Home မေးမြန်းခန်း ရိုးရာဓလေ့ကြားမှ ဖောက်ထွက်ခဲ့သည့် နာဂတောင်တန်းမှ ပန်းတပွင့် (သို့မဟုတ်) မစီခင်ရှီး

ရိုးရာဓလေ့ကြားမှ ဖောက်ထွက်ခဲ့သည့် နာဂတောင်တန်းမှ ပန်းတပွင့် (သို့မဟုတ်) မစီခင်ရှီး

လဲ့လဲ့

နာဂလူမျိုးများသည် ၎င်းတို့၏ ဘိုးဘွားအစဉ်အဆက်ကတည်းက ကျင့်သုံးလာသည့် ရိုးရာဓလေ့နှင့် ထုံးတမ်းအစဉ်အလာတို့ကို လက်ကိုင်ထားပြီး အမှုအခင်းများကို ဖြေရှင်းကြသည်။

ထိုဓလေ့ထုံးတမ်းအခြေပြု ဖြေရှင်းမှုများကြောင့် နာဂအမျိုးသမီးများအနေဖြင့် ပြဿနာ တခုခုဖြစ်ပါက ဆုံးရှုံးနစ်နာမှုများရှိနေပြီး ထိုနစ်နာမှုများကို မိဘဘိုးဘွားအစဉ်အဆက် လက်ခံလာခဲ့ကြကာ ယခုတိုင် ဆက်လက်ကျင့်သုံးနေကြပါသေးသည်။
သားမွေးလျှင် ဂုဏ်ရှိသည်ဆိုသည့် ဓလေ့ကြောင့် နာဂအမျိုးသမီးများသည် မွေးဖွားလာစဉ်ကတည်းကပင် ခွဲခြားခံနေရပြီးဖြစ်သည်။ ပညာရေးအခွင့်အလမ်းမှစ၍ အမွေဆက်ခံပိုင်ခွင့်အထိ သားများကသာ ခံစားခွင့်ရရှိကြပြီး သမီးမိန်းကလေးများက မိဘလက်ရင်း အလုပ်ဖြစ်သော တောင်ယာလုပ်ငန်းကိုသာ လုပ်ကိုင်ကြရသည်။
သမီးမိန်းကလေးများသည် အိမ်ထောင်ပြုပါက သားသမီးများကို ခင်ပွန်းဖြစ်သူ၏ မျိုးနွယ်စုအမည်သာ ပေးခွင့်ရှိပြီး အရာရာတိုင်းကို ခင်ပွန်းဖြစ်သူကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသောကြောင့် သမီးများ ပညာသင်ကြားခြင်းကို မလိုအပ်ဟု ယူဆကြခြင်းဖြစ်သည်။

သားယောကျာ်းလေးရပါက ဂုဏ်ရှိသည်ဟု ယုံကြည်ခြင်းကြောင့် သားများကိုသာ ဦးစားပေးပြီး ပညာသင်စေသည့်ဓလေ့ကို ငြင်းပယ်ကာ နာဂအမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို ဖခင်၏အကူအညီဖြင့် ထုတ်ဖော်ပြခဲ့သည့် နာဂအမျိုးသမီးတဦး လေရှီးမြို့တွင် ထွက်ပေါ်ခဲ့သည်။ လေးရှီးမြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံတွင် အထက်တန်းသူနာပြုအဖြစ် တာဝန်ထမ်းဆောင်နေသူ မကူရီမျိုးနွယ်စုမှ နာဂအမျိုးသမီး မစီခင်ရှီးကို တွေ့ဆုံ မေးမြန်းထားပါသည်။

မေး – နာဂဒေသမှာ သားတွေကိုပဲ အမွေပေး၊ ပညာသင်ကြတာပဲရှိတော့ သမီးမိန်းက လေးတယောက်အနေနဲ့ ဘယ်လိုကြောင့် ပညာသင်ဖြစ်ခဲ့သလဲ။

ဖြေ – နာဂတိုင်းရင်းသားတွေမှာသော်လည်းကောင်း၊ မျိုးနွယ်စုတွေမှာသော်လည်းကောင်း ကျား၊ မခွဲခြားမှုတွေက ရှိနေသေးတယ်။ အထူးသဖြင့် ကျမတို့ဆိုရင် ဖွံ့ဖြိုးတိုးတက်မှု အနောက်ကျဆုံးလူမျိုးလို့လည်း ပြောလို့ရတယ်။ နောက် ကျား၊ မ ပညာသင်မှု အပိုင်းမှာဆိုရင် အဲဒီလိုခွဲခြားမှုတွေ အများကြီးတွေ့ရတယ်။ ဒီအထဲမှာမှ ဖခင်က ကျောင်းဆရာဖြစ်တော့ သားသမီးတွေအပေါ်မှာ ကျား၊ မရယ်လို့ မဟုတ်ပဲနဲ့ လူမျိုးတ ကာနဲ့ တန်းတူဝင်ဆန့်နိုင်ဖို့အတွက် ပညာကို ပေးမှဖြစ်မယ်ဆိုတဲ့ အသိကို ဖခင်ဆီက ရခဲ့တာဖြစ်တယ်။ ဖြစ်ချင်တော့ ကျမတို့ နာဂလူမျိုးတွေထဲမှာ ပညာသင်ခွင့် အနေအထားက ယောက်ျားလေးတွေကိုပဲ ဦးစားပေးနေတဲ့အပိုင်းမှာ ကျမတို့အဖေက သမီးမိန်းကလေးတွေဖြစ်တဲ့ ကျမတို့ ညီအစ်မသုံးယောက်ကို (၁၀)တန်းအောင်အောင် ပညာသင်ပေးခဲ့တယ်။ ကျမတို့နာဂဒေသက မြို့နဲ့ အလှမ်းကွာတယ်။ သွားလာရေး ခက်ခဲတယ်။ နောက်စီးပွားရေးအနေနဲ့လည်း သိပ်အများကြီး လုပ်စရာမရှိတော့ အဖေ့လခနဲ့ ကျမတု့ိမိသားစုရပ်တည်ရတယ်။ အဲဒီတော့ ကျမတို့ ညီအစ်မသုံးယောက်ကို (၁၀) တန်းမှာ ကျောင်းထားနိုင်ဖို့အတွက် အခက်အခဲအများကြီး ရှိခဲ့တယ်။ ဒါပေမယ့် အဖေက ကျမတို့ညီအစ်မ အကြီးနှစ်ယောက်ကို ပြင်ဦးလွင်ဘော်ဒါမှာ ထားပေးခဲ့တယ်။ ညီမငယ်ကို မုံရွာမှာ ကျောင်းထားပေးတယ်။ ငွေကြေးအခက်အခဲရှိပေမယ့် အဖေရဲ့ အမျှော်အမြင်ကြောင့် ကျမတို့ စာတတ်ခဲ့ရတယ်။

မေး – နာဂလူမျိုးတွေရဲ့ဓလေ့ကို ဆန့်ကျင်ပြီး သမီးတွေကို ပညာသင်ပေးခဲ့တော့ လူမှု အသိုင်းအဝိုင်းက ဘယ်လိုတုန့်ပြန်ခဲ့ကြလဲ။

ဖြေ – အဲဒီလို သမီးတွေကိုပညာသင်ပေးတဲ့အတွက် ပတ်ဝန်းကျင်က အဖေ့ကို ဝေဖန်ကြတယ်။ အပြစ်တင်ကြတယ်။ မလိုအပ်တာတွေ လုပ်နေတယ်ဆိုတာမျိုး ပြောဆိုကြတယ်။ သမီးတွေကို ဒီလောက်အထိ ငွေကုန်ကြေးကျခံ၊ အပင်ပန်းခံပြီး ကျောင်းတက်ဖို့ ထောက်ပံ့နေသေးတယ်။ သမီးတွေဆိုတာ ပြီးရင် သူများနောက်ပါသွားမယ့်ဟာကိုလို့ ပြောကြတယ်။ နာဂထုံးစံအရ သမီးမိန်းကလေးက အိမ်ထောင်ပြုရင် ယောကျ်ားဖြစ်သူရဲ့ မျိုးနွယ်စုဝင်ဖြစ်သွားရသလို ယောက်ျားရဲ့ အုပ်ထိန်းမှုအောက်မှာပဲ နေရမှာဖြစ်တဲ့အတွက် သမီးမိန်းကလေးကို ဒီလောက်အထိ လုပ်ပေးစရာမလိုဘူးလို့ ပတ်ဝန်းကျင်က ကျမအဖေကို ပြောကြတယ်။ ကျမအောက်က ညီမဆိုရင် အဖေရဲ့ပံ့ပိုးမှုကြောင့် အင်ဂျင်နီယာတယောက်ဖြစ်လာခဲ့တယ်။ နာဂထဲမှာ ပထမဆုံး အမျိုးသမီးအင်ဂျင်နီယာ ဖြစ်တဲ့အချိန်မှာ သူကျောင်းဆင်းတော့ ထမံသီ၊ လေရှီးလမ်းကို သူလုပ်ရတယ်။ အဲဒီအချိန်မှာ အဖေ့ကို သမီးမိန်းကလေးတွေကို ပညာတတ်အောင် သင်ပေးလို့ ဝေဖန်ပြစ်တင် ကြတဲ့သူတွေက သူ့ရဲ့ဆိုဒ်ထဲမှာ အလုပ်သမားတွေ ဖြစ်နေတယ်။ အဲဒီလိုဖြစ်သွားတဲ့ အချိန်ကျမှ အဖေ့ကို ပြောခဲ့တာ၊ သမီးတွေကျောင်းထားတာ အလကားလို့ပြောခဲ့တာကို ပြန်တောင်းပန်တယ်လို့ ကျမတို့သိခဲ့ရတယ်။ အထူးသဖြင့် မိဘကျေးဇူးပေါ့။ ကျမရဲ့ မိဘတွေက ကျား၊ မ မခွဲခြားပဲနဲ့ ပညာရေးကို လူမျိုးတိုင်းနဲ့ တန်းတူဝင်ဆန့်သွား လာနိုင်အောင် သမီးတွေကို ပညာအမွေပေးခဲ့တယ်။

အထက်တန်းသူနာပြု မစီခင်ရှီး

မေး – နာဂရဲ့ ရိုးရာဓလေ့ကြားကနေ ဘာကြောင့် ဖောက်ထွက်ဖို့လုပ်ခဲ့တာလဲ။

ဖြေ – ကျမကိုယ်တိုင်ကလည်း ကျား၊ မခွဲခြားတဲ့ နာဂဒေသထဲမှာ အဆင်းရော၊ အချင်းရော ပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ကြီးပြင်းချင်တယ်။ အဲဒီဆန္ဒကတော့ အရမ်းပြင်းပြခဲ့တယ်။ ကျမတို့ နာဂလူမျိုးတွေကျတော့ မိန်းကလေးတွေဆိုရင် ဘာမှ မလုပ်နိုင်ကြဘူးလို့ ထင်တယ်။ အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်စွမ်းကို မဖော်ထုတ်ကြဘူးပေါ့။ အဲဒါကြောင့် နာဂအမျိုးသမီးတွေလည်း ဘယ်လောက် လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို ကျမအနေနဲ့ ချပြချင်တာကြောင့် ဒီလိုဖြစ်အောင်လည်း ကြိုးစားခဲ့တာပါ။ နောက် မိန်းကလေးတယောက်က ယောကျ်ားရင့်မာကြီးတွေရဲ့ ဝေဒနာတွေကို ကုသပေးနိုင်တယ်ဆိုတဲ့ မိန်းမတယောက်ရဲ့ စွမ်းဆောင်ရည်ကို ပြသချင်တာလည်းပါတယ်။ နာဂအမျိုးသမီးတယောက်အနေနဲ့ ကျမရဲ့ဘဝကို ဒီဆေးရုံထဲမှာပဲ ကိုယ့်ပညာနဲ့ ကိုယ် တတ်နိုင်သလောက် လုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ ဆရာမတယောက်ရဲ့ လုပ်နိုင် ခွင့်အပေါ် လုပ်သွားမယ်လို့ ရည်ရွယ်ထားပါတယ်။

မေး – နာဂလူမျိုးတွေထဲမှာ မြန်မာစကားနားလည်တဲ့သူနည်းတယ်။ ပြန်ပြောနိုင်တဲ့သူလည်း နည်းတယ်။ ဒီအထဲမှာမှ သူနာပြုတယောက်ဖြစ်လာအောင် ဘယ်လိုကြိုးစားရုန်းခဲ့ရသလဲ။ ဘာတွေ အခက်အခဲရှိခဲ့လဲ။

ဖြေ – တနယ်တကျေးမှာ သွားပြီးတော့ ပညာသင်တဲ့အခါမှာဆိုရင် ဘာသာစကား အရမ်းခက်ခဲခဲ့တယ်။ အရမ်းခက်ခဲတယ်ဆိုတာ ကျမတို့နာဂလူမျိုးတွေက မြန်မာစကားနဲ့ပတ်သက်ရင် နိမ့်ကျတယ်လို့ ပြောလို့ရတယ်။ မြန်မာစကားနားလည်တဲ့သူ အရမ်းရှားတယ်လေ။ လေရှီးက မြို့ပေါ်ဖြစ်တဲ့အတွက် မြန်မာစကားနားလည်ကြတာ။ အများအားဖြင့်က အင်္ဂလိပ်စကားနဲ့ ကိုယ့်လူမျိုးစကားသာ အများဆုံးပြောကြတာ။

ဒါကလည်း အခုနောက်ပိုင်း လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလာလို့ အရင်ကဆို မြန်မာစကားတတ်တဲ့သူ မရှိသလောက်ပဲ။ အဲဒါကြောင့် ကျမတို့စာသင်တဲ့အခါမှာ ဘာသာစကား အခက်အခဲရှိခဲ့တာပါ။ စာသင်တာက မြန်မာလိုတွေပဲဆိုတော့ စာလိုက်နိုင်ဖို့ ခက်တယ်။ ရှေ့က ဆရာမမှတ်စုခေါ်တာတွေ မမှီဘူး။ ဆရာမပြောတာကို နားလည်းမလည်ဘူး။ အဲဒီတော့ ရှက်လည်း ရှက်တယ်။ အတန်းထဲမှာဆို သူငယ်ချင်းတွေကို ပေါင်းပြီးတော့ သူတို့ဆီက မှတ်စုစာအုပ်တွေ ပြန်ကူးရတာရှိပါတယ်။ (၃)လလောက် ကတော့ တော်တော်လေး ခက်ခဲခဲ့တယ်။ ဆရာမပြောတာလည်း နားမလည်၊ စာခေါ်ပေးတော့လည်း ချက်ခြင်းလိုက်မရေးနိုင်နဲ့ တော်တော်လေး ဒုက္ခရောက်ခဲ့တယ်။ ဒါပေမယ့် ကျမစိတ်ဓါတ်မကျခဲ့ပါဘူး။ အတန်းပြီးရင် သူငယ်ချင်းတွေဆီက စာအုပ်ဌားပြီး စာပြန်ကူးတယ်။ ပြန်ဖတ်တယ်။ မှတ်တယ်။ သူများထက်တော့ ပိုကြိုးစားရတာပေါ့။ နောက်ပိုင်းတော့ သူများကို အားကိုးစရာမလိုတော့ပဲ ကိုယ့်ဘာသာကိုယ် ဖတ်နိုင်ပြီး မြန်မာစာကို ရေလည်လာတယ်။ အဲဒီလိုနဲ့ပြင်ဦးလွင်မှာ ကျမ (၁၀) တန်း အောင်ခဲ့တယ်။ ပြီးတော့ မုံရွာသူနာပြုသင်တန်း (တာဝကျောင်း) မှာ ဒီပလိုမာသင်တန်းတက်ခဲ့ပြီး မန္တလေးမှာ အဝေးသင်ဘွဲ့ယူခဲ့တယ်။ ပြီးတော့ ရန်ကုန်မှာ သူနာပြုတက္ကသိုလ် (ပေါင်းကူး) သင်ကြားခဲ့တယ်။ ပထမဆုံး သင်တန်းဆင်းဆင်းချင်းမှာ ဆွမ်ပရာမှာ တာဝန်ကျတယ်။ နောက်မှ လေရှီးကို ရောက်လာတာ။


မေး – သူနာပြုအလုပ်သာ မရခဲ့ရင် ဘာလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ထားတာမျိုး ရှိသေးလား။ ဆရာဝန်ဖြစ်ဖို့ ရော ဆန္ဒရှိခဲ့လား။


ဖြေ – ကျမက အရင်ကတည်းက သူနာပြုဝါသနာပါတယ်။ ဘာလို့ဆို ဒီနာဂဒေသမှာ မိုးတွင်းဆိုရင် လူတွေက ကျန်းမာရေး အသိပညာနည်းပါးတဲ့အတွက် အသေအပျောက် အရမ်းများတယ်။ ဒီမှာက တောင်ယာလယ်လုပ်တယ်။ ခြင်ထောင်မရှိ၊ ခြင်ကိုက်၊ ဖျားနာကြတဲ့အတွက် အသက်ဆုံးရှုံးမှုတွေ အရမ်းများတယ်။ ကျမငယ်ငယ်က မောင်လေး ဖျားတယ်။ ဌက်ဖျားပိုးဦးနှောက်ထဲဝင်တာပေါ့။ အဲဒါလည်း ကိုယ်အခု ဆေးပညာသင်မှသာ သိလာရတဲ့ကိစ္စဖြစ်တယ်။ အဲဒီလိုမျိုး လူတွေရဲ့ခန္ဓာဗေဒအကြောင်း သိချင်စိတ် အရမ်းပြင်းပြခဲ့တဲ့အတွက် ဆယ်တန်းအောင်တဲ့အချိန်မှာ သူနာပြုသင်တန်းကို တက်ခဲ့တယ်။ ကျမအနေနဲ့ ကျမရည်မှန်းချက်အတွက် ဒါမဖြစ်ရင် ဘာလုပ်မယ်ဆိုတဲ့ (second plan) မရှိခဲ့ဘူး။ ဒါဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားခဲ့တယ်။ ကိုယ်ရဲ့ရည်ရွယ်ချက်ကို တွေဝေတာမရှိခဲ့ဘူး။ ဆရာဝန်ကတော့ ဖြစ်ချင်ခဲ့ပေမယ့် ကိုယ်အတိုင်းအတာနဲ့က ဘယ်လိုမှ မဖြစ်နိုင်ခဲ့ဘူး။ ဆေးမှတ်မမီခဲ့ဘူးပေါ့။ အရင်ကလည်း ဆရာဝန်ဆိုတာ ဖြစ်ချင်တာပဲရှိတယ်။ ဖြစ်ရမယ်လို့တော့ မရည်မှန်းခဲ့ဘူး။ သူနာပြုအလုပ်ကျတော့ ဖြစ်ကို ဖြစ်ရမယ်ဆိုပြီး ကြိုးစားခဲ့တာ။ ကျမဆရာဝန် မဖြစ်ခဲ့တာက ဘာသာစကား အခက်အခဲတခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ ကျမတို့ နာဂဒေသမှာ အရင်ကဆိုရင် ကျောင်းတွေမှာ ဆရာ၊ ဆရာမမစုံလင်ခဲ့ဘူး။ အဲဒီတော့ နှစ်ကုန်အထိ ပညာသင်ကြားဖို့ဆိုတာ မဖြစ်နိုင်ခဲ့ဘူး။ အဲဒီလို ဆရာ၊ ဆရာမ မပြည့်စုံတော့ အဖေက ဒီလိုသာ သွားမယ်ဆိုရင် သမီးတွေရဲ့ ပညာရေး အခက်အခဲဖြစ်မှာစိုးတဲ့အတွက် အခက်အခဲမျိုးစုံထဲကနေ ဘော်ဒါဆောင်ကို ရအောင်ပို့ပေးခဲ့တယ်။ အဲဒီတော့ ဆယ်တန်းကို နှစ်ချင်းပေါက်အောင်ခဲ့ပေမယ့် ကျမတို့အတိုင်းအတာနဲ့ ဂုဏ်ထူးတွေဘာတွေရဖို့က မဖြစ်နိုင်ခဲ့ဘူး။

အထက်တန်းသူနာပြု မစီခင်ရှီး တာဝန်ထမ်းဆောင်သော လေးရှီးမြို့ မြို့နယ်ပြည်သူ့ဆေးရုံ

မေး – အစ်မရဲ့သူနာပြုသက်တမ်းတလျှောက်မှာ အမှတ်ရစရာအတွေ့အကြုံတွေရှိရင် ပြောပြပေးပါဦး။

ဖြေ – ပထမဆုံး ကျမက ဒီလေရှီးမှာ တာဝန်ကျတာမဟုတ်ဘူး။ သင်တန်းဆင်းဆင်းချင်းမှာ ဆွမ်ပရာမှာ တာဝန်ကျတယ်။ ကိုယ်က သင်တန်းဆင်းခါစဆိုတော့ တကယ့် အရေးကြီးတဲ့လူနာလာရင် ဘာက အရင်စလုပ်ရမလဲ မသိဘူး။ အရမ်းကို စိုးရိမ်စိတ်ဖြစ်နေတာ။ ကိုယ်လုပ်လိုက်တာ မှားသွားမလားလို့ ပူနေရတယ်။ နောက် လုပ်သက်မရှိသေးတဲ့အချိန်မှာ ရောဂါကြီးကြီးမားမား ပြဿနာမျိုးဆို ကိုယ်မဖြေရှင်းနိုင် ဘူးပေါ့။ အဲ့တော့ ကိုယ်က စာတွေပြန်ဖတ်၊ ပြန်မှတ်ပြီး ကိုယ်အရှေ့က ဆရာမကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကို မှတ်သားနာယူရတယ်။ အဲဒီအချိန်တွေကတော့ အရမ်းစိတ်ပင်ပန်းခဲ့ရတယ်။ လူနာတယောက်လာပြီဆိုရင် ကိုယ် ဘယ်လိုလုပ်ပေးရမလဲဆိုတဲ့ စိတ်ဖိစီးမှုက အမြဲလိုလိုဖြစ်ခဲ့တာပေါ့။
ဒီလိုမျိုး ကိုယ့်ဒေသမှာ လုပ်ကိုင်နိုင်တဲ့ အခွင့်အရေးရတာက လူနာတွေအတွက် ပိုကောင်းပါတယ်။ ဘာလို့ဆို ဒေသခံတိုင်းရင်းသားတွေက ခွဲစိတ်တာဆိုရင် အရမ်း ကြောက်ကြတယ်။ အဲဒီတော့ ဒေသခံဘာသာစကားကို နားလည်တဲ့ ကျမက ဆရာဝန်နဲ့ လူနာကြားမှာ သံတမန်လိုလည်း လုပ်ပေးရတယ်။ လူနာကိုလည်း မကြောက်ဖို့ ကိုယ့် ဘာသာစကားနဲ့ အားပေးရသလို ဆရာဝန်တွေကိုလည်း ဗမာစကားနဲ့ လူနာအကြောင်း ပြန်ပြောပြပေး နိုင်တယ်။ ဒါတွေလည်း လုပ်နိုင်တယ်ပေါ့။

မေး – လေရှီးဆေးရုံကို သူနာပြုအနေနဲ့ ရောက်လာတဲ့အချိန်နဲ့ သူနာပြုမဖြစ်ခင်က အခြေအနေ ဘာတွေ ကွာခြားသွားတယ်လို့ ထင်သလဲ။ ဒေသခံသူနာပြုရောက်လာတဲ့အတွက် ဘာတွေ အားသာမှုရှိသွားလဲ။

ဖြေ – ဒေသခံတယောက်အနေနဲ့ ဆရာမဖြစ်လာတဲ့အချိန်မှာ အထူးသဖြင့် ဝန်ထမ်းပြတ်လပ်မှု၊ ဝန်ထမ်းပြတ်လပ်မှုဆိုတဲ့နေရာမှာ ဝေးလံခေါင်သီဒေသဖြစ်တဲ့အတွက် အောက်ဘက်ပိုင်းက လူတွေလာဖို့ ဆိုတာ အရမ်းလည်း ခက်ခဲခဲ့တယ်။ ကားလမ်းလည်း မပေါက်ခဲ့ဘူးဆိုတော့ ဆရာ၊ ဆရာမအင်အားတွေလည်း အရမ်းလိုအပ်ခဲ့တာရှိတယ်။ ပြီးတော့ တစ်ဦးနဲ့တစ်ဦး ဝန်ထမ်းအပြောင်းအရွေ့ကာလမှာ ဆရာဝန် ပြတ်လပ်မှုတွေ ရှိခဲ့တယ်။ ဒါအရင်က အခြေအနေပေါ့။ အခုနောက်ပိုင်း ဒေသခံဆရာမတွေ ပေါ်လာတဲ့ အချိန်ကျတော့ အဲဒီလို ဝန်ထမ်းပြတ်လပ်မှုတွေ လျော့သွားခဲ့တယ်။ အထူးသဖြင့် ကျမတို့လို ဒေသခံတွေရှိခြင်းအားဖြင့် ဘာသာစကားအတွက်လည်း အခက်အခဲမရှိသလို လူနာအတွက်ရော၊ ဆရာဝန်အတွက်ပါ အဆင်ပြေတယ်။ ပြီးတော့ ကိုယ်ရဲ့ မိခင်ဆေးရုံလိုဖြစ်နေတဲ့အခါကျတော့ တာဝန်ထက်ပိုတဲ့ လူမှုရေးကိစ္စတွေမှာလည်း ပါဝင်ရတယ်။

မေး – ဒီနာဂဒေသဘက်က လူတွေမှာ ဘယ်လိုရောဂါတွေ ဖြစ်ပွားတာများသလဲ။

ဖြေ – ကျမတို့နာဂဒေသမှာတော့ အဖြစ်အများဆုံးရောဂါတွေက ဌက်ဖျားနဲ့တီဘီရောဂါကတော့ တခြားဒေသတွေထက်စာရင် အဖြစ်အများဆုံးလို့ ပြောလို့ရတယ်။ ဌက်ဖျားကတော့ ဒီရာသီဥတု အနေအထားအရ တောတောင်ဖြစ်တဲ့အတွက် ဌက်ဖျားပေါတာပေါ့။ အခုဌက်ဖျားအတွက် ပေါင်းဆေး ဆိုတာတွေလည်း ရှိတယ်ဆိုပေမယ့် ဖြစ်နေကြတာပဲ။ ဒီမှာက တောတောင်တွေမှာ အလုပ်လုပ်ရတော့ အမြစ်ပြတ်ကုဖို့ကလည်း မလွယ်ဘူး။ တီဘီကတော့ အဓိကက လူနေမှုပုံစံနဲ့ တကိုယ်ရေသန့်ရှင်းမှုပါပဲ။ နေအိမ် တွေမှာ အထူးသဖြင့် နာဂရွာတွေက လူနေအိမ်တွေက ပြတင်းပေါက်မရှိ၊ ဒီအိမ်ထဲမှာပဲ မီးခိုတွေ ရှူရှိုက်ပြီး နေရောင်မရှိ ဘာမရှိနဲ့နေရတာတွေ၊ အဲဒီလိုနေတဲ့အတွက် မိသားစုတခုမှာ တီဘီရောဂါရှိတဲ့သူပါနေရင် ရောဂါကူးစက်ဖို့လည်း လွယ်တယ်။ အရင်ကထက်စာရင် အခုတော့ တီဘီဖြစ်နှုန်းက လျော့လာပါတယ်။ နောက် တီဘီဆိုတာက တကယ် ဆေးကို လိုက်နာပြီးသောက်ရင် ၆ လဆို ပျောက်ပါတယ်။ ဒီဆေးရုံမှာက အခကြေးငွေအနေနဲ့ အားလုံးတော့ မပေးရဘူး။ အခမဲ့ ဆေးဝါးဆိုတာကလည်း လူနာတယောက်အတွက် အားလုံးတော့ ပြည့်စုံအောင် ထောက်ပံ့မပေးနိုင်ဘူး။ တချို့ဆေးတွေကိုတော့ ဝယ်ရတယ်။ အရင်တုန်းကဆိုရင် အပ်တချောင်းကအစ ဝယ်ရတယ်။ အခုက အသေးသုံးတွေကတော့ ဝယ်စရာမလိုဘူး။ ဒါပေမယ့် အခမဲ့ဆေးဝါးထဲမှာ မပါတဲ့ဟာတွေကျတော့ ဝယ်ရတယ်။ နောက် ကျမတို့ဆေးရုံမှာဆိုရင် ဆေးပဒေသာပင်ထဲက ရတဲ့အတိုးငွေတွေကို နယ်ကလာတဲ့ မွေးလူနာတွေအတွက် နေရပ်ပြန်ထောက်ပံ့စရိတ် ပေးတယ်။ ဆေးရုံတက်နေရတဲ့ လူနာတွေအတွက်လည်း အဟာရတိုက်ကျွေးတာ လုပ်နိုင်ခဲ့တယ်။ ဆေးရုံအနေနဲ့ကတော့ နေရာထိုင်ခင်းတွေ လိုသေးတယ်။ ဝန်ထမ်းအိမ်ယာလည်း လိုသေးတယ်။ နောက်မိခင်နဲ့ ကလေးဌာနခွဲတွေလည်း မရှိဘူး။ ပြီးတော့ တီဘီရောဂါကို အထွေထွေကုသမှုခံယူနေတဲ့ လူနာတွေနဲ့အတူတူ ပေါင်းကြည့်နေရတာကို လုံးဝ သဘောမကျဘူး။

မေး – အစ်မက နာဂရိုးရာဓလေ့တွေကြားထဲကနေ ဖောက်ထွက်လာတဲ့ အမျိုးသမီးဆိုတော့ နာဂအမျိုးသမီးတွေအတွက် စံပြဖြစ်တယ်လို့ ပြောလို့ရလား။

ဖြေ – ကျမက နာဂအမျိုးသမီးတွေအတွက် စံပြလို့တော့ မပြောချင်ပါဘူး။ ဒါပေမယ့် ကျမက အောင်မြင်ချင်တယ်။ တိုးတက်ချင်တယ်။ လူမျိုးပေါင်းစုံနဲ့ ဝင်ဆန့်ပြီးတော့ အလုပ်လုပ်ချင်တယ်။ ဆိုတော့ ကိုယ်ရဲ့ခံယူချက်အားလုံးက ဘယ်လိုအဆင့်အတန်းပဲ ဖြစ်နေပါစေ။ ဘာလူမျိုး၊ ဘယ်ဘာသာပဲဖြစ်နေပါစေ အားလုံးရဲ့သွေးက အနီရောင်ပဲလေ။ လူသားအားလုံးက အတူတူပဲဖြစ်တဲ့အတွက် သွေးက အတူတူပဲပေါ့။ ကျမက နာဂဒေသမှ မဟုတ်ပါဘူး။ ကိုယ်ဘယ်နေရာရောက်ရောက် ကိုယ့်ရဲ့အစွမ်းအစလေးနဲ့ အကောင်းဆုံးဖြစ်အောင်လုပ်မယ်။ ကိုယ့်မှာရှိတဲ့ပညာနဲ့ ကိုယ်အတတ်နိုင်ဆုံး ကောင်းအောင်လုပ်မှာ ဖြစ်ပါတယ်။

Author:

Related Articles