပြီး တစ်ဖက်တစ်လမ်းက ပါဝင်ပေးခဲ့တဲ့သူတစ်ယောက်ပါ။
နိုင်ငံတဝန်းကပြည်သူတွေဟာ ကိုဗစ်ကပ်ရောဂါဆိုးကိုတစ်နှစ်နီးပါးခံစားလာရပြီးတဲ့နောက်မှာတော့ ဖြေလျော့မှုတွေ ကြောင့် လုပ်ငန်းတာဝန်တွေပြန်လည်ထမ်းဆောင်ဖို့မျှော်လင့်နေတဲ့အချိန်မှာ စစ်တပ်က အာဏာသိမ်းလိုက်တာဖြစ်တယ်။
စစ်အာဏာသိမ်းလိုက်တော့ မြို့ပြကျေးရွာမကျန်ပြည်သူတွေဟာ စစ်အာဏာရှင်ကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်ရာမှာ ထန်တလန်မြို့ပြည်သူတွေလည်း ဖေဖော်ဝါရီ ၈ ရက်မှာ စတင်လှုပ်ရှားပါဝင်ခဲ့တယ်။
ဒီလှုပ်ရှားမှုမှာ စကားလက်အပါအဝင် ထန်တလန်ပြည်သူပြည်သားတွေဟာ တက်ကြွစွာပါဝင်ခဲ့ကြတယ်။ ဒီအချိန်မှာပဲ အာဏာသိမ်းစစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ကျဉ်အစစ်သုံးကာပစ်ခတ်ဖြိုခွင်းမှုစတင်ခဲ့တယ်။
နောက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်ဟာ ပြည်သူတွေအပေါ်ရန်ငြိုးထားကာ ဖမ်းဆီးသတ်ဖြတ်တဲ့အထိ ရက်စက်ကြမ်း ကြုတ်လာပြီး တောင်ပေါ်ဒေသတွေပါမကျန် စစ်အင်အားတွေသုံးကာဖိနှိပ်တိုက်ခိုက်လာပါတယ်။
ချင်းပြည်သူတွေကတော့ ဒီလိုတိုက်ခိုက်မှုတွေကို သူတို့ရဲ့လက်စွဲတူမီးသေနတ်တွေနဲ့ ခုခံတော်လှန်ရာမှစပြီး တစ်နိုင်ငံလုံး မှာ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေစတင်ပေါ်ပေါက်လာဖို့လမ်းကြောင်းဖြစ်လာခဲ့တယ်။
ဒီနောက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်ဟာ တိုက်ခိုက်မှုအင်အားကောင်းတဲ့ ချင်း၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်း၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတွေမှာ စစ်အင်အားတွေတိုးချဲ့လာပြီး PDF တွေကို အပြီးတိုင်ချေမှုန်းပစ်ဖို့ကြိုးစားလာပါတယ်။
ချင်းပြည်နယ်မှာတော့ စစ်တပ်က ဟားခါး၊ ဖလမ်း၊ ထန်တလန်နဲ့ မင်းတပ်မြို့နယ်တွေကို စစ်လေယာဉ်တွေသုံးပြီး တိုက် ခိုက်ချေမှုန်းတာကြောင့် ထိုဒေသခံတွေဟာ စစ်ရှောင်တွေဖြစ်လာခဲ့ကြတယ်။
ထန်တလန်-(CDF)နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား သြဂုတ်လ ၂၅ ရက်မှာ တိုက်ပွဲတွေဖြစ်လာရာ စစ်တပ်ဘက်က အကျ အဆုံးများရှိလာတဲ့အပေါ်မှာ ထန်တလန်ဟာ စစ်တပ်ရဲ့ပစ်မှတ်ဖြစ်သွားရတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့မှတ်တမ်းတွေအရ ထန်တလန်မှာ ဖေဖော်ဝါရီ ၁ ရက်၊ စစ်အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး ယနေ့( နိုဝင်ဘာ ၁၂ ရက်)အထိ စစ်တပ်ရဲ့လက်ချက်နဲ့ ဘုရားရှိခိုးကျောင်း နှစ်ကျောင်းနဲ့ ခရစ်ယာန်နှစ်ခြင်းအသင်းရုံးချုပ် အပါအဝင် အိမ်ခြေ ၂၃၀ ကျော် ပျက်စီးဆုံးရှုံးထားပါတယ်။
ဒါနဲ့ပတ်သက်လို့ ထန်တလန်-(CDF)ကတော့ စစ်တပ်ဟာ အခုမှထန်တလန်ကို အကြမ်းဖက်တာမဟုတ်ဘဲ ယခင်ကတည်း က ဒေသခံတွေအပေါ်မှာလက်နက်အားကိုးနဲ့အနိုင်ကျင့်စော်ကားတာတွေရှိခဲ့တယ်လို့ အခုလိုပြောပြပါတယ်။
“ချင်းပြည်နယ်မှာဆိုရင် ထန်တလန်က အခက်အခဲဆုံးနေရာပေါ့။ စစ်တပ်ကို လူထုအနာဆုံးနေရာပါ။ စစ်တော့မဖြစ်ခဲ့ဘူး။ ဒါမဲ့၁၉၉ဝနဲ့ ၂၀၁၀ ကြားမှာ စစ်တပ်က ထန်တလန်ပြည်သူတွေကိုပေါ်တာဆွဲတာ၊ အိမ်ထဲ ရှာဖွေယူသွားလို့စိတ်နာနေခဲ့ တာ။ စစ်တပ်ကို ချေမှုန်းနိုင်ဖို့ ဘာမဆိုရင်ဆိုင်မယ်”
လက်ရှိအချိန်အထိ အာဏာသိမ်းစစ်တပ်နဲ့ ထန်တလန်-CDFတို့ တိုက်ပွဲတွေမကြာခဏဖြစ်နေပြီး CDFအနေနဲ့ မြို့တွင်းမှာ တပ်စွဲထားတဲ့စစ်တပ်ကို ချေမှုန်းပြီး သူတို့မြို့ကိုပြန်လည်သိမ်းယူဖို့ ဆန္ဒပြင်းပြနေကြပါတယ်။
သူတို့တွေအနေနဲ့ တစ်ဖက်မှာစစ်တပ်ကိုတော်လှန်နေရသလို တစ်ဖက်မှာလည်း စစ်ရှောင်တွေရဲ့စားဝတ်နေရေး၊ ကျန်းမာ ရေးကအစ အဖက်ဖက်ကနေတတ်နိုင်သရွေ့လုပ်ဆောင်ပေးနေရတာတွေလည်း ရှိပါသေးတယ်။
ထန်တလန်မြို့လေးမီးလောင်တော့ ပြည်တွင်းသာမက ပြည်ပရောက်သူတွေပါမကျန် အဖက်ဖက်ကနေ ထောက်ပံ့ကူညီ မှုတွေပေးနေပေမယ့် အချိန်ကြာလာတဲ့အခါမှာပြတ်လပ်မှုရှိမှာစိုးရိမ်တဲ့အတွက် အစစအရာရာချွေတာသုံးစွဲ နေထိုင်ကြရ တယ်။
စကားလက်ကလည်း“မီးလောင်တော့ ရုတ်တရက်ပြေးရတာ ဘာမှပါမလာဘူး။ ရာသီဥတုကလည်းအေးလာပြီဆိုတော့ စောင်တွေ၊ အနွေးထည် တွေလိုလာပြီ။ လူကတအားများနေတော့ နေစရာလည်းမလောက်ဘူး။ စားစရာလည်း တစ်ပတ် စာပဲ ရှိတော့တယ်”လို့ လက်ရှိအခြေအနေကို ရှင်းပြပါတယ်။
စစ်ရှောင်တွေဟာ တောထဲမှာ ဖြစ်သလိုယာယီတဲတွေထိုးပြီးနေထိုင်ရတာကြောင့် မိုးရွာတော့လည်း မိုးရေထဲနေရသလို ဆောင်းရောက်တော့လည်း အအေးလွန်ကဲမှုဒဏ်ကို ခံစားနေကြရပါတယ်။
စစ်တပ်ရဲ့တင်းကျပ်မှုတွေကြောင့် ပြည်မကနေလာမယ့် စားစရာတွေ၊ ဆေးဝါးတွေကအစ ရောက်မလာတာ လနဲ့ချီကြာ ပြီဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေရဲ့ကျန်းမာရေးကို ချင်းလူ့အခွင့်အရေးအဖွဲ့က စိုးရိမ်လို့နေပါတယ်။
သူတို့ကတော့ အာဏာသိမ်းစစ်တပ်က ထန်တလန်ကို ဖြတ်လေးဖြတ်လုပ်ထားပေမယ့် စစ်ရှောင်တွေရဲ့ လိုအပ်ချက်တွေ ကို အတတ်နိုင်ဆုံးဖြည့်ပေးနိုင်အောင် ကြိုးစားနေတယ်လို့ဆိုပါတယ်။
ပုံမှန်အခြေအနေမှာဆိုရင် ချင်းပြည်နယ်အတွက် စားသောက်ကုန်၊ လူသုံးကုန်စတဲ့ပစ္စည်းတွေ ရန်ကုန်၊ မန္တလေးစတဲ့မြို့ ကြီးတွေကနေ ဝယ်ယူသုံးစွဲပြီး တင်ပို့ရမှာလည်း လမ်းခရီးက အလွန်ဆုံးနှစ်ရက်သာကြာပါတယ်။ အခုက အာဏာသိမ်း စစ်တပ်က ပိတ်ဆို့တားဆီးမှုတွေကြောင့် လမ်းခရီးကြန့်ကြာနေလို့ ရိက္ခာတွေပြတ်လပ်နိုင်ဖွယ်ရှိနေတာ ဖြစ်တယ်။
ဒါ့ကြောင့် စကားလက်က သူနဲ့ဘဝတူစစ်ရှောင်တွေကို အားတင်းထားဖို့နဲ့ သတ္တိိရှိကြဖို့ကို ယခုလိုပြောလိုက်ပါတယ်။
“ စစ်တပ်လောက်မုန်းတီးနာကျည်းစရာ ငါတို့မှာမရှိဘူး။ ဒါကြောင့်ငါတို့ဘယ်လိုအခက်အခဲကြုံရ၊ ကြုံရအားမလျော့ကြနဲ့။ ငါတို့မြို့လေးအတွက် အားတင်းထားကြရအောင်။ မီးလျှံကြားက ရုန်းထွက်နိုင်တဲ့ဇာမဏီဌက်တွေလိုရှင်သန်ကြမယ်”